အခန်း (၁၈၃)
Vol. 14 Ch. 183
ပိတ်နေတဲ့ခွေးလေးချောင်က နံရံကနေခုန်ကျော်ပြေးဖို့ ကြိုးစားနေတယ်
ပါးနပ်ဉာဏ်ပြေးသူများကတော့ ထိုစကား၏ ဆိုလိုရင်းကို နားလည်လိုက်ကြလေပြီ။
သူက လူတိုင်းကို နှုတ်ပိတ်ဖို့ ကြံစည်နေတာပဲ!
"အရှက်မရှိလိုက်တာ! မင်းတို့လေပေါ်ကျောင်းတော် တော်တော်ကိုအရှက်မရှိတာပဲ!" ပရိသတ်ထဲမှ ကျင့်ကြံသူများစွာမှာ ဒေါသထွက်လွန်းလို့ သွေးအန်ချင်စိတ်ပင် ပေါက်သွားကြသည်။ ထိုလူသူတော်အယောင်ဆောင်ကို ယုံကြည်ကိုးကွယ်ခဲ့စဥ်က သူတို့မျက်လုံးများကန်းနေခဲ့သလားဟု ပြန်တွေးမိရသည်အထိ။
"ဒါက သန့်ရှင်းမြင့်မြတ်တဲ့ မဟာဝိဇ္ဇာကျောင်းတော် မဟုတ်ဘူး၊ လူတွေကို အရိုးမကျန်အောင် စားသုံးပစ်တဲ့ နတ်ဆိုးလိုဏ်ဂူပဲ!" ဆံပင်ဖြူများ ဖွေးဖွေးလှုပ်နေသော အဘိုးကြီးတစ်ယောက် ဒေါသဖြင့်တုန်ရီပြီး ပြောဆိုလာသည်။
"ဒါတွေကိုသာကြိုသိခဲ့ရင် ဒီသိက္ခာမရှိတဲ့ တရားပွဲကိုလည်း လာနားထောင်မှာ မဟုတ်ဘူး။ မဟာဝိဇ္ဇာဘာသာနဲ့ ဝေးဝေးနေစမ်း!" နောက်ထပ် သတ်လတ်ပိုင်းအရွယ် အမျိုးသားတစ်ဦးက စိတ်မထိန်းနိုင်တော့ဟန်ဖြင့် ထအော်လိုက်သည်။
ဒေါသထွက်နေတဲ့ လူအုပ်စုကို ကြည့်ပြီး ကျောင်းထိုင်ဝိဇ္ဇာလူသူတော်ကတော့ မတုန်မလှုပ်၊ သူ့လက်တွေကိုယှက်ပြီး ကြာပန်းပလ္လင်ပေါ်မှာ ငြိမ်သက်စွာ ရပ်နေဆဲဖြစ်၏။ ကိုယ်ခန္ဓာက တောက်ပသောအလင်းရောင်ခြည်ဖြင့် ဖုံးအုပ်နေပြီး သိပ်သည်းသော ဈာန်သဘောတရားများက အဆုံးမရှိ ရစ်ပတ်စီးဆင်းနေသည်။
ဘုန်း!
ချက်ချင်းပင် ဘေးဒုက္ခကျော်လွှားခြင်း ပြီးပြည့်စုံခြင်းအဆင့်၏ စွမ်းအင်များ တအိအိ မြင့်တက်လာပြီး ဖန်ထို့တောင်တစ်ခုလုံးကို ဖုံးအုပ်သွားသည်။ လေထုတစ်လုံးမှာ ရေခဲတမျှ အေးခဲသွားသလိုပင်။
ဒေါသတကြီး ဆဲဆိုနေကြသော လူတို့၏မျက်နှာများတွင်လည်း ကြောက်ရွံ့မှုတွေ ပြည့်နှက်လို့လာပြီး ပုရွက်ဆိတ်ကလေးတွေကို လက်ဖြင့်ဖိချေလိုက်ရုံဖြင့် သေကျေသွာရတော့မည်ဟု ခံစားနေရသည်။
ဒီလို ခွန်အားမျိုးကို သူတို့လုံးဝ ခုခံလို့ မရဘူး!
