← Chapters

အကြွေးရှင်လာတယ်

Vol. 86 Ch. 1197

အကြွေးရှင်လာတယ်

Vol. 86 Ch. 1197

“ထိုက်ယန်ကျစ် မင်းအကြွေးရှင်လာတယ်၊ အကြွေးပြန်ဆပ်တော့”

“...မင်းအကြွေးရှင်လာတယ် ၊ အကြွေးပြန်ဆပ်တော့”

“.... အကြွေးပြန်ဆပ်တော့”

နေသူရိန်တောင်ကမ္ဘာထဲတွင် မရေမတွက်နိုင်သော မန်ဟိုများ တစ်ပြိုင်တည်း အော်နေသည့်အလား ဖြစ်နေသည်။ တောင်များ တုန်ရီ၍ မြေငလျင်များ လှုပ်ခတ်နေသည်။ ကျင့်ကြံသူပေါင်းများစွာသည် အံ့အားသင့်နေကြ၏။

အံ့အားသင့်စရာအကောင်းဆုံးက သူ ပြောလိုက်သော စကားများပင်....

ချက်ချင်းဆိုသလို နေသူရိန်တောင်ကမ္ဘာထဲအတွင်းပိုင်းထဲရှိ တောင်တစ်လုံးမှ ကျင့်ကြံသူရာပေါင်းများစွာ ဒေါကြီးမောကြီး ပျံသန်းလာကြသည်။

“အကြွေးလာသိမ်းတာတဲ့လား”

“ဘယ်ကောင်က ရာရာစစ နေသူရိန်တောင်မှာ အော်ကြီးဟစ်ကျယ်ပြောရဲတာလဲ”

“ရဲတင်းလိုက်တာ”

ဂိုဏ်းသားအားလုံး မန်ဟိုရှိရာသို့ ဦးတည်လာကြသည်။ သို့သော် သူတို့ လမ်းတစ်ဝက်ပင် မရောက်ခင် ကျင့်ကြံသူတစ်ယောက်ပြီးတစ်ယောက် သူ့ကို မှတ်မိသွားပြီး မျက်နှာပျက်ကုန်ကြသည်။

“မန်ဟို ... လခွမ်း ၊ တကယ်ပဲ သူဟ၊ လောဘကြီးတဲ့ ချစ်တီးကောင်မန်ဟို”

“မန်ဟိုက မိုးတိမ်ဂုရကြီးကိုတောင် သတ်နိုင်ခဲ့တဲ့အပြင် လူတွေ သူ့အပေါ် အကြွေးတင်အောင် လုပ်နိုင်တဲ့ ပေါက်တတ်ကရတာအိုမှော်အတတ်လည်း ပိုင်ဆိုင်ထားတယ်။ သူ့ကို ရန်စမှာထက် အသေခံလိုက်တာကမှ ပိုကောင်းဦးမယ်”

“အဟမ်း မန်ဟိုသာ မဟုတ်လို့ကတော့ ...  ကဲ နားလည်မှုသွားတာပါ၊ နားလည်မှုလွဲတာပါ....” တစ်အုပ်စုလုံး ချက်ချင်း ချာခနဲ လှည့်ပြန်သွားတော့သည်။

သူတို့သည် မန်ဟို့ကို သိ၍ မန်ဟို မည်ကဲ့သို့လူမျိုးဖြစ်ကြောင်းလည်း သိသည်။ သူက ထိုက်ယန်ကျစ်ဘက်မှ သူတို့တစ်ယောက်မှ မရပ်တည်ပေးချင်လောက်အောင် ကြောက်စရာကောင်းသောပုဂ္ဂိုလ်တစ်ဦးပင်။

အမှန်တွင် မန်ဟိုကိုယ်တိုင်ပင် နဝမတောင်ပင်လယ်၌ သူ မည်မျှ နာမည်ကြီးလာခဲ့သလဲ မသိပေ။ ကျင့်ကြံသူအားလုံးနီးပါး သူ့အကြောင်း သိ၍ အတတ်နိုင်ဆုံး သူ့ကို ရှောင်ကြသည်။ သူနှင့် သွားရှုပ်သူတိုင်း ... မွဲပြာကျသွားတတ်သည်ကို မည်သူမဆို သိကြလေသည်။

