လူရွှင်ဆေးရည်
Vol. 17 Ch. 168
‘ဖူး... နောက်ဆုံးတော့ ငါ အောင်သွားပြီ... ဒီလိုနဲ့ အောင်သွားတာလား...’
ကလိုင်းဟာ ခရက်စတစ် စက်စမာရဲ့ ကြော်ငြာချက်ကို ကြားလိုက်ရတဲ့အခါ ဒီအရာအတွက် စိတ်ပိုင်းဆိုင်ရာ ပြင်ဆင်ထားတာတောင် လေပူတစ်ချက် မှုတ်ထုတ်လိုက်ပါတယ်။ အိပ်မက် ဆန်တယ်လို့လည်း ခံစားလိုက်ရပါတယ်။
သူဟာ စစ်ဆေးမှုက ကြမ်းတမ်းပြီး တင်းကျပ်လိမ့်မယ်လို့ ထင်ထားခဲ့တာပါ။ ဒါပေမဲ့ အခုတော့ လွယ်လွယ်ကူကူပဲ အောင်မြင်သွားပါတယ်။ ဒါပေမဲ့ သေချာ စဉ်းစားကြည့်ရင် ဒါက ဖြစ်သင့်ပါတယ်။ သူသာ အမြင်ဆရာ ဆေးရည်ကို ပုံမှန်အတိုင်း သုံးနှစ်ကြာ အချိန်ယူပြီး ချေဖျက်ဖို့ လိုတယ်ဆိုရင် သန့်စင်မွန်မြတ် ဘုရားရှိခိုးကျောင်းတော်က သူ့ကို လာစစ်ဆေးမှာ မဟုတ်ဘူး။ ထင်းဂန်မြို့ ညသိမ်းငှက် ကပ္ပတိန်ကပဲ စစ်ဆေးမှာပါ။
‘သူတို့တွေ ငါ့မိသားစုနဲ့ မိတ်ဆွေတွေကို စုံစမ်းပြီးပြီထင်တယ်... အင်း... စက်စမာက ထင်းဂန်မြို့က ပြီးခဲ့တဲ့နှစ်ရက်ကတည်းက ရောက်နှင့်နေပြီး လျှို့ဝှက် စုံစမ်းတာ ဖြစ်နိုင်တယ်... ငါက စစ်ဆေးမှုကို အောင်မြင်ဖို့ တာဝန်တစ်ခုခု အောင်မြင်အောင် လုပ်ရမယ်ထင်တာ... ဟီးဟီး... ငါ အတွေးလွန်သွားတယ်... စစ်ဆေးမှုရဲ့ ရည်ရွယ်ချက်က ဆေးရည် ချေဖျက်တဲ့ အဆင့်ကို သတ်မှတ်ဖို့နဲ့ လျှို့ဝှက်အန္တရာယ်တွေ ရှိလား ဆိုတာကို စုံစမ်းစစ်ဆေးတာပဲ... ပြီးတော့ ငါ သရုပ်ဆောင်တဲ့ နည်းလမ်းကို ဘယ်လောက်သိလဲ... ငါ့အတွေ့အကြုံတွေကို တခြားသူတွေနဲ့ မျှဝေထားလားဆိုတာ မေးတာပဲ...’
