← Chapters

ကောင်းကင်ပြက္ခဒိန် ၁၀၀၃၄ ခုနှစ်

Vol. 016 Ch. 1568

ကောင်းကင်ပြက္ခဒိန် ၁၀၀၃၄ ခုနှစ်

Vol. 016 Ch. 1568

ရီဖူရှင်းက တေးသံသာစံအိမ် တောင်ထိပ်တွင် ထိုင်နေပြီး သူ့အနီးတွင် တိမ်များက မျောလွင့်နေသည်။

သူ၏ မျက်လုံးများကို ပိတ်ထားပြီး သူ့ ခန္ဓာကိုယ်၌ မည်သည့် အရှိန်အဝါမှ တစ်စွန်းတစ်စ ထွက်ပေါ်မနေပေ။ သူ၏ သက်စောင့်ဟော်နန်းအတွင်း သူ၏ ပုံရိပ်က ထိုင်နေခဲ့သည်။ ဤနေရာ၌ ကမ္ဘာ့သစ်ပင်က သူ့ကို လွှမ်းမိုးထားကာ စွမ်းအားများက ကောင်းကင်တွင် အော်မြည်လွှမ်းခြုံနေသည်။ သူ၏ သက်စောင့်ဟော်နန်းက ကိုယ်ပိုင်ကမ္ဘာငယ်တစ်ခုအလား ထင်မှတ်ရသည်။ များပြားလှသည့် ဝိညာဥ်များက ကမ္ဘာ့သစ်ပင်အနီးတွင် လှည့်ပတ်နေပြီး အမျိုးမျိုးသော စွမ်းအားများကို ထုတ်လွှတ်နေသည်။

ရီဖူရှင်းက မြေပေါ်၌ တစ်ခုခု ရေးထွင်းနေပုံပေါ်သည်။ ထိုနေရာတွင် များပြားလှသည့် မတူညီသော ပုံသဏ္ဌာန်များ  ရှိနေသည်။ ဓားပုံသဏ္ဌာန်များ, နတ်ဆင်ပုံသဏ္ဌာန်များ နှင့် ကြယ်တာရာပုံသဏ္ဌာန်များ၏ တစ်ခုချင်းစီတွင် အလွန် နက်နဲသည့် ရသအသိအမြင်များ ပါဝင်နေပြီး စွမ်းအားများက ၎င်းတို့ထံမှ စိမ့်ထွက်လာသည်ဟု ထင်မှတ်ရသည်။

သူက ထိုပုံသဏ္ဌာန်များကို ကြည့်နေသော်လည်း စိတ်တိုင်းမကျနေဟန်တူသည်။ သူက လက်ကို ဝှေ့ယမ်းကာ အားလုံးကို ဖျက်ပစ်လိုက်၏။

တန်ခိုးရှင် မဟုတ်သူများအတွက် ရန်ဟောင်အဆင့်သို့ တက်ရောက်ခြင်းမှာ မဖြစ်နိုင်သည့် တာဝန်တစ်ခုပင် ဖြစ်သည်။ ယင်းသည် ပုံမှန်အားဖြင့် လွယ်ကူသည့်အရာ မဟုတ်ပေ။ မဟာလမ်းစဥ် ခန္ဓာကိုယ်နှင့် လမ်းစဥ်ဝိညာဥ်ကို ဖွဲ့စည်းနိုင်သူမှာ နှစ်ခုလုံးကို အတူတကွ ချိတ်ဆက်ပြီး ၎င်းတို့အား မဟာလမ်းစဥ်နှင့် တသားတည်း ဖြစ်စေသည်။ ထို့နောက်မှသာ အဆုံး၌ မဟာလမ်းစဥ် စက်ဝန်းကို ဖန်တီးနိုင်ပြီး ရန်ဟောင်အဆင့် ရောက်ရှိနိုင်ပေလိမ့်မည်။

သို့သော် ရီဖူရှင်းက စဥ်းစားပြီးရင်း စဥ်းစား ဆုံးဖြတ်နေခဲ့သည်။ သူက မည်သည့် မဟာလမ်းစဥ် စက်ဝန်းအမျိုးအစားကို ဖန်တီးမည်လဲ ဆုံးဖြတ်ရန် လိုပေသည်။ သူက သမရိုးကျအတိုင်း ရန်ဟောင်အဆင့်သို့ မတက်ရောက်ချင်ခဲ့ပေ။

