သင်္ချိုင်းစာ
Vol. 17 Ch. 165
“ငါတို့က စောင့်ရှောက်သူတွေ... ဒါပေမဲ့ ခြိမ်းခြောက်မှုနဲ့ ရူးသွပ်မှုတွေကို အဆက်မပြတ် ရင်ဆိုင် တိုက်ခိုက်နေရတဲ့ သနားစရာကောင်းတဲ့ ကံဆိုးတဲ့လူတွေလည်း ဖြစ်နေတယ်”
ဒန်းစမစ်ရဲ့ စကားသံဟာ လူအိုကြီးနီးလ်ရဲ့ အိမ်ထဲမှာ ပဲ့တင်ထပ်သွားပါတယ်။ ဒီစကားသံဟာ တိုက်စားခံထားရတဲ့ ကြမ်းပြင်၊ နံရံနဲ့ ကြမ်းပြင်တွေမှာသာမက ကလိုင်းရဲ့ ရင်ထဲ အသည်းထဲမှာပါ ပဲ့တင်ထပ်သွားပါတယ်။
သူဟာ ဒီစကားရဲ့ လေးနက်တဲ့ အဓိပ္ပာယ်ကို ဘယ်တုန်းကမှ ဒီလောက်ထိ နက်နက်နဲနဲ နားမလည်ခဲ့ဖူးပါဘူး။ သူဟာ ၂၁ ရာစုကို ပြန်ရောက်သွားရင်တောင် ဒီခံစားချက်ကို သူ အသက်ရှင်နေသမျှ ကာလပတ်လုံး မေ့နိုင်မှာ မဟုတ်ပါဘူး။
တိတ်ဆိတ် ငြိမ်သက်မှုကြားမှာ ဒန်းစမစ်ဟာ လူအိုကြီးနီးလ်ရဲ့ အလောင်းဆီ လျှောက်သွားပြီး ဒူးထောက်လိုက်ပါတယ်။ အဲဒီနောက် လေကာအင်္ကျီရဲ့ အိတ်ကပ်ထဲကနေ အဖြူရောင် လက်ကိုင်ပဝါ တစ်ထည် ထုတ်ပြီး နာကျင်နေပုံ ရှိတဲ့ နီမှောင်ရောင် သလင်း မျက်လုံးကို အုပ်လိုက်ပါတယ်။
အဲဒီအချိန်မှာ ကလိုင်းဟာ စန္ဒရားခလုတ်တွေက ရပ်သွားပြီး ခပ်ရေးရေးရှိတဲ့ အကြည်သား ရုပ်သွင်တစ်ခု ပေါ်လာတာကို သတိထားမိလိုက်ပါတယ်။
‘ဒါ...’ အိမ်ထဲကို မဝင်ခင်ကတည်းက စိတ်ဝိညာဉ်အာရုံ ဖွင့်ထားတဲ့ ကလိုင်းဟာ ခဲသွားပါတယ်။
သူဟာ ဒီထူးဆန်းတဲ့ ဝိညာဉ်ကို ဒီမတိုင်ခင်မှာ သတိမထားမိခဲ့ပါဘူး။
‘ဒီလိုဖြစ်ရတာ ငါ လူအိုကြီးနီးလ်ဆီ အာရုံ ရောက်နေလို့လား... ဒါမှမဟုတ် လူအိုကြီးနီးလ် စိတ်လွတ်ပြီး နောက်ပိုင်း ရသွားတဲ့ အစွမ်းကြောင့်လား’ ကလိုင်းဟာ သဏ္ဌာန်မဲ့ ရုပ်သွင်က သူ့ရှေ့မှာပဲ လျင်လျင်မြန်မြန် အငွေ့ပျံပြီး ပျောက်ကွယ်သွားတာ တွေ့လိုက်ရပါတယ်။ သူဟာ ဘာဖြစ်တာလဲဆိုတာ ခပ်ရေးရေး တွေးမိလိုက်ပါတယ်။
ရင်ထဲက လေးလံတဲ့ ခံစားချက်ကို ဖိနှိပ်နေတဲ့ ကလိုင်းဟာ ကပ္ပတိန်ရဲ့ အမိန့်ကို ကြားလိုက်ရပါတယ်။
“အိမ်ထဲမှာ သဲလွန်စတွေ လိုက်ရှာကြ”
“ဟုတ်ကဲ့” ကလိုင်းဟာ တစ်မိနစ်ကြာမှပဲ သူ့အသံကို သူ ပြန်မှတ်မိပါတယ်။ သူ့အသံက ဖျားနာသလိုမျိုး ဩပြီး နက်နေပါတယ်။
“ဟုတ်ကဲ့” ရိုင်ရွယ်ကလည်း ပြန်ဖြေပါတယ်။
‘သူ့အသံကလည်း ငါ့လိုပဲ... ငါတို့ရဲ့ နှာပေါက်တွေ ပိတ်သွားတာနဲ့ တူတယ်...’