ကလိုင်းဟာ စိတ်ထဲမှာ တွေးရင်းနဲ့ နှစ်နှစ်ကာကာ ပြုံးလိုက်ပါတယ်။
“ကျေးဇူးပါပဲ ဘုန်းတော်ကြီး... အရှင်မကို ချီးကျူးကြလော့”
ခရက်စတစ်ဟာ ခေါင်းအသာညိတ်ပြီး ပြောပါတယ်။
“အဆင့်တက်တာက နတ်ဘုရားမကို ပိုပြီးတော့ အမှုထမ်းနိုင်အောင်ပဲ... အဲဒါမှ ငါတို့ရဲ့ ဘာသာဝင်တွေကို ပိုပြီးတော့ ကာကွယ်နိုင်မှာ... မင်း ဒီအချက်ကို မှတ်ထားဖို့ လိုတယ်... ငါ ပြောတာကိုယုံ... ဒါက စိတ်လွတ်အောင် သွေးဆောင် ဖြားယောင်းမှုကို တိုက်ထုတ်တဲ့ နေရာမှာ မင်းကို ကူညီပေးလိမ့်မယ်”
“သွေးဆောင် ဖြားယောင်းမှု...” ကလိုင်းဟာ ဒီစကားလုံးကို သေချာ စဉ်းစားပါတယ်။
ခရက်စတစ်ဟာ ကလိုင်းကို မျက်လုံးစိမ်းတွေနဲ့ သေချာကြည့်ပြီး အလေးအနက် ပြောပါတယ်။
“သရုပ်ဆောင်တဲ့ နည်းလမ်းက ဆေးရည်ကို ချေဖျက်တဲ့နေရာမှာ ကူညီပေးပြီး စိတ်လွတ်နိုင်ခြေ နည်းပါးစေတယ်ဆိုပေမဲ့ ဒါက အကုန်လုံး ပြီးဆုံးသွားတာ မဟုတ်ဘူး... မင်း သရုပ်ဆောင်တဲ့ ဇာတ်ကောင်နဲ့ မင်းရဲ့ တည်ရှိမှုကို အတိုင်းအတာ တစ်ခုအထိ ရောထွေးနိုင်တယ်... မင်း သိတဲ့အတိုင်းပဲ... ပြဇာတ်ရုံမှာ သရုပ်ဆောင်တဲ့ သရုပ်ဆောင် တော်တော်များများက တော်တော် ဆိုးရွားတဲ့ စိတ်ပိုင်းဆိုင်ရာ ပြဿနာတွေ ရှိတယ်... အဆင့်တစ်ခုကို ရောက်ရင် ရူးတောင် ရူးသွားနိုင်တယ်”
‘သရုပ်ဆောင်တယ်ဆိုတာ သတိရနေဖို့ပဲ... ငွေမြို့တော်ကနေ ငါ သိထားတာက ဂိုဏ်းထောက် ဘုန်းတော်ကြီး စက်စမာ ပြောတာနဲ့ ဆင်တယ်...’ ကလိုင်းဟာ တွေးတွေးဆဆနဲ့ ခေါင်းညိတ်ပြီး သဘောတူပါတယ်။
“နောက်ပြီးတော့...” ခရက်စတစ်က အလေးထားပြီး ပြောပါတယ်။
“စိတ်လွတ်တာပဲ ဆေးရည်နဲ့ ပတ်သက်တာ မဟုတ်ဘူး... မင်းရဲ့ ခံစားချက်နဲ့ စိတ်ကျန်းမာရေးကလည်း ဆေးရည်နဲ့ နီးနီးကပ်ကပ်ကို ပတ်သက် ဆက်နွှယ်နေတယ်... သာလွန်သူ တစ်ယောက်အတွက် အရေးကြီးဆုံးက ကိုယ့်ကိုယ်ကိုယ် ထိန်းချုပ်ဖို့ပဲ... အဲဒါမှ မကောင်းဆိုးဝါး နတ်ဘုရားတွေနဲ့ နတ်ဆိုးတွေရဲ့ သွေးဆောင် ဖြားယောင်းမှုတွေကို