ကျောက်စစ်သည်တော်ကြီးကို ခေါ်ဆောင်ခြင်း
Vol. 86 Ch. 1196
မျိုးနွယ်စုခေါင်းဆောင်တင်မြောက်ပွဲအခမ်းအနားက အကြောင့်အကျမရှိ ပြီးဆုံးသွား၏။ န၀မတောင်ပင်လယ်မှ ဂိုဏ်းများ၊ မျိုးနွယ်စုများအားလုံးသည် ယခုမှစ၍ ဖန်ရှုံ့ဖုန်းအား တလေးတစား ဆက်ဆံကြရလိမ့်မည်။ ဖန်ရှုံ့ဖုန်းက ဖန်မျိုးနွယ်တစ်စုလုံးကို ကိုယ်စားပြုနေပြီမဟုတ်ပါလော။
ဖန်မျိုးနွယ်ကျင့်ကြံသူများစွာက တောင်ကောင်းကင်ဂြိုဟ်ပေါ်တွင် အခြေချကြပြီး အရှေ့အောင်ပွဲဂြိုဟ်နှင့် ဆက်စပ်နေသော အမြဲနေရာရွှေ့ပြောင်းခြင်းမုခ်၀များအား စီရင်ထားကြလေသည်။
ဤအချက်အရ ဖန်ရှုံ့ဖုန်းတစ်ယောက်တည်းသာ တောင်ကောင်းကင်ဂြိုဟ်ကို စောင့်ရှောက်နေခြင်းမဟုတ်တော့ဟု ဆိုလိုသည်။ ၎င်းက ဖန်ရှုတောက်နှင့် ဖန်ယန်ရှီအပါအ၀င် ဖန်မျိုးနွယ်စုတစ်စုလုံး၏တာ၀န်ဖြစ်လာခဲ့ချေပြီ။
တောင်ပင်လယ်လောကကို ကာကွယ်စောင့်ရှောက်မည်.... ယင်းက လောကပါလမျိုးနွယ်စုများ၏ သစ္စာအဓိဌာန်လည်း ဖြစ်သည်။
အခမ်းအနားပြီးဆုံးပြီးနောက် သုံးရက်ကြာသော် မန်ဟိုက သူ၏မိဘများကို နှုတ်ဆက်၍ တောင်ကောင်းကင်ဂြိုဟ်မှ ထွက်လာခဲ့သည်။ သူသည် န၀မတောင်ပင်လယ်သို့ မည်သည့်အချိန်မှ ပြန်ရောက်မည်မှန်း မသိသည့်အတွက် ထွက်မသွားခင် သူ၏မိတ်ဆွေဟောင်းတစ်ချို့ကို သွားတွေ့သင့်သည်ဟု ဆုံးဖြတ်လိုက်၏။
တချို့လူများကိုတော့ သတိရ၍ ဖြစ်သည်။ တချို့ကိုတော့ အကြွေးပြန်သိမ်းဖို့ပင်။
သူ၏ပထမဆုံးဦးတည်ရာက အရှေ့အောင်ပွဲဂြိုဟ်ဖြစ်သည်။
ထိုနေရာသို့ တိုက်ရိုက်သွားဖို့ တောင်ကောင်းကင်ဂြိုဟ်ပေါ်ရှိ နေရာရွှေ့ပြောင်းခြင်းမုခ်၀ကို သူ အသုံးပြုလိုက်သည်။ သူသည် ဘိုးဘေးစံအိမ်သို့ သွားနေစဉ် အရှေ့ဆေးဝါးတာအိုဌာန၌ ရပ်၍ ဆေးလုံးအကြီးအကဲကို အရိုအသေပေးပြီး မိတ်ဆွေဟောင်းများဆီ အလည်ဝင်တွေ့လိုက်၏။ ထို့နောက် သူနှင့်ဖန်ရှုတောက်တို့နှစ်ယောက်သား ဘိုးဘေးမြေကို ဖွင့်ကြသည်။
