ရှစ်ဘဝမြောက်
Vol. 86 Ch. 1195
“ခေါင်းဆောင်ကြီး ကယ်ပါဦး” ကျီမျိုးနွယ်ကျင့်ကြံသူတစ်ယောက်က မရဏဝင်္ကပါလက်ကြီးကို အသည်းအသန်ပြန်တိုက်ခိုက်ရင်း အော်ဟစ်လိုက်သည်။ သို့သော် သူ၏မှော်အတတ်အားလုံး ပြိုကွဲသွားပြီး သူ၏အသားစများက အောက်ရှိတိမ်တိုက်များထံ ရွာကျသွားသည်။
ပုံရိပ်ယောင်လက်ကြီးသည် သုတ်သင်ခြင်းစွမ်းအားဖြင့် ပြည့်ဝနေ၏။ မိုးကြိုးများက တဂျိန်းဂျိန်းအော်မြည်ထစ်ချုန်းနေရာ မိုးနှင့်မြေတွင် တစ်ခုတည်းသောအသံဖြစ်လာသည်။
သက်လတ်ပိုင်းကျီမျိုးနွယ်ကျင့်ကြံသူတစ်ယောက်က မျက်လုံးများနီရဲနေလျက် မုဒြာလက်ကွက်တစ်ကွက်ဖော်လိုက်ကာ သူ့သိုလှောင်အိတ်ထဲမှ မှော်ပစ္စည်းများစွာ ပျံထွက်သွားစေသည်။ သို့သော် လက်ကြီးက ၎င်းတို့ကို ခြေမွပစ်လိုက်၏။ သတ်လတ်ပိုင်းကျင့်ကြံသူ၏ပါးစပ်မှ ထွက်သွားသော သွေးများက သူ့မျက်နှာကို ပြန်စင်သည်။ သူ အကြောက်အကန် အော်လိုက်စဉ် သူ့မှာ အစအနပင်မကျန်အောင် ဖျက်စီးခံလိုက်ရတော့သည်။
ကျီမျိုးနွယ်ကျင့်ကြံသူနောက်နှစ်ယောက်က မုဒြာလက်ကွက်များဖော်ရင်း မှော်အတတ်များနှင့် ကံကြွေးမျှင်များအား ဆင့်ခေါ်လိုက်သည်။ မျက်စိတစ်မှိတ်အတွင်း သူတို့၏ကံကြွေးမှာ ဖျက်စီးခံလိုက်ရပြီး လက်ကြီးက သူတို့ကို ရိုက်ချပစ်လိုက်သည်။
“ခေါင်းဆောင်ကြီး ကယ်ပါဦး” ကူရာကယ်ရာမဲ့အသံများက အံ့ဩမှု၊ ကြောက်လန့်မှုအပြည့်ဖြင့် ပဲ့တင်ထပ်နေသည်။ သူတို့အတွက် ကံဆိုးစွာနှင့် အော်သံများမှာ မိုးခြိမ်းသံများကို မကျော်နိုင်ပေ။
အရာအားလုံးဖြစ်ပျက်နေသည်မှာ မြန်လွန်း၏။ အချိန်ယူဖော်ပြနေရသော်လည်း တကယ်တမ်း တောင်ကောင်းကင်မရဏဝင်္ကပါနှင့် မန်ဟို၏တိုက်ကွက်လေးတစ်ကွက်က .... ကျီမျိုးနွယ်ကျင့်ကြံသူတစ်ဒါဇင်ကျော်ကို ချက်ချင်းဆိုသလို သတ်ဖြတ်ခဲ့ခြင်းဖြစ်ပေသည်။
တခဏကြာသော် နှစ်ယောက်သာ ကျန်တော့သည်။ တစ်ယောက်က ကျင့်ကြံသူလူငယ်။ နောက်တစ်ယောက်က ဤအုပ်စုကို တောင်ကောင်းကင်ဂြိုဟ်သို့ ဦးဆောင်ခေါ်လာခဲ့သော အကြီးအကဲပင်။ သူတို့က ကပျာကယာနောက်ဆုတ်လိုက်၍ သေခြင်းကို ရှောင်နိုင်ခဲ့သည်။ သို့သော် လက်ကြီးက မယုံကြည်နိုင်ဖွယ်အမြန်နှုန်းဖြင့် သူတို့ဆီ ဆက်လက်ပြေးဝင်လာသည်။