တောင်ခံနိုင်လိမ့်မယ်... လောဘကြီးတာတို့ မနာလိုတာတို့ အလိုဆန္ဒရဲ့ တိုက်စားမှုဒဏ်တွေကိုပေါ့... ဒီလိုဆိုလို့ မင်းရဲ့ ခံစားချက်တွေ ဆန္ဒတွေ အကုန်လုံးကို ရှင်းထုတ်ပစ်ရမယ်လို့ ပြောတာ မဟုတ်ဘူး... ဘာဖြစ်လို့လဲဆိုတော့ အဲဒါက ဘယ်လူသားမှ ဘယ်နတ်တစ်ပိုင်းမှ မလုပ်နိုင်တဲ့အရာပဲ... အင်း... တချို့ ထူးခြားတဲ့ ဆုံမှတ်တွေကတော့ အဲဒီလို စိတ်အခြေအနေမျိုးကို ရကောင်း ရနိုင်လိမ့်မယ်”
ကလိုင်းဟာ လူအိုကြီးနီးလ် အကြောင်းကို ရုတ်တရက် တွေးမိလိုက်တာကြောင့် ပြန်မေးလိုက်ပါတယ်။
“ကျွန်တော်တို့ရဲ့ ခံစားချက်တွေနဲ့ လိုအင်ဆန္ဒတွေကို သင့်တော်တဲ့ အခြေအနေမှာပဲ ထားပြီး အဲဒါတွေကြောင့် ကျိုးကြောင်း မဆီလျော်တာတွေ သာမန်မဟုတ်တာတွေ မလုပ်မိအောင် ထိန်းသိမ်းရမယ်လို့ ပြောတာလား”
ခရက်စတစ်က လေးလေးနက်နက် ခေါင်းညိတ်ပါတယ်။
“ဟုတ်တယ်”
ခရက်စတစ်ဟာ မေးခွန်းကို ဖြေပြီးနောက် မျက်လုံးထောင့်နားက အရေပြား တွန့်သွားပါတယ်။
“ဒါ ငါ မင်းကို သတိပေးချင်တာ အကုန်ပဲ... အခု ငါ မင်းကို လူရွှင်ဆေးရည် ဖော်မြူလာနဲ့ ပါဝင်ပစ္စည်းတွေ ပေးမယ်”
သူဟာ ခါးကုန်းပြီး ငွေသေတ္တာကို ကောက်ယူကာ စားပွဲရှည်ပေါ် တင်လိုက်ပါတယ်။ အဲဒီနောက် သူဟာ ပြန်လှည့်လာပြီး ခြေလေး လေးငါးလှမ်း လှမ်းကာ ကလိုင်းရဲ့ မြင်ကွင်းကို ကွယ်လိုက်ပါတယ်။
ဘေးပတ်ဝန်းကျင်က အလင်းရောင်တွေ ရုတ်တရက်ကြီး ထပ်ပျောက်ကွယ်သွားတဲ့အခါ ဖော်မြူလာနဲ့ ပါဝင်ပစ္စည်းတွေက သိဒ္ဓိဝင်ရတနာ သိမ်းထားတဲ့ သေတ္တာထဲမှာဆိုတာ ကလိုင်း ရုတ်တရက် နားလည်လိုက်ပါတယ်။ သူ့အကြည့်က အရိုးဖြူဓားဆီ ရောက်နေတဲ့အတွက် ဒီအချက်ကို သတိမထားမိတာ ဒါမှမဟုတ်ရင်လည်း သေတ္တာထဲက တခြားပစ္စည်းတွေကို သူ လုံးဝ သတိမထားမိနိုင်တာ ဖြစ်နိုင်ပါတယ်။
သုံးလေးမိနစ် ကြာတဲ့အခါ အဂ္ဂိရတ်ခန်းထဲက ဓာတ်ငွေ့မီးအိမ်ဟာ ပြန်လင်းသွားပါတယ်။ ခရက်စတစ်ဟာ သူ့သေတ္တာကို ကောက်ယူပြီး အဝေးရွှေ့လိုက်ပါတယ်။ အဲဒီနောက် စားပွဲရှည်ပေါ်က ပစ္စည်းတွေကို ကလိုင်း မြင်အောင် ပြပါတယ်။
