စစ်ဆေးမှု
Vol. 17 Ch. 166
မြေအောက်ထပ်ကနေ တိုက်ခိုက်လာတဲ့ အေးစက်တဲ့ လေပြေဟာ ကလိုင်းရဲ့ စိုးရိမ်သောကတွေ ပြေလျော့သွားစေဖို့ ခပ်ရေးရေး ထောက်ပံ့ပေးနေပါတယ်။
‘နောက်ဆုံးတော့ ရောက်လာပြီ... ငါ ဒီအဆင့်ကို ကျော်တာနဲ့ အနည်းဆုံး နောက်ထပ် နှစ်ဝက်ကြာအောင် ဒီလိုမျိုး စစ်ဆေးခံရမှာကို စိုးရိမ်စရာ မလိုတော့ဘူး...’
‘ငါ ဆုံမှတ် ၈ ကို တက်ပြီး လူရွှင် ဖြစ်သွားတာနဲ့ အနီးကပ် တိုက်ခိုက်နိုင်စွမ်း ရှိသွားမှာ... တွက်ချက်မှုရဲ့ အကူအညီနဲ့ နေမီးတောက် အဆောင် ဝှက်ဖဲကိုပါ ပေါင်းလိုက်ရင် တော်တော် အန္တရာယ်ကြီးတဲ့ အခြေအနေတွေမှာတောင် ငါ အသက်ရှင်ဖို့ အခွင့်အလမ်း ရှိသွားလိမ့်မယ်...’
‘သန့်စင်မွန်မြတ် ဘုရားရှိခိုးကျောင်းက စစ်ဆေးမှုကို စောင့်နေတာနဲ့ ငါ မစ္စတရားမျှတမှု အမည်မဲ့ အကောင့်ထဲ လွှဲထားတဲ့ ပေါင် ၃၀၀ ကိုတောင် မထုတ်ရသေးဘူး... သူတို့တွေ ငါ့ရဲ့ ငွေရေးကြေးရေး အခြေအနေကို စစ်ဆေးလို့ ဘယ်ကမှန်းမသိတဲ့ ငွေတွေ အများကြီး ပိုင်နေတယ်ဆိုတာ သိသွားရင် ငါ့အတွက် မဟန်ဘူး...’
...
ကလိုင်း လျှောက်တွေးနေတုန်းမှာ ဒန်းစမစ်ဟာ အင်္ကျီလက်စ ဖြေပြီး တိုးတိုး ပြောပါတယ်။
“ဒီတစ်ခါ စစ်ဆေးမှုကို တာဝန်ယူထားတဲ့လူက ညသိမ်းငှက်တွေရဲ့ အဆင့်မြင့် ဂိုဏ်းထောက် ဘုန်းတော်ကြီး ကိုးပါးထဲက တစ်ပါးဖြစ်တဲ့ ခရက်စတစ် စက်စမာပဲ... သန့်စင်မွန်မြတ် ဘုရားရှိခိုးကျောင်းတော်က မင်းကို တော်တော်လေး အလေးထားတယ်”
“အဆင့်မြင့် ဂိုဏ်းထောက် ဘုန်းတော်ကြီးလား” ကလိုင်းဟာ တအံ့တဩ လွှတ်ခနဲ မေးမိလိုက်ပါတယ်။
ပုံမှန်အားဖြင့် ဂိုဏ်းချုပ် ဘုန်းတော်ကြီး ၁၃ ပါးနဲ့ အဆင့်မြင့် ဂိုဏ်ထောက် ဘုန်းတော်ကြီး ၉ ပါးက ဘုရားကျောင်းရဲ့ အထက်လူကြီးတွေပါ။ သူတို့ထဲမှာ အဆင့်မြင့် သာလွန်သူက မရှားဘူးလို့တောင် ပြောကြပါတယ်။
ဂုဏ်သရေရှိ အမျိုးကောင်းသား အမျိုးကောင်းသမီး ၂၂ ယောက်ကတော့ အဆင့်အတန်းအားဖြင့် တူညီကြပါတယ်။ သူတို့တွေဟာ ထာဝရည နတ်ဘုရားမရဲ့ အမိန့်တော်ကိုသာ လိုက်နာပြီး ပုပ်ရဟန်းမင်းကြီးကိုသာ တာဝန်ထမ်းဆောင်ပါတယ်။