“မန်ဟို” အကြီးအကဲအဘိုးကြီးက အော်သည်။ “မင်းတို့ဖန်မျိုးနွယ်စုက ကျီမျိုးနွယ်စုနဲ့ စစ်ဖြစ်ချင်နေတာလား” သူက လက်ကို ဝှေ့ယမ်းလိုက်ကာ ကျင့်ကြံခြင်းအခြေခံစွမ်းအားကို လေမုန်တိုင်းကြီးအသွင်ဖြင့် လိမ့်ထွက်စေလိုက်သည်။
မန်ဟိုက သွေးအေးအေးဖြင့် သူ့လက်ကို အောက်သို့ ရိုက်ချလိုက်သည်။ မန္တန်ဝင်္ကပါလက်ကြီးကလည်း တဝုန်းဝုန်းမြည်လျက် နောက်ဆုံးကျင့်ကြံသူနှစ်ယောက်ဆီ ကျဆင်းလာခဲ့လေပြီ။
သွေးများ အဘိုးအို၏ပါးစပ်မှ ပန်းထွက်သွားပြီး သူ့မှာ ပြိုကွဲလာသဖြင့် မျက်စိမျက်နှာပျက်လာသည်။ သူ ကြေမွမသွားခင် လူငယ်က သူ့အနောက်သို့ လှစ်ခနဲ ရောက်လာကာ သူ၏ကျောကို ဖိချလိုက်သည်။
“မင်း သေတော့မှာဆိုတော့ .... ငါ့ကို ကူညီပေးလိုက်တော့” လူငယ်က တိုးတိုးပြောလိုက်၏။
အုန်း
ဧရာမလက်ကြီးက အရှိန်အဟုန်ဖြင့် တိမ်တိုက်များကို ဖြတ်လာရာ ၎င်းတို့အား တဖွေးဖွေးလှုပ်နေစေတော့သည်။ ယခုတွင် အသံသည် အောက်ရှိကျင့်ကြံသူများ၏နားထဲ ရောက်လာခဲ့လေပြီ။
သူတို့သည် တိမ်တိုက်များ လှုပ်ခါနေသည်ကိုလည်း မြင်ရ၏။ မိုးကြိုးတန်းများမှာ တိမ်တိုက်များထဲမှ ဖြစ်ညစ်ထုတ်ခံခဲ့ရသည့်အလား ငွေနဂါးများသဖွယ် ကျဆင်းလာသည်။
မိုးကြိုးတန်းများလျှင် ဖြစ်ညစ်ထုတ်ခံခဲ့ရရာ ပဲ့စေ့အရွယ်မိုးပေါက်များလည်း အောက်ရှိ မြေပြင်များထက်သို့ ရွာကျစပြုလာတော့သည်။
သို့သော် မည်သူမှ သတိမထားမိသည်မှာတော့ ထိုမိုး၏အရောင်က သွေးရောင်သမ်းနေသည်ကို ဖြစ်သည်။ အဘယ်ကြောင့်ဆိုသော် ... ၎င်းသည် မိုးရေမဟုတ်၊ ကျီမျိုးနွယ်ဝင်များ၏ သွေးဖြစ်နေသည့်အတွက်ပင်။ သို့ရာတွင် ထိုသွေးထဲတွင် မည်သည့်အသက်မှ မရှိသလို၊ အများစုမှာ တိမ်တိုက်များ၏ စုပ်ယူခြင်းခံခဲ့ရသကဲ့သို့ ပမာဏသည် နည်းပါး၏။
အောက်ရှိမည်သူမှ မမြင်ရသည်မှာ ထိုတိမ်မည်းများ၏ အတွင်းတစ်နေရာတွင် သွေးရောင်အရိပ်တစ်ခု တင်ပျဉ်ခွေလျက် ထိုင်နေသည်ကိုပင်။ ၎င်းက ၎င်းကို ဝန်းရံနေသည့်သွေးတိမ်တိုက်ကို အဆက်မပြတ် စုပ်ယူစားသုံးနေ၏။
အနီးကပ်ကြည့်ပါက ထိုသွေးအရိပ်သည် ကျီမျိုးနွယ်စု၏ကံကြွေးအရှိန်အဝါနှင့် အသတ်ဖြတ်အရှိန်အဝါမှိန်ပျပျကို ထုတ်လွှတ်နေကြောင်း သတိထားမိလိမ့်မည်။
