အခန်း (၁၈၇)
Vol. 14 Ch. 187
လေပေါ်ဝိဇ္ဇာကျောင်း၏ လက်ရှိ ကျောင်းထိုင်ဝိဇ္ဇာလူသူတော်ဖြစ်သော ရွှီယွင်၏မျက်လုံးများတွင် အေးစက်စက်အရိပ်အယောင်တစ်ခု ရှိနေ၏။
သူက ဒီနှစ်ယောက်ကို သဘောမကျလှပေသည့် အခြေအနေအရ ရောင်းရင်းဟောင်းများကို အကူအညီတောင်းရန်သာ ရှိတော့သည်ပင်။
ရွှီယွင်က မနှစ်သက်မှုကိုဖုံးကွယ်ကာ သူငယ်ချင်းဟောင်းများနှင့် ပြန်တွေ့ရသလို ဟန်ဆောင်ပြီး စိတ်လှုပ်ရှားစွာ ပြောလိုက်သည်။ "မင်းတို့ နှစ်ယောက်၊ မတွေ့တာ ကြာပြီ။"
"ရွှီယွင်၊ မင်း ဒီလို နတ်ဆိုးမျိုးကို ဘယ်ကနေ လှုံ့ဆော်ခဲ့တာလဲ။ သူက ငါနဲ့ စင်ကြယ်ရဲ့ မှော်ပစ္စည်းတွေကို လက်ဗလာနဲ့တောင် တားဆီးနိုင်တာပဲ!" အကြီးအကဲနဂါးဆင်၏ မျက်လုံးများမှာ လျှပ်စီးနေသလိုလင်းလက်နေပြီး အသံကား ခေါင်းလောင်းသံကဲ့သို့ ပဲ့တင်မြည်ဟီးနေသည်။
"စိတ်မချမ်းသာစရာပါပဲ၊ လေပေါ်ဝိဇ္ဇာကျောင်းက ဒီလိုရိုင်းစိုင်းတဲ့ရန်စမှုမျိုးကို မကြုံဖူးတာ နှစ်ပေါင်းများစွာကြာရှိရောပေါ့။ ရွှီယွင်၊ မင်း ကွယ်လွန်သွားပြီဖြစ်တဲ့ ကျောင်းထိုင်ဝိဇ္ဇာလူသူတော်ကြီးကို ဘယ်လို ရှင်းပြမလဲ" အကြီးအကဲစင်ကြယ်က တကျွတ်ကျွတ်စုတ်သပ်ရင်း မေးလာသည်။
ထိုစကားကိုကြားသော်။
ရွှီယွင်၏ ပါးစပ်ထောင့်အကြောများ တဆတ်ဆတ်တုန်သွားပြီး အိုမင်းနေသောမျက်နှာထက် မရေရာမှုများပေါ်ပေါက်လာသည်။
ဒီလိုပဲ ထပ်ဖြစ်ပြန်ပြီ!
ဒီရင်းနှီးတဲ့ ခံစားချက်!
သူ့ကို ရန်သူကဖိအားပေးလာလို့သာမဟုတ်ရင် ဒီနှစ်ယောက်ကို သူ တစ်သက်လုံး မမြင်ချင်ဘူး!
ဒေါသများဆူပွက်လာသည်နှင့်အမျှ ရွှီယွမ်၏ သွေးနီရောင်မျက်လုံးများသည် ယဲ့ကျွင်းလင်ကိုစိုက်ကြည့်လာကာ ရှင်းရမည့်စာရင်းများကို ပေါင်းတွက်နေဟန်ပင်။
ယဲ့ကျွင်းလင် မျက်တောင်လေးပုတ်ခတ်ပုတ်ခတ် ဖြစ်သွားသည်။
ဘာအခြေအနေလဲဟ။
ကြည့်ရသလောက် ခေါင်းဆောင်အဘိုးကြီးနဲ့ ဒီနှစ်ယောက်က ဆက်ဆံရေးမကောင်းတာများလား။
"ဟဲဟဲ၊ ကြည့်ရတာ ခင်ဗျားဒီနှစ်ယောက်ကို တော်တော်လေးအခဲမကျေနေပုံပဲနော်" ယဲ့ကျွင်းလင်က နောက်ပြောင်သလိုလိုနှင့် မီးလောင်ရာလေပင့်သည်။
အကြီးအကဲနဂါးဆင်နှင့် အကြီးအကဲစင်ကြယ်တို့မှာ ထိုစကားကြောင့် မှင်တက်မိသွားရသည်။ "ရွှီယွင်၊ သူပြောတာ မှန်လား?"
ရွှီယွင်က ဒေါသတကြီးထအော်သည်။ "နတ်ဆိုးယဲ့၊ မင်းက ငါတို့ရောင်းရင်းတွေကို မညီညွတ်အောင် သွေးထိုးချင်နေတာ!"