ဒန်းစမစ်ဟာ မြေအောက်ထပ်က အေးစက်တဲ့ လေပြေကို တစ်ချက် ရှူရှိုက်ပြီး ခပ်ယဲ့ယဲ့ ခေါင်းညိတ်ပါတယ်။
“ဟုတ်တယ်... သူက အဆင့်မြင့် ဂိုဏ်းထောက် ဘုန်းတော်ကြီးပဲ... ဒါပေမဲ့ မင်း စိုးရိမ်စရာ မလိုပါဘူး... ခရက်စတစ်က ဆုံမှတ် ၅ ပဲ ရှိသေးတာ... နတ်တစ်ပိုင်း အဆင့်ကို မရောက်သေးဘူး... အဲဒီတော့ အဲဒီလောက် ကြောက်စရာ မလိုသလို အရမ်းကြီးလည်း လေးစားစရာ မလိုဘူး”
“အင်း... သာလွန်သူ လောကမှာ သူ့ရဲ့နာမည်က နတ်ဘုရားမရဲ့ ဓားလို့ ခေါ်တယ်... သူက သိဒ္ဓိဝင် ပစ္စည်းတစ်ခုကို ပိုင်ထားတော့ သူ့ရဲ့ တိုက်ရည်ခိုက်ရည်က အဆင့်တက်ခါစ ဆုံမှတ် ၄ သာလွန်သူလောက် ရှိတယ်”
“ငါ သူနဲ့ စကားပြောကြည့်ပြီးပြီ... သူက တော်တော် ဖော်ရွေပါတယ်”
‘ကပ္ပတိန်က ငါ့ကို လိုအပ်တာပဲ ပြောတယ်... သူက ငါ့ကို စိုးရိမ်သောက မရောက်ဘဲ အစီအစဉ်အတိုင်း ဆောင်ရွက်ခိုင်းတာပဲ...’ ကလိုင်းဟာ ခေါင်းညိတ်ပြီး မေးပါတယ်။
“ကျွန်တော် အဆင့်မြင့် ဂိုဏ်းထောက် ဘုန်းတော်ကြီးနဲ့ ဘယ်မှာ တွေ့ရမှာလဲ”
“ငါတို့တွေ ဆေးရည် ဖော်စပ်တဲ့ အဂ္ဂိရတ်ခန်းမှာ” ဒန်းစမစ်ဟာ ရိုးရိုးရှင်းရှင်း ပြန်ဖြေပါတယ်။ သို့ပေမဲ့ သူ့မျက်နှာမှာ သုန်မှုန်မှု တချို့ ယှက်သမ်းသွားပါတယ်။
‘ငါတို့တွေ ဆေးရည် ဖော်စပ်တဲ့ အဂ္ဂိရတ်ခန်း... လူအိုကြီးနီးလ် ငါ့ကို အမြင်ဆရာ ဆေးရည် ဖော်ပေးတဲ့ ဓာတ်ခွဲခန်းလား...’ ကလိုင်းဟာ အသက် ဖြည်းဖြည်း ရှူပြီး ညသိမ်းငှက်တွေရဲ့ ဖျော်ဖြေရေးခန်းကို ပြန်သွားကာ အဝတ်စင်က သူ့ အပေါ်အင်္ကျီကို ယူပါတယ်။
သူဟာ အနက်ရောင် လေကာအင်္ကျီကို ဝတ်ဆင်ပြီးနောက် လက်နှစ်ဖက်ကို အင်္ကျီ အိတ်ကပ်ထဲ ထည့်ကာ လေအေး တလူလူ တိုက်ခတ်နေတဲ့ လှေကားကနေ မြေအောက်ထပ် ဆင်းပါတယ်။ အဲဒီနောက် လမ်းဆုံကို ရောက်တဲ့အခါမှာတော့ ဘယ်ဘက် ကွေ့လိုက်ပါတယ်။
