အခန်း (၁၉၁)
Vol. 14 Ch. 191
ဗြစ်!
ရွှီယွင်၏ ရင်ဘတ်မှ သွေးစီးကြောင်းတစ်ခု ပန်းထွက်လာပြီး သူ့ကိုယ်သူ အံကြိတ်ကာ အနိုင်နိုင်ထိန်းထားရတော့သည်။
ဝတ်ဖြူစင်ကြယ်လည်း စုတ်ပြဲလို့နေကာ တစ်ကိုယ်လုံးတွင် အနာတရများ မြင်မကောင်းလောက်အောင်ဖုံးလွှမ်းနေသောကြောင့် မြင့်မြတ်သန့်ရှင်းသော လူသူတော်တစ်ပါး၏ပုံရိပ်မျိုး ရေးရေးမှပင် မထင်ကျန်တော့ချေ။
သူ့ရှေ့က ဓားကိုင်ထားသော ငွေရောင်ဆံပင်နှင့်လူငယ်ကို ကြည့်ပြီး ရွှီယွင်၏ နှလုံးသားက တုန်ယင်လာသည်။
နံ့သာဆီစွမ်းအားအများအပြား၏ ကောင်းချီးပေးမှုသာ မပါခဲ့လျှင် သူ စောစောစီးစီး သေဆုံးသွားရလောက်လေပြီ။
"လူတစ်ယောက်နဲ့တစ်ယောက်ကြား ဒီလောက်ကွာဟရသလား?" ရွှီယွင်က မျက်နှာပျက်ပျက်ဖြင့် ငြီးတွားသည်။
ဒီလူသူတော်အိုကြီးဟာ လေပေါ်ဝိဇ္ဇာကျောင်းရဲ့ ခေါင်းဆောင်၊ ဖိုကျိုးပြည်နယ်မှာ နံပါတ်တစ်လို့ အသိအမှတ်ပြုခံထားရသူပင်!
သူသာ ဒီလိုသေဆုံးသွားရရင် အရင်ကကြိုးစားအားထုတ်ခဲ့ရသမျှလည်း ရေစုန်မျောမည်ပင်။
သူ့အတွေးများ ရှုပ်ထွေးနေစဥ်တွင်။
ထိုအချိန်မှာ လေပေါ်ဝိဇ္ဇာကျောင်း၏ ဝိဇ္ဇာသူတော်တစ်ပါးအဖြစ် အရင်က အရှက်ရစရာတွေကို အောင့်အီးသည်းခံခဲ့ရသော အတိတ်မြင်ကွင်းတွေအပြင် သူနောက်ဆုံး ဆန္ဒအတိုင်း ထိပ်ဆုံးကိုရောက်အောင် တွယ်တက်နိုင်ခဲ့ပြီး ကမ္ဘာပေါ်က ဈာန်ကျင့်ကြံသူအားလုံး၏ ရိုသေကိုးကွယ်မှုကို ခံယူခဲ့ရပါသော အခိုက်အတန့်များကို ပြန်သတိရလိုက်မိရာ သူ့မျက်လုံးများ သွေးရောင်ဖုံးလွှမ်းသွားပြီး မျက်နှာကြီးက တဖြည်းဖြည်း ကြောက်စရာအသွင်ဆောင်လာသည်။
ပြင်းထန်သော စွမ်းအင်တစ်မျိုး ပေါက်ကွဲထွက်လာပြီး ကောင်းကင်ထံသို့ တည့်တည့် တိုးဝင်သွား၏။
ရွှီယွင်က သူ့စွမ်းအားအားလုံးကို ထုတ်သုံးပြီး အော်ဟစ်လိုက်သည်။ "မင်းတို့နှစ်ယောက်၊ ငါ့ကိုလာကူညီကြ!"
အကြီးအကဲနဂါးဆင်က သွေးတစ်ပွက်ထပ်အန်ကြီး အပြုံးဖြင့်ဆူပူလာသည်။ "အော်မီထော်ဖော၊ မင်းသာစောစောအသိဝင်ခဲ့ရင် စင်ကြယ် နဲ့ ငါ ဒီလောက် ဒုက္ခခံရမှာ မဟုတ်ဘူး!"
