← Chapters

အနိုင်အရှုံး

Vol. 14 Ch. 190

အနိုင်အရှုံး

Vol. 14 Ch. 190

အကြီးအကဲစင်ကြယ်က လေးနက်စွာအကြံပြုလိုက်သည်။ "ရွှီယွင်၊ ငါတို့သုံးယောက်ပေါင်းပြီး ဟိုအကွက်ကိုသုံးရင်ရော။ အဲဒီအကွက်သာဆိုရင် ငါတို့ အနိုင်ရဖို့ အခွင့်အရေး အများကြီးရှိလာလောက်မယ်"။

"ဟုတ်တယ်။ အဲဒီတုန်းက ငါတို့သုံးယောက် အဲဒီအဆုံးစွန်ကျင့်စဥ်ကို ပူးပေါင်းသုံးလိုက်တော့ မဖြိုခွဲနိုင်၊ မဖျက်ဆီးနိုင်၊ လုံးဝမရှုံးတဲ့ကျင့်စဥ်လို့ နာမည်ကြီးခဲ့တာလေ" ဟု အကြီးအကဲနဂါးဆင်ကလည်း လေးနက်စွာ ထောက်ခံလာသည်။ "ဒါ့အပြင် ဒီနတ်ဆိုးက အရမ်းအစွမ်းထက်တယ်။ အဲဒီအကွက်နဲ့ပဲ သူ့ကို နှိမ်နင်းနိုင်မယ်လို့ ငါထင်တယ်!"

ဒီစကားတွေကြားတော့ ယဲ့ကျွင်းလင် မျက်ခုံးပင့်လိုက်သည်။ ဒီသုံးယောက်မှာ မသုံးရသေးတဲ့ ဝှက်ဖဲတစ်ခုခုများ ရှိနေသေးတာလား။

ရောင်းရင်းများ၏ အကြံပြုချက်ကို ကြားသောအခါ ရွှီယွင် က လက်မခံရုံသာမကဘဲ ထိန်းမရအောင် ဒေါသတကြီး အော်ဟစ်လိုက်သည်။ "ထွက်သွားစမ်း! ဒီလူအိုကြီးက မင်းတို့နဲ့ ထပ်ပူးပေါင်းမယ်လို့ တွေးတောင်မတွေးနဲ့!"

အတော်လေးဂနာမငြိမ်ဖြစ်သွားသော ပုံပန်းသဏ္ဍာန်အရ မကောင်းသည့်တစ်ခုခုကို ပြန်လည်အမှတ်ရလိုက်သလိုပင်။

"မင်းကလည်း... အေးပါကွာ!"

တစ်ဖက်လူက ခါးခါးသီးသီးငြင်းဆန်တာကိုမြင်တော့ လုပ်ဖော်ကိုင်ဖက်နှစ်ဦး ခေါင်းခါရင်း ကူကယ်ရာမဲ့စွာ သက်ပြင်းချလိုက်ကြသည်။

ရွှီယွင် ယဲ့ကျွင်းလင် ကို စိုက်ကြည့်ရင်း အံကြိတ်ကာ ကြိမ်းဝါးလာသည်။ "နတ်ဆိုးယဲ့၊ မင်းမှာ ကိုယ်ခွဲနှစ်ခု ထပ်ရှိတာနဲ့ ငါတို့ကို ရင်ဆိုင်နိုင်လိမ့်မယ်လို့ ထင်နေတာလား?!"

"စမ်းကြည့်ရင် သိမှာပေါ့!" ပြောပြီးပြီးချင်း ယဲ့ကျွင်းလင်က ဓားနှင့်အတူပျံထွက်လာပြီး ဓားအလင်းရောင်တစ်ပြက်နှင့်အတူ သူ့မျက်ခုံးမွေးဆီတည့်တည့်ချိန်ကာ ချဥ်းကပ်လာသည်အား တွေ့လိုက်ရ၏။

ရွှီယွင်၏ မျက်လုံးများ ရုတ်တရက် ကျဉ်းမြောင်းသွားပြီး လှံတံကိုဝင့်ကိုင်ကာ ပြင်းထန်သောမှော်စွမ်းအင်များဖြင့် အားဖြည့်ပေးလိုက်သည်။။ လှံတံ၏အလင်းက နေမင်းကြီးတစ်စင်းလို တောက်ပဖြာထွက်လျက်။

ဗုန်း!

