← Chapters

အခန်း (၁၈၆)

Vol. 14 Ch. 186

အခန်း (၁၈၆)

Vol. 14 Ch. 186

ဘေးဒုက္ခကျော်လွှားခြင်း ကျင့်ကြံဆင့်ကို မသေမျိုးအရိပ်ဟုလည်း ခေါ်ဆိုကြပြီး စစ်မှန်သောမသေမျိုးအဆင့်နှင့် တစ်ဆင့်သာကွာခြားတော့သော အခြေအနေကြောင့် ကျင့်ကြံရေးလောကတွင် လူပေါင်းများစွာ၏ ကြည်ညိုလေးစားခြင်းခံရသော မဟာစွမ်းအားရှင်များဖြစ်၏။

အဓိကစီရင်စုကြီးငါးခု၏ ထိပ်တန်းအင်အားစုများတွင်ပင် မသေမျိုးအရိပ်ဆိုသည်မှာ သက်ရှိကျောက်ဖြစ်ရုပ်ကြွင်းများကဲ့သို့ အတော်လေးရှားရှားပါးပါးသာ ပေါ်ထွက်လာလေ့ရှိသည်။

သို့သော် ယခုအခါ ဘေးဒုက္ခကျော်လွှားခြင်း ကျင့်ကြံဆင့် ကျင့်ကြံသူများစွာသည် မိုးပေါ်မှကျလာသကဲ့သို့ ပေါ်ထွက်လာကြပြီး လေပေါ်ဝိဇ္ဇာကျောင်းကို ပူးပေါင်းတိုက်ခိုက်နေကြလေပြီ။ ၎င်းတို့ထဲမှ လေးဦးမှာ ဆရာသခင်တစ်ဦးတည်းမှ ဆင်းသက်လာခြင်းဖြစ်သည်။

ဒါ လုံးဝကို မယုံနိုင်စရာပဲ!

ကျောင်းထိုင်ဝိဇ္ဇာလူသူတော်က သူ့ရှေ့မှ ငွေရောင်ဆံပင်နှင့်လူငယ်ကို စိုက်ကြည့်နေပြီး သူ့နှလုံးသားသည် မနာလိုစိတ်ကြောင့် မုန်တိုင်းထန်သော ပင်လယ်ကဲ့သို့ ဆူပွက်နေသည်။

"ဆရာကောင်း တပည့်ပန်းကောင်းပန်" ဟူသော စကားပုံတစ်ခုရှိသည်။

ဒီနတ်ဆိုးကောင်ဟာ တကယ်ပဲ ထိုးထွင်းဉာဏ်ထက်မြက်ပြီး တပည့်တွေကို ရှားပါးဉာဏ်အလင်းရအောင် ညွှန်ကြားသင်ပြနိုင်တဲ့အထိ ထူးချွန်နေတာလား?

မဟုတ်ရင် သူ့တပည့်တွေအားလုံး ဘေးဒုက္ခကျော်လွှားခြင်း ကျင့်ကြံဆင့်အထိ အောင်အောင်မြင်မြင် တက်လှမ်းနိုင်ထားတဲ့ တစ်ခြားအကြောင်းပြချက်များ ရှိနေဦးမလား?

တခြားဂိုဏ်းတွေဆိုလျှင် မသေမျိုးအရိပ်တစ်ပါးလောက် စုဆောင်းမိလျှင်တောင် မယုံနိုင်လောက်အောင် ကံကောင်းလှသည်ဟု သတ်မှတ်ကြမည်ပင်။

ဒါပေမယ့် အဲ့ဒီလူဆီမှာတော့ လေးယောက်တောင်!!

ကျောင်းထိုင်ဝိဇ္ဇာလူသူတော်က သူ့စိတ်ကို အတတ်နိုင်ဆုံး ငြိမ်သက်အောင် ကြိုးစားပြီး နက်ရှိုင်းသော မျက်လုံးများမှ အေးစက်စက် အလင်းတန်းနှစ်ခု ထွက်ပေါ်လာကာ ကြိမ်းဝါးလိုက်သည်။ "နတ်ဆိုးယဲ့၊ ငါ့ လေပေါ်ဝိဇ္ဇာကျောင်းရဲ့ အခြေခံကို ဒီလောက်ပဲရှိလိမ့်မယ်လို့ မင်းတကယ်ထင်နေတာလား"

သူပြောရင်း လေပေါ်ဝိဇ္ဇာကျောင်း၏ အတွင်းပိုင်းတစ်နေရာကို ခေါင်းလှည့်ကြည့်လိုက်ပြီး အဓိပ္ပာယ်ပါပါဖြင့်ဆိုလိုက်သည်။ "ခင်ဗျားတို့ နှစ်ယောက်၊ ကျေးဇူးပြုပြီး ရှေ့ထွက်လာခဲ့ပါတော့၊ ကျွန်တော်နဲ့ ပူးပေါင်းပြီး ဒီလူကို သတ်ပေးပါ!"