သိပ်မကြာလိုက်ပါဘူး။ ကလိုင်းဟာ နံရံမှာ စီတန်းနေတဲ့ ဓာတ်ငွေ့မီးအိမ်တွေရဲ့ အလင်းရောင်အောက်မှာ လျှို့ဝှက်တံခါးကို မြင်လိုက်ရပါတယ်။ အခန်းထဲက စားပွဲရှည်တွေကို ဘေးရွှေ့ထားတဲ့အတွက် အခန်းအလယ်မှာ နေရာ ကျယ်ကျယ်ဝန်းဝန်း ရနေပါတယ်။
အဲဒီမှာ နောက်မြင့်ကုလားထိုင် နှစ်လုံးဟာ တစ်မီတာတောင် မဝေးဘဲ မျက်နှာချင်း ရှိနေပါတယ်။ အသက် ၃၀ ကျော်အရွယ် အနက်ရောင် လေကာအင်္ကျီနဲ့ ရှပ်အင်္ကျီဖြူ ဝတ်ထားတဲ့ အမျိုးသား တစ်ဦးဟာ တံခါးကို မျက်နှာပေးထားတဲ့ ကုလားထိုင်ပေါ်မှာ ထိုင်နေပါတယ်။
သူ့ရဲ့ ရွှေညိုရောင် ဆံပင်တွေဟာ ခပ်တိုတို ညပ်ထားပြီး စိမ်းနက်ရောင် မျက်လုံးတွေကတော့ လမိုက်ညအောက်က တောအုပ်တစ်အုပ်လိုမျိုး မှောင်မိုက်ပါတယ်။ သူ့ရဲ့ ရှပ်အင်္ကျီနဲ့ လေကာအင်္ကျီ ကော်လာကို ထောင်ထားတဲ့အတွက် သူ့ရဲ့ မေးစေ့တစ်ခုလုံးဟာ အရိပ်ထဲမှာ ပုန်းကွယ်နေပါတယ်။
“မင်္ဂလာပါ ဘုန်းတော်ကြီး” ကလိုင်းဟာ ဦးညွှတ်လိုက်ပါတယ်။
ခရက်စတစ် စက်စမာဟာ အေးအေးလူလူ နောက်မှီလိုက်ပြီး ဘယ်ခြေထောက်ပေါ် ညာခြေထောက် တင်လိုက်ပါတယ်။ အဲဒီနောက် အပြုံးနဲ့ ပြန်နှုတ်ဆက်ပါတယ်။
“မင်္ဂလာပါ ကလိုင်း... ထိုင်ပါ” သူဟာ မျက်နှာချင်းဆိုင်က ကုလားထိုင်ကို ထိုးပြပါတယ်။
သူ့ခြေထောက် ဘေးမှာတော့ ငွေနဲ့လုပ်ထားတဲ့ လက်ဆွဲသေတ္တာ တစ်လုံး ရှိနေပါတယ်။ ဒီလက်ဆွဲသေတ္တာက တယောအိတ်လောက် ရှိပါတယ်။ ဒီလက်ဆွဲ သေတ္တာက အလျား အသင့်အတင့်ရှိတဲ့ ဓားတစ်လက်ကို ထည့်သိမ်းပြီး သွားလေရာ သယ်သွားဖို့ အတော်ပါပဲ။
ကလိုင်းဟာ ရှေ့ကို လျှောက်သွားပြီး ကုလားထိုင်မှာ ထိုင်လိုက်ပါတယ်။
ခရက်စတစ်ဟာ ညာလက်ညှိုးကို အပေါ်နှုတ်ခမ်းပေါ် တင်ပြီး လေးငါးစက္ကန့် စဉ်းစားပါတယ်။
“ငါ မင်း ဆေးရည်ကို ဘယ်လောက် ကျွမ်းကျင်လဲဆိုတာ ပထမဆုံး စစ်ဆေးဖို့ စီစဉ်ထားတယ်... ပြဿနာမရှိဘူးမလား”
“မရှိပါဘူး” ကလိုင်းဟာ ယုံကြည်မှု အပြည့်နဲ့ ခေါင်းခါလိုက်ပါတယ်။
“တော်တော် ယုံကြည်ချက် ရှိနေတယ်ပေါ့” ခရက်စတင်ဟာ ပြုံးလိုက်ပေမဲ့ သူ့ကိုယ်ဟန်ဟာ ပြောင်းလဲမသွားပါဘူး။ ကလိုင်းကိုပဲ စူးစူးစိုက်စိုက် ကြည့်ပါတယ်။