ဓားအလင်းကို တားဆီးနိုင်ခဲ့ပေသည့် ရွှီယွင်၏ ပုံရိပ်က ဆယ်ပေကျော်ခန့် နောက်ဆုတ်သွားရပြီး သူ့ပါးစပ်ထောင့်မှ သွေးတွေ စီးကျလာကာ မျက်လုံးအစုံမှာလည်း အတော်လေးထိတ်လန့်သွားဟန်ဖြင့် ပြူးကျယ်လျက်သား။

ယခင်က သုံးယောက်တစ်ယောက်ဖြစ်သည့်အတွက် ကွာခြားမှုက ဤမျှမသိသာပေ။ ယခုလို တစ်‌ယောက်ချင်းစီ ရင်ဆိုင်ရာတွင်တော့ သူဘယ်လောက်အားနည်းကြောင်း သိသာသွားရလေပြီ။

"ယုတ်မာတဲ့နတ်ဆိုးကောင်၊ မရိုင်းစိုင်းနဲ့!" အကြီးအကဲနဂါးဆင်က ပြောရင်းဆိုရင်း သူ၏ နတ်ဆိုးနှိမ်နင်းလှံတံကို ဝှေ့ယမ်းလိုက်ရာ အရှိန်မြန်လွန်းသောကြောင့် လှံတံမှဖြစ်ပေါ်လာသော အရိပ်များက အစစ်အမှန်နှင့် ခွဲလို့မရအောင်ရှိလေသည်။ သူ ခွန်အားကိုစုစည်းကာ ယဲ့ကျွင်းလင်ဆီဦးတည်ပြီး ရိုက်ချလိုက်သည်။

ဘုန်း!

မမျှော်လင့်ဘဲ ရှေးဟောင်းကြေးခေါင်းတလားကြီးက အလယ်မှကြားဖြတ်တားဆီးလာပြီး ပြင်းပြင်းထန်ထန် ထိမှန်မှုကြောင့် တုန်ခါပေါက်ကွဲသံကြီး ထွက်ပေါ်လာသည်။

ကိုယ်ခွဲယဲ့ကျွင်းလင်က ခပ်နောက်နောက်ဟန်ဖြင့် ဆိုသည်။ "မင်းရဲ့ ပြိုင်ဘက်က ငါပဲ"။

"ဟင်" အကြီးအကဲနဂါးဆင်၏ ယုံကြည်မှုကျောက်တိုင်ကြီး ပြိုလဲတော့မလိုဖြစ်သွားရပြီး သူ့ကျောက ချွေးအေးတွေ စီးကျလာသည်။

"နဂါးဆင်၊ ငါ မင်းကို ကူညီမယ်!"

အကြီးအကဲစင်ကြယ်က သူ့လက်ကို မြှောက်ပြီး ဝိဇ္ဇာလက်ကောက်ကို ဆင့်ခေါ်လိုက်ရာ ဝဲဂယက်တစ်ခုလို လေဟာနယ်ကို ထိုးဖောက်သွားပြီး တောက်ပသောအလင်းကွေးတစ်ခုကို ဖန်ဆင်းပြီး ကိုယ် ခွဲယဲ့ကျွင်းလင်၏ ခန္ဓာကိုယ်ဆီ တိုက်ရိုက် ရိုက်ချလိုက်၏။

ဘေးဒုက္ခကျော်လွှားခြင်း ပြီးပြည့်စုံခြင်းကျင့်ကြံဆင့်မှ စွမ်းအားရှင်တစ်ဦးတောင် ဒီလိုတိုက်ကွက်မျိုးနှင့်ဆို ညက်ညက်ကြေသွားနိုင်သည်။