ဤအရိပ်ကား မန်ဟို၏သွေးကိုယ်ပွားပင်။
မန်ဟို့ကျင့်ကြံခြင်းအခြေခံသည် သွေးကိုယ်ပွားအား သုံးစရာမလိုတော့သည်အထိ အစွမ်းထက်လာခဲ့၍ ၎င်းမှာ သိုလှောင်အိတ်ထဲ၌သာ အသိမ်းခံခဲ့ရသည်။ မန်ဟိုက ၎င်းကို သွေးနတ်ဘုရားအဖြစ် ပြောင်းလဲရန်ပင် လက်လျှော့ထား၏။
ထို့နောက် ကျီတျန်းက သူ့အဖေကို သတ်ဖို့ ကြိုးစားခဲ့ရာ မန်ဟို့အသတ်အဖြတ်စိတ်ဆန္ဒနှင့် အမျက်ဒေါသတို့ လှုံ့ဆော်ခံလိုက်ရပြီး ကျီမျိုးနွယ်သွေးဆက်များကို စုဆောင်း၍ သွေးနတ်ဘုရားကို ဖန်တီးရန် ဆုံးဖြတ်ခဲ့ခြင်းဖြစ်သည်။ ထိုသွေးနတ်ဘုရားတွင် ဘိုးဘေးနိုးထခြင်းစွမ်းအား ရှိလိမ့်မည်။
ထို့ကြောင့် မိုးအဖြစ် ရွာကျသွားသော သွေးများ နည်းပါးသွားပြီး ကျသွားခဲ့သောသွေးများမှာလည်း မည်သူမှ မမြင်နိုင်သည်အထိ ပြိုကွဲသွားခဲ့ခြင်းပင်။ တကယ်တမ်း သွေးတစ်ပေါက်သာ အောက်ရှိကျင့်ကြံသူတစ်ယောက် ကျသွားခဲ့၏။ ထိုလူက ၎င်းကို သုတ်ပြီးနောက် တအံ့တဩ မော့ကြည့်လိုက်လေသည်။
မိုးကြိုးများနှင့် တိမ်တိုက်များအထဲတွင် မန်ဟိုက ညာလက်ကို ဆန့်၍ မန္တန်ဝင်္ကပါလက်အား ဖြေးဖြေးချင်း လွင့်ပျယ်သွားစေကာ တိမ်တိုက်အတွင်း၌ ဧရာမလက်ရာကြီးတစ်ခုကိုသာ ချန်ရစ်ခဲ့သည်။
လက်ဝါးတစ်ချက်က ကျီမျိုးနွယ်ကျင့်ကြံသူများကို ပုရွက်ဆိတ်များသဖွယ် သတ်ပစ်ခဲ့လေသည်။
ထိုစွမ်းအားက မန်ဟို့ကိုယ်တိုင်ဆီမှ မလာခဲ့သော်လည်း ဤအခိုက်အတန့်တွင် သူသည် မိုးနှင့်မြေကို စိုးမိုးနိုင်သောအာဏာမျိုး၊ သက်ရှိသတ္တဝါအားလုံးအထဲ ပြိုင်ဘက်ကင်းနေသောအငွေ့အသက်မျိုးကို ခံစားနေရ၏။
လက်ကြီး မှေးမှိန်လာသည့်အခါ ထိုလက်ရာအထဲ၌ ကျန်ရစ်ခဲ့သော လူနှစ်ယောက်အား မြင်လိုက်ရသည်။ ထိုနှစ်ယောက်ကား အသတ်မခံခဲ့ရသော နှစ်ယောက်မှတစ်ပါး အခြားမဟုတ်ပေ။
မှန်သည်၊ နှစ်ယောက်မဟုတ်ဘဲ တစ်ယောက်တည်းဟု ပြောလျှင် ပိုမှန်မည်။
အဘိုးကြီး၏အရှိန်အဝါကား မတည်ရှိတော့ပေ။ သူ့နောက်ကျောတွင် အပေါက်ကြီးတစ်ပေါက်အား မြင်ရနိုင်ပြီး သူ့ခန္ဓာကိုယ်ထဲ၌ မည်သည့်ကလီစာမှ မမြင်ရပေ။ သူက ဗလာကျင်းနေသော အခွံကြီးသက်သက်သာ ဖြစ်နေသည်။ လူငယ်ကမူ ထိုအထဲတွင် ဝင်ပုန်းနေ၏။