မန်ဟိုသည် ဧရာမဝဲကြီးနှင့် ထိုအတွင်းရှိ ရင်းနှီးသော ဘိုးဘေးမြေကို ကြည့်ရင်း တိတ်ဆိတ်စွာ ရပ်နေမိ၏။ တောင်ကြီးအသွင်ဖြင့် ကျောက်စစ်သည်တော်ကြီးကို မြင်သောအခါ သူ့မှာ စိတ်နှလုံးတုန်ရီသွားပြီး ခဲယွင်ဟိုင်ကို မတွေးမိဘဲ မနေတော့ပေ။
"အဖေ" သူက တိုးညင်းစွာ တမ်းတလိုက်မိသည်။ သူသည် ဝဲထဲသို့၀င်၍ ကျောက်စစ်တော်ကြီးအရှေ့တွင် ပေါ်လာ၏။ ၎င်းက လောလောဆယ်တွင် အိပ်နေသော်လည်း သူပေါ်လာသည်နှင့်တစ်ပြိုင်နက် ၎င်း၏အရှိန်အဝါသည် နိုးထလာပြီး မျက်လုံးများကို ဖြည်းညင်းစွာ ဖွင့်လိုက်လေသည်။ ၎င်းထရပ်လိုက်သည့်အခါ တစ်၀က်တစ်ပျက်တာအိုကျင့်ကြံခြင်းအခြေခံစွမ်းအားများ ထွက်ပေါ်လာသဖြင့် တဝုန်းဝုန်း မြည်သံများ ပဲ့တင်ထပ်လာ၏။
၎င်းမှာ ဤတစ်ချိန်လုံး မန်ဟို ၎င်းကို လာခေါ်မည်ကို စောင့်စားနေခဲ့ရသည်။
နောက်ဆုံးတော့ ထိုနေ့ရက်ကား ရောက်လာခဲ့ချေပြီ။
"ငါ မင်းကို ခေါ်သွားမယ်" မန်ဟိုက ပြောသည်။ "မင်း ငါနဲ့အတူ ထာ၀ရတစ်လျှောက်လုံး ရှိနေစေရမယ်" သူက လက်ကို ဖြည်းညင်းစွာ မြှောက်၍ ကျောက်စစ်သည်တော်ကြီးကို ပုတ်လိုက်သည်။ ၎င်း၏အရှိန်အဝါက မွေးစားဖေဖေခဲ၏ အမှတ်တရများကို သူ့ခေါင်းထဲတွင် ဝဲကဲ့သို့ ရစ်ဝဲလာစေသည်။
"ဟိုးအပြင်က တစ်နေရာမှာ ကျောက်စစ်သည်တော်နောက်တစ်ဦးလည်း ရှိတယ်။ ငါ သူ့ကိုလည်း သွားခေါ်မယ်" သူက အသက်ပြင်းပြင်းရှူပြီးနောက် လက်ကို ဝှေ့ယမ်းလိုက်သည်။ ကျောက်စစ်သည်တော်ကြီးသည် သူ ပါရာဂွန်ပင်လယ်အိပ်မက်ထံမှ ရရှိခဲ့သော အင်မော်တယ်အပျက်အစီးများနယ်အစိတ်အပိုင်းထဲသို့ ပျံ၀င်သွားသည့် အလင်းတန်းအသွင် ပြောင်းသွားလေ၏။
ကျောက်စစ်သည်တော်ကြီးသည် အင်မော်တယ်အပျက်အစီးများနယ်နှင့် ခွဲမရအောင် တစ်သားတည်းဖြစ်ခဲ့သော်လည်း အင်မော်တယ်အပျက်အစီးများမြေနှင့်မဟုတ်ဘဲ ထိုမြေ၏စွမ်းအားဖြင့် ဆက်စပ်နေခဲ့ခြင်းဖြစ်သည်။ ၎င်း ဖန်မျိုးနွယ်ဘိုးဘေးမြေမှ ထွက်မသွားနိုင်သည့် အကြောင်းအရင်းတစ်ခုလုံးကလည်း ထိုစွမ်းအားမရှိလျှင် သေရမည့်အတွက်ကြောင့်ပင်။