ရုတ်တရက် သာယာကြည်လင်သော ပုလွေသံ ထွက်ပေါ်လာပြီး စဉ်ဆက်မပြတ် သိပ်သည်းလှသော အသံလှိုင်းများက လေထဲမှာ စုစည်းလာကာ ပျံသန်းနေသော ဝိဇ္ဇာလက်ကောက်ကို ချက်ချင်းတားဆီးလိုက်နိုင်သည်။

ဝိဇ္ဇာလက်ကောက်၏ ပြင်းထန်သောအရှိန်အဟုန်မှာ တားဆီးခံလိုက်ရပြီး အသံလှိုင်းများကြား တင်းတင်းကျပ်ကျပ်အပိတ်ခံထားရသကဲ့သို့ ရှေ့ကို တစ်လက်မပင်ဆက်မတိုးနိုင်တော့ချေ။

"ဟင်?"

အကြီးအကဲစင်ကြယ်၏ မျက်လုံးများမှေးကျဉ်းသွားပြီး လှမ်းကြည့်လိုက်သော် ငွေရောင်ဆံပင်နှင့် လူငယ်တစ်ဦး အေးအေးလူလူ ပုလွေမှုတ်နေတာကို မြင်လိုက်ရပြီး သူ့မျက်လုံးတွေမှာ လှောင်ပြောင်ရိပ်များပြည့်နှက်နေကာ သူ့ထံသို့ ခပ်ဖြည်းဖြည်းလျှောက်လာလေသည်။

"အရင်က ခင်ဗျားတို့ သုံးယောက်တစ်ယောက် တိုက်ခဲ့တာလေ၊ အခုတော့ တစ်ယောက်ချင်း တိုက်ခိုက်တာ၊ ဒါမှမျှတမယ် မဟုတ်လား?" ဓားကိုင်ထားသော ယဲ့ကျွင်းလင်က ခပ်မြူးမြူး ပြောလိုက်သည်။

ပြောရင်းဆိုရင်း သူက လျှပ်ခနဲ ဓားတစ်ချက် ပစ်ထုတ်လိုက်ရာ ဓားစွမ်းအင်များ လှုပ်ရှားတက်ကြွပြီး သွေးရောင်ဓားအလင်းဟာ လေပေါ်ဝိဇ္ဇာကျောင်း၏ ဝိဇ္ဇာသူတော်ထံသို့ တည့်တည့်ရောက်ရှိသွားခဲ့၏။

"မကောင်းတော့ဘူး!"

ရွှီယွင်၏ ဝတ်ဖြူစင်ကြယ်သည်‌ လေထဲမှာတဖျပ်ဖျပ်လွင့်ခါနေလျက် သူ့ခန္ဓာကိုယ်ထဲက စွမ်းအားတွေကို အရူးအမူး နှိုးဆွလိုက်ကာ လက်ထဲက ကိုးဆင့်မြောက်ဉာဏ်အလင်းလက်နက်ထံသို့ ထည့်သွင်းလိုက်သည်။ အဆုံးအစမရှိသော ဝိဇ္ဇာအလင်းများကြောင့် လှံတံမှာ မြင့်မြတ်အေးချမ်းသောအငွေ့အသက်များဖြင့် ထုံမွှမ်းခံလိုက်ရလေသည်။

ရွမ်း!

ကြီးမားသော ထိပ်တိုက်ရင်ဆိုင်မှုတစ်ခု ဖြစ်ပွားခဲ့သည်။

ရွှီယွင်မှာ အတော်လေးနာကျင်ခံစားနေပုံရပြီး အံကြိတ်ကာတောင့်ခံနေရ၏။

"ဟဲဟဲ၊ မင်း ဒါမျိုးဘယ်နှစ်ချက်လောက် တားနိုင်မယ်ထင်လဲ?" ယဲ့ကျွင်းလင်က သူ့လက်ကောက်ဝတ်ကို တစ်ပတ်လှည့်လိုက်ရာ ဓားအလင်းများစွာ အချင်းချင်းဖြတ်သန်းစုဆုံသွားပြီး သွေးနီရောင်အလင်းတန်းများဖြင့် လွင့်မြောနေသော သွေးတိမ်တိုက်များကြားက မရဏဓားပျံအား မြင်လိုက်ရသလိုပင်။

အွတ်!