ဗုန်း...

သူပြောပြီးသည်နှင့် ကြောက်မက်ဖွယ်ကောင်းသော စွမ်းအင်နှစ်ခုဟာ လေပေါ်ဝိဇ္ဇာကျောင်း၏ အတွင်းတစ်နေရာကနေ ပေါက်ကွဲထွက်လာပြီး လှိုင်းလုံးကြီးများကဲ့သို့ ပျံ့နှံ့သွားသည်။

ဝှစ်!

ဝှစ်!

တစ်ခဏချင်းမှာပင် မှော်ပစ္စည်းနှစ်ခု ထွက်ပေါ်လာပြီး တစ်ခုချင်းစီက ကြောက်မက်ဖွယ်ကောင်းသော စွမ်းအားများကို သယ်ယူဆောင်ကျဥ်းလာသည်။

တစ်ခုက အနက်ရောင်နှင့်အဖြူရောင်နှော လှံတံဖြစ်ပြီး နောက်တစ်ခုက ရွှေရောင်လက်ကောက်တစ်ကွင်း ဖြစ်၏။ မှော်ပစ္စည်းများသည် ကိုယ်ပိုင်ဝိညာဥ်ရရှိထားသကဲ့သို့ လေထုထဲမှာ သက်တန့်သဏ္ဍာန် အကွေးအကောက်လှလှလေးများ ဖန်တီးပုံဖော်လိုက်ကာ ယဲ့ကျွင်းလင်ကို ဘေးနှစ်ဖက်မှ ဝိုင်းညှပ်တိုက်ခိုက်ကြတော့၏။

"ဒါက နတ်ဆိုးနှိမ်နင်းလှံတံနဲ့ ဝိဇ္ဇာလက်ကောက်ပဲ!" လေပေါ်ဝိဇ္ဇာကျောင်း၏ အကြီးအကဲတစ်ဦးက အော်ဟစ်လိုက်သည်။

ထိုမှော်ပစ္စည်းနှစ်ခုဟာ လေပေါ်ဝိဇ္ဇာကျောင်း၏ မဟာရတနာသုံးပါးထဲ အပါအဝင်နှစ်ပါးဖြစ်ပြီး နှစ်ခုလုံးက အဆင့်ခုနစ် ဉာဏ်အလင်းမှော်ရတနာများ ဖြစ်ကြပြီး နှစ်ပေါင်း သန်းချီအောင် လက်ဆင့်ကမ်းလာခဲ့ကြသော အမွေအနှစ်များလည်းဖြစ်သည်။

"ဟမ့်!"

ထိုမှော်ပစ္စည်းနှစ်ခု သူ့ကို ပစ်မှတ်ထားလာသည်အား မြင်သော် ယဲ့ကျွင်းလင်သည် ဝတ်ရုံလက်စကို ဖျတ်ခနဲခါယမ်းကာ ပြင်းထန်သောစွမ်းအားစီးကြောင်းအား တောင်ကျရေကဲ့သို့ အရှိန်အဟုန်ဖြင့် စီးဆင်းလာစေ၏။

လှံတံနှင့် လက်ကောက်တို့မှာ ရုတ်ချည်းဆိုသလို စွမ်းအင်များစွာ လျော့နည်းသွားပေမဲ့ အားမလျှော့စွာ ပြင်းပြင်းထန်ထန်တိုက်ခိုက်နေဆဲပင်။

စွမ်းအင်တို့ဖြတ်သန်းရာ လမ်းတစ်လျှောက်လုံးတွင်‌‌ လေထုတစ်ခုလုံး အဆက်မပြတ်ပေါက်ကွဲထွက်နေပြီး အနက်ရောင်နှင့် အဖြူရောင် လျှပ်စီးကြောင်းများက မြွေများကဲ့သို့ တွန့်လိမ်တွန့်လိမ်ဖြင့် ကခုန်နေကာ ရွှေရောင်အလင်းတန်းများလည်း ဖြာထွက်နေတာကြောင့် မြင်ကွင်မှာ အလွန်ထူးဆန်းစွာကြောက်စရာကောင်းသည်။

ယဲ့ကျွင်းလင်က မျက်ခုံးတစ်ချက်ပင့်ကြီး လက်ချောင်းနှစ်ချောင်းကို ပူးကာ "ဆုတ်!" ဟု အော်လိုက်သည်။

ဗုန်း!

