အခန်း (၁၈၅)
Vol. 14 Ch. 185
အဲ့အဖွဲ့ကို သွားမထိကြနဲ့
ရုတ်တရက်။
ကျယ်ပြန့်သော ကောင်းကင်ယံထက်တွင် မီတာပေါင်း သိန်းချီရှည်လျားသော ခန္ဓာကိုယ်ကြီးတစ်ခုသည် မိုးတိမ်များကို ဖောက်ထွင်းပြီး ဖန်ထို့တောင် အပေါ်မှ လွှမ်းမိုးအုပ်စိုးသော အရှိန်အဟုန်ဖြင့် ပေါ်ထွက်လာသည်။
နောက်တစ်စက္ကန့်တွင် ဝေလငါးအော်သံကဲ့သို့ ကျယ်လောင်သောမြည်ကြွေးသံတစ်ခုသည် ကောင်းကင်ယံတွင် ပဲ့တင်ထပ်ကာ ကျင့်ထူပြည်ထောင် တစ်ခုလုံးကို တုန်ခါသွားစေတော့၏။
လူပေါင်းများစွာ ထိတ်လန့်တုန်လှုပ်စွာ ကြည့်ရှုနေကြပြီး အံ့သြမှင်တက်လို့ မဆုံးနိုင်ကြတော့ပေ။
"ဒါ... ဒါကြီးက ခွင်းဖန်းဆိုတာလားလား?!" ကျောင်းထိုင်ဝိဇ္ဇာလူသူတော်ကြီးသည် နေထိုင်လာရသည့်သက်တမ်းနှင့်အညီ ဗဟုသုတလွန်စွာကျယ်ပြန့်လှသောကြောင့် ထွက်ပေါ်လာသောသဏ္ဍာန်ကို တစ်ချက်ကြည့်လိုက်ရုံဖြင့် သိလိုက်ပြီး မျက်နှာမှာ မယုံကြည်နိုင်မှုများဖြင့် ပြည့်နှက်နေသည်။
ရှေးဟောင်း မသေမျိုးသားရဲဖြစ်သော ခွင်းဖန်း သည် နတ်ဆိုးမျိုးနွယ်များကြားတွင် တုယှဥ်နိုင်စရာမရှိသော ဘုရင်တစ်ပါးဖြစ်ပြီး ဖန်ထို့တောင်အပေါ်တွင် အကြောင်းရင်းမရှိစွာ ထွက်ပေါ်လာခဲ့သည်။
ဘာတွေဖြစ်နေတာလဲ။
ထို့အပြင် ၎င်းထံမှ ခံစားနေရသော စွမ်းအင်အရသာ ဆုံးဖြတ်ရလျှင် ၎င်းသည် ဘေးဒုက္ခကျော်လွှားခြင်း ကျင့်ကြံဆင့်တွင် ရှိနေပေသည်!
တကယ်ကို နတ်ဆိုးဧကရာဇ်လို့ ခေါ်ထိုက်ပါပေတယ်။
ခွင်းဖန်းသည် ၎င်း၏အတောင်များကို ဖြည်းလေးစွာခတ်လိုက်ပြီး ငရဲတွင်းကဲ့သို့သော ပါးစပ်ကြီးကို ဖွင့်ဟလိုက်ရာ သိပ်သည်းထူထပ်သော ကြောက်မက်ဖွယ် စွမ်းအင်များ အလွန်အမင်းများပြားစွာ စုစည်းလာပြီးနောက် ကောင်းကင်ကို ထိုးဖောက်ဖြိုခွဲတော့မည့်ဟန် ကြီးမားသည့် အလင်းတန်းကြီးတစ်ခုအဖြစ် ပေါက်ကွဲထွက်လာသည်။
ဒုန်း ဒုန်း ဒုန်း...
