ကျေးဇူးပြန်ဆပ်ခြင်း
Vol. 86 Ch. 1198
“အော်ကြီးဟစ်ကျယ် လုပ်နေတာ တော်သင့်ပြီ” တာအိုနယ်ပယ်ခေါင်းဆောင်ကြီး၏မျက်လုံးများက အေးစက်စက် တောက်ပသွားသည်။ သူသည် မန်ဟို၏အတိုက်အခိုက်စွမ်းရည်ကြောင့် အံ့အားသင့်သွားသော်လည်း သူကိုယ်တိုင်က မန်ဟို့အတွက် ပြိုင်ဘက်မဟုတ်နိုင်ဟု မယုံသေးပေ။ မန်ဟိုကို သတ်လိုစိတ်တော့ မရှိသော်လည်း ဆုံးမပေးဖို့ သူ ရည်ရွယ်ထားသည်။ စကားလုံးများ သူ့ပါးစပ်မှ ထွက်သွားသည့်အချိန်မှာပင် သူက ရှေ့တစ်လှမ်းတက်လိုက်၏။
သူ၏ခြေထောက် ကျနေစဉ် သူက လက်နှစ်ဖက်ကို ဘေးသို့ ဖြန့်ကားလိုက်ကာ လေဆင်နှာမောင်းကြီးတစ်လုံးအား ဝေ့ဝိုက်ထွက်လာစေသည်။ နေသူရိန်တောင်ရှိ မီးတောင်အားလုံး တုန်ရီလာပြီး ဝေဟင်ထက်ရှိ အနက်ရောင်မီးခိုးငွေ့များသည် တဖွေးဖွေးလှုပ်လျက် သူ့ဆီသို့ စုဝေးလာကြသည်။ မြေမျက်နှာပြင်တစ်လျှောက် လွှမ်းမိုးလျက်ရှိသော ချော်ရည်များပင်လျှင် လေပေါ်မြောက်တက်ပြီး စုဝေးလာကြ၏။
မျက်စိတစ်မှိတ်အတွင်း ဧရာမချိတ်ပိတ်သင်္ကေတတစ်ခုကား ပေါ်လာခဲ့လေပြီ။
၎င်းသည် နီရဲနေပြီး မိုးနှင့်မြေကို ချေမွပစ်နိုင်လောက်အောင် အင်အားကြီးမားသော တာအိုနယ်ပယ်အနှစ်သာရဖြင့် ပြည့်၀နေသည်။ မီတာ ၃၀၀ တိတိ ကျယ်ပြန့်သော သင်္ကေတကြီးက တာအိုနယ်ပယ်ခေါင်းဆောင်ကြီး၏အရှေ့သို့ ပျံဝဲလာသည်။ တာအိုနယ်ပယ်ခေါင်းဆောင်ကြီးက လက်ကိုဝှေ့ယမ်းရင်း ချိတ်ပိတ်သင်္ကေတအား မန်ဟို့ထံသို့ တန်းတန်းမတ်မတ် ပြေး၀င်သွားစေသည်။
"မင်းနေရာမင်းသိအောင် ငါ လုပ်ပေးမယ်။ ပြီးရင် မင်းတို့မျိုးနွယ်စုက လူကြီးတွေကို မင်းကို လာခေါ်ခိုင်းရမယ်" သူက အေးတိအေးစက် ပြောသည်။ ဧရာမချိတ်ပိတ်သင်္ကေတကြီးက အနှစ်သာရစွမ်းအားတို့ဖြင့် တဟုန်းဟုန်းတောက်လျက် လေကို ခွင်းသွားသည်။
"ခင်ဗျားလို မဖြစ်စလောက် အနှစ်သာရ ၁ ခု တာအိုနယ်ပယ်ကျင့်ကြံသူတစ်ယောက်က ကျုပ်ကို ကျုပ်နေရာကျုပ်သိအောင် လုပ်ပေးမယ်လို့ ပြောရဲတယ်လား" မန်ဟိုက တည်ငြိမ်စွာ တုံ့ပြန်သည်။ သူ့အနေဖြင့် ထိုစကားကို ပြောပိုင်ခွင့်ရှိ၏။ သူသာ သူ၏စစ်လက်နက်ကို ထုတ်လိုက်လျှင် ဤလူအား သေချာပေါက် သတ်ဖြတ်နိုင်သည်။
