အခန်း (၁၈၈)
Vol. 14 Ch. 188
ဗုန်း!
စိတ်ဝိညာဉ်အထိ လှုပ်ခါစေသော သွေးရောင်ဓားအလင်းတန်းကြီးသည် ကောင်းကင်နှင့်မြေကြီးကို ဖျက်ဆီးမည့် ကြောက်မက်ဖွယ် စွမ်းအားများဖြင့် လွှမ်းမိုးကာ ကျဆင်းလာသည်။
လေပေါ်ဝိဇ္ဇာကျောင်းမှ သူတော်စင်သုံးဦး၏ အရှိန်အဟုန်မှာ ရုတ်တရတ်ဖြတ်တက်လာသော အတားအဆီးများဖြင့် ကြုံတွေ့လိုက်ရပြီး ထိုသွေးရောင်ဓားအလင်းတန်းကို ဖျက်ဆီးဖို့အတွက် သုံးဦးပေါင်းကာ အတော်လေးခက်ခက်ခဲခဲကြိုးစားလိုက်ရလေသည်။
ရွှီယွင်နှင့် ကျန်နှစ်ဦးမှာ တုန်လှုပ်နေဆဲဖြစ်၏။ "နတ်ဆိုးယဲ့၊ ဒါ ဘယ်လို ဓားကျင့်စဥ်မျိုးလဲ?"
ထိုဓားချက်တွင် နတ်ဘုရားတို့တောင် အသက်ပေးနိုင်ရလောက်အောင် ရက်စက်ကြမ်းကြုတ်သော စွမ်းအင်များ ပါရှိနေသည်။
စိတ်ဓာတ်ခွန်အား ပျော့ညံ့သူများဆိုလျှင် ဤဓားချက်နှင့် တစ်ခါရင်ဆိုင်အပြီး ကယောင်ချောက်ခြား ရူးသွပ်သွားနိုင်လောက်၏။
ကံကောင်းစွာဖြင့် သူတို့သုံးဦးသည် ကျင့်ကြံအားထုတ်ရာတွင် ဝါရင့်နေပြီဖြစ်သော ဈာန်ကျင့်ကြံသူများဖြစ်ကြကာ ဤနယ်ပယ်တွင်လည်း အောင်မြင်မှုများစွာကို ဆွတ်ခူးနိုင်ပြီးခဲ့ကြပြီဖြစ်သည်။ သို့သော်ငြား အစောဓားချက်ကြောင့် သူတို့လည်းအရှက်ရခဲ့ကြသည်ပင်။
ထိုအချိန်တွင် ယဲ့ကျွင်းလင်သည် တလူလူလွင့်ခါနေသော အဖြူရောင်ဆံနွယ်ရှည်များဖြင့် မျက်လုံးများတွင် သတ်ဖြတ်လိုစိတ်များ လှိုင်းထလျက် ရပ်နေသည်။ သုံးပေရှည်သော အစိမ်းရောင်ဓားရှည်ကို ကိုင်စွဲထားသည့်ပုံရိပ်မှာ ခန့်ညားထည်ဝါလှ၏။
မဟာနတ်ဆိုးကြီးတစ်ကောင်ကဲ့သို့ လူတိုင်းကို ကြောက်စိတ်ပွားများစေသည်။
"သေချာနားထောင်၊ ဒီဓားပညာကို လူသူတော်သတ်ဓားကျင့်စဥ်လို့ခေါ်တယ်၊ မင်းတို့လို ခေါင်းပြောင်လူအိုကြီးတွေကို သတ်ဖို့ အထူးဒီဇိုင်းထုတ်ထားတာ!"
"ဆိုးသွမ်းလိုက်တဲ့ သတ္တဝါကောင်၊ ဘယ်လိုလုပ်ပြီး ဒီလိုရိုင်းစိုင်းတဲ့ စကားတွေ ပြောထွက်ရဲတာလဲ!" စိတ်တိုလွယ်သော အကြီးအကဲနဂါးဆင်မှာ ဒေါသတွေတရှူးရှူးထွက်လာတော့ကာ လျှပ်စီးလိုမြန်ဆန်သော အလျင်ဖြင့် နတ်ဆိုးနှိမ်နင်းလှံတံကို ပြင်းပြင်းထန်ထန် ဝှေ့ယမ်းလိုက်ရာ လေဟာနယ်ကိုဖောက်ခွင်းပြီးဦးတည်လာသော အရှိန်အဟုန်မှာ အလွန်ကြောက်စရာကောင်းသည်။
ချွမ်!
