← Chapters

သိဒ္ဓိဝင်ရတနာ

Vol. 17 Ch. 167

သိဒ္ဓိဝင်ရတနာ

Vol. 17 Ch. 167

“ကောင်းပြီ”

ခရက်စတစ် စက်စမာဟာ ခေါင်းညိတ်ပြီး ကိုယ်ကို ရှေ့ကိုင်းလိုက်ပါတယ်။

“အဲဒါဆို ဒီသိဒ္ဓိဝင်ရတနာနဲ့ ကျိန်ဆိုချည်”

ခရက်စတစ်ဟာ ပြောပြောဆိုဆို သူ့ခြေထောက်နားက ငွေသေတ္တာကို ခါးကုန်းပြီး မလိုက်ပါတယ်။

‘သိဒ္ဓိဝင်ရတနာ... ခင်ဗျားကို နတ်ဘုရားမရဲ့ ဓားလို့ နာမည်ရစေတဲ့ သိဒ္ဓိဝင်ရတနာလား...’ ကလိုင်းဟာ ခရက်စတစ်ရဲ့ အမူအရာကို စိတ်ဝင်တစား ကြည့်ပါတယ်။

ခရက်စတစ်ဟာ ငွေသတ္တာကို ဒူးပေါ်တင်လိုက်ပြီးနောက် သူ့ရဲ့ စိမ်းနက်ရောင် မျက်လုံးတွေဟာ ချက်ချင်း မည်းနက်သွားပါတယ်။

သူဟာ လက်ကို မပြီးနောက် ပြန်ဖိချလိုက်ပါတယ်။ အဲဒီအခါ တယောအိတ်နဲ့ တူတဲ့ ငွေသတ္တာရဲ့ အဖုံးဟာ ဒီရေလိုမျိုး ရုတ်တရက် လျှောကျသွားပါတယ်။

တစ်ချိန်တည်းမှာပဲ ကလိုင်းဟာ သူ့ဘေးနားက အလင်းရောင်တွေကို ငွေသေတ္တာက စုပ်ယူလိုက်သလိုမျိုး အလင်းရောင်တွေက ရှေ့ရောက်သွားတယ်လို့ ခံစားလိုက်ရပါတယ်။

နံရံမှာ တန်းစီ ချိတ်ထားတဲ့ ဂန္ဓဝင် မီးအိမ်တွေနဲ့ ငွေသတ္တာထဲမှာ တောက်ပနေတဲ့ ငွေရောင်ကလွဲရင် အဂ္ဂိရတ်ခန်းဟာ မည်းမှောင်သွားပါတယ်။ ဒီမြင်ကွင်းက တော်တော်လေးကိုမှ ထူးဆန်းပါတယ်။

“ဂျွတ်...”

ခရက်စတစ် စက်စမာက သေတ္တာကို ဖွင့်လိုက်တဲ့အခါ ဖြူဖွေး သန့်စင်တဲ့ အရိုးဖြူဓား တစ်ချောင်း ပေါ်လာပါတယ်။

ဟုတ်ပါတယ်။ အရိုးဓားပါ။ ကလိုင်းဟာ ဒီဓားကို မြင်လိုက်တဲ့ တစ်ခဏမှာပဲ ဒီဓားကို အရိုးနဲ့ လုပ်ထားတယ်ဆိုတာ အလိုလို သိလိုက်ပါတယ်။

ပိန်းပိန်းပိတ်အောင် မှောင်မိုက်နေတဲ့ အဂ္ဂိရတ်ခန်းထဲမှာ ဒီဓားတိုကနေ ထုတ်လွှတ်နေတဲ့ သန့်စင် ကြည်လင်လှတဲ့ တောက်ပမှုဟာ ညကောင်းကင်ယံမှာ ထွန်းလင်းတောက်ပနေတဲ့ ငွေလမင်းကြီးလိုမျိုးပါပဲ။ မုန်တိုင်းအလယ်မှာ အထီးတည်း လမ်းပြနေတဲ့ မီးပြတိုက်နဲ့လည်း သဏ္ဌာန် တူပါတယ်။