သို့သော် သူ ဤနေရာသို့ လာခြင်းမှာ အကြွေးတောင်းဖို့ ဖြစ်သည်။ ဤတာအိုနယ်ပယ်ခေါင်းဆောင်ကြီးက သူ့လမ်းကို ပိတ်နေသော်လည်း တခဏ တွေးပြီးနောက် မန်ဟိုသည် ကောင်းကောင်းမွန်မွန် ပြုမူ၍ နေသူရိန်တောင်အား ဆိုးကျိုး၊ ကောင်းကျိုးများကို စဉ်းစားတတ်အောင် ကူညီပေးသင့်သည်ဟု ဆုံးဖြတ်လိုက်၏။
"ကျုပ်မှာ ချိတ်ပိတ်သင်္ကေတတော့မရှိပေမယ့် ... ဒါတော့ ရှိတယ်" သူက လာနေသော ချိတ်ပိတ်သင်္ကေတကို လှမ်းကြည့်ပြီး ညာလက်ကို ဆန့်ထုတ်၍ ဖမ်းဆုပ်သည့်လှုပ်ရှားမှု လုပ်လိုက်သည်။ သူ့အိတ်ထဲမှ ဧရာမမြေထုကြီးတစ်ခု ထွက်လာသဖြင့် မိုးနှင့်မြေသည် တုန်ခါသွားပြီး သူ့အရှေ့ရှိ လေထုလည်း ပြိုကွဲ၏။
မြေထုမှာ စစချင်း သေးငယ်သော်လည်း တခဏကြာသော် မီတာ ၃၀၀၀၀ တိတိ ကြီးမားလာပြီး ဝေဟင်တစ်ခုလုံးကို ဖုံးကွယ်၍ အရာအားလုံးအပေါ် အရိပ်များ ကျနေစေတော့သည်။
မြေထုသည် နှစ်ပေါင်းမရေမတွက်နိုင်အောင် တည်ရှိခဲ့သည့်အလား အဆုံးမဲ့ရှေးဆန်နေသော အခိုးအငွေ့များကို ထုတ်လွှတ်နေသည်။ ထိုမြေထုကား ခေတ်အဆက်ဆက် တည်ရှိခဲ့ပုံရပြီး ပါရာဂွန်တစ်ဦး၏ စိတ်ဆန္ဒပင် ပါ၀င်နေသယောင် ထင်ရသည်။
သို့သော် အမှန်တွင် ပါရာဂွန်တစ်ဦး၏ စိတ်ဆန္ဒမဟုတ်ဘဲ မြေထု၏ ဥသျှောင်စိတ်ဆန္ဒ ဖြစ်၏။
ဤမီတာ ၃၀၀၀၀ မြေထုကား အလွန်တရာ လေးလံသော အင်မော်တယ်အပျက်အစီးများနယ်အစိတ်အပိုင်းမှတစ်ပါး အခြားမဟုတ်ပေ။ မန်ဟိုက ၎င်းကို မှော်ပစ္စည်းတစ်ခုပမာ သယ်ဆောင်ထား၏။ ချက်ချင်းပင် သူက ၎င်းကို အောက်ရှိ ချိတ်ပိတ်သင်္ကေတထံသို့ ပစ်ချလိုက်လေသည်။
ဤမြေထုကြောင့် မတုပ်လှုပ်ဘဲ နေနိုင်သည့်အရာဟူ၍ မိုးနှင့်မြေတွင်မရှိသလို၊ တောင်ပင်လယ်လောကတွင်လည်း မရှိပေ။ ရှိခဲ့လျှင်တောင်မှ ဤချိတ်ပိတ်သင်္ကေတသည် ထိုအရာများထဲ တစ်ခုအပါအဝင်ဖြစ်မည် မဟုတ်။