ယင်းက မန်ဟို ပါရာဂွန်ပင်လယ်အိပ်မက်ဆီမှ အင်မော်တယ်အပျက်အစီးများနယ်အစိတ်အပိုင်းတစ်ခု တောင်းခဲ့သည့် အဓိကအကြောင်းအရင်း ဖြစ်၏။ ထိုတောင်းခံမှုက ကျောက်စစ်သည်တော်ကြီးအတွက် ဖြစ်ခဲ့လေသည်။ ကျောက်စစ်တော်ကြီး သူ၏ကိုယ်ပိုင် အင်မော်တယ်အပျက်အစီးများနယ်အစိတ်အပိုင်းထဲသို့ ၀င်သွားသောအခါ မန်ဟို၏နှလုံးသားမှာ စိုးရိမ်မှုများဖြင် တုန်ရီလာ၏။ သူ၏အတွေးမှာ ခန့်မှန်းချက်သာ ဖြစ်ခဲ့သည်မဟုတ်ပါလော။ သို့သော် ကျောက်စစ်တော်ကြီးနှင် ဓာတ်မတည့်လက္ခဏာများမပြကြောင်း မြင်လျှင် သူ့ရင်ထဲမှ အလုံးကြီးကျသွားတော့သည်။
"အခုကစပြီး ငါတို့တွေ တောင်ပင်လယ်လောကတစ်ခွင် ခြေဆန့်ကြမယ်" ထို့နောက် သူသည် အဝေးရှိ ဂူသင်္ချိုင်းရှိရာသို့ လှမ်းကြည့်လိုက်စဉ် မျက်လုံးများလင်းလက်သွားပြီး ဦးညွှတ်အရိုအသေပေးလိုက်၏။ သူ ထွက်သွားတော့မည့်အချိန်မှာပင် ပထမမျိုးဆက်ခေါင်းဆောင်ကြီး၏ ရှေးဆန်သောအသံက သူ၏စိတ်ထဲတွင် ပဲ့တင်ထပ်လာသည်။
"သခင်လီရဲ့ အမွေအနှစ်က တစ်ခါတုန်းက တောင်ကောင်းကင်ဂြိုဟ်မှာ ရှိခဲ့ဖူးတယ်။ နောက်ပိုင်း အဲ့ဒါက အရှေ့အောင်ပွဲဂြိုဟ်ဆီ ရောက်တယ်။ အခုတော့ အဋ္ဌမတောင်ပင်လယ်မှာ ..." အသံပဲ့တင်ထွက်နေစဉ် ကျောက်စိမ်းပြားတစ်ပြားက ရှေးဂူသင်္ချိုင်းထဲမှ ပျံထွက်လာပြီး မန်ဟို့အရှေ့သို့ ရောက်လာသည်။ မန်ဟိုက ၎င်းကို လှမ်းယူလိုက်၏။
"ဒီကျောက်စိမ်းပြားက သခင်လီအမွေအနှစ်ရဲ့ လက်ရှိတည်နေရာကို ဖော်ပြနေတယ်။ အဲ့ဒါနဲ့ဆိုရင် မင်း အမွေကို ခြေရာခံနိုင်လိမ့်မယ်
"အမွေအနှစ်က အစတုန်းက တာအိုနယ်ပယ်အဆင့်အတွက်ပဲ ရည်ရွယ်ထားတာ။ ဒါပေမဲ့ မင်းရဲ့ လက်ရှိကျင့်ကြံခြင်းအခြေခံကို စဉ်းစားရင် မင်းအနေနဲ့ အဲ့ဒါကိုရှာပြီး အမွေအနှစ်ကို ယူနိုင်တယ်။ အမွေအနှစ်က မင်းကို အကူအညီအများကြီးဖြစ်စေလိမ့်မယ်" ပထမမျိုးဆက်ခေါင်းဆောင်ကြီး စကားပြောလေလေ၊ သူ့အသံမှာ တိုးညှင်းလာလေလေဖြစ်သည်။
မန်ဟိုသည် ကျောက်စိမ်းပြားထဲသို့ နတ်ဘုရားအာရုံတစ်ချို့ပို့လွှတ်လိုက်ရာ ချက်ချင်းပင် ကြယ်တာရာကောင်းကင်ကိုဖြတ်၍ သူ့ကို ခေါ်နေသော အရာတစ်ခုကို ခံစားလိုက်ရ၏။ ၎င်းက အားနည်းနေသော်လည်း သူ ထွက်သွားလျှင် ထိုခေါ်သံ၏အရင်းအမြစ်ကို ရှာဖွေနိုင်မည်ဟု သေချာလေသည်။