ဒီအတိုင်းကြည့်ရင် ဓားရဲ့ မျက်နှာပြင်က ချို့ယွင်းချက်ဆိုလို့ မြူတစ်မှုန်စာတောင် မရှိပါဘူး။ ဒါပေမဲ့ သေချာ အနီးကပ်ကြည့်ရင်တော့ ဓားရဲ့ မျက်နှာပြင်မှာ သင်္ကေတတွေ ပုံတွေ အလွှာလိုက် ရှိနေတာကို တွေ့နိုင်ပါတယ်။ ဒီလျှို့ဝှက်ဆန်းကြယ် သင်္ကေတတွေဟာ ဓားရဲ့ ခန္ဓာကိုယ်နဲ့ ခွဲမရအောင် ရောယှက်နေပါတယ်။

ကလိုင်းဟာ သိဒ္ဓိဝင်ဓားကို အကဲခတ်ရင်း သူ ဒီဓားကနေ အကြည့်လွဲလို့ မရဘူးဆိုတာ ရုတ်တရက် သတိထားမိလိုက်ပါတယ်။ သူ့ရဲ့ အမြင်အာရုံဟာ ဓားဆီပဲ ရောက်နေပြီး သူ့ရဲ့ အညိုရောင် မျက်လုံးတွေဟာ ဖြည်းဖြည်းချင်း တောက်ပမှု မှေးမှိန်လာပါတယ်။

ခရက်စတစ်ဟာ သေတ္တာကိုမပြီး ဓားကို မူလနေရာကနေ ရွှေ့လိုက်ပါတယ်။

ကလိုင်းဟာ တွေတွေကြီး ကြည့်မိနေရာကနေ နိုးသွားပြီး သူ လွတ်အောင် မရုန်းထွက်နိုင်တဲ့ အိပ်မက်ဆိုးကနေ လွတ်မြောက်သွားပါတယ်။

သူဟာ ဘေးဘက်ကို အကြည့်လွှဲပြီး အလေးအနက် မေးပါတယ်။

“ဘုန်းတော်ကြီး... ကျွန်တော့်လက်ကို သိဒ္ဓိဝင်ဓားပေါ် တင်ဖို့ လိုလား”

“အင်း... လိုတယ်... ဒီနားလာ” ခရက်စတစ်ရဲ့ အသံဟာ ကလေးချော့တေး ဆိုနေသလိုမျိုး နားဝင်ချိုလှပါတယ်။

ကလိုင်းဟာ ဘေးဘက်ကို ကြည့်နေရင်းက မတ်တတ်ရပ်ပြီး ရှေ့တစ်လှမ်း လှမ်းလိုက်ပါတယ်။ မှောင်မည်းနေတဲ့အတွက် သူဟာ ဘုန်းတော်ကြီးရဲ့ ခြေထောက်တွေကို မမြင်နိုင်သလို သူ့ခြေထောက် ဘယ်ကို ချမိလဲ ဆိုတာလည်း မသိပါဘူး။

“ရပ်တော့” ခရက်စတစ်က တည်တည်ငြိမ်ငြိမ် ပြောပါတယ်။

ကလိုင်းဟာ ချက်ချင်း တန့်လိုက်ပြီး နေရာမှာ ရပ်လိုက်ပါတယ်။ သူဟာ မျက်လုံးထောင့်ကနေ သန့်စင်တဲ့ အရိုးဖြူဓားကို လျှပ်တစ်ပြက် တစ်ချက်ကြည့်လိုက်ပြီး အလန့်တကြား အကြည့်ပြန်လွှဲပါတယ်။

အဲဒီအကြည့် တစ်ချက်နဲ့တင် သူဟာ ခါးကုန်းပြီး ညာလက်ဆန့်ကာ သိဒ္ဓိဝင်ဓားပေါ် လက်တင်ပြီးသား ဖြစ်သွားပါတယ်။

အေးစက်တဲ့ ခံစားချက်ဟာ အရေပြားကနေ တစ်ဆင့် သူ့ရင်ထဲကို စီးဝင်လာပါတယ်။ သူ့ရင်ထဲက ယောင်ယက်ခတ်နေတဲ့ အတွေးတွေနဲ့ စိုးရိမ်စိတ်တွေ အကုန်လုံးဟာ ရုတ်ခြည်း ငြိမ်သက် အေးချမ်းသွားပါတယ်။ အသံမျိုးစုံနဲ့ ဆူညံနေတဲ့ ရွာတစ်ရွာရဲ့ အိမ်တစ်အိမ်က ခေါင်မိုးပေါ်မှာ ထိုင်ပြီး ရိတ်သိမ်းထားတဲ့ ကောက်ပဲသီးနှံတွေရဲ့ ရနံ့ကို ရှူရှိုက်ကာ ကြယ်စုံတဲ့ ကောင်းကင်ပြင်ကို ဇိမ်ခံကြည့်နေသလိုပါပဲ။