တာအိုနယ်ပယ်ခေါင်းဆောင်ကြီးသည် ကျဆင်းလာနေသော အင်မော်တယ်အပျက်အစီးများနယ်၏ အစိတ်အပိုင်းကို မြင်လျှင် မျက်နှာပျက်သွား၏။ "အဲ့ဒါက အင်မော်တယ်အပျက်အစီးများနယ်ရဲ့အစိတ်အပိုင်းပဲ .... မဖြစ်နိုင်ဘူး။ မင်းမှာ တကယ်ကြီး အင်မော်တယ်အပျက်အစီးများနယ်ရဲ့ အစိတ်အပိုင်းတစ်ခု ရှိနေတာလား"
အင်မော်တယ်အပျက်အစီးများနယ်၏အစိတ်အပိုင်းက ကျဆင်းလာနေသည့်မြင်ကွင်းက အရာအားလုံးကို ပြင်းပြင်းထန်ထန် တုန်ခါနေစေသည့် ရင်သပ်ရှုမောဖွယ် မြင်ကွင်တစ်ခု ဖြစ်ပေသည်။ မြေထုမှ ချိတ်ပိတ်သင်္ကေတကို ၀င်တိုက်လိုက်သောအခါ သင်္ကေတသည် ထိတိုက်မှုဒဏ်ကို မခံနိုင်တော့ဘဲ အစိတ်စိတ်အမြွှာမြွှာ ကြေမွသွား၏။ အင်မော်တယ်အပျက်အစီးမြေထုက လေထုကို ဆက်လက်ဆုတ်ဖြဲပြီး အောက်ရှိမြေကြီးအား တိုက်ချပေတော့မည်။
၎င်း မြေကြီးကို တိုက်ချလျှင် မြေမျက်နှာပျက်၏ ဧရိယာအတော်များများ ရစရာမရှိအောင် ပြိုကျသွားလိမ့်မည်။ နောက်ဆက်တွဲမြေငလျင်ကလည်း နေသူရိန်တောင်ရှိ မီးတောင်အားလုံးကို ပေါက်ကွဲသွားစေလိမ့်မည်။
ဖြစ်ပျက်နေသော အရာအားလုံးက တာအိုနယ်ပယ်ခေါင်းဆောင်ကြီးကို ပင့်သက်ရှိုက်မိလိုက်စေသည်။ မန်ဟို့တွင် အင်မော်တယ်အပျက်အစီးများနယ်၏ အစိတ်အပိုင်းတစ်ခု ရှိနေလိမ့်မည်ဟု သူ မည်သို့ထင်ထားခဲ့မည်နည်း။ သူ့မှာ မှင်သက်နေသလို သူ့နှလုံးသားသည်လည်း အချိန်အတော်ကြာကတည်းက တုန်လှုပ်အံ့ဩမှုတို့ဖြင့် ဒုန်းစိုင်းခုန်နေခဲ့လေပြီ။
ဤအခိုက်အတန့်တွင် အဝေးရှိ မီးတောင်တစ်လုံးထံမှ ရှေးဆန်ဆန်အသံကြီးတစ်သံက အံ့အားသင့်မှုအပြည့်ဖြင့် ဟိန်းထွက်လာသည်။ "မင်းမှာ တကယ်ပဲ အင်မော်တယ်အပျက်အစီးများနယ်ရဲ့ အစိတ်အပိုင်းတစ်ခု ရှိနေတာလား"
မျက်စိတစ်မှိတ်အတွင်း အဘိုးကြီးက အင်မော်တယ်အပျက်အစီးများနယ်၏ အစိတ်အပိုင်းအောက်တွင် ဖျတ်ခနဲ ပေါ်လာခဲ့၏။ သူက လက်နှစ်ဖက်ကို အပေါ်ကို မြှောက်ပြီး ကျလာနေသောမြေထုအား တွန်းတင်လိုက်သည်။ သူ့မှာ မီတာရာပေါင်းများစွာအထိ ဖိနှိပ်ခံရပြီးနောက်မှ ရပ်လိုက်နိုင်၏။