သိသိသာသာပင် သူသည် ထိုလူ့ကိုယ်ထဲ၌ ပုန်းနေခြင်းသာမဟုတ်ဘဲ ဧရာမပိုက်ကွန်ကြီးကြောင့် မသေအောင် ဆန်းပြားရက်စက်သော လျှို့ဝှက်အတတ်တစ်မျိုးကို သုံးခဲ့လေသည်။
အဘိုးကြီး၏အခွံကြီးမှာ အစိတ်စိတ်အမြွှာမြွှာ ကွဲအက်လာသဖြင့် တဂျွတ်ဂျွတ်မြည်သံများအား ကြားရနိုင်သည်။ လူငယ်မှာ သွေးအန်ရင်း ယိမ်းယိုင်သွား၏။ တစ်ချိန်တည်းမှာပင် သူ့ထံမှ ကံကြွေးမျှင်ပေါင်းများစွာက နေရာရွှေ့ပြောင်းခြင်းမုခ်ဝအသွင်ပြောင်းရင်း ပတ်ဝန်းကျင်တွင် ပြည့်နှက်သွားသည်။
သူ့ပါးစပ်မှ ထွက်သွားသော သွေးများသည် တိမ်တိုက်များမှတစ်ဆင့် ပုန်းအောင်းနေသော သွေးကိုယ်ပွား၏ အငမ်းမရစုပ်ယူခြင်း ခံနေရ၏။
မှန်ပါသည်၊ လူငယ်ကား သွေးကိုယ်ပွားရှိနေသည်ကို မသိပေ။ သူ့ခန္ဓာကိုယ် မှေးမှိန်လာသည့်အချိန်မှာပင် မန်ဟိုက အေးစက်စက် နှာမှုတ်လိုက်သည်။
“မင်း ဘယ်မှ မသွားရဘူး” သူက လက်သီးဆုပ်ရင်း ရှေ့တက်လာကာ ပြောသည်။ သူ့လက်သီးချက်က လေထုကို ပုံပျက်သွားစေ၏။ သို့သော် လူငယ်၏အနား ချဉ်းကပ်သွားစဉ်မှာပင် မန်ဟိုသည် အန္တရာယ်ကို ခံစားလိုက်ရပြီး ထိုအခိုက်အတန့်တွင် လူငယ်က ကောက်ကျစ်စွာ ပြုံးလိုက်သည်။
“နောက်ဆုံးတော့ ... မင်း အနားရောက်လာပြီပဲ” သူက ပြောသည်။ သူသည် မန်ဟို့လက်သီးကို ရှောင်မည့်အစား ထိပ်တိုက်ဝင်တိုက်ပစ်လိုက်၏။
ဝုန်းခနဲ မြည်ဟည်းသွားစဉ် လူငယ်၏အသားစများ၊ သွေးများက လွင့်စင်ပြန့်ကြဲသွားသည်။ သို့သော် သူ၏ရယ်သံကြီးက လေထုထဲတွင် ပဲ့တင်ထပ်လျက် ကျန်ခဲ့လေသည်။
“မန်ဟို ငါတို့ကံကြွေးချင်း ချည်နှောင်ခံလိုက်ရပြီ။ နောက်တစ်ခေါက် ငါတို့ တွေ့ရင်း ... မင်းအပိုင်က ငါ့အပိုင်ဖြစ်လာလိမ့်မယ်။ ငါတို့ရဲ့ နာမည်ကို မှတ်ထား၊ ငါတို့ကို ... ကျီတုံယမ်းလို့ ခေါ်တယ်” လူငယ်၏ခန္ဓာကိုယ်မရှိတော့သည့်တိုင်အောင် အရူးသဖွယ်ရယ်သံကြီးသည် ပဲ့တင်ထပ်နေဆဲပင်။
မန်ဟိုက မျက်မှောင်ကြုတ်ရင်း ပျံဝဲနေသည်။ နောက်ဆုံးတော့ သူက လက်သီးကို တွေးတွေးဆဆ ငုံကြည့်၍ သက်ပြင်းချလိုက်သည်။
"ငါ သူ့ကို သတ်ချင်ခဲ့ပေမယ့် အဲ့ဒါက သူ့အစီအစဉ်ရဲ့ တစ်စိတ်တစ်ပိုင်းဖြစ်နေပုံပဲ ....