အလင်းတန်းကြီးသည် တောင်ကာကွယ်ရေး အစီအရင်ကို ပြင်းပြင်းထန်ထန် ထိမှန်သွားရာ မိုးကုပ်စက်ဝိုင်းကဲ့သို့ ကျယ်ပြန့်တောင့်တင်းသော အစီအရင်ခုံးကြီး၏ မျက်နှာပြင်တွင် ပြင်းထန်သော တုန်ခါမှုများ ဖြစ်ပေါ်လာသည်။
ခွင်းဖန်းပေါ်တွင် ကြွက်ခေါင်းနှင့် လူကိုယ်ရှိသော သတ္တဝါလေးတစ်ကောင်သည် ၎င်း၏ သေးငယ်နူးညံ့သော လက်များကို ဝှေ့ယမ်းရင်း စိတ်လှုပ်ရှားစွာ အော်ဟစ်နေသည်။ "ဆရာသခင်! ရှုရှု နဲ့ စတုတ္ထဆရာတူညီလေးက ဆရာသခင် ကို ကူညီဖို့ ရောက်လာပြီ!"
သူ့ဘေးရှိ မှိုဘုရင်ကြီးမှာတော့ ကြောက်လန့်တကြားဖြင့် ချောင်တစ်နေရာတွင်ကုတ်ကပ်နေပြီး မြို့တော်ရှိ လူပေါင်းများစွာ သူတို့နှစ်ဦးအား လက်ညှိုးတထိုးထိုးဖြင့် ဝိုင်းကြည့်နေသည်ကို မြင်သောအခါ လူကြားထဲတွင် စိုးရိမ်ရှက်ကြောက်တတ်သော မူလစရိုက်က ပေါက်ကွဲလာပြီး ချက်ချင်း ပြေးပုန်းလိုက်ချင်မိတော့၏။
"စတုတ္ထဆရာတူမောင်လေး၊ ဆရာသခင်က ပြောတယ်၊ ငါတို့ အောက်ကိုဆင်းပြီး အတူတူ တိုက်ခိုက်ရမယ်တဲ့!" ပုရှောင်ရှီးက မှိုခေါင်းလေးကိုပွတ်ပေးလိုက်ရင်း တစ်ဖက်လူ၏အခြေအနေကို မသိနားမလည်စွာ ပြောပြလာသည်။
မှိုဘုရင်ကြီးမှာ ငိုချချင်သော်လည်း မျက်ရည်ပင်မကျနိုင်တော့။ ဘာလို့ငါ့ကိုပါ ဆွဲထည့်နေကြတာလဲဟာ။
ခွင်းဖန်းထက်မှ အကောင်လေးများကိုမြင်သော်။
ကျောင်းထိုင်ဝိဇ္ဇာလူသူတော်၏ မျက်လုံးများ ပြူးကျယ်သွားပြီး အာမေဋိတ်ပြုလိုက်သည်။ "ဒီ ခွင်းဖန်းက မင်းရဲ့ စီးတော်ယာဉ်လား?!"
ပုံရိပ်မှတ်တမ်းတင်သော ဘောလုံးထဲတွင်လည်း ခွင်းဖန်းပါလာခဲ့သော်ငြား ပုံရိပ်အရည်အသွေးကြောင့် ယဲ့ကျွင်းလင်အနောက်မှ စီးတော်ယာဥ်ကြီး၏ တကယ့်ပုံပန်းသဏ္ဍာန်ကို သူ ရှင်းရှင်းလင်းလင်း မမြင်ခဲ့ရပေ။ ပုံကြမ်းအရ ဧရာမ သတ္တဝါကြီးတစ်ကောင်ဟုသာ ထင်မှတ်ခဲ့သည်ပင်။
ဒါပေမဲ့ အခုတော့ သူ တကယ်ကို တုန်လှုပ်သွားခဲ့ရပြီ!