သူက သူ၏အင်အားတစ်ခုတည်းဖြင့် အင်မော်တယ်အပျက်အစီးများနယ်၏အစိတ်အပိုင်းကို တောင့်ခံထားလေသည်။
အဘိုးကြီး၏ ကြောက်ခမန်းလိလိအရှိန်အဝါတွင် အနှစ်သာရစွမ်းအားပါရှိနေ၏။ ထို့အပြင် အနှစ်သာရကား တစ်ခုတည်းမဟုတ်ဘဲ .... သုံးခုဖြစ်သည်။
အံ့အားသင့်ဖွယ်ကောင်းစွာနှင့် ဤအဘိုးကြီးက အနှစ်သာရ ၃ ခုတာအိုသခင် ဖြစ်နေလေသည်။
မတူညီသော အနှစ်သာရသုံးခု၏စွမ်းအားကို အောင်မြင်စွာ စုစည်းထားနိုင်သည့်ပုဂ္ဂိုလ်ကို တာအိုသခင်အဖြစ် ခေါ်ဝေါ်ကြခြင်းဖြစ်၏။
အဘိုးအို၏စွမ်းအားများက တဖွေးဖွေးလှုပ်နေပြီး သူ အင်မော်တယ်အပျက်အစီးနယ်ကို အပေါ်သို့ ပြန်တွန်းနေစဉ် သူ့လက်မှ တဂျွတ်ဂျွတ်မြည်သံများ ထွက်လာသည်။
“မန်ဟို မိတ်ဆွေလေး ဒါကို ဖယ်ပေးလို့ရမလား” အဘိုးအိုက တည်ကြည်သောမျက်ဝန်းများဖြင့် ပြောသည်။
မန်ဟို့အမူအရာက မပြောင်းလဲပေ။ နေသူရိန်တောင်ရှိ မည်သူမှ သူ၏အင်မော်တယ်အပျက်အစီးနယ်အစိတ်အပိုင်းကို မထိန်းနိုင်လျှင်တော့ သူတို့အား အထွတ်အမြတ်မြေငါးမြေထဲမှ တစ်ခုအဖြစ် သတ်မှတ်ဖို့ ထိုက်တန်မည်မဟုတ်။
သို့သော် သူ၏အင်မော်တယ်အပျက်အစီးများနယ်အစိတ်အပိုင်းသာ ကြီးမားလျှင် တာအိုသခင်များပင် ၎င်းကို ထမ်းနိုင်မည်မဟုတ်ဟု မန်ဟို ယုံကြည်သည်။
သူက လက်ကို ဝှေ့ယမ်းလိုက်ရာ မြေထုသည် သူ၏သိုလှောင်အိတ်ထဲ ပြန်ဝင်လာ၏။ မန်ဟိုက အဘိုးအိုကို ကြည့်ကာ ပြောသည်။ “ကျုပ် ဒီနေ့ ဒီနေရာကို လာတာက အကြွေးသိမ်းဖို့၊ မှော်စီးချင်းထိုးဖို့မဟုတ်ဘူး”
သက်လတ်ပိုင်းတာအိုနယ်ပယ်ခေါင်းဆောင်ကြီးက တစ်ခုခုပြောရန် ပြင်လိုက်သော်လည်း အဘိုးအိုက သူ့ကို အကြည့်တစ်ချက်ဖြင့် နှုတ်ပိတ်လိုက်သည်။ သက်လတ်ပိုင်းလူသည် ခေါင်းညိတ်လိုက်ပြီး အဘိုးအိုက ရုတ်တရက် ခေါ်လိုက်သည်။ “ထိုက်ယန်ကျစ်”
သူ့အသံက မိုးခြိမ်းသံကြီးသဖွယ် ဟိန်းထွက်လာရာ ထိုက်ယန်ကျစ်မှာ ကမန်းကတန်း ပြေးလာပြီး အရိုအသေပေး၏။