ကလိုင်းဟာ သူတို့နှစ်ယောက်ကို အမှောင်ထုက ဝါးမျိုလိုက်သလိုမျိုး ဘေးပတ်ဝန်းကျင်က ဓာတ်ငွေ့မီးအိမ်တွေရဲ့ အလင်းရောင်တွေ ပျောက်ဆုံးသွားတယ်လို့ ရုတ်တရက် ခံစားလိုက်ရပါတယ်။
သူဟာ သူ့ရဲ့ ဇီဝနာရီက အိပ်စက်ဖို့ အချိန်တန်ပြီလို့ အချက်ပြသလိုမျိုး ရုတ်တရက် ပင်ပန်းနွမ်းနယ်သွားပါတယ်။ ဒါပေမဲ့ သူ့စိတ်ဟာ တော်တော်လေးကိုမှ ဖိစီးနေပြီး ဘယ်လိုမှ မဖြေလျှော့နိုင်ပါဘူး။ အရမ်းကိုမှ ပင်ပန်းနွမ်းနယ်နေတဲ့အတွက် အေးအေးချမ်းချမ်း မအိပ်နိုင်သလိုမျိုးပါပဲ။
သူ့ပတ်ဝန်းကျင် တစ်ခုလုံး တိတ်ဆိတ် မှောင်မိုက်တဲ့ ညဖြစ်နေချိန်မှာ သေချာမပိတ်ထားတဲ့ ရေပိုက်ခေါင်းကနေ ရေတစက်စက် ကျနေတဲ့အသံကို သူ ကြားလိုက်ရပါတယ်။ အဲဒီနောက် သူဟာ ဆူးနက်လုံခြုံရေး ကုမ္ပဏီထဲက စကားပြောသံတွေနဲ့ လှေကားတစ်လျှောက် တိုက်ခတ်သွားတဲ့ လေရဲ့ ရွှေ့လျားသံကိုပါ ကြားလိုက်ရပါတယ်။
အဲဒါတွေကလွဲရင် သူဟာ မမြင်သင့်တာတွေကို မမြင်ရသလို မကြားသင့်တာတွေကိုလည်း မကြားရပါဘူး။
“အရမ်းကောင်းတယ်”
ခရက်စတစ်ရဲ့ စိတ်ညှို့သံက အမှောင်ထုကို ဖယ်ရှားလိုက်တဲ့အတွက် အဂ္ဂိရတ်ခန်းရဲ့ အတွင်းနဲ့ အပြင်ဘက်က ဓာတ်ငွေ့မီးအိမ်တွေရဲ့ အလင်းရောင်ဟာ ကလိုင်း မြင်ကွင်းထဲ ပြန်ဝင်လာပါတယ်။
ကလိုင်းဟာ ပင်ပန်းနွမ်းနယ်မှုတွေ ရုတ်တရက် ပျောက်ဆုံးသွားပြီး နဂိုပုံစံအတိုင်း တက်တက်ကြွကြွ ပြန်ဖြစ်သွားပါတယ်။
‘သူ့လွှမ်းမိုးမှုကို ငါ သတိတောင် မထားမိလိုက်ဘူး... ဒါ ဆုံမှတ် ၅ သာလွန်သူ တစ်ယောက် လုပ်နိုင်တဲ့ အရာလား... အဆင့်မြင့် ဂိုဏ်းထောက် ဘုန်းတော်ကြီးရဲ့ ကြောက်စရာကောင်းတဲ့ အစွမ်းလား’ ကလိုင်းဟာ ဖြစ်ပျက်ခဲ့တာကို ပြန်တွေးပြီး နည်းနည်း ကြောက်သွားပါတယ်။
ခရက်စတစ် စက်စမာဟာ လက်ခုပ်တီးပြီး ဒူးပေါ် တင်လိုက်ပါတယ်။ အဲဒီနောက် ခါးနည်းနည်း ကုန်းလိုက်တဲ့အတွက် သူ့အင်္ကျီကော်လာက နှုတ်ခမ်းကို ကာသွားပါတယ်။