သူတို့လို နေရာစုံတွင်ကျက်စားကျင်လည်ခဲ့သော ခေါင်းဆောင်ကြီးများသာ ခွင်းဖန်း၏အရေးပါပုံကို သာမန်လူများထက်ပို၍ ရှင်းရှင်းလင်းလင်းနားလည်နိုင်သည်။
မျိုးသုဥ်းပျောက်ကွယ်သွားသည်မှာ နှစ်ပေါင်းများစွာကြာညောင်းလေပြီဟု ကြားသိခဲ့ရပါသော ဒီတည်ရှိမှုဟာ တစ်ဖက်ရန်သူ၏ စီးတော်ယာဉ်အဖြစ် ပြန်ပေါ်လာခဲ့လေပြီ!
ကျောင်းထိုင်ဝိဇ္ဇာလူသူတော်လို တည်ငြိမ်အေးဆေးသူတောင် ဒီအဖြစ်ဟာ မယုံနိုင်လောက်အောင် အဓိပ္ပာယ်မဲ့လှပါကလားဟု ခံစားခဲ့ရ၏။
ထို့နောက် ငွေရောင်ဆံပင်နှင့်လူငယ်ကို အပြုံးမမည်သောအပြုံးတစ်ချက်ဖြင့် လှည့်ကြည့်လိုက်ပြီး ရင်ထဲမှမေးခွန်းတစ်ခုက ပြင်းပြစွာထိုးထွက်လာသည်။
ဒီလူက ခွင်းဖန်းကို ဘယ်လိုရှာတွေ့ပြီး ဘယ်လို နာခံအောင် လုပ်နိုင်ခဲ့တာလဲ။
ဘေးဒုက္ခကျော်လွှားခြင်း ကျင့်ကြံဆင့်မှာရှိသော ဂုဏ်သိက္ခာကြီး နတ်ဆိုးဧကရာဇ်တစ်ပါးက လူသားစွမ်းအားရှင်တစ်ပါးကို မည်သည့်အတွက်ကြောင့် သစ္စာခံအလုပ်အကျွေးပြုနေရပါသနည်း?
ကျောင်းထိုင်ဝိဇ္ဇာလူသူတော် နားမလည်နိုင်ပါချေ!
နတ်ဆိုးမျိုးနွယ်၏ တော်ဝင်သွေးဆက်တစ်ပါးအနေဖြင့် ခွင်းဖန်း၏အားကုန်တိုက်ခိုက်မှုသည် ကမ္ဘာကြီးပျက်သုဥ်းသည်အထိ ထိခိုက်နစ်နာမှုများပြားလိမ့်မည်။
ယခင်က လင်းတတစ်ကောင်ကဲ့သို့ သခင်ကျွေးတာစား၊ သခင်သွားချင်ရာလိုက်ပို့ စသည်ဖြင့် ပျင်းရီနေခဲ့သော ခွင်းဖန်းမှာတကယ်တမ်း စွမ်းဆောင်ရည်ပြရတော့မည့် အခွင့်အရေးရလိုက်တော့ အထူးတလည်ကို စိတ်အားထက်သန်နေပုံရ၏။
ဒုန်းဒုန်းဒုန်းဒုန်း!!!
ဖျက်ဆီးရေး အလင်းတန်းကြီးတစ်ခုက သူ့ပါးစပ်ကနေ ထပ်မံ ပန်းထွက်လာပြီး တောင်ကာကွယ်ရေး အစီအရင်ကို ပြင်းပြင်းထန်ထန် ထိမှန်ကာ ပို၍ပြင်းထန်သော စွမ်းအင်လှုပ်ရှားမှုများကို ဖြစ်ပေါ်စေခဲ့ပြန်သည်။
မြင်ကွင်းက ကြောက်မက်ဖွယ်ကောင်းပြီး တုန်လှုပ်စရာပင်။
"ရှုရှု လည်း ကူညီဖို့ ရောက်လာပြီ!" ပုရှောင်ရှီးက ပန်းရောင်လက်သီးလေးကို တင်းတင်းဆုပ်ပြီး ရှေ့သို့ ပြင်းပြင်းထန်ထန် ထိုးနှက်လိုက်ရာ သူမ၏ လက်သီးမှ ရွှေရောင်နတ်ဘုရားအလင်းတန်းများ ပေါက်ကွဲထွက်လာပြီး တာ့လောစွမ်းအင်များဖြင့် ပြည့်နှက်ကြွယ်ဝနေသည်။
"ဆရာတူမောင်လေးရေ!"