ထူးဆန်းသည်ကား သခင်လီ၏အမွေအနှစ် တည်ရှိရာမှာ န၀မတောင်ပင်လယ်တွင် တသမတ်တည်း ရှိမနေဘဲ ရွေ့နေသည်...။
"တောင်ကောင်းကင်ဂြိုဟ်၊ အရှေ့အောင်ပွဲဂြိုဟ်၊ အဋ္ဌမတောင် ....." မန်ဟိုသည် ရုတ်တရက် ရယ်စရာကောင်းသောအချက်ကို စဉ်းစားမိလိုက်သဖြင့် မျက်လုံးများ ဝိုင်းစက်ပြူးကျယ်သွားတော့၏။
"မဖြစ်နိုင်တာ ....." သူက ရေရွတ်လိုက်သည်။
ထိုစဉ် အဋ္ဌမတောင်ပင်လယ်၏ ကြယ်တာရာကောင်းကင်ထဲတွင် ဧရာမလိပ်ကြီးတစ်ကောင်သည် ကိုယ်ရံတော်များဖြစ်ဟန်တူသော ဗလတောင့်တောင့် ကျင့်ကြံသူရာပေါင်းများစွာဖြင့် ခြံရံလျက် သီချင်းလေးတညည်းညည်းဖြင့် ပျော်ပျော်ရွှင်ရွှင် ပျံသန်းလျက်ရှိ၏။
ကျင့်ကြံသူများက လိပ်ကြီးနှင့်အတူ ပျံသန်းနေစဉ် အသံကျယ်ကျယ်များဖြင့် ဟစ်ကြွေးနေကြသည်။
"ဂိုဏ်းချုပ်နာမည်က ဘာလဲ ... မှီခိုရာ မှီခိုရာ
“ဂိုဏ်းချုပ်က ဘုန်းတန်ခိုးကြီးလား... ဘုန်းကြီးပါသည်၊ တန်ခိုးကြီးပါသည်
သူတို့၏စည်းချက်ညီညီ ဟစ်ကြွေးသံများက လှိုင်းများသဖွယ် အရပ်လေးမျက်နှာသို့ ဖြာထွက်နေ၏။ ထိုလှိုင်းများကို ဆုံတွေ့သောအခါ မည်သည့်ကျင့်ကြံသူမဆို မှင်သက်သွားရလေသည်။
မှန်ပါသည်။ ဤလိပ်ကြီးကား ယခုတွင် ငှက်တစ်ကောင်လို လွတ်လပ်နေသော မှီခိုရာဂိုဏ်းချုပ်မှတစ်ပါး အခြားမဟုတ်ပေ။ သူက ဂုဏ်ယူစွာဖြင့် နှုတ်ခမ်းပါးနားကို သပ်ပြီး အလွန်တရာစိတ်အေးလက်အေးဖြစ်နေဟန်ရှိသည်။
"အဋ္ဌမတောင်က နဝမတောင်ထက် အများကြီးပိုကောင်းတယ်။ ငါ ဘယ်နေရာကိုကြည့်လိုက်ကြည့်လိုက် မန်ဟိုဆိုတာ မရှိဘူး။ သူမရှိရင် အရာအားလုံးအေးချမ်းတယ်" မှီခိုရာဂိုဏ်းချုပ်သည် န၀မတောင်မှ ထွက်ပြေးလာဖို့ စဉ်းစားခဲ့သည့် ဆုံးဖြတ်ချက်ထက်ပို၍ မှန်သောအရာမရှိဟု တွေးရင်း ခံစားချက်များဖြင့် သက်ပြင်းချလိုက်လေသည်။