မန်ဟို့အသံများက နေသူရိန်တောင်အတွင်း၌ တုံ့ပြန်လူးလာပဲ့တင်ထပ်နေသည်။ မကြာမီ နေသူရိန်တောင်၏ ရှေးအကျဆုံးမီးတောင်များမှ အကြီးအကဲများနှင့် ခေါင်းဆောင်ကြီးများပင်လျှင် မျက်လုံးဖွင့်၍ မနှစ်မြို့သော အေးစက်စက်အကြည့်များကို ဖော်ပြလိုက်ကြ၏။ ဤလူများသည် လွန်စွာအဆင့်အတန်းမြင့်မားသည်သာမက နှစ်ပေါင်းများစွာ အသက်ရှင်နေထိုင်ခဲ့သူဖျားဖြစ်ကြသည်။ သို့ဖြစ်ရာ မန်ဟို့လိုကောင်လေးတစ်ယောက်ကို အသိအမှတ်မပြုကြပေ။

ထိုစဉ် .... နေသူရိန်တောင်အတွင်းပိုင်းထဲရှိ ဧရာမမီးတောင်ကြီးတစ်လုံး၏ အခြေတွင် လူငယ်တစ်ယောက် တင်ပျဉ်ခွေထိုင်နေသည်။ သူသည် ခါးအထက်မှစ၍ အဝတ်ကင်းမဲ့နေပြီး အသားအားလုံး နဲရီတောက်လျက်ရှိ၏။ ကြောက်ခမန်းလိလိစွမ်းအားတည်ရှိကြောင်း ထင်ရှားပေသည်။ ဖောင်းကြွနေသော သွေးကြောပြာပြာကြီးများက သူ့အရေပြားတစ်လျှောက် နဂါးများသဖွယ် ကွေ့ကောက်ပျံ့နှံ့နေရာ သူ့ကိုယ်အတွင်း၌ ပေါက်ကွဲတော့မည့်အားကြီးတစ်ရပ် စုဝေးနေသယောင် ထင်ရသည်။

လူငယ်၏နဖူးပေါ်တွင် နေသဏ္ဌာန် အမှတ်တစ်မှတ်အား မြင်ရနိုင်သည်။

ဤလူငယ်ကား ... ထိုက်ယန်ကျစ်မှတစ်ပါး အခြားမဟုတ်ပေ။

သူသည် အထွတ်အမြတ်မြေနေသူရိန်တောင်၏ ရှည်လျားသော သမိုင်းကြောင်းတစ်လျှောက် ပေါ်ထွန်းလာခဲ့ဖူးသည့် ရွေးချယ်ခံများစွာအနက်မှ တစ်ယောက်သာ ဖြစ်၏။ သို့ထိတိုင် သူ၏မွေးရာပါပါရမီက သူ့အရှေ့တွင် ပေါ်ထွန်းခဲ့သောကျင့်ကြံသူများထက်ပင် ထက်သန်သည်။ ကျင့်ကြံခြင်းအရ သူကား ကျင့်ကြံသူများအတွက် ကန့်သတ်ထားမှုအားလုံးကို ချိုးဖျက်ခဲ့ပြီးလေပြီ။ သူသည် ယခုတွင် အင်မော်တယ်နယ်ပယ်၏အထွတ်အထပ်ဖြစ်သော်လည်း အမှန်အားဖြင့် ရှေးဟောင်းနယ်ပယ် အလတ်အလတ်အဆင့်ကျင့်ကြံသူတစ်ယောက်နှင့် အလွယ်တကူ တိုက်ခိုက်နိုင်၏။

ထိုကဲ့သို့ အင်မော်တယ်များကား နဝမတောင်ပင်လယ်တွင် ဒိဋ္ဌရှားပါးလေသည်။

ထိုက်ယန်ကျစ်၏မျက်လုံးများ ဖျတ်ခနဲ ပွင့်လာစဉ် သူ၏မီးတောင်သည်လည်း ထိုနည်းတူ တုံ့ပြန်မှုရှိသည်။