မဟာလမ်းစဥ် စက်ဝန်းဖန်တီးခြင်းအဆင့်တွင် တစ်စုံတစ်ယောက်သည် သူ၏ ခန္ဓာကိုယ်ကို အခြေခံအဖြစ် အသုံးပြုရန် လိုအပ်သည်။ ထို့နောက် တဖြည်းဖြည်းချင်း တစ်လှမ်းချင်း လုပ်ဆောင်ရမည်။

တစ်လှမ်းချင်းစီက မတူညီလျှင် သူ ဖန်တီးသည့် မဟာလမ်းစဥ် စက်ဝန်းသည်လည်း တူညီလိမ့်မည် မဟုတ်ပေ။ ရီဖူရှင်းက  သူ၏ မဟာလမ်းစဥ် စက်ဝန်း မူလသဏ္ဌာန်ကို ဖန်ဆီးချင်ခဲ့သည့်အတွက် ရန်ဟောင်အဆင့် တက်နိုင်ရန်အကြောင်း ရှေးဟောင်းစာအုပ်များစွာကို ဖတ်ရှုခဲ့သည်။

ထို့ပြင် သူက စက်ဝန်း မည်မျှများများ ဖန်တီးနိုင်မည်နည်း။

သာမန်တန်ခိုးရှင်တစ်ဦးသာ ဖြစ်လျှင် ထိုအကြောင်းကို တွေးပင် တွေးရဲလိမ့်မည် မဟုတ်ပေ။ ရန်ဟောင်အဆင့်သို့ ရောက်ရှိခြင်းသည်ပင် မဖြစ်နိုင်သည့်အရာ ဖြစ်နေပြီဖြစ်သော်လည်း သူက ထို့ထက်ပို၍ သွားချင်နေပါက သူသည် အစကတည်းကပင် စိတ်ကူးထားသည့် အတိုင်း အုတ်မြစ်ချထားရန် လိုအပ်ပေသည်။

ဒဏ္ဍာရီ ရန်ဟောင်အဆင့်က အဆုံးမဟုတ်သေးဘဲ အခြားအဆင့်တစ်ခု၏ အစသာ ဖြစ်လေသည်။ ထိုသည်က မဟာလမ်းစဥ် ဘုံသုံးထောင်အတွင်း အစွမ်းထက်ဆုံး ပုဂ္ဂိုလ်ဖြစ်လာနိုင်သည့် စမှတ်တစ်ခု ဖြစ်သည်။

ထို့ကြောင့် သူက ပို၍ သတိထားရန် လိုအပ်ပေသည်။

ဟွမ်ကျုံးသည် နောက်အဆင့်တစ်ခုသို့ ရောက်ရှိနိုင်ပြီး ဖြစ်သော်လည်း သူက ရှန့်ထိုအဆင့် အမြင့်ဆုံး၌ပင် ရှိနေခဲ့သည်။ သူက ရန်ဟောင် ဖြစ်လာနိုင်ပြီ ဖြစ်ပေမယ့် ထိုခြေလှမ်းကို မလှမ်းခဲ့ခြင်းမှာ မည်သည့်အတွက်နည်း။

ထိုသည်မှာ ထူးချွန်သည့် လူများ၌ ထူးခြားသော ရည်မှန်းချက်များ ရှိသည့်အတွက် ဖြစ်ပေသည်။ သူတို့သည် သာမန်ရန်ဟောင်တစ်ပါး ဖြစ်လာရန်သာ ဆန္ဒရှိသည်မဟုတ်ပေ။ သူတို့က ထူးခြားအစွမ်းထက်သည့် မဟာလမ်းစဥ် စက်ဝန်းကို ဖန်တီးလိုကြသည်။  သို့မှသာ သူတို့ ရန်ဟောင်ဖြစ်လာပြီးသည့်အခါ၌ပင် အခြားရန်ဟောင်များထက် ပိုမို သာလွန်နေမည် ဖြစ်သည်။ အစွမ်းထက်ဆုံး လူများသာလျှင် ထိုသို့သော အိပ်မက်ကို မက်ဝံ့ပေလိမ့်မည်။