“မင်း အောင်တယ်... မင်းက ဆေးရည်ကို ပိုင်နိုင်တာထက် ပိုတဲ့ သာလွန် အဆင့်ကို ရောက်သွားပြီ”
“မင်းရဲ့ စိတ်ထဲမှာ လျှို့ဝှက်အန္တရာယ်တွေ ရှိနေလားဆိုတာ ငါ လေ့လာဆန်းစစ်ဖို့ လိုတယ်... ဆေးရည်ရဲ့ လက်ကျန် စိတ်ဝိညာဉ်က မင်းရဲ့ စရိုက်ကို မသိမသာ မပြောင်းလဲစေဘူး ဒါမှမဟုတ် ပြဿနာတချို့ ချန်မထားခဲ့ဘူးဆိုတာ သေချာအောင် လုပ်ရလိမ့်မယ်”
“မင်း ပြင်ဆင်ဖို့ ၃ မိနစ် အချိန်ရမယ်”
ကလိုင်းဟာ ချက်ချင်း ခေါင်းညိတ်ပါတယ်။
“ဟုတ်ကဲ့”
သူဟာ တိတ်တဆိတ် အသက်ရှူပြီး တွေးခေါ်မှု အခြေအနေထဲ ဝင်ကာ မကောင်းတဲ့ အတွေးတွေကို စိတ်ထဲကနေ ဖယ်ရှားပါတယ်။
ခရက်စတစ်ဟာ စကား ထပ်မပြောပါဘူး။ သူဟာ အနက်ရောင် လေကာအင်္ကျီရဲ့ အတွင်း အိတ်ကပ်ထဲက ငွေအိတ်ဆောင်နာရီကို ထုတ်ပြီး ကလစ်ခနဲ ဖွင့်လိုက်ပါတယ်။ အဲဒီနောက် သူဟာ စက္ကန့်တံ ရွှေ့လျားသွားတာကို အာရုံစိုက်ကြည့်ပါတယ်။
သုံးမိနစ် ကြာတဲ့အခါ ခရက်စတစ်ဟာ အိတ်ဆောင်နာရီကို ပြန်ပိတ်ပြီး အပြုံးနဲ့ ပြောပါတယ်။
“ငါ သီချင်း စဆိုတော့မယ်”
‘သီချင်းဆိုမယ်...’ ကလိုင်းဟာ ခေါင်းရှုပ်သွားပါတယ်။
ကလိုင်း ဘာမှ မပြောနိုင်မှာဘဲ ခရက်စတစ်ဟာ သာယာနာပျော်ဖွယ် ကောင်းတဲ့ သံစဉ်ကို စညည်းပါတယ်။
သီချင်းသံစဉ်ဟာ အဂ္ဂိရတ်ခန်းထဲမှာ ပဲ့တင်ထပ်သွားပြီး တဖြည်းဖြည်းနဲ့ သံစဉ်ပျက်ကာ သီချင်းသံပါ တစ်လွဲ ဖြစ်ကုန်ပါတယ်။
“ကျွီ... ဂျစ်... ဝီ... ဂျောက်...” ကလိုင်းဟာ ကျောက်သင်ပုန်းကို လက်သည်းနဲ့ ခြစ်နေသလိုမျိုး စူးရှတဲ့အသံ၊ ပူဖောင်းတွေ တစ်ခုနဲ့တစ်ခု ပွတ်တိုက်နေတဲ့အသံ၊ လွန်ဖောက်နေတဲ့အသံနဲ့ တခြား စိတ်မချမ်းမြေ့စရာ အသံတွေကို ကြားလိုက်ရပါတယ်။
ဒီဆူညံသံတွေဟာ ပိုပို အားကောင်းလာပြီး ပိုပိုပြီးတော့ ဝရုန်းသုန်းကား ဖြစ်လာပါတယ်။ ဒီအသံတွေကြောင့် ကလိုင်းဟာ စိတ်ညစ်လာပြီး တစ်စုံတစ်ရာကို ဖျက်ဆီးချင်စိတ် ပေါ်လာပါတယ်။
ဒါပေမဲ့ ကလိုင်းဟာ ရူးစရာကောင်းတဲ့ ရေရွတ်သံတွေနဲ့ ကြောက်စရာကောင်းတဲ့ အော်ဟစ်သံတွေကို မကြာခဏ ကြုံဖူးတာမလို့ သူ့စိတ်ကို အမြန်ထိန်းလိုက်ပါတယ်။