"ဖန်ထို့တောင်ကို ပိတ်ဆို့လိုက်ပြီ၊ ဘာလုပ်ရမလဲ" မင်းသမီးမင်ယွဲ့၏ မျက်နှာလှလှလေးမှာလည်း ဖြူဖျော့လျက်။
ဒုတိယမင်းသားက ရဲရဲတင်းတင်းပင် ရှေ့ထွက်ပြီး မဟာဝိဇ္ဇာအလင်းတန်းနှင့် တောက်ပနေသော ပိန်လှီလှီပုံရိပ်ကို အော်ပြောလိုက်သည်။ "နတ်ဆိုးလူသူတော်၊ ဒီမှာ ကျင့်ကြံသူတွေ အများကြီးပဲနော်။ ကျွန်တော်တို့အားလုံးကို သတ်လိုက်ရင်တောင် အပြင်လောကကို နောက်ပိုင်း ဘယ်လို ရှင်းပြမှာတဲ့လဲ။ နောက်ဆုံးအချိန်ထိ ခင်ဗျားရဲ့လေပေါ်ကျောင်းတော်က အပြစ်လွတ်မှာမဟုတ်ပါဘူး!"
"မှန်တယ်! လူတွေအကုန်နှုတ်ပိတ်လိုက်ရုံနဲ့ အမှန်တရားကို ဖုံးကွယ်ထားနိုင်မယ်လို့ တကယ်ထင်တာလား?!" ပထမမင်းသားက ကျားတစ်ကောင်ကဲ့သို့ စူးရဲသောမျက်လုံးများဖြင့် တည့်တည့်စိုက်ကြည့်ရင်း အသံသြဇာမှာလည်း ခေါင်းလောင်းသံလို မြည်ဟီးလျက်။
ထိုစကားကိုကြားသောအခါမှ လူများစွာလည်း သတိဝင်လာကြသည်။
သူတို့အားလုံးကို နှုတ်ပိတ်နိုင်လိုက်ရင်တောင် ဘာဖြစ်သွားမှာတဲ့လဲ။
စက္ကူစနဲ့ မီးကိုဖုံးကာဖို့ မဖြစ်နိုင်ဘူးလေ!
ယနေ့ တရားပွဲကို လာရောက်ကြသော ဘုရားဖူးတွေအားလုံးဟာ မဟာဝိဇ္ဇာပြည်နယ်က အင်အားစုအသီးသီးမှ လာရောက်ခဲ့ကြတာပင်။ ကျင့်ထူပြည်ထောင်၏ တော်ဝင်မိသားစုဝင်တွေပါ ပါဝင်နေသည်မဟုတ်လော။ သူတို့အားလုံး ရုတ်တရက် လေပေါ်ကျောင်းတော်မှာ လျှို့ဝှက်နက်နဲစွာဖြင့် သေဆုံးသွားခဲ့လျှင် ဤတစ်ကျောင်းလုံးသည် အပြင်လောက၏ သံသယစိတ်နှင့် ရှုံ့ချမှုဒဏ်ကို သေချာပေါက် ခံရဦးမှာပင်။
အဲဒီအခါမှာလည်း လေပေါ်ကျောင်းတော်ဟာ ဘက်ပေါင်းစုံက တိုက်ခိုက်ခံရပြီး ကျဆုံးသွားမှာပဲမဟုတ်လား?