ရီဖူရှင်းသည် နတ်ဘုရားနန်းတော် အတွင်းအပြင်၌ တွေ့ကြုံခဲ့ရသည့် တိုက်ပွဲတို့ကို တွေးတောနေသည်။ ဟွမ်ကျုံးနှင့် သူ၏ တိုက်ပွဲ အပြင် ရွှေရောင်နတ်ပြည်ထောင်မှ ရန်ဟောင်များ သူ့ကို ဖိနှိပ်ခဲ့သည့် တိုက်ပွဲ စသည်ဖြင့် ဖြစ်သည်။ ထိုနှစ်ခုကို နှိုင်းယှဥ်သောအခါ ဟွမ်ကျုံးသည် ရန်ဟောင် မဟုတ်သေးသော်လည်း သူ၏ မဟာလမ်းစဥ် ခေါင်းလောင်း ထွက်ပေါ်လာသည့်အခါ မဟာလမ်းစဥ်သည် သူ့အလိုလို ပြိုကျပျက်စီးသွားခဲ့သည်။ သူက သူ့ခေါင်းလောင်းအတွင်း၌ အမျိုးအစားများစွာသော စွမ်းအားများကို ပေါင်းစပ် ထည့်သွင်းထားသည်။ သူက မဟာလမ်းစဥ် စက်ဝန်းအတွင်း ၎င်းကို ပေါင်းစပ်နိုင်ခဲ့လျှင် အဆုံးမဲ့နတ်ခေါင်းလောင်းများ ထွက်ပေါ်လာသည့်အခါ၌ ယင်းတို့သည် တစ်စုံတစ်ယောက်၏ သေခြင်းကို ခဏအတွင်း စီမံနိုင်ပေလိမ့်မည်။

မဟာလမ်းစဥ် စက်ဝန်းတစ်ခုအတွင်း အားလုံးသော စွမ်းအားမျိုးစုံ ပေါင်းစပ်ထည့်သွင်းနိုင်သည်။ သက်စောင့်ဝိညာဥ်များနှင့် နတ်ဘုရားနန်းတော်၏ ကျင့်စဥ်များကိုပင် မဟာလမ်းစဥ် စက်ဝန်း၏ အုတ်မြစ်အဖြစ် အသုံးပြုနိုင်သည်။

ထိုသည်မှာ ရီဖူရှင်း အဘယ့်ကြောင့် တွေးတောနေဆဲ ဖြစ်ရသနည်း ဟူသည်ပင် ဖြစ်သည်။

သူက မြေပေါ်တွင် ပုံသဏ္ဌာန်များကို ဆက်လက် ရေးခြစ်နေသည်။ ပုံသဏ္ဌာန်တစ်ခုချင်းစီတွင် အစွမ်းထက် ဓားစွမ်းအားများ ပေါင်းစပ်ပါဝင်နေသည်။ သို့သော် သူက ရေးဆွဲပြီးသည့်အခါ၌ ၎င်းတို့အား ထပ်ကာ ဖျက်ပစ်လိုက်ပြန်သည်။ ကြည့်ရသည်မှာ သူက စိတ်တိုင်းမကျသေးဘဲ ဖြစ်နေဟန်တူသည်။

သူသည် မျက်လုံးများကို တစ်ဖန်မှိတ်လိုက်ပြီး သူ့ကိုယ်သူပင် မေ့လျော့နေသည့် အနေအထားသို့ ရောက်ရှိသွားပြန်သည်။ သူ၏ စိတ်ထဲတွင် သူက ဤနှစ်များစွာအတွင်း ကြုံတွေ့ခဲ့ရသမျှ အားလုံးသော ပုံရိပ်များကို ပုံဖော်နေပြီး  သူတို့ ဖော်ပြခဲ့သည့် စွမ်းအားများနှင့် ရှုံးနိမ့်သွားသည့် အင်အားစုများလည်း အပါအဝင်ဖြစ်သည်။ သူတို့အကြားတွင် အားအကောင်းဆုံးသူမှာ ပြည်ထောင်သခင်နှင့် အခြားသူများစွာကို ယှဥ်ပြိုင်တိုက်ခိုက်ခဲ့ရသည့်တိုင် အရေးသာခဲ့သည့် နတ်ဆိုးဘုံတွင် ရှိနေခဲ့သေည ဂူထျန်းရှင်းပင် ဖြစ်သည်။ သူက ထိုမြင်ကွင်းတို့ကို တဖြည်းဖြည်း မှတ်မိလာခဲ့သည်။ သို့သော် ထိုစွမ်းအားအမျိုးအစားမှာ သူ့အတွက် သိပ် မသင့်တော်လှပေ။