"အဲ့ဒီခွေးသူတောင်းစားလေးမန်ဟိုက ငါ န၀မတောင်ပင်လယ်မှာ မရှိတော့ဘူးလို့ သူ့ရဲ့ အဆိုးဆုံးအိပ်မက်တွေထဲမှာတောင် မက်မိမှာမဟုတ်ဘူး။ နောက်ဆုံးတော့ အဋ္ဌမတောင်ပင်လယ်မှာ အေးအေးဆေးဆေး လွတ်လွတ်လပ်လပ် နေနိုင်ပြီ" မှီခိုရာဂိုဏ်းချုပ်သည် အင်မတန်မှ ဂုဏ်ယူနေပြီး ဟစ်ကြွေးနေသောကျင့်ကြံသူများကို ကြည့်ရင်း သဘောကျနေလေသည်။ သို့သော် ဤအခိုက်အတန့်တွင် သူ့မှာ ရုတ်တရက်ဆိုသလို ကြက်သီးထသွား၏။
"အီး ဘာဖြစ်နေတာတုန်း။ ဘာလို့ ရုတ်တရက်ကြီး ကြက်သီးတွေထလာတာတုန်း" ထူးဆန်းသောအမူအရာက မှီခိုရာဂိုဏ်းချုပ်၏မျက်နှာပေါ်တွင် တခဏပေါ်လာသော်လည်း သူက သိပ်စဉ်းစားမနေဘဲ သူ့လမ်းသူ ဆက်သွားလိုက်သည်။
နဝမတောင်ပင်လယ်တွင် မန်ဟိုသည် ညစ်ကျယ်ကျယ်မျက်နှာပေးဖြင့် ကျောက်စိမ်းပြားကို သိမ်းလိုက်၏။ သူက ခေါင်းထဲတွင် အတွေးများစွာ ဖြတ်ပြေးနေလျက် ပထမမျိုးဆက်ခေါင်းဆောင်ကြီးကို လက်ယှက်အရိုအသေပေးပြီးနောက် ဘိုးဘေးမြေမှ ထွက်ခွာ၍ နေရာရွှေ့ပြောင်းခြင်းမုခ်ဝသို့ ဦးတည်လိုက်သည်။
လမ်းဝက်ရောက်သည့်အခါ သူ လှည့်ကြည့်လိုက်ရာတွင် အနီးနားရှိ တောင်ထိပ်ပေါ်၌ တင်ပျဉ်ခွေထိုင်နေသော အနက်ရောင်အဝတ်အစားများနှင့် ကျင့်ကြံသူတစ်ယောက်ကို လှမ်းမြင်လိုက်၏။
ယခင်က ဤကျင့်ကြံသူသည် ဖြူဆွတ်သောဝတ်ရုံကို ဝတ်ဆင်တတ်သော်လည်း နောက်ပိုင်း မျိုးနွယ်စု၏ ‘အရိပ်’ ဖြစ်လာခဲ့သည့်အတွက် ထိုအချိန်မှစပြီး သူသည် အမှောင်ထုထဲ၌သာ ထာဝရရှိနေတော့မည့်အလား မဟူရာညအမှောင်ကဲ့သို့ နက်မှောင်သောအဝတ်အစားများကို ဝတ်ဆင်တော့သည်။
ထိုလူကား ဖန်ဝေပင်။
ဤနေရာသည် နေရာရွှေ့ပြောင်းခြင်းမုခ်ဝသို့ သွားလျှင် မဖြစ်မနေဖြတ်သွားရသည့်နေရာ ဖြစ်၏။ ထို့ကြောင့် ဖန်ဝေက မန်ဟို့ကို စောင့်နေခဲ့လေသည်။
သူတို့နှစ်ယောက်အကြည့်ချင်း ဆုံသွားပြီး တစ်ယောက်မှ စကားတစ်ခွန်းမပြောကြပေ။ တခဏကြာသော် မန်ဟိုက ပြုံးလိုက်သည်။
“မင်းနာမည်ရဲ့အဓိပ္ပါယ်က ဘာလဲ ဖန်ဝေ”
ဖန်ဝေ့တစ်ကိုယ်လုံး မဆိုစလောက် တုန်ရီသွားသည်။ မန်ဟို့မေးခွန်းက အမှတ်တရများစွာကို ပြန်တူးဖော်ပေးလိုက်သည်။ ဖန်ဝေသည် တောက်ပနေသောမျက်ဝန်းများ၊ တိုးညှင်းသောအသံ၊ ခိုင်မာပြတ်သားမှုအပြည့်ဖြင့် ပြန်ဖြေ၏။ “ငါ ဖန်မျိုးနွယ်စုကို ကာကွယ်ပေးမယ်လို့ ဆိုလိုတယ်”