"မန်ဟို" သူက ဒေါသတကြီး အံကြိတ်လိုက်၏။ မန်ဟိုသည် နေသူရိန်တောင်သို့ လူကိုယ်တိုင်ရောက်လာပြီး ယခုလိုစကားမျိုးပြောလိမ့်မည်ဟု သူတစ်ခါမှ မထင်ထားခဲ့ပေ။

အိမ်သို့ ရောက်ချလာပြီး အကြွေးပေါ်တင်တောင်းနေသည့် အပြုအမူက ထိုက်ယန်ကျစ်မျက်နှာကို အိုးမည်းသုတ်လိုက်သည်နှင့်တူသည်။ အထူးသဖြင့် သူ့မှာ မန်ဟို့အပေါ် မည်သည့်အကြွေးမှ တင်မနေသည်ကို ထည့်တွက်လိုက်လျှင်ပင်။ အကြွေးမတင့်တင်အောင် ဖိအားပေးခံခဲ့ရခြင်းဖြစ်သည်။ မှန်ပါသည်။ သူ့အနေဖြင့် မန်ဟို့ကို အနိုင်မယူနိုင်သည့်အတွက် သည်းခံရုံမှတစ်ပါး အခြားမရှိခဲ့ပေ။ သို့သော် ယခုတော့ အံ့ဩဖွယ်ကောင်းစွာနှင့် မန်ဟိုက‌ အကြွေးတောင်းရန် နေသူရိန်တောင်ကို ကိုယ်တိုင်ရောက်ချလာခဲ့လေပြီ။

ထိုက်ယန်ကျစ်က ခေါင်းနောက်လှန်၍ ဟိန်းဟောက်လိုက်သည်။ သူ၏ကျင့်ကြံခြင်းအခြေခံက စွမ်းအားတို့ဖြင့် လှုပ်ရှားလာပြီး သူက မန်ဟို့လို ဟိန်းထွက်နေသော အသံကြီးဖြင့် အော်ဟစ်ရင်း မီးတောင်ထဲမှ ထွက်၍ ကောင်းကင်ထက်သို့ ပျံတက်သွားသည်။ "မန်ဟို မင်း တရားလွန်လာပြီ"

နေရာရွှေ့ပြောင်းခြင်းမုခ်၀အပြင်နားရှိ နေရာမှနေ၍ မန်ဟိုသည် ထိုက်ယန်ကျစ်အသံကို ကြားလိုက်သော်အခါ မျက်နှာ၀င်းပသွား၏။ သူ အကြောက်ဆုံးမှာ အကြွေးလာတောင်းသည့်အချိန် အိမ်၌ မည်သူမှ ရှိမနေမည်ကိုပင်။ ယခုတော့ ထိုက်ယန်ကျစ် အိမ်တွင်ရှိနေပြီဖြစ်ကြောင်း သိလိုက်ရရာ သူ့မှာ ကံကောင်းသည်ဟု တွေးလိုက်မိတော့သည်။

သူက အားပါးတရရယ်ရင်း ရှေ့တစ်လှမ်းတက်ကာ ထိုက်ယန်ကျစ်ထံသို့ လေကိုခွင်းသွားသည့် အလင်းတန်းတစ်တန်းအသွင် ပြောင်းသွားသည်။ သို့သော် သူ အနားရောက်တော့မည့်အချိန်မှာပင် အနီးရှိ တောင်တစ်လုံးမှ အေးစက်စက် နှာမှုတ်သံတစ်သံထွက်လာပြီး ဧရာမလက်ကြီးသည် မန်ဟို့ကို လှမ်းဖမ်းရန် ပြင်လိုက်၏။