“ငါ ဆိုတဲ့အတိုင်း လိုက်ဆို” ခရက်စတစ်က လေးလေးနက်နက် ပြောပါတယ်။

“ဟုတ်ကဲ့” ကလိုင်းဟာ ခေါင်းညိတ်ပါတယ်။ အဲဒီနောက် သူဟာ ဘုန်းတော်ကြီးဆီကနေ ဟာမီးစကားသံကို ကြားလိုက်ရပါတယ်။

“အို... ကြယ်တကာတို့ထက် မြင့်မြတ်ပြီး အတုမဲ့ခြင်းထက် အတုမဲ့တော်မူပါသော ထာဝရည နတ်ဘုရားမ...”

“အကျွန်ုပ်၏ အမည်နာမနှင့် စိတ်ဝိညာဉ်ဖြင့် ကျိန်ဆိုပါ၏”

“အကျွန်ုပ် ကလိုင်းသည် သရုပ်ဆောင်သည့် နည်းလမ်းကို ဤနည်းလမ်း မသိသော သူတို့အား ယနေ့အချိန်မှစ၍ အသေးစိတ် ထုတ်မပြောပါ”

“ဤသစ္စာစကားအား ဆန့်ကျင်ခဲ့ပါက အရှင်မပေးသည့် မည်သည့် ပြစ်ဒဏ်ကိုမဆို ခံယူပါမည်”

“ကျွန်ုပ်ဆိုသော ဤသစ္စာအား သက်သေပြုပေးတော်မူပါ”

ကလိုင်းဟာ သူ့ကိုယ်သူ ထိန်းချုပ်ပြီး ဂိုဏ်းထောက် ဘုန်းတော်ကြီး ခရစ်စတစ်ရဲ့ နောက်ကနေ ဟာမီးစကားနဲ့ သစ္စာဆိုပါတယ်။

သူဟာ သူနဲ့ အရိုးဖြူဓားကြားမှာ ဆက်သွယ်မှု တစ်ခု ရှိသွားတယ်လို့ ရေးရေးလေး ခံစားမိလိုက်ပါတယ်။

ညာလက်ကို ပြန်ရုပ်ပြီးနောက် သူဟာ ရင်ဘက်မှာ ကြက်သွေးရောင်လပုံ တို့ထိလိုက်ပါတယ်။

“အရှင်မကို ချီးကျူးကြလော့”

“အရှင်မကို ချီးကျူးကြလော့” ခရက်စတစ်ဟာ ပြုံးပြီး ဦးညွှတ်ကာ ပြန်တုံ့ပြန်ပါတယ်။

ချက်ချင်းဆိုသလို သူဟာ သေတ္တာကို ပြန်ပိတ်ပြီး ညာလက်နဲ့ လေးလေးကြီး ဖိချလိုက်ပါတယ်။

အမှောင်ထုဟာ ရုတ်တရက် ပျောက်ကွယ်သွားပြီး မီးအိမ်က အလင်းရောင်ဟာ အဂ္ဂိရတ်တစ်ခန်းလုံးကို နေရာပြန်ယူသွားပါတယ်။

ကလိုင်းဟာ ဂိုဏ်းထောက် ဘုန်းတော်ကြီး ခရက်စတစ်ရဲ့ မျက်လုံးနက်တွေက နဂိုအတိုင်း စိမ်းနက်ရောင် ပြန်ဖြစ်သွားတာကို သတိထားမိလိုက်ပါတယ်။

အဲဒီနောက် သူဟာ သူ့ကုလားထိုင်မှာ ပြန်ထိုင်ပြီး မျက်မှောင်ကြုတ်ကာ နားမလည်တဲ့ မျက်နှာနဲ့ မေးပါတယ်။

“သရုပ်ဆောင်တဲ့ နည်းလမ်း... ဟုတ်လား...”