အဲဒီထဲမှာ အထင်ရှားဆုံးကတော့ လက်တဖဝါးစာရှိတဲ့ မီးခိုးရောင် ဆိတ်ဦးချိုပါ။ သာမန်ဆိတ်ဦးချို အသေးစားနဲ့ တူပြီး ကြည်လင်သန့်ရှင်းကာ အထဲမှာ အရောင်တွေ ရစ်ခွေနေပါတယ်။ တစ်မူထူးခြားတဲ့ ပုံစံကွက်အလွှာတွေလည်း ခပ်ရေးရေး ရှိပါတယ်။
ဆိတ်ဦးချိုဘေးမှာတော့ အပြာရောင် နှင်းဆီပါ။ ပွင့်ဖတ်ပေါ်မှာ အနီရောင် အကြောတွေရှိနေပြီး ဒီအကြောနီတွေက အချင်းချင်း ချိတ်ဆက်ကာ လူတစ်ယောက် ပြုံးနေသလိုမျိုး မျက်နှာပေါ်နေပါတယ်။
‘ဟားဟား... ဝါးဝါး... ဟားဟား... ဝါးဝါး...’ ကလိုင်းဟာ ရယ်သံနဲ့ ငိုသံ ရောနေတဲ့ အသံကို ဝိုးတိုးဝါးတား ကြားလိုက်ရပြီး လေထဲမှာ ဝဲနေတဲ့ မီးခိုးရောင်လျှံ စက်ဝန်းကို တွေ့လိုက်ရပါတယ်။
‘အရွယ်ရောက်ပြီးသား ဟွန်းနာဆစ် မီးခိုးရောင် တောင်ဆိတ်ရဲ့ ဂျိုတစ်ချောင်းတည်းက ပုံဆောင်ခဲနဲ့ လူမျက်နှာရှိတဲ့ နှင်းဆီပန်းတစ်ပွင့်... လူရွှင်ဆေးရည်ရဲ့ အဓိက ပါဝင်ပစ္စည်းတွေပဲ’
သူဟာ ခေါင်းညိတ်လိုက်ပြီး စားပွဲရှည်ဆီ လှမ်းလိုက်ပါတယ်။
“ရေသန့် ၈၀ မီလီလီတာ၊ ဆူးပန်းသီးရည် ၅ စက်၊ နေကြာနက်မှုန့် ၇ ဂရမ်၊ ရွှေဝတ်ရုံမြက်မှုန့် ၁၀ ဂရမ်၊ ထင်းရှူးပန်းပွင့်ဖြူအဆိပ် ၃ စက်...”
ကလိုင်းဟာ ဖြန့်ထားတဲ့ သိုးသားရေ စာရွက်ကို ကြည့်ပြီး သူ မှတ်ထားတဲ့ ဖော်မြူလာနဲ့ တိုက်စစ်ပါတယ်။ အမှားမရှိတာ သေချာမှ သူဟာ လူအိုကြီးနီးလ် သရုပ်ပြတာကို ပြန်တွေးလိုက်ပါတယ်။
သူဟာ အသက်ပြင်းပြင်း ရှူသွင်းပြီး ဖြည်းဖြည်းချင်း ရှူထုတ်ကာ ခံစားချက်တွေကို ထိန်းချုပ်ပါတယ်။ အဂ္ဂိရတ်ခန်းထဲက ပစ္စည်းတွေနဲ့ သူဟာ ဆေးရည်အတွက် လိုအပ်တဲ့ ရေသန့်ကို စစ်ထုတ်ပါတယ်။
ဆေးရည် ဖော်မြူလာထဲမှာပါတဲ့ ရေသန့်ဆိုတာက ထပ်ခါထပ်ခါ စစ်ထားတဲ့ ရေကို ပြောတာပါ။
အဲဒီနောက် သူဟာ သတ္တုနက်အိုးကို ဆေးကြောပြီး ဖြည့်ဖက် ပါဝင်ပစ္စည်းတွေကို တစ်ခုပြီးတစ်ခု ထည့်လိုက်ပါတယ်။ သူဟာ အထက်တန်းကျောင်းတုန်းက ဓာတုဗေဒ ဓာတ်ခွဲခန်း ဝင်သလိုမျိုး ကျွမ်းကျင်လှပါတယ်။
