← Chapters

အပြစ်ပုံချခြင်း

Vol. 14 Ch. 184

အပြစ်ပုံချခြင်း

Vol. 14 Ch. 184

မင်းနေပြည်တော်တစ်ခုလုံး ပရမ်းပတာ ဖြစ်လျက်ရှိသည်။

"အရှင်မင်းကြီး၊ အခြေအနေ မကောင်းတော့ဘူး။ ပထမမင်းသား၊ ဒုတိယမင်းသားနဲ့ မင်းသမီးတို့အားလုံး လေပေါ်ကျောင်းတော်ထဲမှာ ရှိနေသေးပြီး အပြင်ထွက်မလာသေးပါဘူး!" စစ်သူကြီးက အလျင်အမြန် ပြေးလာပြီး လျှောင်တင်သည်။

ကျင့်ထူပြည်ထောင် ပြည့်ရှင်မင်းမှာ မုတ်ဆိတ်မွေးနှင့် သက်လတ်ပိုင်းအရွယ် အမျိုးသားတစ်ဦးဖြစ်ပြီး ဖန်ရောင်သရဖူကို ဆောင်းထားကာ ခမ်းနားထည်ဝါသော အဝတ်အစားများကို ဝတ်ဆင်ထားသည်။ ထိုစကားကို ကြားလိုက်ရသော် ပြည့်ရှင်မင်းလည်း မတည်တံ့နိုင်တော့ဘဲ မီးပူပေါ်မှပုရွက်ဆိတ်ကဲ့သို့ ဟိုဟိုဒီဒီ လျှောက်သွားနေရတော့၏။

"မြန်မြန်၊ မြန်မြန် နေပြည်တော်ရဲ့ တပ်ရင်းကို စုဆောင်းပြီး ဖန်ထို့တောင်ပတ်လည်မှာ အမြန်ဆုံး နေရာချထားပါ။ သူတို့ကို ကယ်တင်ဖို့ မရရအောင်ကြိုးစားကြ!" ကျင့်ထူပြည့်ရှင်မင်းက အလောတကြီး အမိန့်ပေးသည်။

"ဟုတ်ကဲ့!"

စစ်သူကြီးက လေးစားစွာ ဆုတ်ခွာသွားသည်။

ထို့နောက် ခန်းမထဲမှထွက်လာပြီး ချောင်ကျကျထောင့်တစ်နေရာတွင်ရပ်ကာ တစ်မျိုးတစ်မည်ပြုံးလိက်သည်။

သူ့ကိုယ်ထဲက ရှေးဟောင်းတံဆိပ်တစ်ခုကို ထုတ်ယူလိုက်ပြီး မှော်စွမ်းအင်ကို ထိုးသွင်းလိုက်သောအခါ တံဆိပ်မှ ငွေရောင်အလင်းတန်းများ ထွက်ပေါ်လာပြီး တစ်စုံတစ်ယောက်ကို အချက်ပြနေသကဲ့သို့ပင်။

ဖန်ထို့တောင်တွင်။

တောင်ကာကွယ်ရေးအစီအရင်များက တစ်ခုနှင့်တစ်ခု ချိတ်ဆက်နေပြီး ရှေးဟောင်းဆန်ဆန် ကျက်သရေရှိသော အရှိန်အဝါများ ထွက်ပေါ်နေသည်။

"အူး၊ အား" ကျင့်ကြံသူများစွာ နာကျင်သော အမူအရာများဖြင့် ချာချာလည်မူးနောက်လို့နေကြရ၏။ အဆုံးမရှိသော တရားရွတ်ဆိုသံများက သူတို့၏ အသိစိတ်ထဲသို့ စီးဝင်လာပြီး ပိုးကောင်များစွာ ပျံဝဲနေသလို ခံရခက်လှဿည်။ သွေးစီးကြောင်းများ ပြင်းထန်ကြမ်းတမ်းလာကာ တိုက်ခိုက်နိုင်စွမ်းကိုပင် ဆုံးရှုံးလာကြတော့သည်။