ကလိုင်းဟာ ခံစားချက်သိပ်မရှိတဲ့ သူ့ရဲ့ အမျိုးသမီး လုပ်ဖော်ကိုင်ဖက်ကို ပထမဆုံးအကြိမ် သိသလိုမျိုး ကြည့်လိုက်ပါတယ်။
သူ့လက်ကိုင်တုတ်ကို တံခါးနားက ထီးစင်မှာ ထားပြီးနောက် ကလိုင်းဟာ ချိပ်ပိတ်လက်နက် ၃-၀၆၁၁ ကို ရှောင်သွားပါတယ်။ သူဟာ ခြေလှမ်း လေးလေးနဲ့ ဧည့်ခန်းထဲ ဖြတ်လျှောက်ပြီး အပေါ်ထပ် တက်ပါတယ်။ အဲဒီနောက် သူဟာ သဲလွန်စ ရလိုရငြား အခန်းတိုင်းကို ရှာဖွေပါတယ်။
လူအိုကြီးနီးလ်ဟာ အခန်းတွေကို အလုပ်သမားငှားပြီး ပုံမှန် သန့်ရှင်းရေး လုပ်တဲ့အတွက် အခန်းတွေက ရှုပ်ပွမနေပါဘူး။ အိမ်မှာ အမျိုးသမီး ရှိသလိုမျိုး အကုန်လုံး စနစ်တကျ ဖြစ်နေပါတယ်။
နာရီဝက်လောက် ကြာတဲ့အခါ ကလိုင်းဟာ လူအိုကြီးနီးလ် အခန်းထဲက စာအုပ်စင်ကနေ လက်ရေး မှတ်စု တချို့ကို တွေ့သွားပါတယ်။ ဒီမှတ်စုတွေမှာ ထူးဆန်း ထိတ်လန့်ဖို့ကောင်းတဲ့ ဆန်းကြယ်တဲ့ အစီအရင်တစ်ခုကို မှတ်တမ်း တင်ထားပါတယ်။
“လုပ်ရတ်ဇီဝ”
“လိုအပ်တဲ့ ပစ္စည်းများ - နတ်သူငယ် စမ်းချောင်းက စမ်းချောင်းရေ ၁၀၀ မီလီလီတာ (ဆိုနီယာကျွန်းက ရွှေစမ်းချောင်း)၊ ကြယ်သလင်းကျောက် ၅၀ ဂရမ်၊ ရွှေ ၀.၅ ပေါင်၊ ဖလိုဂျက်စတင် ၅ ဂရမ်၊ သံနီ ၃၀ ဂရမ်...၊ သက်ရှိလူဆီက လတ်ဆတ်တဲ့သွေး အမြောက်အများ”
လူအိုကြီးနီးလ်ဟာ သက်ရှိလူဆီက လတ်ဆတ်တဲ့သွေး အောက်မှာ မှတ်ချက် ရေးထားပါတယ်။
“ငါ့သွေးကို ဖောက်ပြီး နည်းနည်းချင်း စုရမယ်... လတ်လတ်ဆတ်ဆတ် ဖြစ်အောင် သိမ်းဆည်းထားနိုင်ရင် အစီအရင်မှာ သုံးလို့ရတယ်”
‘ငါ့သွေးကို ဖောက်ပြီး...’ ကလိုင်းဟာ မျက်လုံးမှိတ်ပြီး မှတ်စုကို ချေမွပစ်လိုက်ပါတယ်။
...