ဆရာတူအစ်မ၏ အလိုက်မသိစွာတိုက်တွန်းမှုကြောင့် မှိုဘုရင်ကြီးမှာလည်း မလိုလားဘဲ ပူးပေါင်းဆောင်ရွက်ခဲ့ရလေသည်။
ဗုန်း!
မှိုဘုရင်ကြီးက ကောင်းကင်ဧကရာဇ် သက်ရှည်ကျင့်စဥ်၏ စွမ်းအားကို အသက်သွင်းလိုက်ပြီး ကျောက်စိမ်းရောင်အလင်းတန်းကြီးဖြင့် ကောင်းကင်ကို ထိုးခွဲကာ အစီအရင်ကို တိုက်ဖျက်လိုက်ခြင်းမှာ ကောင်းကင်နတ်ဘုရားမှ လူ့လောကကို ပြစ်ဒဏ်မိုးကြိုးချမှတ်လေသလားဟု ထင်မှတ်ရ၏။
ဘေးဒုက္ခကျော်လွှားခြင်း ကျင့်ကြံဆင့် ကျွမ်းကျင်သူ သုံးဦး၏ ပူးပေါင်းတိုက်ခိုက်မှုကို ရင်ဆိုင်ရသောအခါ တောင်ကာကွယ်ရေး အစီအရင်မှာ နောက်ဆုံးတော့ တောင့်မခံနိုင်တော့စွာ မျက်နှာပြင်မှာ အက်ကွဲကြောင်းတွေ ထွက်ပေါ်လာပြီး ဖန်ထို့တောင်ကို ဖုံးအုပ်ကာရံထားသော အလင်းလုံးကြီး ပျောက်ကွယ်ပျက်စီးသွားခဲ့လေသည်။
ချက်ချင်းပင်။
ခေါင်းကိုက်မူးဝေနေသော လူအုပ်ကြီးမှာ နောက်ဆုံးတော့ သတိပြန်လည်လာပြီး ဒီမြင်ကွင်းကို မြင်တော့ အလွန်စိတ်လှုပ်ရှားကာ ထွက်ပြေးဖို့ အပြေးအလွှား ကြိုးစားလာကြသည်။
"ပြေးကြ!"
အော်ဟစ်သံများ ကျယ်လောင်စွာ ထွက်ပေါ်လာပြီး မြင်ကွင်းက ပွက်လောရိုက်နေသည်။
"ပြန်လာကြ! မင်းတို့ အားလုံး ပြန်လာကြစမ်း!" ကျောင်းထိုင်ဝိဇ္ဇာလူသူတော်က ဒေါသတကြီး အော်ဟစ်လိုက်သည်။
အော်ရင်းဟစ်ရင်း ဝိဇ္ဇာအလင်းများ ပြည့်နှက်နေသော လက်ဝါးရာတစ်ခုကို ရိုက်ထုတ်လိုက်ပြီး ထွက်ပြေးနေသော ကျင့်ကြံသူအားလုံးကို သတ်ပစ်ရန် ကြိုးစားသည်။
ဗုန်း!