ထို့နောက် လက်တစ်ဖက်ဖြင့် သင်္ကေတတစ်ခု ပြုလုပ်လိုက်သည်။
ဖန်ထို့တောင်၏ မြေအောက်နက်နက်တွင် တံဆိပ်ခတ်မြှုပ်နှံထားသော လှံတံတစ်ချောင်း ပြင်းပြင်းထန်ထန် တုန်ခါနေပြီးနောက် ထွက်ပေါ်လာသည်။ ၎င်းသည် လေထဲတွင်မြောနေလျက် ဝိဇ္ဇာအလင်းတန်းများကို ထုတ်လွှတ်နေကာ လူသူအရှေ့ စွမ်းအင်ခင်းကျင်းပြသသည်နှင့်ပင်တူ၏။
"ဒါ၊ ဒါက လေပေါ်ဝိဇ္ဇာကျောင်း ရဲ့ မဟာရတနာသုံးပါးထဲက အဓိကဖြစ်တဲ့ ကိုးဆင့်မြောက် ဉာဏ်အလင်းမှော်ရတနာ ထုံထျန်းလှံတံပဲ!!" လူသူတော် များ ထိတ်လန့်သွားကြသည်။
ရွှီယွင်က လှံတံကို ဆုပ်ကိုင်ထားပြီး လက်တစ်ဖက်ကို ရင်ဘတ်ရှေ့မှာ တည့်တည့်ထောင်ကာ အေးစက်စွာခြိမ်းခြောက်လိုက်သည်။ "ဒီသူတော်အိုကြီးကို လှံတံပါဆွဲထုတ်ရတဲ့အခြေအနေရောက်အောင်လုပ်တာ မင်းသေဖို့ထိုက်တန်တယ်"
ကိုးဆင့်မြောက် ဉာဏ်အလင်းမှော်ရတနာဆိုသည်မှာ မသေမျိုးအဆင့်နှင့် တစ်ဆင့်သာကွာဝေးပြီး လေပေါ်ဝိဇ္ဇာကျောင်း၏ အမြင့်မြတ်ဆုံး မှော်ပစ္စည်းဆိုလည်း မမှားပေ။
ဖန်ထို့တောင်၏ စွမ်းအင်များဖြင့် ရစ်ပတ်သိမ်းဆည်းခံထားရသော် မှော်လက်နက်ကိုတောင် ထုတ်သုံးလိုက်ချိန်တွင် ဤတိုက်ပွဲမှာ မည်မျှအထိအရေးကြီးပါကြောင်း ဖော်ပြနေသကဲ့သို့။ သူတော်စင်သုံးဦးပေါင်း၍ ယဲ့ကျွင်းလင်ကို မသေသေအောင်သတ်တော့မည့် စိတ်ပိုင်းဖြတ်မှုမျိုးပင်။
"မင်းတို့ နှစ်ယောက်၊ ငါ့ကိုအပြစ်တင်မစောကြနဲ့ဦး၊ အခု ရန်သူက ရှေ့မှောက်ရောက်နေပြီဆိုတော့ ငါတို့ သုံးယောက်ဟာ အရင်တစ်ချိန်ကလိုပဲ တာအိုလောကကြီးကိုကာကွယ်ဖို့ စည်းလုံးသင့်ပြီ" ဟု ရွှီယွင် က သတိပေးလိုက်သည်။
"မှန်တယ်" အကြီးအကဲ နဂါးဆင် ခေါင်းညိတ်ထောက်ခံပြီး နတ်ဆိုးနှိမ်နင်းလှံတံကို ဝှေ့ယမ်းကာ ပြင်းပြင်းထန်ထန် ရိုက်ချလိုက်သည်။
"နတ်ဆိုး၊ မင်းအသက်ကိုပေးစမ်း!"