သူက အရှင်ထိုက်ရွှမ်၊ နတ်ဆိုးအိုကြီးလော့နှင့် တေးသံသာအင်ပါယာ တို့ကို စဥ်းစားကြည့်လိုက်သည်။ ကု့ချင်းဂီတက သူ့စိတ်အတွင်း စတင်ပေါ်ပေါက်လာသည်။

ဂီတသည် တဖြည်းဖြည်း ပန်းချီတစ်ခုသဖွယ် ဖြစ်တည်လာခဲ့သည်။

သူက မြေပေါ်တွင် ခဏအတွင်း ပုံသဏ္ဌာန် တစ်ခု ပေါ်လာစေရန် ရေးဆွဲနေခဲ့သည်။ ထို ပုံသဏ္ဌာန် တွင် မရေတွက်နိုင်သည့် ဂီတသင်္ကေတများ ပေါ်ပေါက်လာခဲ့သည်။ သင်္ကေတတိုင်းသည် ဓားတစ်လက်နှင့်လည်း ဆင်တူပေသည်။ သူက ထို ပုံသဏ္ဌာန် ​ကို ကြည့်နေပြီး နောက်ဆုံး၌ ၎င်းကို ထပ်ဖျက်မပစ်တော့ပေ။ ကြည့်ရသည်မှာ ထို ပုံသဏ္ဌာန် က သူ ရှာဖွေနေသည့် အရာ ဖြစ်ပေလိမ့်မည်။

သူက ခေတ္တမျှ ကြည့်နေခဲ့ပြီး ရုတ်တရက် အပြင်ဘက်လောကမှ လူများသည် သူ့ရှိနေရာသို့ လာရောက် နှောက်ယှက်သည်ကို ခံစားမိလိုက်၏။

သူက ဆုံးဖြတ်ချက်အပြည့်နှင့် မျက်လုံးများကို ဖွင့်လိုက်သည်။ သူက စိတ်ဆုံးဖြတ်ပြီးသွားပြီ ဖြစ်ဟန်တူသည်။

ဘုန်း...

ကြောက်မက်ဖွယ် စွမ်းအားတစ်ခုက သူ့ခန္ဓာကိုယ်မှ အော်မြည်ကာ ပေါက်ကွဲထွက်လာသည်။

ဝေါ့...

ခဏအကြာတွင် သူက ပါးစပ်အပြည့် သွေးတစ်လုပ် အန်ထုတ်လိုက်ရသည်။ သူ၏ အရှိန်အဝါက အားနည်းသွားပြီး သူ၏ နတ်ဝိညာဥ်ကို ရုတ်သိမ်းလိုက်ရသည်။ သူ၏ မျက်နှာက အလွန် ဖြူဖျော့နေ၏။

သူက ရန်ဟောင်အဆင့်သို့ ဝင်ရောက်ဖို့ရာ ကြိုးစားရန် ဆုံးဖြတ်ခဲ့သည်။ နောက်ထပ် ဟန်ဆောင်နေရန် မလိုအပ်တော့ပေ။ ယခုအချိန်မှ စ ကာ သူသည် နောက်မဆုတ်တမ်း ရှေ့သို့ တစိုက်မတ်မတ် ဆက်သွားနေမည် ဖြစ်သည်။

ရီဖူရှင်းသည် သူ၏ သက်စောင့်ဝိညာဥ်ကို ဒုတိယအကြိမ် ဖြတ်တောက်လိုက်သည်။

သူက ကု့ချင်းဝိညာဥ် ပြန်ဖန်တီးရန် လိုအပ်သည်။

သူသည် သူ၏ ပထမဆုံး မဟာလမ်းစဥ်စက်ဝန်းကို ဖန်တီးရန် ရည်ရွယ်လိုက်သည်။ ၎င်းက ကု့ချင်းစက်ဝန်း ဖြစ်ပေလိမ့်မည်။