ထိုလက်ဝါးရာကို ယဲ့ကျွင်းလင်က အလင်းတန်းတစ်ခုဖြင့် ထိုးဖောက်ဖျက်ဆီးလိုက်သော် အစအနများမှာ ကြယ်တစ်စင်ကွဲအက်ကြေမွပြီး ကြယ်မှုန်များလွင့်ပျံလာသကဲ့သို့ ထင်မှတ်ရ၏။
"စပရိုက်တိုက်တာလေ၊ ထင်မထားဘူးမလား?" ယဲ့ကျွင်းလင်က ပြောင်စပ်စပ်လုပ်သည်။
ကျောင်းထိုင်ဝိဇ္ဇာလူသူတော်၏ မျက်နှာမှာ ဒေါသနှင့်အရှက်တရားကြောင့် ဖြူဖျော့နေပြီး သူ့ရင်ထဲမှ အဆုံးမဲ့သော သတ်ဖြတ်လိုစိတ်များ ထွက်ပေါ်လာသည်။
ဒီလူကို သူ သေလောက်အောင်မုန်းတီး၏။
တစ်ဖက်လူသာ ထွက်လာပြီး ဒုက္ခမပေးခဲ့လျှင် လေပေါ်ဝိဇ္ဇာကျောင်းက ဒီအခြေအနေကို ရောက်စရာအကြောင်းမရှိ။
အခု ဒီလူတွေ လွတ်မြောက်သွားပြီး ဒီကိစ္စသာ ပျံ့နှံ့သွားလျှင် ကျင့်ကြံရေးလောကတွင် လေပေါ်ဝိဇ္ဇာကျောင်းအတွက် နေရာကျန်ရှိတော့မည်မဟုတ်။
"အခွင့်သာတုန်း မြန်မြန်ဆုတ်ခွာကြ!" ပထမမင်းသားက စိတ်လှုပ်ရှားစွာ အမိန့်ပေးသည်။
"ညီမလေး၊ ဘာလို့ ခုထိ မှင်တက်နေသေးတာလဲ။ သွားကြစို့!"
မင်းသမီးမင်ယွဲ့သည် ယဲ့ကျွင်းလင်ရဲ့ ပုံရိပ်ကို သတိလက်လွတ် ငေးကြည့်နေပြီးမှ ဒုတိယမင်းသား ဆွဲခေါ်သွားသောကြောင့် အစောင့်အရှောက်အုပ်စု၏ အကာအကွယ်အောက်ကနေ အလျင်အမြန် ထွက်ပြေးသွားသည်။
နောက်တော့ မရေမတွက်နိုင်သော ကျင့်ကြံသူများ တစ်ယောက်ပြီးတစ်ယောက် ထွက်ပြေးနိုင်သွားကြပြီး ဖန်ထို့တောင်နယ်မြေကနေ လွတ်မြောက်ကင်းကွာသွားကြလေသည်။
"ကြည့်စမ်း တစ်ယောက်ထွက်လာပြီ!"
မင်းနေပြည်တော်တွင် စောင့်ကြည့်နေသူများ လှုပ်ခနဲဖြစ်သွားကြသည်။
"ပထမမင်းသား၊ လေပေါ်ဝိဇ္ဇာကျောင်း ကို နတ်ဆိုးတွေ ကျူးကျော်နေတာလား။ ကျွန်တော်တို့ အကူအညီပေးဖို့ ဝင်သွားရမလား"
သက်လတ်ပိုင်းတပ်မှူးတစ်ဦး အလျင်အမြန် ရှေ့တိုးလာပြီး အမိန့်တောင်းခံလာသည်။
ပထမမင်းသား ဒေါသတကြီး စကားပြန်၏။ "အကူအညီပေးစရာ ဘာမှ မရှိဘူး! နတ်ဆိုးက လူသူတော်တွေကိုဝင်ပူးနေတာကွ!"
"အယ်?"
သက်လတ်ပိုင်းအရွယ် တပ်မှူးလေး ထိတ်လန့်သွားသည်။
ဒါ လေပေါ်ဝိဇ္ဇာကျောင်းက လူသူတော်တွေကို သွယ်ဝိုက်စော်ကားနေတာလား။
ဒီလို ပုန်ကန်ထကြွတဲ့ စကားမျိုးက ကျင့်ထူပြည်ထောင်မှာဆိုရင် သေဒဏ်ကျခံရမယ့် အနေအထားပဲ!