"အော်မီထော်ဖော"
ကျောင်းထိုင်ဝိဇ္ဇာလူသူတော်က သက်ပြင်းချလိုက်သည်။ "ဒီနေ့ ဒီလူသူတော်အိုကြီးက တရားပွဲလေး အေးအေးချမ်းချမ်းလုပ်ပြီး တရားဓမ္မဟောပြောဖို့ စီစဉ်ခဲ့ပေမယ့် နတ်ဆိုးယဲ့ရဲ့ အနှောင့်အယှက်ကို ကြုံတွေ့ခဲ့ရတယ်။ ဒါကြောင့် လေပေါ်ကျောင်းတော်က တောင်ကာကွယ်ရေးအစီအရင်ကို အသက်သွင်းခဲ့ပြီး ဒီလူသူတော်အိုကြီးရဲ့ တပည့်များနဲ့အတူ နတ်ဆိုးကို သတ်ဖို့ အစွမ်းကုန် ကြိုးစားခဲ့ကြတယ်။ ကံမကောင်းစွာနဲ့ တရားပွဲကို လာရောက်ခဲ့တဲ့ ဘုရားဖူးတွေအားလုံး မတော်တဆ သေဆုံးသွားခဲ့ကြရတယ်ပေါ့ကွယ်။ အော်မီထော်ဖော ~"
ထိုစကားကြောင့် လူတိုင်းကြက်သီးဖြန်းဖြန်းထကာ အကျပ်ရိုက်သွားကြရတော့၏။
ဒီလိုသာဆိုရင် သူတို့သေဆုံးမှုကို ခြေရာခံလို့မရတော့ဘူး!
ဒါ့အပြင် လေပေါ်ကျောင်းတော်ရဲ့ ဂုဏ်သိက္ခာက ပိုတောင် တိုးတက်လာနိုင်သေးတယ်။
"ဆရာသခင်၊ အဲဒီမြည်းကတုံးက လုပ်ချင်တာလုပ်ပြီး ဆရာသခင့်ကို စွပ်စွဲချင်နေတာပဲ" လီဝူကျယ်က ပြောလိုက်သည်။
ယဲ့ကျွင်းလင် ဘာစကားမှ မပြောနိုင်တော့။
တော်လိုက်တဲ့ရောင်းရင်း၊ ယုတ်မာတဲ့ဉာဏ်ရည်က ငါနဲ့တန်းတူလောက်ထိရှိမယ်။
အရင်တစ်ချိန်က ရန်သမ်သုံးခဲ့သည့် နည်းလမ်းအတိုင်းပါပင်။ အဓိကကတော့ ယဲ့ကျွင်းလင်ကို အပြစ်အကုန်ပုံချကာ သူတို့၏ကောင်းမွန်သောပုံရိပ်ကို ဆက်ထိန်းထားနိုင်ဖို့သာပင်။
လေပေါ်ကျောင်းတော်ရဲ့ သုံးနေကျအကွက်ဟောင်းကြီးပေါ့လေ။
"ဒီမြည်းကတုံးကတော့ တကယ့်ကိုစံပြအကြံအစည်သမားပါပဲ၊ မင်းက ငါယဲ့ကျွင်းလင်ကို လွယ်လွယ်လေးဖယ်ရှားနိုင်မယ်လို့ တကယ်ထင်နေတာလား" ယဲ့ကျွင်းလင်က မေးလိုက်သည်။
ကျောင်းထိုင်ဝိဇ္ဇာလူသူတော်က သူ့ကို သေချာစိုက်ကြည့်ပြီး တုံ့ပြန်သည်။ "နတ်ဆိုးယဲ့၊ ပုံရိပ်မှတ်တမ်းတင်ဘောလုံးကနေတစ်ဆင့် မင်းရဲ့ ခွန်အားကို ဒီလူသူတော်အိုကြီး မြင်ခဲ့ရပြီးပြီ။ မင်းမှာ အသိအမှတ်ပြုရလောက်တဲ့ စွမ်းအားရှိတာ မှန်ပါတယ်။ ဒါပေမယ့် ဒီလူသူတော်အိုကြီး မင်းကို သတိပေးချင်တာက ဒီနေရာဟာ လေပေါ်ကျောင်းတော်ပဲ၊ ဒါက ဒီလူသူတော်အိုကြီးရဲ့ အိမ်ကွင်းပဲ။ မင်းမှာ အနိုင်ရဖို့ အခွင့်အရေးများများစားစား ရှိသေးတယ်လို့ ထင်နေတာလား။"
ကျောင်းထိုင်ဝိဇ္ဇာလူသူတော် ပြောတာ မှန်တော့လည်းမှန်သည်။ အပြင်မှာ တစ်ဦးချင်းယှဥ်မည်ဆိုလျှင်ပင် သူသေချာစဥ်းစားတွက်ချက်ဖို့ လိုသေး၏?