"ချီးတဲ့မှ၊ အဲ့ဒီအစီအရင်ကြောင့်ပဲ!" လီဝူကျယ်က ဒေါသတကြီး ပြောလိုက်သည်။

"ဟမ့်၊ ငါ့အသိစိတ်ကိုတောင် နှောင့်ယှက်နိုင်တာပဲ" ဟုန်ချန်ယဲ့က မျက်မှောင်ကြုတ်လိုက်သည်။ သူ၏ ကျင့်ကြံဆင့်အနေအထားနှင့်တောင် အနည်းငယ် ထိခိုက်ခံရသည်ပင်။

ရှု ရှု ရှု ~

ဒါက အဆုံးသတ်မဟုတ်သေးပေ။ တောင်ကာကွယ်ရေးအစီအရင်၏ ကောင်းချီးပေးမှုအောက်တွင် လေပေါ်ကျောင်းတော်မှ လူသူတော်များ၏ စွမ်းအားက တည်ငြိမ်စွာ မြင့်တက်လာခဲ့သည်။

ကျောင်းထိုင်ဝိဇ္ဇာလူသူတော်သည်လည်း အစီအရင်၏ ကောင်းချီးပေးမှုကို ခံစားရပြီး သူ့ခန္ဓာကိုယ်တစ်ခုလုံးက ရွှေရောင်ဖြင့်တောက်ပလာသည်။ သူ့ခေါင်းအနောက်တွင် ရွှေရောင်အလင်းစက်ဝန်းတစ်ခု ရှိနေပြီး ကမ္ဘာမြေသို့ ဆင်းသက်လာသော စစ်မှန်သည့် မဟာဝိဇ္ဇာတစ်ပါးလို သတ္တဝါအားလုံးကို ကယ်တင်တော့မလိုလိုပင် ထင်ရ၏။

သို့ပေမယ့် မျက်နှာအမူအရာကတော့ တကယ်ကို ထူးဆန်းနေသည်ပင်။ သူ့မျက်နှာတစ်ခြမ်းက နတ်ဆိုးတစ်ကောင်လို ကြောက်မက်ဖွယ်ကောင်းနေပြီး နောက်တစ်ခြမ်းက မေတ္တာကရုဏာတရားကြီးများသော လူသူတော်တစ်ပါးကဲ့သို့ တည်ငြိမ်အေးချမ်းနေခြင်းမှာ ဘယ်လိုကြည့်ကြည့် ပုံမှန်မဟုတ်စွာ ကြောက်စရာကောင်းလှသည်။

သူ့ခန္ဓာကိုယ်ပေါ်မှ ထုတ်လွှတ်သောစွမ်းအင်ပမာဏက ကြောက်မက်ဖွယ်ကောင်းလောက်အောင် များပြားသည်။

ရန်သမ်လို ဘုန်းတော်ကြီးကိုတောင် လက်တစ်ဖက်ဖြင့် ရိုက်သတ်နိုင်လောက်မည့် စွမ်းအားမျိုးပင်။

"နတ်ဆိုးယဲ့၊ ဒီနေ့တော့ အရင်ကအကြွေးတွေရော၊ အခုအကြွေးတွေပါ အတူတူ ရှင်းကြတာပေါ့။"

ကျောင်းထိုင်ဝိဇ္ဇာလူသူတော်၏ အသံတွင် ပျော်ရွှင်ခြင်း၊ ဝမ်းနည်းခြင်း အလျဥ်းမရှိဘဲ ငွေဖြူရောင်ဆံပင်ရှိသော တစ်ဖက်ရန်သူကို ကြည့်သည့် မျက်လုံးများက အလောင်းတစ်လောင်းကို ကြည့်နေသကဲ့သို့ပင်။

သူ့မျက်လုံးထဲတွင် တစ်ဖက်လူမှာ သေခါနီးလူတစ်ယောက်သာပင်!

ရွှစ်!

ကျောင်းထိုင်ဝိဇ္ဇာလူသူတော် လျင်မြန်စွာ လှုပ်ရှားသွားပြီး ယဲ့ကျွင်းလင်အား လက်ဖဝါးဖြင့် ရိုက်ချလိုက်သည်။ ထိုလက်ဖဝါးကျင့်စဥ်တွင် လျှို့ဝှက်ဆန်းကြယ်မှုများနှင့် ပေါက်ကွဲအားကောင်းသော စွမ်းအင်များ ပါဝင်သည်။

ဒါကို ဓမ္မလက်ဝါးလို့ခေါ်တယ်!