လှံတံ၏ အရိပ်တွေကအစ တောက်ပလျက်ရှိကာ လွန်စွာဖိအားပြင်း၏။
သူထုတ်သုံးလိုက်တာက နတ်ဆိုးနှိမ်နင်းလှံတံကျင့်စဥ်ဖြစ်ပြီး နတ်ဆိုးနှိမ်နင်းလှံတံနှင့် တွဲဖက်အသုံးပြုလျှင် အထိရောက်ဆုံးဖြစ်သည်။
တစ်ဖက်မှာတော့ တောက်ပသော ရွှေရောင်အလင်းတန်းကြီးတစ်ခုက ကောင်းကင်ကို ထိုးခွဲဖောက်ထုတ်ပြီး ယဲ့ကျွင်းလင်၏ဦးခေါင်းကို တည့်တည့်ချိန်ကာ အနားကပ်လာနေသည်။ အနီးကပ်ကြည့်လိုက်သော် ရွှေရောင်အလင်းများဖြင့် ရစ်ပတ်ထားသည့် ဝိဇ္ဇာလက်ကောက်ဖြစ်ပြီး ရှေးဟောင်းစာလုံးများဖြင့် ဝန်းရံအားဖြည့်ထားသည်အား မြင်တွေ့ရပေမည်။
"ဆိုးသွမ်းတဲ့ သတ္တဝါကောင်၊ သေစမ်း!" အကြီးအကဲစင်ကြယ်က အေးစက်စွာ အော်ဟစ်လိုက်သည်။
သူတို့နှစ်ဦးသည် ပစ်မှတ်ကို ဟိုဘက်သည်ဘက် ညှပ်တိုက်ခဲ့ကြခြင်းပင်။
အလယ်မှာတော့ လေပေါ်ဝိဇ္ဇာကျောင်း၏ ကျောင်းထိုင်ဝိဇ္ဇာလူသူတော်ဟာ လှံတံကို ကိုင်မြှောက်ပြီး တည့်တည့်ရိုက်ချလိုက်သည်။ သူ့ခန္ဓာကိုယ်မှ တောက်ပသောဝိဇ္ဇာအလင်းတန်းများ ဖြာထွက်နေကာ အနောက်မှ ဝိဇ္ဇာပုံရိပ်ကြီးတစ်ခုကလည်း မားမားကြီးပေါ်ထွက်နေသည်။
ဘေးဒုက္ခကျော်လွှားခြင်း ပြီးပြည့်စုံခြင်းအဆင့်၏ စွမ်းအားရှင်သုံးဦးပေါင်းကာ ယဲ့ကျွင်းလင်ကို ညှပ်ပိတ်တိုက်ခိုက်ခဲ့ကြသည်။
နီးကပ်လာသော ဖိအားဒဏ်အား ခံစားမိသော်။
ယဲ့ကျွင်းလင်သည် လက်ကို ဆန့်ထုတ်ပြီး ဦးခေါင်းထက်မြှောက်လိုက်ရာ ရိုးရှင်းပြီး မထင်မရှားဟန်ရှိသော ဓားပျံတစ်ချောင်းသည် လေဟာနယ်ထက်မှ ထွက်ပေါ်လာပြီး ဓားကိုယ်ထည်တွင် ရှေးဟောင်းစာလုံးများကို ထွင်းထုထားသည်။
ထိုဓားရှည်၏ ဓားသွားမှာ အဖြူရောင်အလင်းတန်းများဖြင့် မျက်စိကျိန်းလောက်အောင် တောက်ပလွန်း၍ တည့်တည့်ကြည့်ဖို့ပင်ခက်ခဲလှ၏။
ကောင်းကင်မရဏဓား!
"မင်းမှာလည်း ကိုးဆင့်မြောက် ဉာဏ်အလင်းမှော်လက်နက် ရှိနေတာလား?!" ရွှီယွင် ထိတ်လန့်သွားသည်။
【တင်၊ လေပေါ်ကျောင်းနေရာကို ရောက်ရှိပြီးကြောင်း စစ်ဆေးတွေ့ရှိရတဲ့အတွက် ပိုင်ရှင် ဆုလက်ဆောင်ယူပါတော့မလား?】 ထိုအချိန်တွင် စနစ်၏သတိပေးသံ ရုတ်တရတ်ထွက်ပေါ်လာသည်။
အခုမှပြောရသလား? အဲ့ဒီဆုကို မင်းမျိုချသွားပြီလို့တောင် ထင်ခဲ့တာ!
ယဲ့ကျွင်းလင်က မကျေမနပ်ငြီးတွားလိုက်ပြီး စိတ်ထဲမှ တိတ်တိတ်လေး"ဝင်မည်!" ဟု ပြောလိုက်သည်။
【တင်၊ နေရာဝင်ရောက်မှုအောင်မြင်တဲ့အတွက် ပိုင်ရှင့်ကို စွမ်းအားကြီးဓားကျင့်စဥ်တစ်ခု ဆုချပါတယ် 《နတ်ဘုရားသတ် ဓားကျင့်စဥ်》!】
တစ်ခဏအကြာတွင်။
ယဲ့ကျွင်းလင်၏ ခန္ဓာကိုယ်တစ်ခုလုံး တုန်ခါသွားပြီး ဓားကျင့်စဥ်၏ အချက်အလက်များက သူ့စိတ်ထဲတွင် ပေါ်လွင်လာသည်။
ထို့နောက် မသိစိတ်ဖြင့် ကောင်းကင်မရဏဓားကို ဝှေ့ယမ်းလိုက်မိ၏။
ဗုန်း ~
သတ်ဖြတ်လိုသော အရှိန်အဟုန်အားလုံးက စုစည်းပြီး ကောင်းကင်မရဏဓား၏ အရှိန်အဟုန်ဖြင့် ပေါက်ကွဲထွက်လာကာ အဆုံးအစမဲ့စွမ်းအားများ ပါဝင်နေသည်။
ဒီဓားချက်အောက်မှာ ကောင်းကင်ပေါ်က နတ်ဘုရားတွေတောင် သွေးအလူးလူးဖြစ်ရလိမ့်မည်။
"ဘာလဲဟ?!"
ရွှီယွင်တို့ သုံးဦးသား ထိတ်လန့်သွားကြရ၏။