မန်ဟိုက လက်ချောင်းကို လှုပ်ရှားလိုက်ကာ ဖန်ဝေအား ထပ်မံတုန်ရီသွားစေသသည်။ ရုတ်တရက် ဖန်ဝေ့ကိုယ်မှ မိုးပြာရောင်အလင်းတို့ ဖြာထွက်လာ၏။
ဤသည်မှာ လောကပါလအင်မော်တယ်အလင်းရောင်ဖြစ်သည်။ သူ့ကိုယ်ထဲရှိ လောကပါလသစ်စေ့သည် ကျင့်ကြံခြင်းအခြေခံကို အဆင့်တက်ခါနီးဆဲဆဲဖြစ်သည်အထိ တွန်းပို့ပေးရင်း နိုးထလာခဲ့လေပြီ။
မန်ဟို့မျက်နှာမှာ အတန်ငယ်ဖျော့တော့သွားသည်။ သူက ပြုံးရင်း ဖန်ဝေ့ဘေးမှ ဖြတ်ကာ နေရာရွှေ့ပြောင်းခြင်းမုခ်ဝဆီ ပျံသန်းသွား၏။
ဖန်ဝေသည် ကျင့်ကြံခြင်းအခြေခံ လှုပ်ရှားနေမှုနှင့် သူ့ကိုယ်တွင်းရှိ လောကပါလအင်မော်တယ်တန်ခိုးကို ခံစားလိုက်ရသဖြင့် သူ့မျက်နှာပေါ်တွင် တွေဝေရှုပ်ထွေးနေသောအမူအရာတစ်ခု ပေါ်လာသည်။ မန်ဟို သူ့လမ်းသူ ဆက်သွားရင်း ပျောက်ကွယ်မသွားခင် ဖန်ဝေက အော်ပြောလိုက်သည်။ “မန်ဟို ငါ မင်းပြန်လာမှာကို စောင့်နေမယ်။ ပြီးရင် ငါတို့နှစ်ယောက် တိုက်ခိုက်ကြမယ်”
“ဟုတ်ပြီ” ပဲ့တင်ထပ်လာသောအဖြေ ဖြစ်သည်။ ထို့နောက် မန်ဟိုသည် နေရာရွှေ့ပြောင်းခြင်မုခ်ဝထဲသို့ ဖျတ်ခနဲ ဝင်ကာ ပျောက်ကွယ်သွား၏။
“ဒါကြောင့်” ဖန်ဝေက ခပ်တိုးတိုး ပြောနေသည်။ “မင်း ဘယ်လိုအန္တရာယ်တွေကိုပဲ ကြုံတွေ့ကြုံတွေ့ ဘေးမသီရန်မခပြန်လာနိုင်အောင် ကြိုးစားပါ” သူက ထရပ်၍ သူ၏မျိုးနွယ်စုအတွက် အရာရာတိုင်းကို စွန့်လွှတ်စတေးမည့် မယိုင်လဲသော ဆုံးဖြတ်ချက်ဖြင့် မျက်လုံးများ ဝင်းလက်နေလျက် ဆေးနတ်ဂိုဏ်းသို့ ပြန်သွားတော့သည်။
မန်ဟိုသည် နဝမတောင်ပင်လယ်၏ ကြယ်တာရာကောင်းကင်တစ်နေရာရှိ ဂြိုဟ်သိမ်ကွင်းတစ်ခုအပေါ်က လင်းလက်နေသော နေရာရွှေ့ပြောင်းခြင်းမုခ်ဝအပြင်သို့ ထွက်လာ၏။ သူက သိုလှောင်အိတ်ကို ပုတ်ရင်း အကြွေးစာချုပ်အထပ်လိုက်ကြီးအား ထုတ်လိုက်လေသည်။
“ကဲ ဘယ်သူ့ဆီက အရင်ဆုံး အကြွေးတောင်းရမလဲ ။ အာ ထားလိုက်တော့၊ ငါ့မှာ အကြွေးစာချုပ်တွေအများကြီးရှိနေမှတော့ ဒီတိုင်းပဲ ကြုံရာကျပန်းရွေးလိုက်မယ်” စိတ်ပိုင်းဖြတ်ပြီးနောက် သူက ကြုံရာကျပန်းစာချုပ်တစ်ခုကို ရွေးလိုက်ပြီး ကြည့်လိုက်သည်။