"ဘယ်လောက်ပါးနပ်လိုက်သလဲ ကျီတုံယမ်း။ ဒီနေရာကို သူနဲ့အတူ ခေါ်လာခဲ့တဲ့ ကျီမျိုးနွယ်၀င်အကုန်လုံးက ဗန်းပြတွေ ဖြစ်ခဲ့တာကိုး
“ပြီးတော့ သူ ကောင်းကင်ဂြိုဟ်ကို လာရဲခဲ့တဲ့ အကြောင်းအရင်းကလည်း ငါနဲ့ ကံကြွေးချင်း ချည်နှောင်ပြီး ကျီမျိုးနွယ်စုရဲ့ လျှို့ဝှက်ဆန်းကြယ်တဲ့ တာအိုမှော်သိုင်းကွက်တစ်ခုကို ထုတ်လွှတ်ဖို့ပဲ
"ငါက သူ့ကို ထောင်ချောက်ထဲ မျှားခေါ်နေခဲ့သလို သူကလည်း အဲ့လိုလုပ်နေခဲ့တာ... သူက တောင်ကောင်းကင်မရဏ၀င်္ကပါရဲ့ သတ်တာမခံချင်ဘူး။ ငါကိုယ်တိုင်သတ်တာ ခံချင်ခဲ့တာပဲ...." သူ ထိုနေရာတွင် ပျံဝဲလျက် တွေးနေသည့်အချိန်မှာပင် တိမ်တိုက်များအတွင်း၌ ပုန်းကွယ်နေသော ကိုယ်ပွားသည် ဖြည်းဖြည်းချင်း မြောက်တက်လာ၏။ ၎င်းက ယခုတွင် ယခင်နှင့်မတူတော့ဘဲ ပို၍ အစွမ်းထက်ပြီး ကျီမျိုးနွယ်ကံကြွေး၏ အင်အားကြီးမားသော အရှိန်အဝါကို ထုတ်လွှတ်နေလေသည်။
အမှန်တွင် ၎င်းကား အဆင့်ပင်တက်တော့မည့်အလား ထင်ရသည်။ နည်းနည်းလောက်အဆင့်မြှင့်လိုက်ရုံနှင့် ၎င်းသည် ဘိုးဘေးနိုးထခြင်းကို လုပ်ဆောင်ပေးနိုင်သည့် သွေးနတ်ဘုရားဖြစ်လာလိမ့်မည်။
"ဘိုးဘေးနိုးထခြင်းဖြစ်ပွားရင် ပေါ်လာမယ့်အရာက ကျီတျန်းလိုပဲ အစွမ်းထက်မှာများလား ....သိချင်မိတယ်"
သူက မျက်ဝန်းများတောက်ပနေလျက် ကျီတုံယမ်းနှင့်ပက်သက်ပြီး စိုးရိမ်မနေတော့ပေ။ သူ လုပ်နိုင်သမျှမှာ ဤအစွမ်းထက်သောပြိုင်ဘက်ကို သတိထားနေရုံသာဖြစ်သည်။
သွေးကိုယ်ပွားကို သူ၏ သိုလှောင်အိတ်ထဲ ထည့်ပြီးနောက် သူသည် တိမ်တိုက်များကိုဖြတ်၍ အောက်သို့ ဆင်းလိုက်သည်။
ထိုစဉ် န၀မတောင်ပေါ်မှ ကျီမျိုးနွယ်တွင် တားမြစ်သင်္ချိုင်းတစ်ခု ရှိသည်။ ထိုနေရာတွင် ခေါင်းတလားကိုးခုအား စီတန်ထား၏။ အကုန်လုံးက ကြေးသားဖြင့် ပြုလုပ်ခံထားရပြီး ရှုပ်ထွေးဆန်းပြားသော မှော်သင်္ကေများအား ရေးထိုးထားလေသည်။
ထိုခေါင်းတလားများအနက် ခုနစ်ခုသည် အဖုံးမရှိတော့ဘဲ ဗလာကျင်းနေ၏။ ရှစ်ခုမြောက်နှင့် ကိုးခုမြောက်ခေါင်းတလားများသာ စေ့စေ့ပိတ်နေသည်။
ရုတ်တရက် မိုးခြိမ်းသံကြီးကဲ့သို့ ဂျိန်းခနဲအသံကြီးအား ကြားလိုက်ရပြီး ရှစ်ခုမြောက်ခေါင်းတလားက ဘန်းခနဲ ပွင့်လာ၏။ တန်ခိုးကြီးမားသော အရှိန်အဝါက ရုတ်တရက် ၎င်းအထဲမှ စီးမြောထွက်လာသည်။