“ဂါဝရပြုပါတယ် ခေါင်းဆောင်ကြီး” သူက ခေါင်းငုံ့လျက် ပြောသည်။ စိတ်ထဲတွင် သူ့မှာ သူ့တစ်ကမ္ဘာလုံး ချာချာလည်နေရသည်အထိ တုန်လှုပ်နေလေသည်။ မန်ဟိုက အစွမ်းထက်ကြောင်း သူ သိသော်လည်း နေသူရိန်ခေါင်းဆောင်ကြီးများကို ရင်ဆိုင်နိုင်သည်အထိ အစွမ်းထက်လိမ့်မည်ဟု မထင်ထားခဲ့ပေ။
အမှန်တွင် မန်ဟိုက နဝမတောင်ပင်လယ်တစ်ခုလုံးကို ကိုင်လှုပ်ပစ်နိုင်ပြီဟု ပြောရန်ပင် သင့်တော်သည်။ ထိုကဲ့သို့ကျင့်ကြံခြင်းအခြေခံမျိုးနှင့် သူက အကြွေးတောင်းဖို့ ရောက်လာခဲ့မှတော့ ... ထိုက်ယန်ကျစ် ဘာတတ်နိုင်တော့မည်နည်း။ သူ့မှာ ခါးသီးစွာ ပြုံးရင်း ဂုဏ်ယူရမလား ၊ သက်ပြင်းပဲချလိုက်ရတော့မလား မသိတော့ပေ။
“မင်း မိတ်ဆွေလေးမန်ဟို့အပေါ် အကြွေးဘယ်လောက်တင်နေတာလဲ” အဘိုးအိုက ဆူပူကြိမ်းမောင်းသည်။
“ကျွန်တော်....” ထိုက်ယန်ကျစ်မှာ ပါးစပ်ဟလိုက်သော်လည်း မည်သည့်စကားလုံးမှ ထွက်မလာ။ သူ့မှာ အကြီးအကျယ်စိတ်ညစ်နေပြီး အကြွေးမည်မျှတင်နေသလဲ မမှတ်မိပေ။ တကယ်တမ်းစဉ်းစားကြည့်လျှင် မန်ဟို့ဆီမှ သူ မည်သည့်အကြွေးမှ မယူခဲ့သည်မဟုတ်လော။
မန်ဟိုသည် ဖြစ်ပျက်နေသောအရာကို မြင်လျှင် ချောင်းဟန့်၍ သိုလှောင်အိတ်ကို ပုတ်လိုက်သည်။ ချက်ချင်းပင် အကြွေးစာချုပ်တစ်ထပ်လိုက်ကြီး ပေါ်လာကာ သူက လှန်လှောကြည့်လိုက်သည်။
“အာ သိပ်မများပါဘူး သိပ်မများပါဘူး” သူက ထိုက်ယန်ကျစ်၏အကြွေးပမာဏကို သုံးသပ်နေရင်း ဖော်ဖော်ရွေရွေ ပြောလိုက်သည်။ “ကဲ ကြည့်ရအောင် အင်မော်တယ်ကျောက်စိမ်း ဆယ်သိန်းတဲ့ ။ မဖြစ်စလောက်လေးပါ”
“အဲဒီလောက်မများဘူးကွ” ထိုက်ယန်ကျစ်က မန်ဟို့ကို လှည့်ကြည့်ရင်း အော်လိုက်သည်။ မန်ဟို့ကျင့်ကြံခြင်းအခြေခံက သူ့ထက်များစွာ မြင့်မားလျှင်တောင်မှ ထိုပမာဏမှာ ပြန်ဆပ်ဖို့ များလွန်းလှ၏။
“အတိုးမပေါင်းရသေးဘူးနော်" မန်ဟိုက လည်ချောင်းရှင်းရင်း ပြောသည်။ “ကဲပါ ထားလိုက်ပါတော့ အရင်း အင်မော်တယ်ကျောက်စိမ်းဆယ်သိန်းပဲ ဆပ်လိုက်”
ထိုက်ယန်ကျစ်မှာ ငိုချင်ပါသော်လည်း မျက်ရည်က ကျမလာ။ “မင်း...”