တိမ်များက ကောင်းကင်တွင် မျောလွင့်နေသည်။ တစ်စုံတစ်ယောက်က သူ့ကို အဝေးမှနေ၍ ဇဝေဇဝါနှင့် စောင့်ကြည့်နေကြသည်။ ထိုသူက သူ့ကိုယ်သူ မည်သို့ လုပ်နေခဲ့သနည်း။

သူက အရာအားလုံး ကောင်းမွန်နေသည့် အခြေအနေ၌ သူ့ကိုယ်သူ အမှန်တကယ် နာကျင်စေခဲ့သလား။

ယနေ့ခေတ်မှ လူငယ်ပါရမီရှင်များက ဤသို့ နည်းလမ်းဖြင့် ကျင့်ကြံကြသည်လား။

သူက ဒဏ်ရာမှ ပြန်ကောင်းလာသည့်အခါ တေးသံသာစံအိမ် မှထွက်ခွာ၍ အရှင်ထိုက်ရွှမ်ထံ သွားလည်ခဲ့သည်။ ထိုက်ရွှမ်တောင်မှ လူအချို့သည် နတ်တေးသွားတီးခတ်သံကို ခပ်ရေးရေးကြားနိုင်ခဲ့သည်။

တစ်လကြာပြီးနောက် ရီဖူရှင်းသည် တေးသံသာစံအိမ် အနောက်ဘက်တောင်သို့ တစ်ဖန် သွားရောက်ကာ တင်ပျဥ်ခွေ၍ ထိုင်လိုက်ပြီး ကု့ချင်း တီးခတ်နေသည်။ တေးသွားသည် မဟာလမ်းစဥ်အတွက် အမှတ်ရခြင်းတေးသွားဖြစ်သည်။

တေးသွားကာ ထွက်ပေါ်လာနေပြီး မရေတွက်နိုင်သည့် မဟာလမ်းစဥ် ဂီတသင်္ကေတများက ရီဖူရှင်း၏ ဓားစွမ်းအားများနှင့် ပေါင်းစ​ပ်၍ သူ့ခန္ဓာအနီးတွင် စီးဆင်းနေသည်။

တောက်ပသည့် ရွှေရောင်ဓားသဏ္ဌာန် သင်္ကေတများက သူ့ သွေးကြောများကို ဖြတ်ကာ စီးဆင်းနေပြီး အရိုးများတွင် ရေးထွင်းသလို ပေါ်ပေါက်လာသည်။ သူ့ခန္ဓာအတွင်း အခြားသော သစ်ပင်တစ်ပင် ပေါ်ပေါက်လာကာ ၎င်း၏ ပင်စည်၊ အကိုင်းအခက်နှင့် အရွက်တို့သည် သူ၏ အသွေးအသား အရိုးအဆစ်များအဖြစ်သို့ ပြောင်းလဲသွားသည်။ အားလုံးက အတူတကွ ပေါင်းစပ်သွားပြီး သူသည် မဟာလမ်းစဥ်များကို သိုလှောင်စုဆောင်းထားခဲ့သည်။

သူ၏ သွေးက သွေးကြောများကို ဖြတ်ကာ ဆူပွက်လာပြီး ဂီတကလည်း ပိုမို အသက်ဝင်ကြီးထွားလာသည်။ ဓားချီအသံကို ကြားနိုင်ပြီး သူ၏ ခန္ဓာကိုယ်က ကျယ်ပြောသည့် နေရာတစ်ခုလုံးကို ပြည့်နှက်သွားအောင် ကြီးထွားလာသည်ဟု ထင်မှတ်ရပေသည်။ သူသည် အဆုံးမဲ့ စွမ်းအားများနှင့် ပြည့်နေပြီး သူ၏ အသွေးအသား အရိုးများသည် ထောင်ချီသည့် တူတို့ဖြင့် ထုနှက်ခံနေရသလို ခံစားရပေသည်။ ၎င်းတို့က သူ့ကို မဟာလမ်းစဥ် ခန္ဓာကိုယ် ဖြစ်လာစေရန် ဖန်တီးပေးနေသည်။