"ရပ်လိုက်စမ်း ကောင်လေး။ အခုချက်ချင်း အောက်ဆင်းစမ်း" နှာမှုတ်သံက ပဲ့တင်ထပ်လာပြီး ဧရာမလက်ကြီးက မန်ဟို့ကို ဖိနှိပ်ရန်ပြင်ရင်း ကောင်းကင်တစ်ခုလုံး ဖုံးလွှမ်းသွားသည်။ လက်ကြီးသည် အရာအားလုံးကို တွန့်လိမ်ရှုံ့တွနေစေရင်း ပတ်၀န်းကျင်ပေါ်ရှိ သဘာ၀နိယာမများအပေါ် လွှမ်းမိုးနိုင်သည့်ပုံပေါ်သည်။

မန်ဟို့မျက်ဝန်းများက အေးစက်စက်‌ တောက်ပသွားသည်။ သူက နောက်ဆုတ်မည့်အစား လက်ကြီးကို တိုက်ရိုက်ဖောက်ထွက်လိုက်ရာ တဝုန်းဝုန်း မြည်သံများ ပဲ့တင်ထပ်သွား၏။ လက်ကြီးက ပြိုကွဲသွားပြီး မန်ဟိုက ပွန်းပဲ့ရာပင် မရှိဘဲ လေတွင်ပျံဝဲလျက် ကျန်ခဲ့သည်။

"ကျုပ်ကို အောက်ဆင်းခိုင်းချင်တယ်ပေါ့လေ။ ခင်ဗျားပဲ အပေါ် တက်လာလိုက်ပါလား" သူက ညာလက်ကို ဆန့်တန်းလိုက်ပြီး အောက်ရှိမီးတောင်ထံသို့ ဖမ်းဆုပ်သည့် လှုပ်ရှားမှု လုပ်လိုက်သည်။

မြေငလျင်များ လှုပ်ခတ်သွားပြီး မီးတောင်များ တဝုန်းဝုန်း တုန်ခါနေစဉ် အရိပ်တစ်ခုသည် လေပေါ်သို့ ဆွဲမြှောက်ခံလိုက်ရ၏။ ၎င်းသည် မန်ဟို့ကို စိမ်းစိမ်းဝါးဝါး စိုက်ကြည့်ရင်း အံ့အားသင့်နေသော ရှေးဟောင်းနယ်ပယ်မဟာစက်၀န်းအဆင့် ကျင့်ကြံသူတစ်ဦးဖြစ်သည်။  ထိုစဉ် ပတ်ပတ်လည်ရှိ တောင်များထံမှ အေးစက်စက် နှာမှုတ်သံများစွာအား ကြားလိုက်ရ၏။ ရှေးဟောင်းနယ်ပယ် မဟာစက်၀န်းရှိ နောက်ထပ်အဘိုးကြီးလေးယောက်ပေါ်လာ၏။ သူတို့က မန်ဟို့ကို ဖမ်းရန် ပျံထွက်လာကြသည်။

“ပေါင်းတိုက်တယ်ပေါ့လေ" မန်ဟိုက အေးစက်စက် ပြောလိုက်ရင်း ညာလက်ကို ခါရမ်းလိုက်ကာ သူ့သိုလှောင်အိတ်ထဲမှ ကျောက်စစ်သည်တော်ကြီးအား ထွက်လာစေသည်။ ၎င်းက ချက်ချင်း အရွယ်အစားကြီးမားလာပြီး မဟာဓားကြီးကို ပိုင်းချ၍ မီးတောင်တစ်လုံးကို ဖျက်ဆီးလိုက်၏။ ဓားကြီးက မြေကြီးထဲသို့ ထိုးစိုက်သွားရာ မြေပြင်တစ်ခုလုံး သိမ့်သိမ့်ခါ လှုပ်ရမ်းလာတော့သည်။

ရှေးဟောင်းနယ်ပယ်နေသူရိန်အကြီးအကဲများသည် ကျောက်စစ်သည်တော်ကြီး၏တိုက်ကွက် မည်မျှအစွမ်းထက်သလဲ ခံစားရပြီးနောက် မျက်စိမျက်နှာပျက်လျက် ချက်ချင်း နောက်ဆုတ်သွားကြ၏။ သို့ထိတိုင် သူတို့ပါးစပ်မှ သွေးများ ပန်းထွက်သွားပြီး အံ့အားသင့်နေသော အမူအရာများက သူတို့၏မျက်နှာများပေါ်တွင် ပေါ်လာသည်။