နတ်ဆိုးနှိမ်နင်းလှံတံကြီး ပြင်းပြင်းထန်ထန် တုန်ခါသွားပြီး စွမ်းအင်လှိုင်းတစ်ခုဟာ အကြီးအကဲနဂါးဆင်၏လက်မောင်းကို ပြန်လည်ရိုက်ခတ်လာတာကြောင့် သူအံကြိတ်ပြီး နောက်ပြန်ဆုတ်လိုက်ရသည်။ သွေးစီးကြောင်းတို့မှာလည်း သက်ရောက်မှုကြောင့် လှိုင်းခတ်သွားရာ လွန်စွာမသက်မသာခံစားရစေ၏။
ယဲ့ကျွင်းလင်က ဆိုသည်။ "မင်းတို့မှာရှိတာ ဒါအကုန်ပဲလား?"
အကြီးအကဲနဂါးဆင်က ဒေါသတကြီး လှည့်ဟောက်လိုက်သည်။ "မင်းတို့နှစ်ယောက် ဘာလို့ ဒီတိုင်းရပ်နေသေးတာလဲ? နောက်စရာထင်နေလား?"
ရွှီယွင်က နက်ရှိုင်းသောမျက်လုံးများဖြင့် ညွှန်ကြားလိုက်သည်။ "အားလုံးပဲ ကိုယ့်နေရာကိုယ်ယူကြ၊ ပြီးတော့ သူ့ကို ပူးပေါင်းဝိုင်းရံကြ!"
အကြီးအကဲစင်ကြယ်က သဘောတူလိုက်သည်။ "ငါလည်းအဲ့လိုပြောတော့မလို့"
ဖျတ်၊ ဖျတ်၊ ဖျတ်!
နောက်တစ်စက္ကန့်တွင် လေပေါ်ဝိဇ္ဇာကျောင်း မှ သူတော်စင်သုံးဦးသည် နေရာတွေကို ပြန်လည်ချိန်ညှိလိုက်ကြပြီး ယဲ့ကျွင်းလင်ကို တြိဂံပုံစံနှင့် ဝန်းရံလိုက်ကြကာ သက်ဆိုင်ရာ နေရာများမှ တိုက်ခိုက်မှုတွေ စတင်လိုက်ကြသည်။
ထိုသို့ သုံးဘက်သုံးတန် ညှပ်တိုက်ခံနေရချိန်မှာတောင် ယဲ့ကျွင်းလင်တို့ကတော့ လက်တစ်ဖက်ကိုနောက်ပစ်၊ တစ်ဖက်က မရဏဓားကိုကိုင်စွဲထားပြီး စတိုင်လ်မပျက်သာရှိ၏။
ချွမ် ချွမ် ချွမ် ~!
ဖန်ထို့တောင်ထက်တွင် သတ္တုချင်းရိုက်ခံသံများ အဆက်မပြတ်ထွက်ပေါ်နေပြီး မျက်စိဖြင့်မမြင်နိုင်သော စွမ်းအင်လှိုင်းလုံးများမှာလည်း သိပ်သည်းစွာပျံ့နှံ့နေသည်။
တိုက်ပွဲတစ်လျှောက်လုံးတွင် လေပေါ်ဝိဇ္ဇာကျောင်းမှ သူတော်စင်သုံးဦးဟာ ပိုမိုကြောက်ရွံ့လာခဲ့ကြရသည်။ သူတို့တွင် မည်သည့်အားသာချက်မှမရှိပေ!