ပြင်းထန်လှသော တိုက်ခိုက်မှုကို ဆက်တိုက် ခုခံပြီးနောက် ရွှီယွင် နောက်ဆုံးတော့ မခံနိုင်တော့ဘဲ အွတ်ခနဲ သွေးအန်ချလိုက်ပြီး သူ့မျက်လုံးတွေမှာ နက်ရှိုင်းသောကြောက်ရွံ့မှုများ စတင်ဖြစ်တည်လာသည်။

ကျန်နှစ်ဦးမှာလည်း ကူညီချင်ပေမယ့် မတတ်နိုင်ခဲ့။

တိတိကျကျပြောရရင် သူတို့ကိုယ်တိုင်လည်း ကိုယ့်ကိုယ်ကိုမနည်းကာကွယ်နေရသော အခြေအနေပင်!

အွတ်!

အကြီးအကဲနဂါးဆင်မှာ ကောင်းကင်သင်္ချိုင်းခေါင်းတလားနှင့် ရိုက်ထုတ်ခံလိုက်ရတာကြောင့် အန်ချလိုက်သောသွေးတစ်ပွက်တွင် ကိုယ်တွင်းအင်္ဂါအစအနများပါ ရောပါလာတော့သည်။

ကိုယ်ခွဲယဲ့ကျွင်းလင်က ခေါင်းတလားကြီးကို ပုခုံးတစ်ဖက်တွင်ထမ်းကာ လွှမ်းမိုးနိုင်စွမ်းအပြည့်ရှိသော ဟန်အမူအရာဖြင့် ‌ရှေ့သို့ တစ်လှမ်းချင်းတိုးလာသည်။

အနားမှ အကြီးအကဲစင်ကြယ်လည်း အခြေအနေသိပ်မကောင်းလှ။ သူ၏ ဂုဏ်ယူစရာမှော်လက်နက်ကြီး ဝိဇ္ဇာလက်ကောက်ဟာ အသံလှိုင်းများဖြင့် ဖမ်းချုပ်ခံထားရပြီး လှုပ်ရှားဖို့တောင် ခက်ခဲနေရ၏။

ဤသို့ဖြင့် ကူကယ်ရာမဲ့စွာ လက်လျှော့လိုက်ရပြီး ပုလွေမှုတ်နေသောကိုယ်ခွဲထံ လက်ဗလာဖြင့်တိုက်ဖို့သာ ရွေးချယ်လိုက်ရသည်။

ချက်ချင်းဆိုသလို ပုလွေသံက စိတ်အားထက်သန်ပြီး ပြတ်တောင်းပြတ်တောင်း ဖြစ်လာရာ စစ်သားထောင်ပေါင်းများစွာပါဝင်သော မြင်းတပ်ကြီး အပြေးအလွှားချီတက်နေပုံ၊ သို့မဟုတ် တောဘုရင်ခြင်္သေ့သန်းပေါင်းများစွာ ဟိန်းဟောက်ကြွေးကြော်လျက် ရန်စီမြစ်ကို ဖြတ်ကူးနေသလို အထင်ရှိလာရ၏။

"ဘာလဲဟ?!"

အကြီးအကဲစင်ကြယ်မှာ အကြီးအကျယ်မျက်နှာပျက်သွားရကာ ချက်ချင်းဆိုသလို ဓားထောင်ချီဖြင့်လှီးဖြတ်ခံနေရသလို ရှုံ့မဲ့နာကျင်သွားရ၏။

ထို့နောက် သူ့အမြင်တွင် ရှေးဟောင်းစစ်တပ်တစ်ခုက ရုတ်တရက် အားကောင်းစွာ ချီတက်တိုက်ခိုက်လာသည်။ အချို့သော ကျင့်ကြံသူတွေက သံချပ်ဝတ်စုံဝတ်ထားပြီး လှံတွေ ကိုင်စွဲထားကြကာ အချို့က ဓားတွေ ဝှေ့ယမ်းတိုက်ခိုက်နေကြသည်။ သူတို့အားလုံးက အမည်မသိသားရဲကြီးများကို စီးနင်းလာကြပြီး ပြင်းထန်သောတိုက်ပွဲကို အားအပြည့်ဖြင့်စတင်နေလေသည်။