"တစ်၀က်တစ်ပျက်တာအို"

"အဲ့ဒါက ဖန်မျိုးနွယ်စုရဲ့ ဘိုးဘေးမြေက အစောင့်အရှောက်လေ။ သူက ကျီမျိုးနွယ်စု အရှေ့အောင်ပွဲဂြိုဟ်ကို ကျူးကျော်ခဲ့တုန်းက တိုက်ပွဲ၀င်ခဲ့တာ"

သူတို့ နောက်ဆုတ်လိုက်စဉ် ‌ကျောက်စစ်‌သည်တော်ကြီးက စွမ်းအားလှိုင်းများ တဟုန်းဟုန်းတောက်လျက် ဘေးဘီဝဲယာကိုကြည့်လိုက်သည်။ တဝုန်းဝုန်းမြည်သံများ ပဲ့တင်ထပ်နေပြီး လေပြင်းတစ်ချက်က ကျောက်စစ်သည်တော်ကြီး၏ တစ်၀က်တစ်ပျက်တာအိုအရှိန်အဝါနှင့်အတူ နေသူရိန်တောင်တစ်ခွင် လွှမ်းခြုံသွား၏။

ထိုအရှိန်အဝါက နေသူရိန်ဂိုဏ်းသားများကို မျက်နှာပျက်သွားစေပြီး သူတို့၏ခန္ဓာကိုယ်များအား တုန်ရီလာစေသည်။ တစ်၀က်တစ်ပျက်တာအိုကျင့်ကြံခြင်းအရှိန်အဝါက သူတို့ ပြန်မတိုက်ခိုက်နိုင်သောအရာဖြစ်လေသည်။

မည်သည့်တစ်၀က်တစ်ပျက်တာအိုပညာရှင်မဆို ကြောက်စရာကောင်းသည်။သို့သော် ‌ကြောက်စရာအကောင်းဆုံးက ကျောက်စစ်သည်တော်ကြီးသည် တစ်၀က်တစ်ပျက်တာအိုစွမ်းအားကို ထုတ်လွှတ်နေသော်လည်း သက်တမ်းအကန့်အသတ်မရှိသည့်အချက်ပင်။

ထိုက်ယန်ကျစ်မှာ အသက်ရှူကြပ်သွားပြီး ရင်ခုန်လာသည်။ သူက မန်ဟို့ကို ကြည့်ပြီးနောက် ကျောက်စစ်သည်တော်ကြီးကို ပြန်ကြည့်လိုက်ကာ နောက်ဆုံးတော့ သက်ပြင်းချလိုက်တော့သည်။ သူသည် နောက်ဆုတ်လိုက်သည့်တိုင် မန်ဟို့လောက် မမြန်ပေ။

“ထိုက်ယန်ကျစ်၊ မင်း အကြွေး ဒီနေ့ ပြန်ဆပ်ရမယ်”

“အရှက်မရှိလိုက်တာ မန်ဟို။ ငါ မင်းအပေါ် ဘယ်တုန်းကအကြွေးတင်ဖူးလို့လဲ” ထိုက်ယန်ကျစ်က ဒေါသတကြီး အော်ရင်း လက်နှစ်ဖက်မုဒြာလက်ကွက်တစ်ကွက် ဖော်လိုက်သည်။ နတ်ဘုရားစွမ်းရည်တစ်ခု မန်ဟို့ဆီ ပြေးဝင်လာ၏။

“ငါ့မှာ သက်သေရှိတယ်။ မင်း အကြွေးစာချုပ်က ဒီမှာလေ၊ ရာရာစစ ငြင်းရဲတယ်လား” မန်ဟိုက စိတ်တိုတိုနှင့် လက်သီးထိုးလိုက်ကာ ထိုက်ယန်ကျစ်အား ပါးစပ်မှ သွေးများပန်းထွက်လျက် လွင့်ထွက်သွားစေသည်။ မန်ဟို နောက်တစ်ကြိမ်ထိုးရန် လိုက်သွားတော့မည့်အချိန် အဘိုးအိုတစ်ယောက်၏ တင်တင်စီးစီးအသံက ပဲ့တင်ထပ်လာသည်။