“ထိုက်ယန်ကျစ်” သူက ပြုံးတုံးတုံးဖြင့် ပြော၏။ “မဆိုးဘူး မဆိုးဘူး ။ သူ့ ငါ့အပေါ် ဝိညာဉ်ကျောက်တုံးအတော်များများ အကြွေးတင်နေတယ်” မျှော်လင့်ချက်များအပြည့်ဖြင့် သူသည် အကြွေးစာချုပ်ကို ဆုပ်ကိုင်၍ နေသူရိန်တောင်အထွတ်အမြတ်မြေသို့ ဦးတည်နေသော နေရာရွှေ့ပြောင်းခြင်းမုခ်ဝထံသို့ ရွေ့လျားလိုက်၏။ နေရာရွှေ့ပြောင်းခြင်းမုခ်ဝကို စောင့်ကြပ်နေသောဂိုဏ်းသားများက မန်ဟို့ကို မြင်လျှင် မျက်နှာများတစ်မျိုးတမည်ဖြစ်ကုန်ကြသည်။
မန်ဟိုက သူတို့ကို လျစ်လျူရှု၍ နေရာရွှေ့ပြောင်းခြင်းမုခ်ဝထဲ ဝင်လိုက်ရာ နေရာရွှေ့ပြောင်းအလင်းရောင်ဖြင့် ဝန်းရံခံလိုက်ရလေသည်။
ပြန်ပေါ်လာသောအခါ ခြစ်ခြစ်တောက်ပူသော ကမ္ဘာတစ်ခု၏အရှေ့သို့ ရောက်သွားကြောင်း သူ တွေ့လိုက်ရသည်။ ၎င်းက သဲကန္တာရနှင့်တူပြီး ခေါင်းထက်တွင် မည်သည့်ကောင်းကင်မှ မရှိပေ။ ဤသည်မှာ သူ့နည်းသူ့ဟန်ဖြင့် ထူးခြားနေသော ကမ္ဘာတစ်ကမ္ဘာဖြစ်ပေသည်။
အထက်ဝေဟင်သည် မှောင်ပိန်းနေပြီး မြေပြင်များ ပက်ကြားအက်နေသည်။ အရပ်လေးမျက်နှာတွင် သွယ်တန်းနေသော တောင်တန်းများစွာကို မြင်ရသည်။ ၎င်းတို့အားလုံးက ချော်ရည်ပူများအား တစ်ပြိုင်တည်း ပန်းထုတ်တတ်သည်။ အမှန်တွင် မန်ဟိုသည် ရောက်ရောက်ချင်း တောင်တန်းများ အငွေ့တလူလူထွက်နေပြီး ဥက္ကာခဲများသဖွယ် အလင်းစက်ကွင်းများကို ထုတ်လွှတ်နေကြောင်း မြင်လိုက်ရ၏။
ဤနေရာသည် အထွတ်အမြတ်မြေငါးမြေမှ နေသူရိန်တောင်ဖြစ်သည်။ ဒဏ္ဍာရီများအရ ၎င်းသည် အင်မော်တယ်လောက၏နေလုံးကြီး ကောင်းကင်မှ ကျလာသောအခါ ဝင်တိုက်လိုက်မှုကြောင့် ကြေမွသွားခဲ့သော မြေပြင်များ၏အစိတ်အပိုင်းတစ်ခုဖြစ်သည်ဟု ဆိုကြ၏။ နေရာမှာ အလွန်တရာကြီးမားလှ၍ နေစွမ်းအင်များစွာကို တွေ့နိုင်လေသည်။ ထို့ကြောင့်ပင် ကြောက်မက်ဖွယ်မီးတောင်များ များပြားနေခြင်းလည်း ဖြစ်သည်။