သူ ဆက်ပြောတော့မည့်အချိန် အဘိုးအိုက လက်ကို ဝှေ့ယမ်းလိုက်ကာ သိုလှောင်အိတ်တစ်လုံးအား မန်ဟို့ဆီ ပျံထွက်သွားစေသည်။
မန်ဟိုသည် ၎င်းကို ဖမ်း၍ နတ်ဘုရားအာရုံဖြင့် စစ်ဆေးလိုက်၏။ အထဲတွင် သပ်သပ်ရပ်ရပ် ပုံထားသော အင်မော်တယ်ကျောက်စိမ်းဆယ်သိန်း ရှိနေလေသည်။
မန်ဟိုမှာ ချက်ချင်းဆိုသလို ဝမ်းသာသွားပုံပေါ်ပြီး သိုလှောင်အိတ်ကို ခြေမြန်လက်မြန်သိမ်း၍ အဘိုးအိုအား လေးလေးစားစား လက်ယှက်အရိုအသေပေးလိုက်သည်။
“မျှမျှတတ စီရင်ပေးလို့ ကျေးဇူးအများကြီးတင်ပါတယ် စီနီယာ။ ကဲဒါဆို ... တခြားဆွေးနွေးစရာမရှိတော့ရင် ကျုပ် ပြန်ပါတော့မယ်။ တခြားနေရာတွေမှာလည်း အကြွေးတောင်းစရာရှိသေးတော့လေ။ သူတို့ကို စောင့်ခိုင်းထားရင် အချိန်လင့်ပြီး ရှင်းရခက်မှာစိုးလို့ပါ” ထို့နောက် သူက နေရာရွှေ့ပြောင်းခြင်းမုခ်ဝထဲ ပြန်ဝင်သွားသော အလင်းတန်းအသွင်ပြောင်းပြီးနောက် ပျောက်ကွယ်သွားတော့သည်။
နေသူရိန်တောင်ရှိ လူတိုင်း တိတ်ဆိတ်နေကြပြီး တမျိုးတမည်ဖြစ်နေသောအမူအရာများအား မြင်ရနိုင်၏။ မန်ဟို ပျောက်သွားသည့်အခါ အတော်များများမှာ ယခုလေးတင်ဖြစ်ပျက်သွားခဲ့သော အရှက်ကွဲရမှုကြောင့် ဒေါသထွက်နေကြဆဲဖြစ်သည်။
သက်လတ်ပိုင်းလူမှာလည်း ထိုအထဲမှတစ်ယောက်အပါအဝင်ဖြစ်ပြီး မန်ဟို ပျောက်ကွယ်မသွားမချင်း မန်ဟို့ကို စိန်းစိန်းဝါးဝါး စိုက်ကြည့်နေခဲ့လေသည်။ နောက်ဆုံးတော့ သူက အဘိုးအိုကို မျက်နှာချင်းဆိုင်လိုက်သည်။
“အစ်ကိုကြီး ဘာလို့ အဲဒီမအေဘေးလေးကို လွှတ်ပေးလိုက်တာလဲ။ သတင်းသာ ပျံ့သွားခဲ့ရင် နေသူရိန်တောင် မျက်နှာဘယ်လိုပြရတော့မလဲ”
အဘိုးအိုက မျက်မှောင်ကြုတ်သွားသည်။ သက်လတ်ပိုင်းလူကို ပြန်ကြည့်ရင်း သူက သက်ပြင်းချပြီး ပြောလေသည်။ “သူ့ကို ရန်မစနဲ့။ သူက ... ငါတို့ ရန်စလို့ရတဲ့လူမဟုတ်ဘူး"
သက်လတ်ပိုင်းလူတစ်ခုခုပြောတော့မည့်အချိန်တွင် အဘိုးအိုသည် သူ့စိတ်ထဲသို့ စာတစ်စောင်လှမ်းပို့လိုက်၏။
သက်လတ်ပိုင်းလူမှာ ၎င်းကို ကြားသည်နှင့် မျက်နှာပျက်သွားပြီး အံ့ဩမယုံနိုင်ဖြစ်သွားသည်။ သူက အက်ကွဲကွဲအသံဖြင့် မေးလိုက်သည်။ “ဘယ်လို၊ အဲ့ဒါအမှန်ပဲလား”
“မင်းရဲ့ ကျင့်ကြံခြင်းအခြေခံက မလုံလောက်သေးဘူး” အဘိုးအိုက တိုးညင်းစွာပြောသည်။ “ဒါပေမဲ့ ငါ့ကျင့်ကြံခြင်းအခြေခံနဲ့ သဲလွန်စတချို့တွေ့ထားတယ်။ တခြားအဖြေလည်း မရှိဘူး ။ ဒါကြောင့် မင်းအဲဒီလိုလူမျိုးကို ရန်စရဲလား”