“မင်း အဖေ ဒီနေရာကို လာရင်တောင်မှ ငါ့ကို တလေးတစား ဆက်ဆံပြီး စီနီယာလို့ ခေါ်ရမယ်။ မင်းလိုကောင်က နေသူရိန်တောင်ကို ရောက်လာပြီး အခုလိုပေါက်ပန်းလေးဆယ် လျှောက်ပြောနေတယ်ဆိုတော့ မင်းကို ကြီးလေးတဲ့ပြစ်ဒဏ် ချရမယ်

“ကျင့်ဝတ်ဆိုတာ ဘာလဲ မင်းနားလည်အောင် မင်း အဖေကိုယ်စား ငါ မင်းကို ဆုံးမပေးမယ်။ မင်းအချိုးမပြင်လို့ကတော့ အသတ်ခံရမှ အဆိုးမဆိုနဲ့” အသံထွက်လာစဉ် အဝေးရှိ ရှေးကျကျမီးတောင်တစ်လုံး ပေါက်ကွဲသွားပြီး မရေမတွက်နိုင်သော မှော်သင်္ကေတများ တဖျပ်ဖျပ်လက်လျက် ပန်းထွက်လာသည်။ သက်လတ်ပိုင်းလူတစ်ယောက်က ချော်ရည်ငွေ့များနှင့် ပြာမှုန်များအကြား ရပ်လျက်နေလေပြီ။

သူထွက်လာသောအခါ သူ့ပတ်ပတ်လည်ရှိ လေထုသည် အနှစ်သာရအရှိန်အဝါတစ်ခုကြောင့် မီးပင်လယ်ဖြစ်လာ၏။

ဤလူသည် နေသူရိန်တောင်၏ တာအိုနယ်ပယ်ပညာရှင်သုံးဦးထဲမှ တစ်ဦးဖြစ်သည်။

သူ စဉ်းစားနေရသရွေ့ မန်ဟို ဤနေရာသို့ ရောက်လာသည့် အကြောင်းရင်းက မည်သို့ပင်ဖြစ်စေကာမူ ... မန်ဟို့အနေဖြင့် ယဉ်ကျေးသင့်သည်၊ ချိုချိုသာသာပြောသင့်သည်။ ထိုသို့လုပ်ခဲ့လျှင် နေသူရိန်တောင်သည် ထိုက်ယန်ကျစ်၏ပြဿနာကို ရှင်းရန် ဝိညာဉ်ကျောက်တုံးတချို့မပေးဘဲ နေမည်မဟုတ်ပေ။

သို့သော် မန်ဟိုက ကောက်ကာငင်ကာ ရောက်ချလာပြီး ယခုလို မောက်မာပြနေခြင်းမှာ သည်းခံနိုင်စရာအကြောင်းကို မရှိပေ။ သူ့စိတ်ထဲတွင် မန်ဟို လက်ရှိထက်ပို၍ အစွမ်းထက်နေလျှင်တောင်မှ တာအိုနယ်ပယ်ကျင့်ကြံသူများကို ဘာမှလုပ်နိုင်လိမ့်မည်မဟုတ်ဟု ထင်နေသည်။ တောင်ကောင်းကင်ဂြိုဟ်ပေါ်တွင် မကြာသေးမီက ဖြစ်ခဲ့သော ကိစ္စများမှာလည်း တောင်ကောင်းကင်မရဏဝင်္ကပါကြောင့်သာ ဖြစ်ပေ၏။