သူဟာ စိတ်မချမ်းသာမှု၊ စိုးရိမ်မှု၊ စိတ်အနှောင့်အယှက် ဖြစ်မှုနဲ့ မလုံခြု့မှုတို့ကို သင့်လျော်တဲ့အချိန်မှာ သင့်လျော်သလို ထုတ်ပြပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ပြီးပြည့်စုံလွန်းရင်လည်း ပြဿနာ တက်နိုင်လို့ပါပဲ။
ခရက်စတစ် စက်စမာက ဘယ်အချိန်မှာ သီချင်းဆို ရပ်လိုက်လဲ မသိပါဘူး။ အဂ္ဂိရတ်ခန်းထဲက ဆူညံသံတွေဟာ ပျောက်ကွယ်သွားပြီး အရင်အတိုင်း ငြိမ်သက် အေးချမ်းသွားပါတယ်။
‘တိတ်ဆိတ်မှုက တကယ်ကို ကောင်းတာပဲ’ ကလိုင်းဟာ စိတ်ထဲမှာ ပြောလိုက်ပါတယ်။
“တော်တယ်... အရမ်းကောင်းတယ်... မင်းရဲ့ ဝိညာဉ်မှာ ငုပ်လျှိုးနေတဲ့ ပြဿနာတွေ မရှိဘူး... မင်းစိတ်ထဲမှာ ငါ့ကို ထိုးချင်တာပဲဖြစ် ငါ့ပါးစပ်ကို တစ်ခုခုနဲ့ ဆို့ချင်တာပဲဖြစ်ဖြစ် ခံစားနေရရင် သိပ်မစိုးရိမ်နဲ့... အဲဒါ ပုံမှန်ပဲ”
ခရက်စတစ်ရဲ့ ပါးစပ်က ကော်လာနဲ့ ကွယ်နေတဲ့အတွက် ကလိုင်းဟာ လေသံ နားထောင်ပြီးတော့ပဲ ခရက်စတစ်ရဲ့ ခံစားချက်ကို ခန့်မှန်းနိုင်ပါတယ်။
“ကျွန်တော် မလုပ်ရဲပါဘူး” ကလိုင်းဟာ ရိုးရိုးသားသားပဲ ဝန်ခံပါတယ်။
ခရက်စတစ်ဟာ ပြုံးလိုက်ပါတယ် “ဂုဏ်ယူပါတယ်... မင်း စမ်းသပ်မှု အကုန်လုံးကို အောင်တယ်... အခု အမေးအဖြေ အပိုင်းကို ရောက်ပြီ”
သူ့ရဲ့ မျက်လုံးစိမ်းတွေဟာ ရုတ်တရက် မည်းမှောင်သွားပါတယ်။ သူ့အကြည့်ဟာ အသွေးအသားကို ထိုးဖောက်ပြီး စိတ်ဝိညာဉ်ကို တိုက်ရိုက် မြင်နိုင်သလိုမျိုး နက်နဲသွားပါတယ်။
“မေးပါ” ကလိုင်းဟာ မတ်မတ်ထိုင်ပြီး ပြန်ပြောပါတယ်။
ခရက်စတစ်ဟာ နဂိုအတိုင်း ဆက်ထိုင်းရင်း သာမန်ကာလျှံကာ မေးပါတယ်။
“ဗေဒင်ကလပ်ကနေ ရလာတဲ့ အတွေ့အကြုံတွေက ဆေးရည်ကို မြန်မြန် ပိုင်နိုင်အောင် ကူညီပေးတယ်လို့ မင်း ပြောခဲ့တယ်နော်”
“ဟုတ်ပါတယ်” ကလိုင်းဟာ လိုတိုရှင်း ဖြေပါတယ်။
ခရက်စတစ်ဟာ ခေါင်းအသာ ညိတ်ပြီး ဆက်မေးပါတယ်။