သက်လတ်ပိုင်းလူက အသက်ပြင်းပြင်းရှူပြီးနောက် လှည့်၍ ကျယ်လောင်စွာ ပြောလိုက်သည်။
“နေသူရိန်တောင်ဂိုဏ်းသားတို့ အခုကစပြီး ဘယ်သူမှ မန်ဟိုနဲ့ ဘယ်လိုပဲဖြစ်ဖြစ် မပတ်သက်ရဘူး။ ကျေးဇူးအကြွေးလည်း အတင်မခံနဲ့၊ ရန်ငြိုးလည်း မဖွဲ့ကြနဲ့။ ငါတို့ .... မန်ဟိုနဲ့ ခပ်တန်းတန်း နေကြရမယ်”
ထိုက်ယန်ကျစ်မှာ တအံ့တဩ ငေးကြည့်လိုက်မိသည်။ ခေါင်းဆောင်ကြီးနှစ်ယောက်အကြား မည်သည့်လျှို့ဝှက်စကားများ ဖလှယ်ခဲ့ကြသော်လည်း သူ မသိသော်လည်း မန်ဟိုက နေသူရိန်တောင်မှ ခေါင်းဆောင်ကြီးနှစ်ဦးကိုပင် ထိတ်လန့်ကြောက်ရွံ့သွားစေလောက်အောင် ကြီးမားသောလျှို့ဝှက်ချက်တစ်ခုအား ကိုင်ဆောင်ထားကြောင်း သိသာပေသည်။
ထိုက်ယန်ကျစ်၏ရင်ထဲတွင် ရှုပ်ထွေးသောခံစားချက်များ ပြည့်ကြပ်နေသည်။ သူ့မှာ မန်ဟိုနှင့် ပတ်သက်ခဲ့သော အချိန်များကို ပြန်မတွေးမိဘဲ မနေတော့ပေ။ တောင်ကောင်းကင်ဂြိုဟ်သို့ သူ သွားရောက်ခဲ့သည့်အချိန်မှစ၍ ယနေ့ထက်ထိ မန်ဟိုသည် ရှေ့မှ အမြဲဦးဆောင်နေခဲ့ပြီး ကျော်လွှားမရသော တောင်ကြီးဖြစ်နေခဲ့လေသည်။
သူ၏တိုးတက်နှုန်းက ထိုက်ယန်ကျစ်အတွက် အောက်မှ မော့ကြည့်နေရုံအပြင် မတတ်နိုင်သည်အထိ မယုံနိုင်စရာကောင်းလွန်းသည်။
နောက်ရက်များတွင် နဝမတောင်ပင်လယ်ရှိ ဂိုဏ်းအားလုံး၊ မျိုးနွယ်စုအားလုံး ရုတ်ရုတ်သဲသဲ ဖြစ်ကုန်ကြသည်။ သူတို့အားလုံး .... မန်ဟို အကြွေးလာတောင်းခြင်းက မည်သည်နှင့်တူသည်ကို ကြုံတွေ့ရလျှင်ရ၊ မရလျှင် ကြားကြရသည်။
မန်ဟို့လက်ထဲရှိ အကြွေးစာချုပ်များနှင့် ပတ်သက်နေသော မည်သည့်ရွေးချယ်ခံမဆို သူတို့၏အိမ်တံခါးသို့ သူ ရောက်လာပြီး အကြွေးတောင်းသည်ကို ခံကြရသည်။ မန်ဟိုနှင့် သူ၏အာဏာလာပြမှုကြောင့် အကုန်လုံး တုန်လှုပ်ကြရလေသည်။ ရလဒ်အနေဖြင့် သူ၏အကြွေးတောင်းခရီးမှာ အတော်လေး အဆင်ပြေချောမွေ့နေ၏။
သူကား အတိတ်တုန်းကလို လူငယ်လေးမဟုတ်တော့ပေ။ သူသည် ယခုတွင် တာအိုနယ်ပယ်ပညာရှင်များကိုပင် တိုက်ခိုက်နိုင်သည်အထိ အင်အားကြီးမားနေလေပြီ။ ထို့ကြောင့် မဖြစ်စလောက် အကြွေးများနှင့် စာချုပ်များအတွက် လူတိုင်း ပြန်ဆပ်ရုံသာရှိတော့သည်။