မှော်ပစ္စည်းနှစ်ခုဟာ မီးခိုးများတလူလူ ထွက်လာရင်း နောက်ပြန်လွင့်ထွက်သွားပြီး ခန္ဓာကိုယ်များက နာကျင်မှုကြောင့်ငိုယိုနေသလို ပြင်းပြင်းထန်ထန်တုန်ခါလျက်ရှိကြ၏။

ဖျတ်ခနဲဆိုသလိုပင် လှံတံနှင့် လက်ကောက်တို့ဟာ အမိန့်ပေးသူပိုင်ရှင်နှစ်ဦး၏ လက်ထဲသို့ ပြန်ရောက်လာကြသည်။

ဘယ်ဘက်တွင် ရပ်နေသည်က ရွှေရောင်နားကပ်များဆင်မြန်းထားသော သက်လတ်ပိုင်းအရွယ် လူသူတော်တစ်ဦးဖြစ်ပြီး လက်တစ်ဖက်ကို သင်္ကေတတစ်ခုလုပ်လျက် ရင်ဘတ်ရှေ့ကပ်ထားကာ တစ်ဖက်က လှံတံကိုစွဲကိုင်ထားသည်။ အရပ်အမောင်းက ပုံမှန်မဟုတ်လောက်အောင် ရှည်လျားထွက်နေကာ သူ့ခန္ဓာကိုယ်ထဲမှ ကြောက်မက်ဖွယ် ချီနှင့်သွေးစွမ်းအင်တို့ စီးဆင်းနေကာ အလွန်ပြင်းထန်သည့် ဖိအားကို ထုတ်လွှတ်နေသည်။

ညာဘက်မှာက ဦးခေါင်းနောက်တွင် တောက်ပသော အဖြူရောင် အဝန်းအဝိုင်းတစ်ခု လင်းချင်းနေပြီး မျက်ခုံးနှစ်ခုကြားမှာ အနီရောင်အစက်တစ်ခုပါရှိသည့် လူငယ်လူသူတော် တစ်ပါး ဖြစ်ကာ နူးညံ့သောမျက်နှာထက်တွင် မည်သည့်စိတ်ခံစားချက်မှမပေါ်ရှိ။ သူ့လက်တွင် ရွှေရောင်လက်ကောက်တစ်ခုကို ချိတ်ဆွဲထားပြီး ဖြာထွက်နေသောအလင်းတန်းများကိုလည်း မြင်နိုင်သည်။

"အဲဒီနှစ်ယောက် ဘယ်သူတွေလဲ" အသက်ငယ်ငယ် သာမန်လူသူတော်လေးတစ်ပါးက စူးစမ်းစွာ မေးသည်။

သူ့ဘေးရှိ ဆရာတူအစ်ကိုလူသူတော်က တစ်စုံတစ်ခုကို သတိရသွားဟန်ရှိပြီး မျက်နှာတစ်ပြင်လုံး ကြောက်စိတ်ဖြင့်ဖုံးလွှမ်းလာသည်။ "သူတို့ကို ပုံတူပန်းချီကားတွေထဲမှာ တစ်ခါက မြင်ဖူးတယ်။ သူတို့က အကြီးအကဲနဂါးဆင်နဲ့ အကြီးအကဲစင်ကြယ်ပဲ! အရင်နှစ်တွေတုန်းက သူတို့နှစ်ယောက်ဟာ ငါတို့ရဲ့ ကျောင်းထိုင်ဝိဇ္ဇာလူသူတော် ရွှီယွင်နဲ့ တန်းတူနာမည်ကြီးပြီး တစ်ချိန်က လေပေါ်ဝိဇ္ဇာကျောင်းရဲ့ သူတော်စင်သုံးဦးလို့ လူသိများခဲ့တယ်။"

နေရာတစ်ခုလုံး စကားသံတသောသောဖြင့် ဆူညံလျက်ရှိ၏။

ထိုနှစ်ဦး၏ ပုံရိပ်အစစ်အမှန်ကို သိရှိသွားသူ လူသူတော်တို့မှာ ပြန်လည်အားတက်လာကြပြီး ကြက်ပေါင်းရည်သောက်လိုက်သကဲ့သို့ စိတ်လှုပ်ရှားတက်ကြွကုန်ကြတော့သည်။