သက်လတ်ပိုင်းလူက စကားပြောပြီးနောက် မန်ဟို့ထံသို့ လက်ချောင်းကို လှုပ်ရှားလိုက်သည်။

“ကောင်းကင်ဘုံရဲ့မှော်အစွမ်းကို ငါ့ဆင့်ခေါ်တယ်။ ဒီကောင်လေးရဲ့ ခန္ဓာကိုယ်ကို ချုပ်နှောင်ပြီး မီးလောင်တိုက်ပစ်ပစ်လိုက်လော့” ထိုလူ၏အေးစက်စက် စကားသံနှင့်အတူ သူ့နောက်ရှိ မီးပင်လယ်သည် မန်ဟို့ကို ဝါးမြိုတော့မည့်အလား ဧရာမပါးစပ်ကြီးအသွင်ပြောင်းရင်း ထွက်သွား၏။

“နေသူရိန်တောင်က တကယ်တစ်ခုခုတော့ တစ်ခုခုပဲ၊ ကျုပ်က အကြွေးတောင်းဖို့လာတာ။ အဲဒါက မှန်ကန်တဲ့အလုပ်၊ လုပ်ရမယ့်အလုပ်။ ဒါပေမဲ့ အဆုံးကျတော့ ကလေးတွေက သူတို့ အကြွေးတင်နေတာကို မဝန်ခံသလို၊ အေးအေးလူလူ ဆွေးနွေးဖို့တောင် ငြင်းနေပါလား” မန်ဟိုက ဒေါသတကြီး လက်ကို ဝှေ့ယမ်းလိုက်ကာ နတ်မီးတောက်အနှစ်သာရအား မီးပင်လယ်အသွင်ဖြင့် လိမ့်ထွက်သွားစေသည်။ ဤမီးပင်လယ်လည်း ခေါင်းအထက်ရှိ ဝေဟင်တစ်ဝက်ကို စိုးမိုးသွားပြီး တာအိုနယ်ပယ်ခေါင်းဆောင်ကြီးထံသို့ ဝုန်းဒိုင်းကြဲ ရိုက်ခတ်လာသည်။

မီးပင်လယ်နှစ်စင်း ဝင်တိုက်ပြီး ပျောက်ကွယ်သွားသဖြင့် တဝုန်းဝုန်း ပေါက်ကွဲသံများ ပဲ့တင်ထပ်သွားသည်။

မန်ဟိုမှာ အင့်ခနဲ ညည်းလိုက်ရသော်လည်း သူ့စွမ်းအားကို မြှင့်တင်ရင်း ရှေ့တစ်လှမ်းတက်ကာ တာအိုနယ်ပယ်ခေါင်းဆောင်ကြီးဆီ ရွေ့လျားလိုက်သည်။ ထိုလူ့မျက်နှာမှာ ဖြူဖျော့နေပြီး မျက်လုံးများ ပြူးကျယ်နေ၏။ မန်ဟို့စွမ်းအားက ... သူ့ကို မှင်သက်သွားစေခဲ့သည်။

နေသူရိန်ဂိုဏ်းသားများသည် ဖြစ်ပျက်နေသောအရာကို မြင်လျှင် ပင့်သက်ရှိုက်မိလိုက်ကြ၏။ ထိုက်ယန်ကျစ်၏မျက်လုံးများပင်လျှင် ဝိုင်းစက်သွားပြီး စိတ်ချာချာလည်သွားသည်။ ဤသည်မှာ မန်ဟို့ကျင့်ကြခြင်းအခြေခံက မည်မျှအစွမ်းထက်ကြောင်း သူတို့မျက်မြင်တွေ့ရသည့် ပထမဆုံးအကြိမ်ဖြစ်လေသည်။

“ထိုက်ယန်ကျစ်၊ မင်း အကြွေးပြန်ဆပ်မှာလား မဆက်ဘူးလား” မန်ဟိုက ဒုတိယတစ်လှမ်းလှမ်းလိုက်ပြီး သူ၏အားလှိုင်းများက နေသူရိန်တောင်ကမ္ဘာတစ်လျှောက်လုံး ကောင်းကင်ဘုံ၏အင်အားကြီး လွှမ်းမိုးသွားသယောင် ထင်ရစေသည်။

All Chapters