သာလွန်ပစ္စည်းတွေက ဓာတ်မပြုသေးတဲ့အတွက် သတ္တုအိုးထဲက အရည်ဟာ သိသိသာသာ မပြောင်းလဲသေးပါဘူး။ အများဆုံး အရည်မျက်နှာပြင်မှာ ပေါင်ဒါမှုန့်တွေ ပေါလော မျောနေတာပဲ သူ တွေ့ရပါတယ်။
ပြင်ဆင်ပြီးသွားတဲ့အခါ ကလိုင်းဟာ အဓိက ပါဝင်ပစ္စည်နှစ်ခုကို ကြည့်ပြီး သေသေချာချာ တွေးပါတယ်။
‘ဒီပစ္စည်းနှစ်ခုအတွက် လိုအပ်တဲ့ အရွယ်အစားရော အလေးချိန်ရော အတိအကျ မပါဘူး... ဦးချိုတစ်ခုလုံးနဲ့ နှင်းဆီပန်းတစ်ပွင့်လုံးက အချိန် ဘယ်လောက်ဖြစ်ဖြစ် ဘာမှ မကွာဘဲ လိုအပ်ချက်နဲ့ ကိုက်ညီလို့နဲ့ တူတယ်... ဟုတ်တယ်... သာလွန်သူ လောကမှာ ဘာမဆို ဖြစ်နိုင်တယ်’
‘ဘာပဲဖြစ်ဖြစ် ငါ အဓိကပါဝင်ပစ္စည်းကို ပိုထည့်မိမှာ မစိုးရိမ်ရတော့ဘူး’
လေးငါးဆယ်စက္ကန့် ကြာတဲ့အခါ ကလိုင်းဟာ လူမျက်နှာ နှင်းဆီပန်းကို ကောက်ယူပြီး သတ္တုအိုးထဲ ထည့်လိုက်ပါတယ်။
ထူးဆန်းတဲ့ ပန်းပွင့်ဟာ သတ္တုအိုးထဲက အရည်နဲ့ ထိမိတဲ့အခါ ချက်ချင်း ရှဲခနဲ မြည်သွားပြီး ဘေးပတ်ဝန်းကျင်မှာ ကြားနေရတဲ့ ဝိုးတိုးဝါးတား ရယ်သံဟာ စူးစူဝါးဝါး ဖြစ်လာပါတယ်။
“ဟားဟား... ဟားဟား...”
ကလိုင်းဟာ အချိန်မဆိုင်းဘဲ ပုံဆောင်ခဲ ဖြစ်နေတဲ့ တောင်ဆိတ်ဦးချိုကို သတ္တုအိုးထဲ ထည့်လိုက်ပါတယ်။
ရုတ်ဆိုသလို ကြောက်စရာကောင်းတဲ့ ရယ်သံဟာ ပျောက်ကွယ်သွားပြီး ဘေးပတ်ဝန်းကျင်က မီးခိုးရောင်လျှံစက်ဝန်းဟာ သတ္တုအိုးထဲမှာ ဖြည်းဖြည်းချင်း စုဆုံသွားပါတယ်။
ကလိုင်းဟာ ငုံ့ကြည့်လိုက်တဲ့အခါ အိုးထဲက အရည်ဟာ ရွှေရောင် အဝါရောင်နဲ့ အနီရောင် ရောနေတာ တွေ့လိုက်ရပါတယ်။ ဒီအရောင်တွေက ရောနေပေမဲ့ သူ့စည်းနဲ့သူ တည်ရှိနေပါတယ်။
ရှူးခနဲ ရှဲခနဲမြည်ပြီး ပူဖောင်းတွေ ထနေပေမဲ့ သူတို့ဟာ အိုးထဲကနေ မလွတ်မြောက်နိုင်ဘဲ တိတ်တဆိတ် ပျောက်ကွယ်သွားပါတယ်။ ဒီမြင်ကွင်းကို ကြည့်ပြီး ကလိုင်းဟာ ဘဝဟောင်းက ကိုကာကိုလာကို သတိရလိုက်ပါတယ်။
‘ပုံစံကတော့ အရသာရှိမဲ့ အရည်လိုပဲ...’