"ချီးပဲ၊ ငါတို့ အရှေ့ပိုင်းစီရင်စုမှာ ကျင်လည်ခဲ့တုန်းကတောင် ဒီလို ခက်ခဲတဲ့ ပြိုင်ဘက်မျိုးနဲ့ မကြုံဖူးခဲ့ဘူး။ ဒါ ဘယ်ခေတ်က နတ်ဆိုးအိုကြီးလဲ?" အကြီးအကဲနဂါးဆင်က စိတ်ပျက်အားငယ်စွာ ညည်းညူသည်။
"ရွှီယွင်၊ မင်း ဒီလို ခွန်အားကြီးတဲ့သူကို ဘယ်လိုများသွားဆွလိုက်တာလဲ။ ဝိဇ္ဇာသူတော်ကြီး အသက်ရှင်စဥ်တုန်းက မင်းကို လေပေါ်ဝိဇ္ဇာကျောင်းအတွက် ရန်သူတွေ မဖန်တီးဖို့ သတိပေးခဲ့တယ်လေ။ မင်း အဲဒီတုန်းက လေးလေးနက်နက်ကို ခေါင်းညိတ်ခဲ့ပေမဲ့ အခုတော့ ကောင်းလိုက်တာ၊ ငါတို့ကိုပါ ဆွဲခေါ်လိုက်သေးတာပေါ့!" အကြီးအကဲစင်ကြယ်က ဆူပူလို့မပြီးနိုင်တော့ချေ။
ရွှီယွင် နားထောင်ရင်း ပိုပိုစိတ်တိုလာပြီး သူ့ဒေါသကို မပေါက်ကွဲအောင် အတင်းအကျပ် ထိန်းချုပ်ထားရ၏။
ဓားကိုင်ထားသော ရန်သူ၏ပုံရိပ်ကိုကြည့်ရင်း သူ့နှလုံးသားမှာလည်း အကြီးအကျယ်တုန်လှုပ်လျက်ပင်။
တုန်လှုပ်ရသည့်အကြောင်းရင်း နောက်တစ်ခုထပ်ပေါင်းရလျှင် တောင်ကာကွယ်ရေးအစီအရင်မှာ မည်သို့ပင်ကျိုးပျက်သွားပါသော်ငြား သူတို့၏တိုက်ခိုက်စွမ်းရည်ကိုတော့ တိုးမြှင့်ပေးနိုင်ဆဲဖြစ်၏။ ထိုသို့စွမ်းအားတက်နေချိန်တွင် သုံးယောက်ပေါင်းတိုက်ခိုက်ပါသော်ငြား အသာစီးမရနိုင်သေး။
ထိုနတ်ဆိုး၏ခွန်အားမှာ သူတို့ထင်ထားသည်ထက် များစွာသာလွန်နေသည်။
ယဲ့ကျွင်းလင်က မရဏဓားကို ကြမ်းတမ်းစွာ တစ်ချက်လွှဲခုတ်လိုက်ရာ ဓားအလင်းရောင်က ဒီရေကဲ့သို့ တရိပ်ရိပ်တက်လာပြီး သတ်ဖြတ်လိုစိတ်များက အပြည့်အနှက်ပါဝင်သည်။
"အား၊ အား" သူတို့သုံးယောက် မိုးကြိုးပစ်ခံရသလို တုန်လှုပ်သွားရပြီး တစ်ယောက်ပြီးတစ်ယောက် နောက်ဆုတ်သွားရသည်။
"မင်းတို့သုံးယောက်ပေါင်းဆိုတော့ အတော်အစွမ်းထက်မယ်လို့ ထင်ခဲ့တာ၊ ဒါပေမဲ့ ဒီလောက်ပဲလား" ယဲ့ကျွင်းလင်က ခေါင်းခါရင်း ပြောသည်။
"သွားသေလိုက်လေ၊ ငါတို့ လေပေါ်ဝိဇ္ဇာကျောင်းရဲ့ သူတော်စင်သုံးဦးကိုတောင် အထင်သေးရဲတာ!"
"ရွှီယွင်၊ ငါတို့အဲဒီစွမ်းအားကို သုံးရအောင်၊ ဘာပဲဖြစ်ဖြစ် နှစ်ပေါင်းများစွာ စုဆောင်းထားတာပဲ၊ သုံးလိုက်တော့ရော ဘာအရေးလဲ?"