"နောင်တော်၊ ကျွန်တော်တို့ ပြန်ပြီး ခမည်းတော်ကို ဒီကိစ္စ အစီရင်ခံကြရအောင်!" ဒုတိယမင်းသားက ဖန်ထို့တောင်ကို အကုန်အစင်မလွင့်ပြယ်သေးသော ကြောက်စိတ်များဖြင့် လှမ်းကြည့်လိုက်သည်။ "တိုက်ပွဲက ဘယ်လိုရလဒ်ပဲ ထွက်ပေါ်လာပါစေ၊ ကျွန်တော်တို့ ကျင့်ထူပြည်ထောင်ရဲ့ ကံကြမ္မာကတော့ မလွဲမသွေ ပြောင်းလဲရတော့မယ်။"
အလင်းကာအစီအရင်ကြီး ပေါက်ထွက်သွားတာကိုမြင်တော့ ပုရှောင်ရှီးက မှိုဘုရင်ကြီး ကို ဆွဲခေါ်ကာ ခွင်းဖန်းပေါ်မှ ခုန်ချလိုက်သည်။ "ဆရာသခင်၊ ရှုရှုတို့ ရောက်လာပြီ!"
ယဲ့ကျွင်းလင်က တပည့်ငယ်လေးနှစ်ဦးကို ပြုံးပြပြီး ညွှန်ကြားလိုက်သည်။ "ကောင်းပြီ၊ မင်းတို့ရဲ့ ဆရာသခင်နောက်ကို လိုက်ပြီး ဒီမျက်နှာပြောင်တိုက်လို့မပြီးနိုင်သေးတဲ့ ခေါင်းပြောင်လူသူတော် တွေကို ပြင်းပြင်းထန်ထန် ရိုက်နှက်ကြစမ်း!"
"ဟုတ်!"
ပုရှောင်ရှီးက တိုက်ရိုက် ရှေ့သို့ ပြေးလာပြီး သူမ၏ ပန်းရောင်လက်သီးလေးကို တင်းတင်းဆုပ်ကာ တွေ့ကရာနေရာသို့ထိုးနှက်လိုက်ရာ လေထုလွှာကြီး ပေါက်ကွဲထွက်ပြီး လေလှိုင်းများ ပြန့်ထွက်လာသည်။
"အား..." လူအုပ်ထဲမှာ ပုံရိပ်အများအပြား ဟိုတစ်စဒီတစ်စ လွင့်ထွက်သွားပြီး သွေးအိုင်ထဲသို့ ပြန်လည်ပြုတ်ကျလာကြသည်။
မြင်ကွင်းက ရှုပ်ထွေးနေသည်ကို မြင်တော့ မှိုဘုရင်ကြီးက ထောင့်တစ်နေရာမှာ ပုန်းနေပြီး စောင့်ကြည့်နေလိုက်၏။
"ဟင်? ဒီမှာ မှိုတစ်ပင်ရှိနေတာလား?"
"ဘုရားရေ၊ ဒါက အဆင့်မြင့်ဆေးဘုရင်မှိုပဲ! မြန်မြန် ရိုက်သတ်လိုက်၊ မှိုဟင်းချိုက သေချာပေါက် အရသာရှိမှာပဲ!"
လေပေါ်ဝိဇ္ဇာကျောင်းမှ အကြီးအကဲ ဆယ်ဦးကျော်လောက်၏ မျက်လုံးတွေလင်းလက်သွားပြီး အပြေးအလွှား ရိုက်သတ်ဖို့ပြင်လာကြသည်။
"ဘာလို့ ငါ့ကို လာဆွနေကြတာလဲ!"