“လျှို့ဝှက်ဆန်းကြယ် စပ်စုသမားတွေရဲ့ ဆောင်ပုဒ်နဲ့ မဒမ်ဒေလီကို စံထားပြီး အကြံဉာဏ်သစ် ရသွားတယ်လို့ မင်း ပြောခဲ့တယ်နော်”
“ဟုတ်ပါတယ်” ကလိုင်းဟာ ပထမဆုံး ဟုတ်မှန်ကြောင်း ဝန်ခံပြီးမှ အသေးစိတ် ရှင်းပြပါတယ်။
“ကျွန်တော်ရဲ့ လုပ်ဖော်ကိုင်ဖက် တစ်ယောက်က လျှို့ဝှက်ဆန်းကြယ် စပ်စုသမား... သူ့ဆီကနေ လျှို့ဝှက်ဆန်းကြယ် စပ်စုသမားတွေရဲ့ ဆောင်ပုဒ်ကို လိုက်နာတဲ့ လျှို့ဝှက်ဆန်းကြယ် စပ်စုသမားတွေက ပုံမှန်လူတွေထက် စိတ်လွတ်တာ နည်းတယ်လို့ သိခဲ့ရတယ်... ပြီးတော့ မဒမ်ဒေလီဆီကနေလည်း နတ်ဝင်သည်စစ်စစ် ဖြစ်ချင်တယ်လို့ ပြောတာ ကြားခဲ့ရတယ်... သူက ဆုံမှတ် ၇ ကို ၂ နှစ်အတွင်း တက်နိုင်ခဲ့တဲ့ ပါရမီရှင်လေ”
“အဲဒီအခြေအနေ နှစ်ခုကို သတိထားမိပြီးနောက်မှာ ကျွန်တော် စမ်းကြည့်သင့်တယ်လို့ ဆုံးဖြတ်လိုက်တယ်... အဲဒါနဲ့ ကျွန်တော် အမြင်ဆရာ စစ်စစ် ဖြစ်လာဖို့ ကြိုးစားပြီး အမြင်ဆရာ တစ်ယောက် လိုက်နာသင့်တဲ့ ဥပဒေသတွေ ချမှတ်ခဲ့တယ်... ရလဒ်က ကျွန်တော် မျှော်လင့်တားထက် ပိုကောင်းတယ်... ကျွန်တော် ဆေးရည်ကို ခပ်မြန်မြန်ပဲ ပိုင်နိုင်သွားတယ်... ဘုန်းတော်ကြီး... ဘုန်းတော်ကြီးဆီမှာ အဲဒီလို အတွေ့အကြုံမျိုး ရှိလား မသိဘူး... ကျွန်တော် ဆေးရည်ကို လုံးဝ ပိုင်နိုင်သွားတဲ့အခါ အရမ်းထူးခြားပြီး မှော်ဆန်တဲ့ ခံစားချက် တစ်မျိုးကို ခံစားရတယ်...”
ကလိုင်းဟာ သရုပ်ဆောင်တဲ့ နည်းလမ်းကို အပေါ်ယံပဲ နားလည်သလိုမျိုး သူ့အတွေ့အကြုံတွေကို ပြောပြပါတယ်။
ဘဝဟောင်းတုန်းကသာဆိုရင် သူဟာ ဒီလောက် စွမ်းအားကြီးတဲ့ ညသိမ်းငှက်ရှေ့မှာ ရင်တုန်ပန်းတုန် ဖြစ်ပြီး အမှန်တစ်ဝက် အလိမ်တစ်ဝက် စကားတွေ ပြောရဲမှာ မဟုတ်ပါဘူး။ ဒါပေမဲ့ ဒီလောကကို ဘဝ ကူးပြောင်းလာပြီးကတည်းက သူဟာ မုသားတွေ ပြောရလွန်းလို့ အံတိုသွားပါပြီ။ တစ်ချက်ကလေးတောင် အမူအရာမပျက်ဘဲ မုသားတွေကို လိုသလို ပြောနိုင်ပါတယ်။
ခရက်စတစ်ရဲ့ မျက်လုံးထဲက အမှောင်ထုဟာ ပျောက်ကွယ်သွားပြီး သူ့အကြည့်ဟာ ပုံမှန်အတိုင်း ပြန်ဖြစ်သွားပါတယ်။ အဲဒီနောက် သူဟာ ပြုံးလိုက်ပါတယ်။