ခရစ်စတစ်ဟာ လည်းချောင်းရှင်းပြီး သူ့မေးခွန်းကို တိုက်ရိုက်မဖြေဘဲ အပြုံးနဲ့ ပြောပါတယ်။

“မင်း ငါပြောမှာကို ခေါင်းရှုပ်ပြီး နားမလည်တာ ဖြစ်ကောင်း ဖြစ်နိုင်တယ်... ဒါပေမဲ့ အဲဒါက ဘာဖြစ်လို့လဲဆိုတာ ငါ ရှင်းပြလို့ မရဘူး... ဒီဟာက ဘုရားကျောင်းရဲ့ လျှို့ဝှက်ချက်နဲ့ ပတ်သက်နေတယ်”

‘ဂိုဏ်းချုပ် ဘုန်းတော်ကြီး ဒါမှမဟုတ် အဆင့်မြင့် ဂိုဏ်းထောက် ဘုန်းတော်ကြီး ဖြစ်လာမှာ မင်း သိခွင့်ရလိမ့်မယ်’ ကလိုင်းဟာ ခရက်စတစ်ကို ကြည့်ပြီး ခရက်စတစ် မပြောခင် စိတ်ထဲမှာ အရင် ပြောလိုက်ပါတယ်။

“မင်း ဂိုဏ်းချုပ်ဘုန်းတော်ကြီး ဒါမှမဟုတ် အဆင့်မြင့် ဂိုဏ်းထောက် ဘုန်းတော်ကြီးလိုမျိုး ဘုရားကျောင်းရဲ့ ဗဟိုအဖွဲ့ဝင် ဖြစ်လာမှ သိခွင့်ရလိမ့်မယ်” ခရက်စတစ်က အလေးတထား ပြောပါတယ်။

ကလိုင်းဟာ လေးလေးနက်နက် ခေါင်းညိတ်လိုက်ပါတယ်။

ခရက်စတစ်ဟာ ငွေသေတ္တာကို ခြေထောက်ဘေး ပြန်ချပြီး ခြေထောက် ပြန်ချိတ်လိုက်ပါတယ်။

“ရှည်ကြာလှတဲ့ သမိုင်းကြောင်းမှာ ဘုရားကျောင်းရဲ့ ပါရမီရှိတဲ့ သာလွန်သူတွေက မျိုးဆက်တွေ တစ်ဆက်ပြီး တစ်ဆက် လက်ဆင့်ကမ်းရင်း စိတ်လွတ်တာကို ရှောင်ရှားနိုင်တဲ့ နည်းလမ်းတစ်ခုကို ဖြည်းဖြည်းချင်း ရှာတွေ့ခဲ့တယ်”

“ဒီနည်းလမ်းရဲ့ အဓိက သွေးကြောက ဆေးရည်ရဲ့ နာမည်ပဲ... ဆေးရည် နာမည်က အဓိကကျရုံတင် မကဘူး... သော့ချက်လည်း ဟုတ်တယ်”

ကလိုင်းရဲ့ စဉ်းစားခန်းဝင်သွားတဲ့ မျက်နှာကို ကြည့်ပြီးနောက် ခရက်စတစ်က ဆက်ပြောပါတယ်။

“ငါတို့ သိထားရသလောက် ဆေးရည်ရဲ့ နာမည်တွေက အုပ်စုတစ်စုကို ညွှန်ပြတယ်... ဒီအုပ်စုက သူတို့နည်း သူတို့ဟန်နဲ့ ရှိတယ်... ရှင်းအောင် ပြောရရင် ဆေးရည်ရဲ့ နာမည်နဲ့ ဆိုင်တဲ့ ဥပဒေသတွေပဲ... ဆေးရည် မတူရင် ဥပဒေသလည်း မတူဘူး... ငါတို့တွေ ဒီဥပဒေသတွေကို တင်းတင်းကျပ်ကျပ် လိုက်နာတဲ့အခါ စိတ်လွတ်တာကို အနည်းဆုံးအထိ လျှော့ချနိုင်တယ်”

“ကျွန်တော်ရဲ့ အမြင်ဆရာ ဥပဒေသတွေလိုမျိုးလား” ကလိုင်းဟာ အခွင့်အရေးယူပြီး မေးပါတယ်။

‘ဒီရှင်းပြချက်က ငါ တရားမျှတမှုနဲ့ လူဇောက်ထိုးကို ရှင်းပြသလို ရှင်းလည်း မရှင်းဘူး... နားလည်ဖို့လည်း မလွယ်ဘူး’ ကလိုင်းဟာ စိတ်ထဲမှာ ဝေဖန်ပါတယ်။