လက်တစ်ဖက်က ရှစ်ခုမြောက်ခေါင်းတလားအတွင်းမှ ဆန့်ထွက်လာ၏။ စစချင်း ၎င်းက တုန်ရီနေသော်လည်း ဖြည်းဖြည်းခြင်း ငြိမ်လာပြီးနောက် ခေါင်းတလား၏ ဘေးနားကို ဆုပ်ကိုင်လိုက်သည်။ လူတစ်ယောက်သည် ဖြည်းညင်းစွာ ထလာပြီးနောက် မတ်တပ်ရပ်လိုက်၏။ သူ၏ခန္ဓာကိုယ်က အလောင်းကြီးသဖွယ် အလွန်တရာ ပိန်ချုံးခြောက်ကပ်နေသည့်အတွက် မျက်နှာကိုပင် ရေရေရာရာ မမြင်ရပေ။
သူ၏နဖူးပေါ်တွင် အမှတ်တစ်ခုအား မြင်ရနိုင်ပြီး တစ်ကိုယ်လုံး ခြောက်ကပ်နေသည့်တိုင် ထိုအမှတ်ကတော့ သိသာထင်ရှားနေသည်။ မထင်မှတ်ဖွယ်ကောင်းစွာနှင့် ၎င်းက အက်ရှလွန်အမှတ်ဖြစ်နေ၏။
ဤလူက အက်ရှလွန်ကျင့်ကြံသူတစ်ယောက်ဖြစ်နေသည်။
သူက အသက်ပြင်းပြင်းရှူသွင်း၍ ပတ်၀န်းကျင်ရှိ မိုးနှင့်မြေစွမ်းအင်အကုန်လုံးကို စုပ်ယူလိုက်သည်။ သူ ထိုသို့လုပ်လိုက်သောအခါ သူ၏ခန္ဓာကိုယ်သည် လျင်မြန်စွာ အင်အားပြည့်၀လာ၏။ သူ၏အသွေးများအသားများ လူးလွန့်လာပြီး အသက်စွမ်းအားတို့သည် သူ့ထံသို့ ပြန်လည်စီးမျောလာကာ သူက လူငယ်တစ်ယောက်အသွင် လျင်မြန်စွာ ပြောင်းသွားလေသည်။
သူ၏မျက်နှာအသားများသည် ဖြည်းဖြည်းချင်း ပြည့်လာပြီး အဆုံးသတ်တွင် မည်သူမှ မမြင်ဖူးသည့် မျက်နှာတစ်ခုပေါ်လာသည်။
"ငါ ခုနစ်ဘ၀မြောက်ရဲ့ မျက်နှာကို ကြိုက်တာ" သူက အက်ကွဲကွဲအသံဖြင့် အေးစက်စက်ပြောသည်။ "သူက ဂျူနီယာမျိုးဆက်တွေထဲမှာ ငါ့ရဲ့ အကြိုက်ဆုံးပဲ" ထို့နောက် မျက်နှာသည် ကျီတုံယမ်းအသွင် လျင်မြန်စွာ ပြောင်းသွား၏။
"ကံကြွေးကို ချည်နှောင်ပြီးသွားပြီ။ ငါ့ရဲ ရှစ်ဘ၀မြောက်ခန္ဓာလဲ နိုးထလာခဲ့ပြီ။ ငါ့ရဲ့ ကိုးဘ၀မြောက် လက်ခံကောင်ကိုလည်း ရပြီးပြီ။ မန်ဟို ငါတို့ တစ်ကိုယ်တည်းဖြစ်တာနဲ့ မင်းက ငါ့ရဲ့ ကိုးဘ၀မြောက်ဖြစ်လာလိမ့်မယ်" ကျီတျန်းက တဟားဟာားရယ်နေ၏။ ကျောချမ်းဖွယ်ရယ်သံကြီးက ရှေးဆန်မှုတို့ဖြင့် ပြည့်နှက်နေလေသည်။
သူက ခေါင်းမော့လိုက်ရာ အံ့ဩဖွယ်ကောင်းစွာနှင့် သူ့အပေါ်တွင် ဧရာမမျက်လုံးကြီးတစ်လုံးပေါ်လာသည်။ အထဲတွင် အဘိုးအိုတစ်ယောက် ထိုင်နေသည်။ သူတို့က တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ကြ၏။
ကြက်သီးထစရာအကောင်းဆုံးမှာတော့ ထိုမြင်ကွင်းကို တတိယလူတစ်ယောက်သာ ကြည့်နေလျှင် အဘိုးအို၏မျက်ဝန်းအကြည့်နှင့် ကျီတုံယမ်း၏မျက်ဝန်းအကြည့်သည် ....
တစ်ထပ်တည်း တူညီကြောင်း မြင်ရလိမ့်မည်။