ကြာသပတေးနေ့၊ မနက် ၉ နာရီ၊ ရာဖယ် သင်္ချိုင်း။
ကလိုင်းဟာ အနက်ရောင် ပုံမှန်ဝတ်စုံကို ဝတ်ဆင်ပြီး လက်ကိုင်တုတ် ကိုင်ထားပါတယ်။ သူဟာ သင်္ချိုင်းရဲ့ ထောင့်တစ်နေရာမှာ တိတ်တဆိတ် မတ်တတ်ရပ်နေပါတယ်။
သူဟာ အဖြူရောင် လက်ကိုင်ပဝါကို ရင်ဘက် အိတ်ကပ်ထဲ သပ်သပ်ရပ်ရပ် ထိုးထည့်ထားပြီး ညအိပ်ပန်းကို ကိုင်ထားပါတယ်။
ဒန်းစမစ်၊ ဖရိုင်း၊ လန်နာ့ဒ်နဲ့ ကင်လီတို့ဟာ လူအိုကြီးနီးလ်ရဲ့ အလောင်း ထည့်ထားတဲ့ အနက်ရောင် အခေါင်းကို သယ်လာပါတယ်။ သူတို့တွေဟာ ကမ္ပည်းတိုင် ရှေ့ကို ဖြည်းဖြည်းချင်း လျှောက်သွားပြီး အခေါင်းကို မြေကျင်းထဲ တိတ်တဆိတ် ချလိုက်ပါတယ်။
အညိုရောင် မြေကြီးကို မြေကျင်းထဲ ဖို့တဲ့အခါ အနက်ရောင် အဝတ်အစား ဝတ်ပြီး ခေါင်းထက်မှာ အဖြူရောင်ပန်း ပန်ထားတဲ့ ရိုဇန်းဟာ မျက်ရည်ကျလာပါတယ်။
“တစ်ယောက်ယောက် ကျွန်မကို ပြောပြစမ်းပါ... ဒါတွေ အကုန်လုံးက တကယ်ပဲလား”
“သူ ဘာဖြစ်လို့ စိတ်လွတ်သွားရတာလဲ... သူ ဘာဖြစ်လို့ မှော်ဆေးရည်ကို သောက်ရတာလဲ... သူ ဘာဖြစ်လို့ သာလွန်သူ ဖြစ်လာရတာလဲ... ဘာဖြစ်လို့ တစ္ဆေတွေ မွန်းစတားတွေ ရှိနေရတာလဲ... ဘာဖြစ်လို့ လုံခြုံတဲ့ နည်းလမ်း မရှိရတာလဲ... ဘာဖြစ်လို့လဲ... ဘာဖြစ်လို့လဲ... ဘာဖြစ်လို့လဲ...”
ကလိုင်းဟာ လူအိုကြီးနီးရဲ့ အခေါင်း မြေကြီးထဲမှာ လုံးဝ မြှုပ်နှံပြီးတဲ့အထိ၊ သူ တည်ရှိတယ်ဆိုတဲ့ အရိပ်လက္ခဏာတွေ အကုန်လုံး မြေကြီးထဲမှာ မြှုပ်နှံပြီးတဲ့အထိ တိတ်တဆိတ် နားထောင်ပါတယ်။
“အရှင်မက သင့်ကို ကောင်းချီးပေးပါစေ” သူဟာ ရင်ဘက်မှာ ကြက်သွေးရောင်လပုံ တို့ထိလိုက်ပါတယ်။ အဲဒီနောက် ရှေ့ကို တိုးသွားပြီး ညအိပ်ပန်းကို အုတ်ဂူရှေ့မှာ ချလိုက်ပါတယ်။
“အရှင်မက သင့်ကို ကောင်းချီးပေးပါစေ” ဒန်းစမစ်၊ ဖရိုင်းနဲ့ တခြားလူတွေလည်း သူတို့ရဲ့ ရင်ဘက်မှာ ကြက်သွေးရောင်လပုံ တို့ထိလိုက်ပါတယ်။
ကလိုင်းဟာ ခေါင်းမော့ပြီး ခါးဆန့်လိုက်တဲ့အခါ အုတ်ဂူပေါ်က ဖြူမည်း ဓာတ်ပုံတစ်ပုံကို တွေ့လိုက်ရပါတယ်။
လူအိုကြီးနီးလ်ဟာ သူ့ရဲ့ ဂန္တဝင် အနက်ရောင် ဦးထုပ်ကို ဆောင်းထားပြီး ဆံပင်ဖြူတွေက အစွန်းမှာ ထွက်ကျနေပါတယ်။ သူ့မျက်လုံးနဲ့ ပါးစပ်နားက အရေးအကြောင်းတွေဟာ နက်ရှိုင်းပြီး သူ့ရဲ့ နီမှောင်ရောင် မျက်လုံးကလည်း အနည်းငယ် နောက်ကျိနေပါတယ်။
သူဟာ သိပ်အေးချမ်းနေပြီး ဝမ်းနည်းပူဆွေးမှုတွေ နာကျင်မှုတွေ ကြောက်ရွံ့မှုတွေ ရှိမနေပါဘူး။ ဓာတ်ပုံအောက်မှာတော့ သင်္ချိုင်းစာ ရှိနေပါတယ်။ ဒီစာက လူအိုကြီးနီးလ် ရေးခဲ့တဲ့ ဒိုင်ယာရီရဲ့ နောက်ဆုံး အကြောင်းအရာကနေ ယူထားတာပါ။
“ငါ သူမကို မကယ်နိုင်ရင် သူမကို အဖော်ပြုပေးသင့်တယ်”
မနက်ခင်း လေပြေဟာ ညင်ညင်သာသာ တိုက်ခိုက်လာပါတယ်။ ရာဖယ်သင်္ချိုင်းရဲ့ တိတ်ဆိတ်မှုနဲ့ ဗလာဖြစ်မှုဟာ လူတိုင်းရဲ့ ရင်ထဲမှာ ကြီးစိုးနေပါတယ်။
...