“ဟုတ်တယ်”

ခရက်စတစ်က အခိုင်အမာ ဖြေပါတယ်။

“ငါတို့တွေ ဆေးရည်ရဲ့ ဥပဒေသတွေကို လိုက်နာတဲ့အခါ ငါတို့တွေက အဲဒီဆေးရည်နာမည်က ဖော်ပြထားတဲ့ အုပ်စုနဲ့ ပိုပိုပြီးတော့ တူလာတယ်... တခြားစကားနဲ့ ပြောရရင် ငါတို့တွေက ဆေးရည်နာမည် ညွှန်ပြထားတဲ့ အလုပ်ကို သရုပ်ဆောင်တာပဲ... အဲဒါကြောင့် သရုပ်ဆောင်တဲ့ နည်းလမ်းလို့ ခေါ်တာ... မင်း မှတ်ထားရမှာက လူတိုင်းရဲ့ စိတ်ဝိညာဉ်က တစ်မူထူးခြားတယ်... ဆေးရည်တူ သောက်ပြီး အဓိက ဥပဒေသတွေကို လိုက်နာရင်တောင် တစ်သီးပုဂ္ဂလနဲ့ ဆိုင်တဲ့ ဥပဒေသကွဲတွေက အမြဲတမ်း ရှိတယ်... အဲဒါကြောင့် တခြားလူတွေရဲ့ အတွေ့အကြုံကို လမ်းညွှန်အဖြစ်ပဲ သုံးလို့ရတယ်”

‘ဒါကို ငါ မသိသေးဘူး...’ ကလိုင်းဟာ စိတ်ရင်းနဲ့ ပြောပါတယ် “အခုလို ပြောပြပေးတဲ့အတွက် ကျေးဇူးပါပဲ... ကျွန်တော် မှတ်ထားပါ့မယ်”

ခရက်စတစ်ဟာ ရယ်ပါတယ်။

“ဒါက မျိုးဆက်တွေ အစဉ်အဆက် စုဆောင်း သိမ်းဆည်းလာခဲ့တဲ့ အတွေ့အကြုံပဲ”

“သရုပ်ဆောင်တဲ့ နည်းလမ်းကို သုံးရင် ငါတို့တွေက ဆေးရည်ကို ပိုင်နိုင်ရုံတင် မကဘူး... ဆေးရည်ကို ချေဖျက်တာလည်း ဟုတ်တယ်... ငါတို့တွေ အစာစားသလိုပေါ့... မင်း ‌ဆေးရည်ကို အကုန်အစင် ချေဖျက်လိုက်ရင် တစ်မူထူးခြားပြီး လျှို့ဝှက်ဆန်းကြယ်တဲ့ ခံစားချက်ကို ခံစားရလိမ့်မယ်... ငါပြောတာ နားလည်လား”

“နားလည်ပါတယ်... ချေဖျက်တယ်... ဒီစကားလုံးက ဒီနည်းလမ်းနဲ့ တော်တော်လေး လိုက်ဖက်တယ်...” ကလိုင်းဟာ သေချာ စဉ်းစားချင်ယောင် ဆောင်ပါတယ်။

ခရက်စတစ်က သရုပ်ဆောင်တဲ့ နည်းလမ်းကို အသေးစိတ် ရှင်းပြပြီးတဲ့အခါ ကလိုင်းဟာ စကားလုံး သေချာစီပြီး မေးပါတယ်။

“ဘုန်းတော်ကြီး... ဆေးရည်ရဲ့ နာမည်က အဓိကကျရုံတင် မကဘူး... သော့ချက်လည်း ဟုတ်တယ်ဆိုရင် ပထမသာလွန်သူက အဲဒါကို ဘယ်လိုရလဲ... ကျွန်တော် ကြားထားတာတော့ အဲဒါကို ဘုရားသခင်စော်ကား ကျောက်ပြားမှာ မှတ်တမ်းတင်ထားတာဆို”