ထိုနှစ်ဦးက ဆက်တိုက်တွန်းအားပေးလာကြသည်။
"ပါးစပ်ပိတ်ကြစမ်း! ငါဘာလုပ်ရမလဲဆိုတာ ငါသိတယ်!"
ရွှီယွင် မခံနိုင်တော့ဘဲ ရောင်းရင်းနှစ်ဦးကို ဒေါသတကြီး အော်ဟစ်လိုက်သည်။
နှစ်ယောက်စလုံး မှင်တက်သွားပြီး အချင်းချင်း ပြန်ကြည့်မိလိုက်ကြ၏။
ရွှီယွင်သည် တဖျတ်ဖျတ်လက်နေသောမျက်လုံးများဖြင့် အရှေ့မှငွေရောင်ဆံပင်နှင့်လူငယ်ကို ပြုံးပြလိုက်သည်။ "နတ်ဆိုးယဲ့၊ နောက်ဆုံးတော့ ငါတို့လေပေါ်ဝိဇ္ဇာကျောင်းရဲ့ အကြီးမြတ်ဆုံး အမွေအနှစ်ကို မင်း မြင်ခွင့်ရတော့မှာပဲ!"
စကားဆုံးသည်နှင့် လေပေါ်ဝိဇ္ဇာကျောင်း၏ ဝိဇ္ဇာသူတော်ဟာ လက်သင်္ကေတတစ်ခုကို ဖန်ဆင်းလိုက်ကာ သူ့ပါးစပ်ကနေ မန္တန်တစ်ခု ရွတ်ဆိုလိုက်သည်။
မမြင်နိုင်သော စွမ်းအားတစ်ရပ်က ဘုရားကျောင်းကနေ ထွက်ပေါ်လာပြီး ဆင့်ခေါ်ခံလိုက်ရသလို သူတို့သုံးဦးထံသို့ ကျဆင်းလာသည်။
ဒီစွမ်းအားက အလွန်သန့်စင်မြင့်မြတ်ပြီး အပြစ်အနာအဆာ ကင်းမဲ့၏။
ဗုန်း...
သူတို့သုံးဦးသည် မိုးကောင်းကင်ထံမှ ကောင်းချီးပေးခံလိုက်ရသကဲ့သို့ မျက်လုံးတွေကို ဖွင့်လိုက်ပိတ်လိုက်တိုင်း ရွှေရောင်အလင်းတန်းများ တဖျတ်ဖျတ် ထွက်ပေါ်လာပြီး လူ့လောကကိုကယ်တင်ရန် ဆင်းသက်ကြွရောက်လာကြသော ဝိဇ္ဇာကြီးသုံးပါးပေလားဟုပင် ထင်မှတ်ရနိုင်သည်။
ခန္ဓာကိုယ်မှ စွမ်းအင်များက အနည်းဆုံး အဆပေါင်းဒါဇင်ချီထိ ပိုမိုအားကောင်းလာ၏။
"ဟင်?"
ယဲ့ကျွင်းလင် မျက်မှောင်ကြုတ်လိုက်သည်။
"မကောင်းဘူး၊ ဆရာသခင် အန္တရာယ်ရှိနေပြီ!" လီဝူကျယ်မျက်မှောင်ဆတ်ခနဲကြုတ်သွားပြီး ဝိဇ္ဇာအလင်းများဖြင့် တောက်ပနေသော ပုံရိပ်သုံးခုကို ကြည့်လိုက်ရာ ကောင်းကင်မှ နေမင်းကြီးကိုယ်တိုင် မြောလွင့်နီးကပ်လာသလိုမျိုး ကြောက်ရွံ့စေသည့်ခံစားချက်ကို ပေးစွမ်းနေသည်။
ဟုန်ချန်ယဲ့လည်း မျက်နှာနည်းနည်းပျက်သွားပြီး သူ့လေသံက ရှားရှားပါးပါးလေး လေးနက်နေသည်။ "ဒါက နံ့သာဆီစွမ်းအားပဲ!"