အကြီးအကဲစင်ကြယ် ဘယ်လိုမှော်ကျင့်စဥ်တွေကို ထုတ်သုံးသုံး ထိုသူတို့ကို လုံးဝ သတ်မပစ်နိုင်ခဲ့ပေ။ သူက မကြာခင်မှာပဲ အဲဒီစစ်ပွဲထဲကို ကျရောက်သွားပြီး လက်နက်ပေါင်းများစွာဖြင့် မနားတမ်းထိုးနှက်ခံနေရတော့၏။

"အား..."

သူက ကူကယ်ရာမဲ့စွာ အော်ဟစ်လိုက်သည်။

"စင်ကြယ်၊ မင်း ဘာဖြစ်တာလဲ?!" အကြီးအကဲနဂါးဆင်က သတိထားမိလိုက်ပြီး မယုံနိုင်စွာ အော်ဟစ်လိုက်သည်။

သူ့အမြင်မှာ ရောင်းရင်းဖြစ်သူသည် နတ်ဆိုးပူးကပ်ခံထားရသလိုပင်။ သူ့ကို ဘယ်သူမှ မထိပါဘဲ တစ်ယောက်တည်း အော်ဟစ်နေပြီး သူ့ကိုယ်သူတောင် ပြန်လည်တိုက်ခိုက်နေခဲ့သေး၏။

"ကိုယ့်ကိုယ်ကို အရင်စိတ်ပူစမ်းပါ!" ကိုယ်ခွဲယဲ့ကျွင်းလင်က လှောင်ပြောင်လိုက်ပြီး သူ့လက်ကို မြှောက်၍ ကောင်းကင်သင်္ချိုင်းခေါင်းတလားကို ပစ်ထုတ်လိုက်ရာ ကြေးခေါင်းတလားဟာ လေဟာနယ်ကို ဖြိုခွဲပြီး အကြီးအကဲနဂါးဆင်အား တည့်တည့်ကြီးထိမှန်သွားသည်။

ဗုန်း!

နတ်ဆိုးနှိမ်နင်းလှံတံမှာလည်း ကျိုးလုနီးပါး ဖြစ်သွားရ၏။

အကြီးအကဲနဂါးဆင်၏ ပါးစပ်၊ နှာခေါင်း၊ နား၊ မျက်လုံးများမှ သွေးများစီးကျလာပြီး နှလုံးသားတစ်ခုလုံး လှိုင်းထန်နေသောပင်လယ်ပြင်လို လှုပ်ခတ်လာရသည်။

သူ ဒီနတ်ဆိုးကို မနိုင်ဘူး၊ လုံးဝ မနိုင်ဘူး!

ဒီနတ်ဆိုးက ဘယ်လိုလုပ် ဒီလောက် အစွမ်းထက်ရတာလဲ?!

သူတို့ အရှေ့ပိုင်းစီရင်စုမှာ လှုပ်ရှားတုန်းက ဒီလိုလူကို ကြားတောင်မကြားစဖူး။ ရွှီယွင် ဒီလးကို ဘယ်လိုများ ရန်စမိခဲ့တာလဲ?

ယဲ့ကျွင်းလင်၏ ချီစွမ်းအင်၏သဏ္ဍာန်သုံးသွယ် ကိုယ်ခွဲကျင့်စဥ်တွင် တစ်ချိန်က နာမည်ကြီးလှပါသည်ဆိုသော လေပေါ်ဝိဇ္ဇာကျောင်း၏ သူတော်စင်သုံးဦးခမျာ ခွက်ခွက်လန်အောင် ရှုံးနိမ့်ခဲ့ကြရလေသည်။

တိုက်ပွဲအခြေအနေက ပြောင်းပြန်လန်သွားခဲ့ပြီ!

All Chapters