ရင်ခုန် စိတ်လှုပ်ရှားမှုနဲ့ မျှော်လင့်ချက်တွေကို ထိန်းသိမ်းပြီးနောက် ကလိုင်းဟာ သတ္တုနက်အိုးထဲက အရည်ကို ဖန်ပုလင်းထဲ ထည့်လိုက်ပါတယ်။
သူ့ကို အံ့အားသင့်စေတာကတော့ သတ္တုအိုးထဲမှာ ဆေးရည်တစ်စက်တောင် ကျန်မနေခဲ့တာပါ။
‘လူတွေကို သာလွန်သူ ဖြစ်စေတဲ့ ဆေးရည်လို့ မပြောရဘူး...’ ကလိုင်းဟာ ညာလက်မြှောက်ပြီး လှပတဲ့ သုံးရောင်ခြယ် အရည်ကို ကြည့်လိုက်ပါတယ်။
တစ်ချိန်လုံး တိတ်ဆိတ်နေတဲ့ ခရက်စတစ် စက်စမာဟာ ရုတ်တရက် ပြုံးပြီး ပြောပါတယ်။
“မစိုးရိမ်နဲ့... အနည်းဆုံး မင်း ဆေးရည်စပ်တာနဲ့ ပတ်သက်ပြီး ငါ ဘာပြဿနာမှ တွေ့မထားဘူး”
“မင်း ဆေးရည် သောက်ပြီးရင် မတော်တဆ မဖြစ်အောင် ငါ စောင့်နေတာ... မစိုးရိမ်နဲ့... အရမ်းကြီး ဆိုးဆိုးရွားရွား မဟုတ်ဘူးဆိုရင် ငါ မင်းကို ကယ်နိုင်တယ်”
“ဟုတ်ကဲ့”
ကလိုင်းဟာ ခေါင်းညိတ်လိုက်ပြီး လူရွှင်ဆေးရည်ကို စားပွဲရှည်ပေါ် တင်လိုက်ပါတယ်။
အဲဒီနောက် သူဟာ အင်္ကျီလက်စထဲက ငွေချိန်းကြိုးကို ထုတ်ပြီး ဥဿဖရားကို ဆေးရည်ပုလင်းရဲ့ တည့်တည့် အပေါ်နားမှာ တွဲလောင်းချလိုက်ပါတယ်။
တခြား သာလွန်သူတွေအတွက် ဒီချိန်သီးဗေဒင်က ဟုတ်တယ်၊ မဟုတ်ဘူးဘဲ အဖြေထွက်ပါတယ်။ သတင်းအချက်အလက် လုံလုံလောက်လောက် မရှိရင်လည်း အသုံးဝင်တဲ့အဖြေ မထွက်နိုင်ပါဘူး။ ချိန်သီးက မလည်တဲ့အခါ တွက်ချက်တာ မအောင်မြင်ဘူးလို့ ယူဆပါတယ်။
ဒါပေမဲ့ ကလိုင်းက အမြင်ဆရာ တစ်ယောက် ဖြစ်တဲ့အတွက် ဟုတ်တယ် မဟုတ်ဘူးဆိုတာကို ဘယ်လောက်ထိ ဟုတ်တယ် ဘယ်လောက်ထိ မဟုတ်ဘူး ဆိုတာအထိ ရေးတေးတေး တွက်ဆနိုင်ပါတယ်။