နံ့သာဆီစွမ်းအားနှင့် ကောင်းချီးပေးခံထားရသော လေပေါ်ဝိဇ္ဇာကျောင်း ရဲ့ သူတော်စင်သုံးဦးကို သူကိုယ်တိုင်တောင် ရင်ဆိုင်ရမည်ဆိုလျှင် နှလုံးသားအောက်ခြေမှစိမ့်တက်လာသော မရေရာမှုကို ဖယ်ထုတ်ထားနိုင်မည်ထင်။
သူသာ ဒီသုံးယောက်ကို ရင်ဆိုင်ရရင် ထွက်ပြေးဖို့ပဲ စဉ်းစားလိမ့်မယ်!
"အော်မီထော်ဖော~"
မန္တန်ရွတ်ဆိုသံများသည် ခေါင်းလောင်းသံကဲ့သို့ မြည်ဟီးကာပဲ့တင်ထပ်နေသည်။
ဝတ်ဖြူစင်ကြယ်ရုံထားသော လူသူတော်ကြီးသည် လက်တစ်ဖက်ကို ရင်ဘတ်ရှေ့မှာ ထားပြီး ကျန်လက်တစ်ဖက်က ရွှေရောင်လှံတံကို ကိုင်ဆောင်ထားကာ အိုမင်းရှုံ့တွနေသောမျက်နှာမှာ သနားကြင်နာတတ်သယောင်ထင်ရသည်။
ဒါပေမဲ့ သူ့မျက်လုံးတွေမှာတော့ ပြင်းထန်တဲ့ သတ်ဖြတ်လိုစိတ်တွေ အပြည့်ပါပဲ!
"ချီးတဲ့မှ၊ ငါက နံ့သာဆီစွမ်းအားကို ဒီ့ထက်ပိုပြီး စုဆောင်းချင်ခဲ့တာ၊ ဒါမှ စစ်မှန်သောမသေမျိုးအဆင့်ကိုတက်ဖို့ အခွင့်အရေးရမှာ။ အခုတော့ ဒီကောက်ကျစ်တဲ့နတ်ဆိုးကို ရင်ဆိုင်ဖို့အတွက် ငါ့ရဲ့ ခွန်အားကို မြှင့်တင်ဖို့ မဖြစ်မနေ သုံးစွဲရတော့မယ်။"
"နောက်ဆုံးမှာ သူ ခေါင်းဖြတ်ခံလိုက်ရရင်တောင် နံ့သာဆီစွမ်းအားကို ပြန်လည်စုစည်းဖို့ ပိုပြီး ခက်ခဲသွားလိမ့်မယ်၊ ဘာပဲဖြစ်ဖြစ် လေပေါ်ဝိဇ္ဇာကျောင်းရဲ့ ဂုဏ်သတင်းလည်း ပျက်စီးသွားခဲ့ပြီပဲလေ..."
ရွှီယွင် မုန်းတီးစွာဖြင့် အံကိုတင်းတင်းကြိတ်လိုက်သည်။
ဤအတွက်ကြောင့် အရင်က အပြင်လောကမှအကူအညီတောင်းလာကြသော သူများကို သတ်ပစ်ခဲ့တာပင်။ တစ်ယောက်မလွတ်စေဖို့ တစ်ထောင်လောက်မှားယွင်းသတ်ဖြတ်မိလည်း အရေးမကြီး။ ဒါတွေအားလုံးဟာလည်း သတင်းတွေ မပေါက်ကြားအောင်နဲ့ လေပေါ်ဝိဇ္ဇာကျောင်းကို ထိခိုက်မှု မဖြစ်စေဖို့အတွက်ပါပဲ။
လူတိုင်းက လေပေါ်ဝိဇ္ဇာကျောင်းကို အသိအမှတ်မပြုခဲ့ကြလျှင် ပူဇော်သူများလည်း ရှိလာနိုင်မည်မဟုတ်ပေ။ သို့ဆိုလျှင် နံ့သာဆီစွမ်းအင်ကိုလည်း စုဆောင်းနိုင်စရာအကြောင်းမရှိ။
ဒါက ဝိဇ္ဇာအင်အားစုတွေအတွက်တော့ ကြီးမားတဲ့ ထိုးနှက်ချက်ပဲ!
အခုတော့ ဒီလမ်းကို သူကိုယ်တိုင် ဖြတ်တောက်လိုက်ရပြီ