နေ့လည်ခင်းမှာ ကလိုင်းဟာ ကပ္ပတိန် လက်မှတ်ထိုးထားတဲ့ ဖောင်ကို ယူပြီး လက်နက်တိုက်ဆီ သွားပါတယ်။
သူဟာ တစ်ဝက်ဖွင့်ထားတဲ့ တံခါးကို ဆွဲဖွင့်လိုက်တဲ့အခါ စားပွဲခုံနောက်မှာ ထိုင်နေတဲ့ အနက်ရောင် မုတ်ဆိတ်မွေး ထူထူနဲ့ ဘရက်ကို တွေ့လိုက်ရပါတယ်။
ကလိုင်းဟာ တစ်ခဏ ခဲသွားပြီးမှ ဖောင်ကို လှမ်းလိုက်ပါတယ်။
“သာမန်ကျည်ဆံ အတောင့် ငါးဆယ်”
ဒီစကားပြောလိုက်တဲ့ တစ်ခဏလေးအတွင်းမှာ သူဟာ စားပွဲပေါ်က သံဘူးကို တစ်ချက် ကြည့်မိလိုက်ပါတယ်။ သူဟာ လက်ကြိတ်ကော်ဖီရဲ့ သင်းရနံ့ကို ရှူရှိုက်မိသလိုမျိုး ခံစားလိုက်ရပြီး နားထဲမှာလည်း လူအိုကြီးနီးလ်ရဲ့ စကားသံကို ကြားယောင်မိသွားပါတယ်။
“ဒါပေမဲ့ ဘာဖြစ်လို့ ပိုက်ဆံ အပိုရှိတဲ့အထိ စောင့်ရမှာလဲ... မင်း ဒန်းစမစ်ဆီ လျှောက်လွှာတင်ပြီး အသုံးစရိတ် တောင်းလို့ရတယ်”
...
ဘရက်ဟာ ကလိုင်းရဲ့ အမူအရာကို သတိထားမိပြီး သက်ပြင်းချလိုက်ပါတယ်။
“မင်း အခု ခံစားနေရတာကို ငါ နားလည်ပါတယ်... ငါကိုယ်တိုင်လည်း လူအိုကြီးနီးလ်က အခုလိုမျိုး ရုတ်တရက်ကြီး ခွဲခွာသွားလိမ့်မယ်လို့ ထင်မထားမိဘူး... တစ်ခါတစ်လေမှာ ဒါက ကပ္ပတိန် ဖန်တီးယူထားတဲ့ အိပ်မက်လို့တောင် ငါ ခံစားမိတယ်”
“ဒါက ညသိမ်းငှက် တော်တော်များများရဲ့ ကံတရားနဲ့ တူပါတယ်” ကလိုင်းဟာ မချိပြုံးနဲ့ ပြန်ဖြေပါတယ်။
ဒီကိစ္စပြီးတဲ့နောက်မှာ ကလိုင်းဟာ သရုပ်ဆောင်တဲ့ နည်းလမ်းကို လျှို့ဝှက်ထားတဲ့ ဘုရားကျောင်းက အထက်လူကြီးတွေကို ပိုပြီးတော့ စိတ်ပျက်သွားသလို ပိုပြီးတော့လည်း မုန်တီးသွားပါတယ်။
“ဒီလို ဝမ်းနည်းကြေကွဲစရာတွေ နည်းပါးသွားဖို့ မျှော်လင့်ရတာပဲ... အရှင်မက ငါတို့ကို ကောင်းချီးပေးပါစေ” ဘရက်ဟာ ရင်ဘက်မှာ ကြက်သွေးရောင်လပုံ ထိလိုက်ပါတယ်။ အဲဒီနောက် သူဟာ ဖောင်ကို ယူပြီး လက်နက်တိုက်ထဲ လျှောက်သွားပါတယ်။
...