"မှိုဟင်းချို" ဆိုတဲ့ စကားကြားတော့ မှိုဘုရင်ကြီး စိတ်တိုတိုဖြင့် ချက်ချင်း လူအသွင်ပြောင်းသွားသည်။
မှိုခေါင်းပုံ ဆံပင်လေးဖြင့်၊ ချောကလက်ရောင် မည်းနက်နက် အသားအရေရှိသော၊ မျက်ခုံးမွှေးထူထူနှင့် မျက်လုံးကြီးကြီး ထွားထွားကျိုင်းကျိုင်း လူငယ်တစ်ဦးသည် ဒေါသတကြီး လက်ကိုဝှေ့ယမ်းပြီး ကျောက်စိမ်းရောင်နွယ်ပင်များစွာကို ပစ်ထုတ်လိုက်ရာ ၎င်းတို့သည် အမိန့်ရအာဏာပါးကွက်သားများကဲ့သို့ အကြီးအကဲတို့၏ခန္ဓာကိုယ်ကို ထိုးဖောက်သွားပြီး သွေးများဖြင့် ဖုံးလွှမ်းသွားစေသည်။
"ဘုရားရေ!"
မူလက အခွင့်ကောင်းယူချင်နေကြသော လေပေါ်ဝိဇ္ဇာကျောင်း မှ ဈာန်ကျင့်ကြံသူ အများအပြားသည် ဤမြင်ကွင်းကြောင့် ကြောက်လန့်သွားကြရသည်။
ထိုအချိန်တွင် ဒေါသဖြင့် ဖုံးလွှမ်းနေသော မှိုဘုရင်ကြီး သည် နွယ်ပင်များစွာကို မောင်းနှင်စေလွှတ်ကာ တိုက်ခိုက်နေပြီး မြင်ကွင်းမှာ သွေးအလူးလူးဖြင့် အလွန်ရက်စက်ကြမ်းကြုတ်လှ၏။
ယဲ့ကျွင်းလင်နှင့် အဖွဲ့မှာ လူနည်းသော်လည်း အရည်အသွေးတွင် ထူးချွန်ပြောင်မြောက်ကြသည်။
ဘာပဲဖြစ်ဖြစ် သူတို့အားလုံးက ဘေးဒုက္ခကျော်လွှားခြင်း ကျင့်ကြံဆင့်မှာ တစ်ညီတည်း ရှိနေကြတာပဲလေ!
တိုက်ပွဲစပြီး မကြာခင်မှာပဲ လေပေါ်ဝိဇ္ဇာကျောင်းမှာ အကြီးအကျယ် ထိခိုက်နစ်နာလာခဲ့သည်။
ဗုန်းဗုန်းဗုန်းဗုန်း ~!
နောက်ဆုံး ထိပ်တိုက်တွေ့ဆုံမှုအပြီး ပုံရိပ်နှစ်ခု ပြန်ခွာသွားကြသည်။
ယဲ့ကျွင်းလင်က လှောင်ပြောင်လိုက်သည်။ "ဟေ့ အိုနာကျလူသူတော်ကြီး၊ ခင်ဗျားတို့ဘက်က အခြေအနေ မကောင်းတဲ့ပုံပဲနော်။"
ကျောင်းထိုင်ဝိဇ္ဇာလူသူတော်သည် မခံချင်စိတ်ဖြင့် မျက်နှာကြွက်သားတွေ တဆတ်ဆတ်တုန်သွားရသည်။
ဒီနတ်ဆိုးကိုယ်တိုင်က ဒီလောက် ကြောက်မက်ဖွယ်ကောင်းနေပြီး သူ့ရဲ့ တပည့်တွေကလည်း ဘေးဒုက္ခကျော်လွှားခြင်း ကျင့်ကြံဆင့်မှာကို တိုက်ရည်ခိုက်ရည်ကအစ လက်ဖျားခါလောက်အောင်တော်နေကြတယ်။ ဒါတွေက ဘယ်ကနေ ဘယ်လိုဖြစ်လာရတာလဲ?
ဒီအဖွဲ့ကိုတော့ သွားမထိသင့်ဘူးဆိုတာ သဘောပေါက်!