ထိုကဲ့သို့ရေမြေအနေအထားကြောင့် ဤနေရာသည် ကျင့်ကြံအားထုတ်ဖို့အတွက် တမူထူးခြားသောနေရာတစ်နေရာဖြစ်လာ၏။ တစနှင့်တစ နေသူရိန်တောင်ဟူ၍ ခေါ်ဝေါ်လာကြပြီး နှစ်ပေါင်းများစွာကြာသောအခါ နဝမတောင်ပင်လယ်၏ အထွတ်အမြေငါးမြေအနက် တစ်ခုအပါအဝင်ဖြစ်လာခဲ့သည်။
နေသူရိန်တောင်သို့ ဝင်ချည်ထွက်ချည်ပြုနိုင်ဖို့ အမျိုးအစားကွဲပြားသော နေရာရွှေ့ပြောင်းခြင်းမုခ်ဝများရှိသည့်အပြင် အကုန်လုံးကို နေသူရိန်တောင်ဂိုဏ်းသားများမှ စောင့်ကြပ်ကြသည်။ မန်ဟိုပေါ်လာသည်နှင့် သူတို့အားလုံး သူ့ကို သတိထားမိလိုက်ကြ၏။
“အဲ့ဒါ မန်ဟိုမဟုတ်လား” နေရာရွှေ့ပြောင်းခြင်းမုခ်ဝပတ်ဝန်းကျင်ရှိ ဂိုဏ်းသားတစ်ရာကျော်မှာ မန်ဟို့ကို မျက်နှာအမူအရာအမျိုးမျိုးဖြင့် ကြည့်နေကြသည်။ သူ ဘာကြောင့် ဤနေရာသို့ ရောက်လာသလဲ သူတို့မသိသော်လည်း အထက်လူကြီးများဆီ သတင်းပို့ဖို့ ကျောက်စိမ်းပြားများအား ချက်ချင်းလက်ငင်း ဖိလိုက်ကြသည်။
မန်ဟိုက ချောင်းဟန့်ပြီးနောက် ရန်သူအကြီးကြီးပေါ်လာသည့်အလား ပျာယာခတ်နေသော နေသူရိန်တောင်ဂိုဏ်းသားများကို မျက်လုံးဝေ့ကြည့်လိုက်၏။ သူ့မှာ အတန်ငယ်ရှက်ရွံ့လာ၍ ရှက်ကိုးရှက်ကန်းပြုံးပြပြီးနောက် လည်ချောင်းရှင်းကာ အော်လိုက်သည်။ “ထိုက်ယန်ကျစ်ရေ မင်းအကြွေးရှင်လာတယ်။ အကြွေးပြန်ဆပ်တော့”
သူ့အသံသည် မိုးနှင့်မြေတွင်ပင် အရောင်အဝါများ ပြိုးပြက်သွားစေပြီး လေမုန်တိုင်းတစ်လုံး တိုက်ခတ်သွားစေရင်း မိုးခြိမ်းသံကြီးသဖွယ် ဟိန်းထွက်လာသည်။ အဆုံးမဲ့လှိုင်းများက ကမ္ဘာတစ်ခုလုံးကိုဖြတ်၍ လိမ့်ထွက်သွားသည်။
ပတ်ဝန်းကျင်ရှိ မီးတောင်တချို့မှာ တုန်ရီလာကြပြီးနောက် ပေါက်ကွဲကုန်ရာ အထက်ဝေဟင်တစ်ခုလုံး မည်းမှောင်သွား၏။ တစ်ကမ္ဘာလုံးရှိ လူတိုင်း မန်ဟို့အသံကို ကြားခဲ့ရလေသည်။
နေသူရိန်တောင်ဂိုဏ်းသားများမှာတော့ မျက်လုံးများပြူးလျက် ပါးစပ်အဟောင်းသား ဖြစ်နေကြသည်။ မရေမတွက်နိုင်သော ဂိုဏ်းသားများ မန်ဟို့အသံကြောင့် လန့်ဖျတ်သွားသဖြင့် နေသူရိန်တောင်တစ်တောင်လုံး ဆူညံပွက်လောရိုက်သွားတော့၏။