လေပေါ်ဝိဇ္ဇာကျောင်း၏ သူတော်စင်သုံးဦး၊ ဒီနာမည်ဟာ အရှေ့ပိုင်းစီရင်စုတစ်ခုလုံးကို တစ်ချိန်က လှုပ်ခတ်စေခဲ့ပြီး ဈာန်ကျင့်ကြံသူအတော်များများ၏ အားကိုးအားထားပြုရာ လေးစားကြည်ညိုရာ ဈာန်ကျင့်ကြံသူများဖြစ်ခဲ့ကြ၏။

သူတို့အားလုံးဟာ ဝိဇ္ဇာပညာကျွမ်းကျင် စွမ်းအားရှင်တွေဖြစ်ကြပြီး ကျင့်ကြံဆင့်တူ လောကသားတွေကြားတွင် ယှဥ်နိုင်သူမရှိ။ အရေးအကြီးဆုံးတစ်ချက်မှာ ထိုသုံးဦးသည် ကျင့်စဥ်တစ်ခုကို ပူးပေါင်းကျင့်ကြံခဲ့ကြပြီး ထိုကျင့်စဥ်သည် မူလစွမ်းအားထက် အဆပေါင်းများစွာသာလွန်သော လူသတ်စွမ်းအားတစ်ခုကို ထုတ်လွှတ်ပေးနိုင်သည်။

ထိုကာလများတုန်းက သူတို့ရောင်းရင်းသုံးဦးသည် အရှေ့ပိုင်းစီရင်စုတစ်ခွင် ပူးပေါင်းလှည့်လည်ခဲ့ကြပြီး သူတို့၏ ပူးပေါင်းခွန်အားဖြင့် ဘက်ပေါင်းစုံက အင်အားကြီးကျင့်ကြံသူတွေကိုတောင် အညံ့ခံဒူးထောက်စေခဲ့ကြ၏။ လေပေါ်ဝိဇ္ဇာကျောင်း၏ သူတော်စင်သုံးဦး ဆိုသည့် နာမည်ကို ပြိုင်ဘက်ကင်းထူထောင်နိုင်ခဲ့ကြသည်။ ကမ္ဘာပေါ်က ဈာန်ကျင့်ကြံသူတိုင်း၏ အတွေးပုံရိပ်ဝယ် လေပေါ်ဝိဇ္ဇာကျောင်း၏ သူတော်စင်သုံးဦးက ကျော်လွှားလို့မရနိုင်သော တောင်သုံးလုံးကို ကိုယ်စားပြုခဲ့သည်။

နောက်ပိုင်းမှာတော့ ရွှီယွင်ဆိုသည့် လူသူတော်က လေပေါ်ဝိဇ္ဇာကျောင်း၏ ကျောင်းထိုင်ဝိဇ္ဇာလူသူတော် ရာထူးကို ဆက်ခံပြီး ကျန်နှစ်ဦးကတော့ အဲဒီအချိန်ကစပြီး အနားယူလိုက်ကာ လောကီကိစ္စတွေကို စိတ်မဝင်စားတော့ပေ။

အဲဒီအချိန်ကစပြီး လေပေါ်ဝိဇ္ဇာကျောင်း၏ သူတော်စင်သုံးဦးဆိုသည်မှာ အတိတ်ဒဏ္ဍာရီတစ်ပုဒ်သာသာ ဖြစ်သွားခဲ့ရ၏။

လူသေသော်လည်း နာမည်မသေဟူသော အဆိုအတိုင်းပင်။ အရှေ့ပိုင်းစီရင်စု၏ တချို့ဒေသတွေမှာ ထိုသုံးဖော်၏ ပြိုင်ဘက်ကင်းတိုက်ပွဲများက ယခုထိတိုင်ကျော်ကြားနေဆဲဖြစ်ကာ အကြောင်းသိအင်အားစုများဆိုလျှင် လေပေါ်ဝိဇ္ဇာကျောင်းကို မထိဝံ့အောင်ကြောက်ရွံ့တတ်ကြလေသည်။

အဲ့ဒီကာလများတွင် သူတို့သုံးဦး၏ဂုဏ်သတင်းက အဲ့လောက်ထိကျော်ကြားခဲ့ပါသည်။

ယခု သုံးဦးအစုံပေါ်လာချိန်တွင် လေပေါ်ကျောင်းတစ်ခုလုံးလည်း စိတ်လှုပ်ရှားလို့မဆုံးနိုင်ဖြစ်ကာ နှစ်အကြာကြီး စွဲလမ်းနှစ်ခြိုက်ခဲ့ရသော Idolများကို အပြင်မှာတွေ့လိုက်ရသည့် ပရိတ်သတ်တစ်စုကဲ့သို့ လှုပ်လှုပ်ရွရွဖြစ်နေကြသည်။

All Chapters