“ဟုတ်တယ်... အဲဒါ အမှန်ပဲ” ခရက်စတစ်က ရိုးရိုးသားသား ဖြေပါတယ်။

“ဒါပေမဲ့ ဘုရားသခင်စော်ကား ကျောက်ပြားမှာ ဖော်ပြထားတာက နာမည်တွေက ရှေးဟောင်းနာမည်တွေ... ငါတို့တွေ ဒီနေ့ သုံးနေတဲ့ ဆေးရည်နာမည်တွေရဲ့ တစ်စိတ်တစ်ပိုင်းက ဘုရားသခင်ဆီကနေ လာတာ... တစ်စိတ်တစ်ပိုင်းကျတော့ သာလွန်သူတွေက သူတို့ရဲ့ အတွေ့အကြုံတွေကို သူတို့ဘာသာ စုဆောင်း သိမ်းဆည်း ကျစ်လစ်အောင် တည်ဆောက်ပြီး ဖန်တီးထားတာ”

ကလိုင်းဟာ ဖြည်းဖြည်းချင်း ခေါင်းညိတ်ပြီး ထပ်မေးပါတယ်။

“ဘုန်းတော်ကြီး... သရုပ်ဆောင်တဲ့ နည်းလမ်းက ဒီလောက် အသုံးဝင်ရင် ဘုရားကျောင်းက ညသိမ်းငှက်တိုင်းကို ဘာဖြစ်လို့ မပြောပြတာလဲ”

“ငါ ပြောပြီးလေ... အဲဒါက ဘုရားကျောင်းရဲ့ လျှို့ဝှက်ချက်နဲ့ ပတ်သက်နေတယ်... မင်း ဂိုဏ်းချုပ် ဘုန်းတော်ကြီး ဒါမှမဟုတ် အဆင့်မြင့် ဂိုဏ်းထောက် ဘုန်းတော်ကြီး ဖြစ်လာရင် ဒီနောက်ကွယ်က အကြောင်းရင်းကို နားလည်လာလိမ့်မယ်” ခရက်စတစ်က မဖြုံတဲ့မျက်နှာနဲ့ ဖြေပါတယ်။

“တော်ပြီ... အပေါ်ကို ပြန်တော့... ကျန်တဲ့ ညသိမ်းငှက်တွေကို တစ်ယောက်ချင်းစီ ဆင်းလာခိုင်းလိုက်... ငါ စစ်ဆေးမှုရဲ့ နောက်ဆုံး အဆင့်ကို လုပ်ရဦးမယ်”

‘ဖရိုင်းနဲ့ တခြားလူတွေ သရုပ်ဆောင်တဲ့ နည်းလမ်းကို ထုတ်ပြောမှာစိုးလို့လား’ ကလိုင်းဟာ တွေးရင်းနဲ့ မတ်တတ်ရပ်လိုက်ပြီး ညသိမ်းငှက်တွေရဲ့ ထုံးစံအတိုင်း နှုတ်ဆက်လိုက်ပါတယ်။

အဲဒီနောက် သူဟာ စင်္ကြံကို ဖြတ်လျှောက်ပြီး လှေကားပေါ်တက်ကာ ဆူးနက်လုံခြုံရေး ကုမ္ပဏီဆီ ပြန်ပါတယ်။ အပေါ်ရောက်တဲ့အခါ သူဟာ မြေအောက်ခန်း ဝင်ပေါက်နားမှာ ဆေးတံသောက်ပြီး စောင့်နေတဲ့ ဒန်းစမစ်ကို တွေ့လိုက်ရပါတယ်။

ကလိုင်းဟာ အပြုံးနဲ့ အရင်ပြောလိုက်ပါတယ်။

“ဘာပြဿနာမှ မရှိဘူး... ဘုန်းတော်ကြီးက ဖရိုင်းနဲ့ ကျန်တဲ့လူတွေကို တစ်ယောက်ချင်း အောက်ဆင်းလာပြီး သူနဲ့ စကားပြောဖို့ ပြောခိုင်းလိုက်တယ်”

“အင်း... အဲဒါက နောက်ဆုံးအဆင့်ပဲ... အဲဒီတော့ ဘာပြဿနာမှ မရှိဘူးလို့ ဆိုလိုတာပဲ” ဒန်းစမစ်ဟာ ဆေးတံသိမ်းပြီး ကျန်တဲ့လူတွေကို ပြောဖို့ ဖျော်ဖြေရေးခန်းဆီ လျှောက်သွားပါတယ်။

ဖရိုင်းနဲ့ စီကာထရွန်တို့ မြေအောက်ခန်း ဆင်းသွားတာကို ကြည့်ရင်း ကလိုင်းဟာ တစ်စုံတစ်ရာကို ရုတ်တရက် တွေးမိလိုက်ပါတယ်။