မန်ဟိုပင်လျှင် အကြွေးလိုက်တောင်းနေသည့် သူ့အကြောင်းက နဝမတောင်ပင်လယ်တစ်ခွင်တွင် ပြောစမှတ်တွင်လာလိမ့်မည်ဟု ထင်ထားမည်မဟုတ်ပေ။ သူ နေရာရွှေ့ပြောင်းခြင်းမုခ်ဝမှ ထွက်လာသည်နှင့် သူ့ကို မြင်လိုက်သူတိုင်း စိတ်လှုပ်ရှားကုန်ကြသည်။ သတင်းသည် တစ်ယောက်စကား တစ်ယောက်နားသို့ ရောက်၍ ပျံ့နှံ့လာခဲ့ရာ သူ အကြွေးတောင်းနေသည်ကို ကိုယ်တိုင်ကြည့်ဖို့ စုဝေးလာကြသော ကျင့်ကြံသူများမှာ မရေမတွက်နိုင်အောင် များပြားလာတော့သည်။
ဤသို့ဖြင့် မန်ဟို နေရာရွှေ့ပြောင်းခြင်းမုခ်ဝတစ်ခုမှ ထွက်လာလျှင် လူတိုင်း သူ့ကို မှတ်မိသွားကြမည်။ ထို့နောက် ကျောက်စိမ်းပြားများထုတ်၍ သူတို့၏ဂိုဏ်းများဆီ သတင်းပို့ကြမည်။
“ထူးဆန်းတယ်၊ ဒီနေရာရွှေ့ပြောင်းစခန်းရဲ့ ပတ်ဝန်းကျင်မှာ ဘာဂိုဏ်းမှ၊ ဘာမျိုးနွယ်စုမှ မရှိပါဘူး။ ဒီဂြိုဟ်သိမ်ကွင်းပြင်က ဒီတိုင်းကူးပြောင်းရေးစခန်းလေးတစ်ခုပဲလေ”
“ကြည့်ဦး သူ့ဦးတည်ရာက နဝမတောင်အနားမှာဟ...”
လူတိုင်း တွေဝေနေကြစဉ် မန်ဟိုက ပျောက်ကွယ်သွားသည်။ သူ ပြန်ပေါ်လာသောအခါ အံ့အားသင့်ဖွယ်ကောင်းစွာနှင့် ဂြိုဟ်သိမ်ကွင်းပြင်နောက်တစ်ခုရှိ နေရာရွှေ့ပြောင်းမုခ်ဝနောက်တစ်ခုမှ လမ်းလျှောက်ထွက်လာသည်။ သူက အပေါ်ရှိ ကြယ်တာရာကောင်းကင်ကို မော့ကြည့်လိုက်၏။ ထိုနေရာတွင်ကား ... ကြေမွပျက်စီးနေသော ကျောက်တုံးကျောက်ခဲအတန်းကြီးတစ်တန်း။
ထိုကျောက်အစအနများသည် တစ်ချိန်က အကောင်းပကတိရှိခဲ့ပြီး ထိုသို့ရှိခဲ့စဉ်တုန်းက ... တံတားတစ်စင်းကို ဖော်ဆောင်ထားခဲ့လေသည်။
ထိုတံတားသည် အမှန်တော့ ရှေးမိစ္ဆာအင်မော်တယ်ဂိုဏ်းတွင် တည်ဆောက်ခံခဲ့ရခြင်းဖြစ်၏။ ၎င်းကား ... အင်မော်တယ်လျှောက်လှမ်းခြင်းတံတားပင်။
ဤဖြစ်ရပ်တွင်တော့ မန်ဟိုမှာ အကြွေးရှင်မဟုတ်ပေ။ သူက လူတစ်ယောက်အပေါ် ကျေးဇူးအကြွေးဆပ်စရာရှိနေသည်။
“အစ်ကိုကြီးဟန်ရှန်း ... ကျွန်တော် ကျေးဇူးအကြွေးဆပ်ဖို့ ပြန်ရောက်လာပါပြီ” သူက တိုးညင်းပျော့ပျောင်းစွာ ပြောသည်။ ထို့နောက် သူ့ခန္ဓာကိုယ်သည် ကြယ်တာရာကောင်းကင်ထက်သို့ ဖျတ်ခနဲ ပျံတက်သွား၏။
(အင်မော်တယ်လျှောက်လှမ်းခြင်းတံတားအကြောင်းက အပိုင်း ၄၅၃ မှာ စပါ,ပါတယ်။ မန်ဟိုက ဟန်ရှန်းကို အပိုင်း ၄၆၀ မှာ တွေ့ခဲ့ပြီး ဟန်ရှန်း သူ့ဇနီးနဲ့ပြန်ဆုံတဲ့အပိုင်းကတော့ အပိုင်း ၄၆၈ မှာပါ)