လအနည်းငယ်ကြာပြီးနောက်ညသူသည် မဟာလမ်းစဥ် ခန္ဓာကိုယ်ကို ဖွဲ့စည်းနိုင်သွားသော်လည်း သူက ထိုနေရာ၌ မရပ်တန့်ခဲ့ပေ။ သူက နတ်ဆင်တို့၏ စွမ်းအားကို သုံးကာ နောက်တစ်ခုကို ထပ်ကာ ဖွဲ့စည်းခဲ့သည်။ နတ်ဆင်တို့၏ ကြီးမားသော ခွန်အားသည် သူ့ခန္ဓာမှ ဖြတ်သန်း၍ အဆက်မပြတ် ထွက်ပေါ်လာနေပြီး မရေတွက်နိုင်သည့် မဟာလမ်းစဥ် အမှုန်များအဖြစ်သို့ ပြောင်းလဲသွားပြီး သူ၏ အသွေးအသား အရိုးအဆစ်များနှင့် အတွင်း ကလီစာများတွင် ထွင်းထုပေါ်ထွက်လာစေသည်။

တန်ခိုးရှင်များသ်ည မဟာလမ်းစဥ် စက်ဝန်းတစ်ခုကိုသာလျှင် ဖန်တီးနိုင်စွမ်း ရှိသည်မဟုတ်ပေ။ ကျင့်ကြံခြင်းတွင် အဆုံးမရှိသလို လူများ၏ စွမ်းရည်သည်လည်း အဆုံးမရှိပေ။ သူတို့က သူတို့၏ ခန္ဓာကိုယ်အတွင်း မတူညီသည့် မဟာလမ်းစဥ် အမှတ်အသားများကို ရေးထွင်းနိုင်ကြသည်။

ရန်ဟောင်တစ်ပါး ကျဆုံးပြီးနောက်တွင် သူတို့၏ မျိုးဆက်များသည် သူတို့၏ အသွေးအသား အရိုးတို့မှ လာသော မတူညီသည့် စွမ်းအားများစွာကို ခံစားမိနိုင်ပေသည်။

ရီဖူရှင်းက ထူးချွန်သည့် တန်ခိုးရှင်တစ်ဦး ဖြစ်သည့်အတွက် သူက မဟာလမ်းစဥ် စက်ဝန်းတစ်ခုကိုသာ ဖွဲ့စည်းလိမ့်မည် မဟုတ်ပေ။

သူသည် နတ်ဘုရားနန်းတော်တွင် ရှိစဥ်ကပင် သူ၏ အသွေးအသားများက မဟာလမ်းစဥ် ခန္ဓာအဆင့်သို့ ရောက်ရှိနေခဲ့သည်။ ယခု သူက ၎င်းကို ပြီးပြည့်စုံစေရန် လုပ်ဆောင်နေခြင်း ဖြစ်၏။

သူက ဤနေရာ၌ အချိန်ကာလ ကြာမြင့်စွာ ကျင့်ကြံခဲ့သည်။

ကောင်းကင်ပြက္ခဒိန် ၁၀၀၃၄ ခုနှစ်တွင် ရီဖူရှင်းသည် နှစ်နှစ်ထက် ပိုကြာသည်ထိ တံခါးပိတ် ကျင့်ကြံနေခဲ့သည်။ သူ အထက်ကောင်းကင်ဘုံသို့ ရောက်ကတည်းက တွက်လျှင် သုံးနှစ်ပင် ကျော်ခဲ့ပြီ ဖြစ်သည်။

ဤနှစ်နှစ်ကျော် အတောအတွင်း အထက်ကောင်းကင်ဘုံတွင် ကိစ္စရပ်များစွာ ဖြစ်ပွားသွားခဲ့ပြီး အများစုမှာ ကောင်းကင်အာဏာစက်ဘုံတွင် ဖြစ်သည်။

ရီဖူရှင်း၏ ရန်သူများအပါအဝင် ကောင်းကင်အာဏာစက်ဘုံမှ လူများသည် သူ၏ သတင်းကို ကြားသိခဲ့သည်။ သူတို့သည် ရီဖူရှင်းက ထိုက်ရွှမ်တောင်၌ ကျင့်ကြံနေသည်ကို သိရှိကြ၏။ သို့သော် သူတို့က သိရှိကြလျှင်ပင် သူ့ကို ဆန့်ကျင်ရန် နည်းလမ်းမရှိခဲ့ပေ။