“ကပ္ပတိန်... ကျွန်တော်တို့တွေ ချန်စီဂိတ်ကို စောင့်ကြပ်နေတဲ့ ရိုင်ရွယ်နဲ့ စိတ္တဇဆေးရုံကို စောင့်ကြည့်နေတဲ့ လန်နာ့ဒ်ကို ခေါ်ရဦးမယ်မလား... အင်း... ခွင့်ယူထားတဲ့ ကင်လီလည်း ကျန်သေးတယ်”

ဒန်းစမစ်ဟာ ခဲသွားပြီး သူ့နဖူး သူရိုက်မိလိုက်ပါတယ်။

“ငါ မေ့သွားတယ်...”

သူဟာ တစ်ခဏရပ်ပြီး ဟက်ဟက်ပက်ပက် ရယ်ပါတယ်။

“ဒါပေမဲ့ ဒီကိစ္စက ဒီလောက် မရှုပ်ပါဘူး... အဆင့်မြင့် ဂိုဏ်းထောက် ဘုန်းတော်ကြီးက မင်းကို လာစစ်ဆေးတာဆိုတော့ သူက သန့်စင်မွန်မြတ် ဘုရားရှိခိုးကျောင်းကို ကြေးနန်းပို့စရာ မလိုသလို အလုပ်ရှုပ်ခံပြီး စာလွှာတွေ အပြန်အလှန် ပေးပို့နေစရာလည်း မလိုဘူး... လူရွှင် ဆေးရည်နဲ့ အဓိက ပါဝင်ပစ္စည်းတွေကို ပေးဖို့ သူ ဆုံးဖြတ်နိုင်တယ်”

“ဒီလိုကျတော့လည်း မဆိုးဘူးပဲ” ကလိုင်းဟာ စိတ်မလှုပ်ရှားဘဲ မနေနိုင်ပါဘူး။

...

တစ်နာရီခွဲ ကြာသွားပါတယ်။ ကင်လီဟာ အဂ္ဂိရတ်ခန်းထဲကနေ ဇဝေဇဝါမျက်နှာနဲ့ ထွက်လာပြီး ကလိုင်းကို အောက်ဆင်းလာခိုင်းတဲ့အကြောင်း အမှာစကား ပါးပါတယ်။ အဲဒါကြောင့် ကလိုင်းဟာ အဆင့်မြင့် ဂိုဏ်းထောက် ဘုန်းတော်ကြီး တစ်ဖြစ်လဲ နတ်ဘုရားမရဲ့ဓားလို့ နာမည်ရထားတဲ့ ခရက်စတစ် စက်စမာကို ဒုတိယအကြိမ် ထပ်တွေ့လိုက်ရပါတယ်။

ဒီတစ်ကြိမ်မှာတော့ ရွှေညိုရောင် ဆံပင်နဲ့ စိမ်းနက်ရောင် မျက်လုံးတွေရှိတဲ့ ဂိုဏ်းထောက် ဘုန်းတော်ကြီးဟာ ကုလားထိုင်မှာ ထိုင်မနေပါဘူး။ သူဟာ မြေအောက်ခန်းထဲမှာ မတ်တတ်ရပ်ပြီး လေတိုက်ခံနေပါတယ်။

သူ့ကော်လာတွေက ထောင်နေတဲ့အတွက် သူ့မေးစေ့က အရိပ်ထဲမှာ ပုန်းကွယ်နေပါတယ်။ သူဟာ ကလိုင်းကို ကြည့်ပြီး ပြုံးပါတယ်။

“ညသိမ်းငှက် ကလိုင်းမိုရက်တီ... နတ်ဘုရားမရဲ့ နာမတော်နဲ့ ငါ ကြော်ငြာတယ်... မင်း သန့်စင်မွန်မြတ် ဘုရားရှိခိုးကျောင်းရဲ့ စစ်ဆေးမှုကို အောင်မြင်သွားပြီ”

“ဂုဏ်ယူပါတယ်... မင်းရဲ့ အကျိုးဆောင်မှုနဲ့ဆိုရင် ဆုံမှတ် ၈ သာလွန်သူကို ချက်ချင်း တက်နိုင်တယ်”

မြန်မာပြည် ငြိမ်းချမ်းပါစေ။

All Chapters