ကလိုင်းဟာ ဗေဒင်တွက်မဲ့ စာကြောင်းကို ရွတ်ဆိုလိုက်တဲ့အခါ သူ့မျက်လုံးတွေ မည်းနက်သွားပါတယ်။
“ဒီဆေးရည်က အန္တရာယ်ရှိတယ်”
“ဒီဆေးရည်က အန္တရာယ်ရှိတယ်”
…
ခုနစ်ခေါက် ရွတ်ဆိုပြီးနောက် ကလိုင်းဟာ မှေးထားတဲ့ မျက်လုံးတွေကို ဖွင့်ကြည့်လိုက်တဲ့အခါ ဥဿဖရားက နာရီလက်တံအတိုင်း လိပ်ခြေကျင်းခတ်နှုန်းနဲ့ လည်သွားတာ တွေ့လိုက်ရပါတယ်။
‘နာရီလက်တံအတိုင်း လည်တာက မှန်တယ်လို့ ပြတာပဲ... ဒီတော့ ဒီဆေးရည်က အန္တရာယ်ရှိတယ်လို့ ဆိုလိုတာပဲ... ဒါပေမဲ့ ဖြည်းဖြည်းချင်း လည်တာဆိုတော့ မဆိုစလောက်ပဲ အန္တရာယ်ရှိတယ်လို့ ပြတာပဲ... ဟုတ်တယ်... ဆေးရည်တွေက စိတ်လွတ်နိုင်ခြေ ရှိတော့ အန္တရာယ်ရှိတာပေါ့... နည်းနည်းပဲ အန္တရာယ်ရှိတာဆိုတော့ ဒီဆေးရည်က ဘာမှ မဖြစ်လောက်ဘူး’
ကလိုင်းဟာ လေပူတစ်ချက် မှုတ်ထုတ်လိုက်ပြီး ချိန်သီးကို ဘယ်ဘက် လက်ကောက်ဝတ်မှာ ပြန်ဝတ်ကာ အင်္ကျီလက်စနဲ့ အုပ်လိုက်ပါတယ်။
အဲဒီအချိန်မှာ ခရက်စတစ်ဟာ သက်ပြင်းမချဘဲ မနေနိုင်ပါဘူး။
“... မင်းက တကယ်ကို ပရော်ဖက်ရှင်နယ်ကျတဲ့ အမြင်ဆရာပဲ”
“ကျွန်တော်ရဲ့ အားသာချက်ကို အပြည့်အဝ အသုံးချရမယ်လေ... ဒါပေမဲ့ ကျွန်တော် ဒီဟာကို ဘာမဆို လုပ်နိုင်တယ်ဆိုပြီး အရမ်းကြီး မှီခိုလို့တော့ မရဘူး” ကလိုင်းဟာ ညင်ညင်သာသာ ပြန်ပြောရင်း လူရွှင်ဆေးရည် ပုလင်းကို ယူလိုက်ပါတယ်။
‘ငါ ဒါကို သောက်ပြီးရင် ဆုံမှတ် ၈ သာလွန်သူ ဖြစ်ပြီ...’
ဒီအတွေးဟာ ကလိုင်းရဲ့ စိတ်ထဲမှာ လျှပ်တစ်ပြက် ပေါ်လာပါတယ်။ ကလိုင်းဟာ တုံ့ဆိုင်းမနေဘဲ ပုလင်းကို နှုတ်ခမ်းနားကပ်ပြီး တစ်ကျိုက်တည်း မော့သောက်လိုက်ပါတယ်။
‘ခါးလိုက်တာ... ခါးလိုက်တာ...’