ယခုအခြေအနေတွင် သူ့နောက်မှာ လေပေါ်ကျောင်းတော်၏ တောင်ကာကွယ်ရေးအစီအရင် ရှိနေသလို လေပေါ်ကျောင်းတော်မှ လူသူတော်တွေ၏ အင်အားစုလည်း ရှိနေသေးသည်။ နည်းလမ်းမျိုးစုံကို အသုံးချလိုက်ပါက ထိုဆရာတော်၏ ကိုယ်ပိုင်တိုက်ခိုက်နိုင်စွမ်းက ကြောက်မက်ဖွယ်ကောင်းသောအဆင့်ဟု သတ်မှတ်ရပေမည်။
စစ်မှန်သော မသေမျိုးတစ်ပါး ကိုယ်တိုင်ရောက်မလာသရွေ့ သူမရှုံးနိုင်ဟု ကျောင်းထိုင်ဝိဇ္ဇာလူသူတော်ကယုံကြည်ထား၏။
အများဆုံးအနေနှင့် လေပေါ်ကျောင်းတော်ကတော့ ပျက်စီးနစ်နာမှုလေးများ ရှိလိမ့်မည်။ သို့သော် နောက်ဆုံးအနိုင်ရရှိသူကတော့ သူပဲဖြစ်မှာပင်!
ထိုအချိန်တွင်။
တောင်ကာကွယ်ရေးအစီအရင်က ကြောက်မက်ဖွယ် စွမ်းအင်လှုပ်ရှားမှုများကို ထုတ်လွှတ်လိုက်သဖြင့် ဖန်ထို့တောင်တစ်ခုလုံး ရွှေရောင်အလင်းတန်းများနှင့် ဖုံးလွှမ်းသွားကာ တရားစာရွတ်ဆိုသံများက ကောင်းကင်တစ်ခုလုံးမှာ ပဲ့တင်ထပ်လို့နေသည်။
ထူးဆန်းသောမြင်ကွင်းကြောင့် မင်းနေပြည်တော်မှ သာမန်ပြည်သူများနှင့် မှူးကြီးမတ်ရာများ တုန်လှုပ်သွားကြရသည်။
ဖန်ထို့တောင်ဆိုသည်မှာ ကျင့်ထူပြည်ထောင်၏ အထွဋ်အမြတ်ထားရာ တောင်တစ်လုံးပင်။
အရေးကြီး တရားပွဲတော်နေ့တွင် ဤသို့ဖြစ်ရပ်ဆန်းကြီး ဖြစ်ပေါ်လာသောကြောင့် လူတိုင်းအာရုံစိုက်မိလိုက်ကြ၏။
"ဘာဖြစ်နေတာလဲ။ လေပေါ်ကျောင်းတော်က အန္တရာယ်ကြုံနေရတာလား။"
"ကျွန်တော်တို့ စစ်သည်တွေ စေလွှတ်ပြီး ကူညီသင့်လား။"
"ဆိုးလိုက်တာ၊ အထဲမှာ တကယ်ပဲ ဘာတွေ ဖြစ်နေတာလဲ?!"