“ဒိုင်း... ဒိုင်း... ဒိုင်း...”
ယမ်းငွေ့တွေ လေထဲမှာ ပြည့်သွားပါတယ်။ ကလိုင်းဟာ သူ့ရဲ့ စိတ်ခံစားချက်တွေကို ပစ်မှတ်ဆီ ပုံချပါတယ်။ သူဟာ ရှိတဲ့ကျည်ဆံတွေ ကုန်တဲ့အထိ ဆက်တိုက် ပစ်ခတ်ပါတယ်။ အဲဒီနောက် သူဟာ စိတ်ထိန်းပြီး အများသုံး မြင်းလှည်းနဲ့ ဂဝန်းဆီ သွားပါတယ်။
သူဟာ သူ့ကိုယ်သူ နှိပ်စက်နေသလိုမျိုး လေ့ကျင့်ခန်းတွေကို အပြင်းအထန် လုပ်တဲ့အတွက် နောက်ဆုံး ဂဝန်းကတောင် တားယူရပါတယ်။
“တိုက်ခိုက်ရေး လေ့ကျင့်တာက ကိုယ့်ကိုယ်ကိုယ် ဒုက္ခပေးဖို့ မဟုတ်ဘူး” ဂဝန်းဟာ နောက်ကျိနေတဲ့ မျက်လုံးစိမ်းတွေနဲ့ ကလိုင်းကို ကြည့်ပြီး ပြောပါတယ်။
“တောင်းပန်ပါတယ် နည်းပြ... ကျွန်တော် ဒီနေ့ စိတ်နည်းနည်း အဆင်မပြေလို့ပါ” ကလိုင်းဟာ အသက်ရှူထုတ်ပြီး ရှင်းပြဖို့ ကြိုးစားပါတယ်။
“ဘာဖြစ်လို့လဲ” ဂဝန်းဟာ ခံစားချက်မရှိတဲ့ ကျောက်ရုပ်မျက်နှာနဲ့ မေးပါတယ်။
ကလိုင်းဟာ တစ်ခဏ တွေးပြီး ရိုးရိုးရှင်းရှင်း ပြန်ဖြေလိုက်ပါတယ်။
“ကျွန်တော်ရဲ့ မိတ်ဆွေတစ်ယောက် ရုတ်တရက် ဆုံးပါးသွားလို့ပါ”
ဂဝန်းဟာ လေးငါးဆယ်စက္ကန့် တိတ်ဆိတ်သွားပြီး သူ့ရဲ့ ရွှေရောင် နှုတ်ခမ်းမွေးတွေကို သပ်ကာ...။
“ငါ ၅ မိနစ်အတွင်းမှာ ငါ့ရဲ့ မိတ်ဆွေ ၃၂၅ ယောက်ကို ဆုံးရှုံးခဲ့ဖူးတယ်... အဲဒီထဲမှာ ၁၀ ယောက်က ငါ့အသက်နဲ့ထပ်တူ ယုံကြည်ရတဲ့ မိတ်ဆွေတွေ”
ကလိုင်းဟာ သဘောပေါက်သွားပြီး သက်ပြင်းချလိုက်ပါတယ်။
“အဲဒါက စစ်ပွဲရဲ့ ရက်စက်မှုပဲ”
ဂဝန်းဟာ သူ့ကို တစ်ချက်ကြည့်ပြီး ကိုယ့်ကိုယ်ကိုယ် လှောင်ရယ်ပါတယ်။
“အရက်စက်ဆုံးကတော့ ငါ သူတို့အတွက် ဘယ်တော့မှ လက်စား မချေပေးနိုင်တာဘဲ... သူတို့ရဲ့ အိပ်မက်ကို ဘယ်တော့မှ မဖြည့်ဆည်းပေးနိုင်တာဘဲ... ဒီဟာကို ငါ့ကို တစ်သက်လုံး ချောက်လှန့်နေမှာ”
“မင်းကတော့ အခွင့်အရေး ရှိသေးတယ်... ဘာဖြစ်သွားလဲဆိုတာ ငါ တိတိကျကျ မသိပေမဲ့ မင်းက ငယ်သေးတယ် ဆိုတာတော့ ငါ သိတယ်... မင်းမှာ အခွင့်အရေးတွေ အများကြီး ရှိသေးတယ်”