"ဟဲဟဲ"

တစ်ဖက်လူ၏ ရန်လိုသော ချဉ်းကပ်မှုကို မြင်သော် ယဲ့ကျွင်းလင်က အေးစက်စက် ပြုံးပြီး လက်သီးနှင့် ပြန်ထိုးချလိုက်သည်။ တလိပ်လိပ်တက်လာသော စွမ်းအင်ကား နဂါးတစ်ကောင်ကဲ့သို့ အရှိန်အဟုန်ပြင်း၏။

ဘုန်း!

တိုက်ကွက်နှစ်ခု ဆုံစည်းရာတွင် ကြောက်မက်ဖွယ်စွမ်းအင်လုံးကြီး ပေါက်ကွဲထွက်လာသည်။

တစ်ချိန်တည်းမှာပင်။

လေပေါ်ကျောင်းတော်၏ လူသူတော်များလည်း အမိန့်အတိုင်း အပြင်လူများကိုရှင်းလင်းဖို့ ပြင်ဆင်ကြတော့၏။

တောင်ကာကွယ်ရေးအစီအရင်၏ သက်ရောက်မှုကြောင့် လူတိုင်းမှာ ခုခံဖို့ပင်အခွင့်အရေးမရှိဘဲ ချက်ချင်းဖိနှိပ်ခံလိုက်ရသည်။

တည်ကြည်ခန့်ညားလှသော ရှေးဟောင်း လေပေါ်ကျောင်းတော်တွင်းမှာ ကြောက်မက်ဖွယ်အော်ဟစ်သံတွေ၊ သတ်ဖြတ်သံတွေ နေရာအနှံ့ ပျံ့နှံ့နေပြီး လေထုထဲမှာလည်း သွေးနံ့များဖြင့် ပြည့်လွှမ်းလာတော့၏။

"မြည်ကတုံးကောင်တွေ၊ ဘိုးဘိုးလီရဲ့ဓားချက်လေးကို မြည်းစမ်းကြည့်လိုက်"

လီဝူကျယ်၏ ပုံရိပ်သည် လျင်မြန်စွာ ခုန်တက်သွားသည်။ သူ၏ လက်ကောက်ဝတ်လှည့်လိုက်ချိန်တွင် မှင်ရောင် ဓားအလင်းတန်းများ ပူးကပ်သွားပြီး ဓားစွမ်းအင်က လေဟာနယ်ကို ပေါက်ကွဲသွားစေသည်။

သူ ဖြတ်သန်းသွားရာတိုင်းတွင် ရက်ရက်စက်စက် သတ်ဖြတ်သံများဖြင့် ပြည့်နှက်နေပြီး သွေးများ နေရာအနှံ့ ပန်းထွက်နေသည်။

"နောက်ဆုံးတော့ ငါ လူသတ်ပွဲကြီးကျင်းပနိုင်သည်!" ဟုန်ချန်ယဲ့၏ လှပသောမျက်နှာတွင် သွေးဆာရက်စက်သော စိတ်လှုပ်ရှားမှုများ ပေါ်လွင်နေသည်။

သူ၏ မျက်လုံးများတွင် ရွှေရောင်မီးလျှံများ တောက်လောင်လျက်ရှိပြီး ထင်လင်းတောက်ပသော အနီရောင်အဝတ်များကား လေနှင့်အတူ တဖျတ်ဖျတ်လွင့်ခါသည်။ ဆံပင်မျာကလည်း လှုပ်ရှားမှုအလိုက် ယိမ်းခါနေပြီး လက်ကို မြှောက်လိုက်သောအခါ မီးလျှံများက လေ့ကျင့်ရေးဆင်းကဲ့သို့ ညီညီညာညာ လှည့်ပတ်သွားကြပြီး လေပေါ်ကျောင်းတော်မှ တပည့်လူသူတော်များနှင့် အကြီးအကဲများကို မီးတင်ရှို့ခဲ့ကြ၏။

"မိုက်လိုက်တာ၊ တကယ်စွမ်းအားကြီးတာပဲ..." မင်းသမီမင်ယွဲ့က နာကျင်ကိုက်ခဲနေသော ခေါင်းကို အုပ်ပြီး ခက်ခက်ခဲခဲ ထပြောလိုက်သည်။