‘တကယ်ကို ဆိုးရွားတဲ့ဆေးပဲ’
သူဟာ အပြင်ပန်းက ကြည့်ကောင်းပြီး အတွင်းက ပုပ်သိုးနေတယ်ဆိုတာကို ကောင်းကောင်းကြီး နားလည်သွားပါတယ်။ ဆေးရည်ရဲ့ အစွမ်းကြောင့် သူ့မျက်နှာဟာ ရှုံ့တွသွားပြီး အန်ချင်ပေမဲ့ မအန်နိုင် ဖြစ်သွားပါတယ်။
အဲဒီနောက် ကလိုင်းဟာ သူ့မျက်နှာ နီရဲသွားတာကို သတိထားမိလိုက်ပါတယ်။ ကျန်တဲ့ ခန္ဓာကိုယ် အစိတ်အပိုင်းတွေကလည်း ဒီလိုမျိုး အလားတူ ခံစားလိုက်ရပါတယ်။ သူက ကျောက်ပုစွန်ပေါင်းနဲ့ တူနေတယ်လို့လည်း တွေးမိလိုက်ပါတယ်။
သူ့စိတ်ဝိညာဉ်နဲ့ စိတ်ကတော့ အပ်လိုမျိုးဖြစ်အောင် ဆွဲထုတ်ခံရပြီး ဆေးရည်နဲ့ တစ်စက်ချင်း ပေါင်းစပ်ကာ ဆဲလ်တိုင်းဆီကို ထိုးသွင်းနေသလိုမျိုး ခံစားလိုက်ရပါတယ်။
ဒါက ဆဲလ်တွေကို အဏုကြည့်မှန်ပြောင်းနဲ့ ကြည့်စရာမလိုတဲ့ ခံစားချက်ပါ။ ကလိုင်းဟာ နေရာမှာ မတ်တတ်ရပ်ပြီး သူ့ခန္ဓာကိုယ်ထဲ ကျူးကျော်ဝင်လာသူတွေကို တွေ့လိုက်ရပါတယ်။
လေးငါးဆယ်စက္ကန့် ကြာအောင် သူဟာ အစိတ်အပိုင်းတွေ ဆားကစ်တွေ အလဲခံရတဲ့ စက်ရုပ်လိုမျိုး ခံစားလိုက်ရပါတယ်။
အချိန်တစ်ခု ကုန်ဆုံးသွားတဲ့အခါမှာတော့ သူ့စိတ်ထဲမှာ သူ့ရုပ်သွင် ပေါ်လာပါတယ်။ သီချင်းဆိုတာကို ကိုယ်နားနဲ့ကိုယ် ပြန်နားထောင်သလိုမျိုးပါပဲ။
ဒီထူးဆန်းတဲ့ စိတ်အာရုံမြင်ကွင်းကြောင့် ကလိုင်းဟာ သူ့မျက်နှာနဲ့ ခန္ဓာကိုယ် လှုပ်ရှားမှုတွေကို အသေးစိတ် ထိန်းချုပ်လို့ရတယ်ဆိုတာ ရှာတွေ့သွားပါတယ်။
တစ်ချိန်တည်းမှာပဲ သူ့နားထဲမှာ တဝီဝီမြည်သွားပြီး မကြားရတာ ကြာပြီဖြစ်တဲ့ ရေရွတ်သံတွေနဲ့ အော်ဟစ်သံတွေ ပဲ့တင်ထပ်သံတွေကို ပြန်ကြားလိုက်ရပါတယ်။
‘ဟွန်းနာဆစ်... ဖလဲဂွေယာ... ဟွန်းနာဆစ်... ဖလဲဂွေယာ... ဟွန်းနာဆစ်... ဖလဲဂွေယာ...’
“ဟူး...”
ကလိုင်းဟာ အလင်းစက်လုံးကို မြင်ယောင်ကြည့်ပြီး တွေးခေါ်မှု အခြေအနေထဲ ဖြည်းဖြည်းချင်း ဝင်လိုက်ပါတယ်။ အဲဒီတော့မှ သူဟာ စိတ်ဝိညာဉ်ကို မသိမသာ မထိန်းချုပ်နိုင်တဲ့ အခြေအနေကနေ ဖြည်းဖြည်းချင်း လွတ်မြောက်သွားပါတယ်။
အဲဒီအချိန်မှာပဲ သူ အဆင့်တက်တာ အောင်မြင်သွားပြီဆိုတာ သိလိုက်ပါတယ်။ သူက အခု ဆုံမှတ် ၈ လူရွှင် ဖြစ်သွားပါပြီ။
မြန်မာပြည် ငြိမ်းချမ်းပါစေ။