အရှင်ထိုက်ရွှမ်က နောက်တစ်ဆင့်သို့ ချိုးဖျက်ဝင်ရောက်သွားခဲ့ပြီး သူက ဂူထျန်းရှင်းနှင့် အဆင့်တူ၌ ရှိနေခဲ့သည်။ အတိတ်ကာလများတွင် ထိုအဆင့်သို့ လူနှစ်ယောက်သာလျှင် ရောက်ရှိဖူးခဲ့ပြီး ဂူထျန်းနှင့် ပြည်ထောင်ဘုရင်ဟောင်းပင် ဖြစ်သည်။ ယခု အများကြားတွင် ထိုအဆင့်မှာ မည်သူတစ်ဦးတစ်ယောက်မှ မရှိသည်မှာ ရှင်းလင်းပေသည်။ ထိုအဆင့်သို့ ရောက်သည်ကို လျှို့ဝှက်ထားမှသာလျှင် မည်သူမှ မသိဘဲ နေပေလိမ့်မည်။

အနည်းဆုံးတော့ လက်ရှိတွင် ကောင်းကင်အာဏာစက် ပြည်ထောင်ဘုရင်နှင့် ခရမ်းရင့်ကောင်းကင်နန်းတော်သခင်တို့သည် ထိုအဆင့်သို့ ရောက်ရှိခြင်းမရှိကြသေးပေ။ ထို့ကြောင့် သူတို့သည် ထိုက်ရွှမ်တောင်သို့ သွားကာ ရီဖူရှင်းကို တောင်းရန် မဖြစ်နိုင်ကြသလို ရွှေရောင်နတ်ပြည်ထောင်သည်လည်း မလုပ်နိုင်သေးပေ။ သူတို့က ကိုယ်တိုင်သီးသန့်သွားပါက ဆုံးရှုံးမှုများ ကြုံတွေ့နိုင်တာကြောင့် သူတို့သည် အန္တရာယ်ကင်းသည့် အနေအထားနှင့် ပြဿနာမဖြစ်စေရန် လျှို့ဝှက်အစီအစဥ်များ စီစဥ်နေခဲ့ကြသည်။

ဤနှစ်အနည်းငယ်အတွင်း ထိုက်မိသားစုနှင့် ဟွားမိသားစုသည် ကြိမ်ဖန်များစွာ ပြဿနာဖြစ်ပွားခဲ့သည်။ သူတို့ ယခုတွင် မည်သည့်နေရာ၌ ကျင့်ကြံနေသည်ကို မည်သူမှ မသိကြပေ။ သူတို့ကို မည်သူမှ ရှာမတွေ့ခဲ့ကြချေ။

ဗြဟ္မာ့သန့်စင်ကောင်းကင်မှ အရှင်မသည် ပြဿနာများနှင့် ဝေးဝေးနေခဲ့သည်။ ပြောကြသည်မှာ သူမသည် ဗြဟ္မာ့သန့်စင်ကောင်းကင်၏ အထင်ရှားဆုံး နတ်မိမယ် ချင်းဟယ်ကို လမ်းစဥ်များ သင်ကြားပေးရင်း ကျင့်ကြံနေသည်ဟူ၍ ဖြစ်သည်။ အချို့က ပြောကြသည်မှာ ချင်းဟယ်သည် အလွန် အစွမ်းထက်လာပြီး မကြာခင်၌ ရန်ဟောင်အဆင့်သို့ ချိုးဖျက်တက်ရောက်နိုင်တော့မည်ဟူ၍ ဖြစ်သည်။

ခရမ်းရင့်ကောင်းကင်သည်လည်း သူတို့၏ လူငယ်မျိုးဆက်များကို အပြင်းအထန် လေ့ကျင့်ပေးနေကြသည်။ သို့သော်လည်း မဟာလမ်းစဥ် ခန္ဓာကိုယ်ပိုင်ရှင် ကျန်းယွမ်သည်ပင် အကြိမ်ပေါင်းများစွာ ရှုံးနိမ့်ခဲ့သည်။ ဤအဆင့်သို့ တက်ရောက်ရန်မှာ တစ်စုံတစ်ယောက်အတွက် လွယ်ကူသည့်အရာ မဟုတ်ပေ။ သူ့ကဲ့သို့သော ပါရမီရှင်ပင်လျှင် အတော်လေး အလှမ်းကွာနေပေသည်။