သူမ၏ မျက်လုံးထဲတွင် အနီရောင်ဝတ်စုံဝတ် ထိုနတ်သမီးဟာ အတုမရှိ လှပလွန်း၏။

"သူက အရှင်ယဲ့ရဲ့ နာမည်ကျော် တပည့်ကြီး၊ အနီရောင်နတ်သမီးပဲ!" ပထမမင်းသားနဲ့ ဒုတိယမင်းသား နှစ်ယောက်စလုံး နတ်သမီး၏ စွမ်းအားပြသမှုကြောင့် အံ့အားသင့်နေကြပြီး နာကျင်မှုကို ခဏတာမေ့လျော့သွားကာ သူတို့မျက်လုံးများတွင် လေးစားမှုများ ပေါ်လွင်နေသည်။

တောင်ကာကွယ်ရေးအစီအရင်၏ အာနိသင်သည်လည်း ပို၍ ပို၍ ပြင်းထန်လာသည်။

လေပေါ်ကျောင်းတော်မှ လူများသည်လည်း လူသတ်ရာတွင် ပိုလို့ရက်စက်ကြမ်းတမ်းလာကြသည်။

မျက်တောင်တစ်ခတ်အတွင်း ကျောင်းထိုင်ဝိဇ္ဇာလူသူတော်နှင့် ယဲ့ကျွင်းလင်တို့သည် ဆယ်ကြိမ်ကျော်မျှ တိုက်ခိုက်ခဲ့ကြပြီး ပတ်ဝန်းကျင်ရှိ လေဟာနယ်များ တဘုန်းဘုန်း ပေါက်ကွဲကာ လေစီးကြောင်းများ မြည်ဟည်းတိုက်ခတ်နေပြီး မြင်ကွင်းမှာ အလွန်ကြောက်မက်ဖွယ်ကောင်း၏။

ကျောင်းထိုင်ဝိဇ္ဇာလူသူတော်က အေးစက်စက်ဖြင့် ဆိုလာသည်။ "နတ်ဆိုးယဲ့၊ ဒီလူသူတော်အိုကြီးမှာ ကြီးမြတ်တဲ့အစီအရင်ရဲ့ ကောင်းချီးပေးမှု ရှိနေတာမလို့ မင်း ဘယ်တော့မှ အနိုင်ရမှာ မဟုတ်ဘူး!"

တစ်ဖက်လူရဲ့ စွမ်းအားက စဉ်ဆက်မပြတ် မြင့်တက်နေတာကို ခံစားမိပြီး သူ့၏အသိစိတ်လည်း တဖြည်းဖြည်း အစီအရင်သက်ရောက်ခြင်းဒဏ် ခံလာရတာကို သတိထားမိပေသည့် ယဲ့ကျွင်းလင်၏ မျက်နှာထက်တွင် ဘာကြောက်ရွံ့မှုမှ မပေါ်လွင်လာဘဲ တအံ့တသြဟန်ဖြင့် "စိတ်ဝင်စားစရာပဲ" ဟုပင် အာမေဍိတ်သံပြုလိုက်သေးသည်။

အချိန်၊ နေရာ၊ လူသုံးပါးလုံး သူ့ဘက်မှာရှိနေတော့ ဒီလို ယုံကြည်မှုမျိုး ရှိနေတာ မဆန်းပါဘူး!

ယခု လေပေါ်ကျောင်းတော်၏ ကျောင်းထိုင်ဝိဇ္ဇာလူသူတော်ဟာ ဘေးဒုက္ခကျော်လွှားခြင်းအဆင့်၏ ထိပ်ဆုံးမှာ ရှိသော စွမ်းအားရှင်လူနည်းစုထဲက တစ်ယောက်အပါအဝင် ဖြစ်နေလေပြီ!

"စိတ်မပူပါနဲ့၊ ပွဲက ခုမှစတာ" ယဲ့ကျွင်းလင်က လက်ဖျောက်တစ်ချက်တီးပြီး ပျော်ရွှင်စွာ ပြုံးပြလိုက်သည်။

All Chapters