ကလိုင်းဟာ တစ်ခဏ တိတ်ဆိတ်သွားပြီး အသက်မှန်မှန် ရှူကာ သူ့ကိုယ်သူ ထိန်းချုပ်ပါတယ်။
“ကျေးဇူးပါပဲ နည်းပြ”
ဂဝန်းဟာ ခေါင်းညိတ်ပြီး ဘာခံစားချက်မှ မရှိတဲ့ မျက်နှာနဲ့ ပြောပါတယ်။
“ဆယ်မိနစ် နားပြီးရင် မင် ခုနက လုပ်တဲ့ လေကျင့်ခန်းကို ဆယ်ကြိမ် ပိုလုပ်ချည်”
“...” ကလိုင်းဟာ တခဏချင်း မျက်နှာ ဘယ်လို ထားရမလဲ မသိ ဖြစ်သွားပါတယ်။
...
သောကြာနေ့ မနက်ခင်း၊ ညသိမ်းငှက် ဖျော်ဖြေရေးခန်း။
ကလိုင်း၊ စီကာထရွန်နဲ့ ဖရိုင်းတို့ဟာ စားပွဲဝိုင်းမှာ ဝိုင်းထိုင်နေကြပါတယ်။ သူတို့တွေဟာ ဖဲမကစားကြပါဘူး။ တစ်ယောက်က သတင်းစာကို လှန်လှော ဖတ်ရှုနေပြီး တစ်ယောက်က ပြတင်းပေါက်ကနေ အပြင်ဘက်ကို ငေးကြည့်နေပါတယ်။ နောက်ဆုံး တစ်ယောက်ကတော့ ဖော့ပင်ကိုင်ပြီး တစ်ခုခု ချရေးချင်ပေမဲ့ ဘာမှ မရေးနိုင် ဖြစ်နေပါတယ်။
အခန်းဟာ တိတ်ဆိတ်နေပါတယ်။ ဘယ်သူမှ စကားမပြောသလို ဘယ်သူမှလည်း ရယ်စရာ မပြောပါဘူး။ ဒီတော့ ပတ်ဝန်းကျင်က တိတ်ဆိတ်ပြီး လေးလံလှပါတယ်။
“ဟူး...” ကလိုင်းဟာ အသက်ရှူထုတ်ပြီး သတင်းစာကို အောက်နှိမ့်ကာ သူရှာတွေ့ထားတဲ့ အရာတွေကို အာရုံစိုက်ဖတ်ဖို့ ပြင်ပါတယ်။
အဲဒီအချိန်မှာပဲ ဒန်းစမစ်ဟာ တံခါးခေါက်ပြီး အခန်းထဲ ဝင်လာပါတယ်။ သူဟာ အခန်းထဲကို ဝေ့ဝိုက်ကြည့်ပြီး...။
“ကလိုင်း... ခဏထွက်လာခဲ့ဦး”
‘ဘာဖြစ်လို့လဲ...’ ဘာဖြစ်မယ်ဆိုတာကို ကြိုသိနေတဲ့ ကလိုင်းဟာ မတ်တတ်ရပ်ပြီး ဖျော်ဖြေရေးခန်းထဲက ထွက်လိုက်ပါတယ်။
ဒန်းစမစ်ဟာ မြေအောက်ထပ်ဆီ ဦးတည်တဲ့ လှေကားဝမှာ ရပ်ပြီး ကလိုင်းကို လှည့်ကြည့်ပါတယ်။
“သန့်စင်မွန်မြတ် ဘုရားရှိခိုးကျောင်းက လွှတ်လိုက်တဲ့လူ ရောက်လာပြီ”
‘ငါ့ကို စစ်ဆေးမဲ့လူ ရောက်လာပြီလား...’ ကလိုင်းဟာ တောင့်တင်းသွားပါတယ်။
မြန်မာပြည် ငြိမ်းချမ်းပါစေ။