နတ်ဆိုးဘုံမှ နတ်နဂါးကလန်၏ တားမြစ်နယ်မြေ၌ ရှိနေသော တစ်စုံတစ်ယောက်ကို ကောင်းကင်အာဏာစက်ဘုံမှ လူများက တဖြည်းဖြည်း မေ့လျော့လာပုံပေါ်သည်။

လုံယွမ်တားမြစ်ချောက်ကမ်းပါးတွင် နက်မှောင်နေသည့် သံကွင်းဆက်ကြိုးများက မရေတွက်နိုင်အောင် ရှိကာ နေရာတစ်ခုလုံးကို ပြည့်နှက်နေသည်။ နက်ရှိုင်းသည့် ချောက်နက်အတွင်း အနက်ရောင် ဝတ်စုံနှင့် နတ်ဆိုးဆန်ဆန် ပုံရိပ်တစ်ခုက ထိုင်ကာ ကျင့်ကြံနေသည်။ နတ်ဆိုးပုံရိပ်ကြီးတစ်ခုက သူ့အနီးတွင် မျောလွင့်နေပြီး သူ့ကို ပို၍ အစွမ်းထက်လာစေရန် ပြုလုပ်ပေးနေသည်။ ကြည့်ရသည်မှာ သူသည် လောကတစ်ခွင်ကို ပိုင်စိုးသော နတ်ဆိုးဧကရာဇ်တစ်ပါးကဲ့သို့ပင်​ဖြစ်သည်။

ဖော်ပြ၍ပင်မရ​အောင် ကြီးမားသည့် နဂါးကြီးက နက်မှောင်သည့် တောင်ထိပ်ကို လွှမ်းမိုးထားပြီး အဆုံးမဲ့ နတ်ဆိုးစွမ်းအားများက သူ့ထံမှ ထွက်ပေါ်နေသည်။ ဤကုန်လွန်ခဲ့သော နှစ်အနည်းငယ်အတွင်း သူသည် သူ၏ စွမ်းအားများ အားလုံးကို လွန်ခဲ့သည့် သုံးနှစ်ကျော်က ဖိတ်ခေါ်ခြင်းမရှိဘဲ ရောက်လာခဲ့သည့် ဧည့်သည်အား ပေးအပ်ခဲ့သည်။

နတ်နဂါး တန်ခိုးရှင်များက အကြိမ်အနည်းငယ် လာရောက်ခဲ့သော်လည်း သူတို့က အထဲသို့ ရောက်နိုင်ခြင်း မရှိခဲ့ပေ။ သူတို့က သူ၏ နတ်ဆိုးပညာရပ်များအတွက် သင့်တော်သည့် ဆက်ခံသူ တစ်ဦးကိုသာလျှင် ရှာဖွေလိုခဲ့ခြင်းကြောင့်ဟု တွေးခဲ့ကြသည်။ သို့သော် အမှန်မှာတော့ မည်သည့်အကြောင်းရင်း ဖြစ်သည်ကို သူသာလျှင် နားလည်ပေသည်။

ထိုသည်မှာ သူက ဤနေရာ၌ အကျဥ်းချခံထားရသော အကြောင်းပြချက်နှင့် တူသည်။

ထိုအချိန်တွင် နတ်ဆိုးအလင်းတန်းများက နောက်ဘက်ရှိ ပုံရိပ်မှ ဖြာထွက်လာသည်။ ၎င်းတို့က နတ်မိစ္ဆာတစ်ကောင်၏ ပုံရိပ်အဖြစ် စုစည်းလာပြီး သူ့အနီးတွင် နတ်ဆိုးစစ်သူကြီးများ ဝန်းရံနေသည်။ သူတို့အားလုံးက အလွန်ပင် ရိုကျိုးနေကြပုံပေါ်သည်။

နတ်နဂါးသည် အောက်ဘက်မှ ထိုမြင်ကွင်းကို ကြည့်ရင်း စတင်၍ စိတ်လှုပ်ရှားလာသည်။ သူ့သခင်သည် သူ့ကို အပြင်လောကတွင် လှည့်လည်သွားရန် မေးခဲ့သည့်အတွက် အမှန်တကယ် ရက်စက်လှသည်။

***

All Chapters