“မင်း စိုးရိမ်စရာ မလိုဘူး... အဲဒါ ထင်ယောင် ထင်မှား ဖြစ်တာ မဟုတ်ဘူး”
သူ့အဖြကနေ ကလိုင်းဟာ သံသယဖြစ်တာရော စစ်ဆေးတာရော မတွေ့ရတဲ့အတွက် စိတ်ချလက်ချ ဖြစ်သွားပါတယ်။
“ဒန်းက မင်းအတွေ့အကြုံတွေကို ထောက်ခံချက် ပေးထားတယ်... မင်းက တကယ်ကို ယုတ္တိကျကျ တွေးခေါ်နိုင်ပြီး အာရုံစူးရှတဲ့ ပါရမီရှင်လို့ ငါ ယုံကြည်တယ်”
ခရက်စတစ်ဟာ ချီးကျူးစကားဆိုပြီးနောက် ဆက်မေးပါတယ်။
“မင်းရဲ့ အတွေ့အကြုံတွေကို လုပ်ဖော်ကိုင်ဖက်တွေဆီ မျှဝေခဲ့သေးလား”
“မျှဝေတာပေါ့” ကလိုင်းဟာ ပွင့်ပွင့်လင်းလင်း ဝန်ခံပါတယ်။
“သူတို့တွေ စိတ်လွတ်နိုင်ခြေ နည်းအောင်လို့လေ... ကျွန်တော်တို့က အန္တရာယ်ကို အတူတူ ရင်ဆိုင်ကြတဲ့ တစ်ဖွဲ့တည်းသားတွေလေ... ကျွန်တော့်မှာ ဒီဟာကို ဖုံးကွယ်ထားဖို့ အကြောင်း မရှိဘူး... ဒါပေမဲ့ ကျွန်တော် စာရေးတွေကိုတော့ ပြောမပြဘူး”
ခရက်စတစ်ဟာ ခြေထောက်ချိတ်ထားတာ ဖြုတ်ပြီး မတ်မတ် ထိုင်ပါတယ်။ သူ့ရဲ့ ပါးလွှာတဲ့ နှုတ်ခမ်းဟာ အင်္ကျီကော်လာရဲ့ အရိပ်အောက်ကနေ ထွက်ပေါ်လာပါတယ်။
“မင်းက ညသိမ်းငှက်ဖြစ်တာ နှစ်လမပြည့်သေးပေမဲ့ လုပ်ဖော်ကိုင်ဖက်တွေကို စာနာတဲ့ နေရာမှာ တခြားလူတွေထက် အများကြီး သာတယ်”
“အင်း... ငါ မင်းကို သတင်းအချက်အလက်တွေ မျှဝေပေးဖို့ ရည်ရွယ်ထားတယ်... ဒါပေမဲ့ သန့်စင်မွန်မြတ် ဘုရားရှိခိုးကျောင်းရဲ့ စည်းမျဉ်းအရ ငါတို့ ပြောတဲ့ အကြောင်းအရာတွေကို ဒီအကြောင်း မသိတဲ့ ဘယ်သူကိုမှ ထုတ်မပြောပါဘူးလို့ အရှင်မကို သက်သေထားပြီး ကျိန်ဆိုရမယ်”
“အဆင်ပြေတယ်မလား”
‘ငါက အောင်သွားပြီလား’ ကလိုင်းဟာ ဝမ်းသာသွားပြီး တစ်စက္ကန့်တောင် မတုံ့ဆိုင်းဘဲ ခေါင်းညိတ်ပါတယ်။
“ပြေပါတယ်”
‘ငါ တခြားလူတွေကို သရုပ်ဆောင်တဲ့ နည်းလမ်း တိုက်ရိုက် သင်ပေးလို့ မရပေမဲ့ သွယ်ဝိုက်ပြီးတော့ မစ္စတရားမျှတမှုနဲ့ မစ္စတာ လူဇောက်ထိုးကို သင်ခိုင်းလို့ ရတာပဲ’
မြန်မာပြည် ငြိမ်းချမ်းပါစေ။