တစ်ချိန်တည်းမှာ အကြီးအကဲစင်ကြယ်သည် လျှပ်စီးလက်ခံရသလို တောင့်ခနဲဖြစ်သွားပြီး သူ့ပါးစပ်က မန္တန်မျိုးစုံကို ရွတ်ဆိုနေကာ ရူးသွပ်နေသောမျက်လုံးများ ပြန်လည်ကြည်လင်လာသည်။ ထို့နောက် ပုလွေသံ၏လှည့်စားမှုမှ လွတ်မြောက်နိုင်ခဲ့တော့၏။
နောက်တစ်စက္ကန့်အကြာတွင်။
နှစ်ဦးစလုံး လက်ချောင်းတွေကို အမြန်စီစဥ်ကာ သင်္ကေတများ ပုံဖော်လိုက်ကြသည်။
ဟူး!
ထို့နောက် သူတို့နှစ်ဦးသည် အဖြူရောင်နှင့်အနက်ရောင် အလင်းလုံးနှစ်ခုအဖြစ် ကူးပြောင်းသွားပြီး ဝိဇ္ဇာသူတော်၏ခန္ဓာကိုယ်ထဲသို့ ပေါင်းစည်းဝင်ရောက်သွားကြသည်။
"အား အား အား..." နာကျင်မှုတွေပြည့်နှက်နေသော အော်သံဟာ ဖန်ထို့တောင်တစ်ခွင် ပဲ့တင်ထပ်လို့နေ၏။
"ဒါက ဘာလဲ?" ယဲ့ကျွင်းလင် မှင်တက်သွားရသည်။
သူ့ရှေ့က အလင်းလုံးများ ရောနှောပြောင်းလဲလာတာနှင့်အမျှ ထူးဆန်းသော ပုံပန်းသဏ္ဌာန်ရှိ ပုံရိပ်တစ်ခု တဖြည်းဖြည်း ရုပ်လုံးပေါ်လာသည်။
ခေါင်းသုံးလုံး၊ မျက်နှာသုံးခု၊ ရွှီယွင်က အလယ်ဗဟိုမှဖြစ်ပြီး ကျန်ရောင်းရင်းနှစ်ဦးက ဘေးတစ်ဖက်စီတွင် အရန်ဖြစ်သည်။ လက်ခြောက်ချောင်းထဲမှ သုံးချောင်းက ထုံထျန်းလှံတံ၊ နတ်ဆိုးနှိမ်နင်းလှံတံ နဲ့ ဝီဇ္ဇာလက်ကောက် တို့ကို အသီးသီး ကိုင်ထားကြပြီး ကြောက်မက်ဖွယ်ကောင်းသော မှော်စွမ်းအင်ပမာဏကြီးကို ထည့်သွင်းခံထားရသောကြောင့် စွမ်းအင်လှိုင်းများ ဖြာထွက်လျက်ရှိ၏။
"ဒါက ခေါင်းသုံးလုံးနဲ့ လက်ခြောက်ချောင်း ကျင့်စဥ်လား?" ယဲ့ကျွင်းလင်က အရင်ဘဝတုန်းကကြားခဲ့ဖူးသော မသေမျိုးကျင့်စဥ်တစ်ခုကို စဥ်းစားမိလိုက်သော်ငြား ဒီတစ်ခုကတော့ သိသိသာသာကွဲပြားနေသည်။
ဘာကြောင့်လဲဆိုတော့ ဒါက လူသုံးယောက်ပေါင်းစည်းထားတဲ့ ခေါင်းသုံးလုံးနဲ့ လက်ခြောက်ချောင်း ဖြစ်နေလို့ပါပဲ!
"ရွှီယွင်၊ ငါတို့ နောက်ဆုံးတော့ မင်းခန္ဓာကိုယ်ထဲကို ပြန်ဝင်ရောက်နိုင်ခဲ့ပြီ!" ဘယ်ဘက်ခေါင်းမှာ အကြီးအကဲနဂါးဆင်က အရမ်းစိတ်လှုပ်ရှားဟန်ရှိသည်။
"အော်မီထော်ဖော၊ အဲဒီတုန်းက ငါတို့ လေပေါ်ဝိဇ္ဇာကျောင်းရဲ့ သူတော်စင်သုံးဦးဟာ ဒီအကွက်ကိုပဲ အားကိုးပြီး ကျင့်ကြံဆင့်တူတွေကြားထဲ ပြိုင်ဘက်ကင်းဖြစ်ခဲ့တာလေ!" ညာဘက်ခေါင်းမှာ အကြီးအကဲစင်ကြယ်က အော်ဟစ်ကြွေးကြော်လျက်။
"ပိတ်၊ ပါးစပ်ပိတ်ထားကြ..." ခေါင်းဆောင်ဖြစ်သော ရွှီယွင်မှာတော့ ခန္ဓာကိုယ်တစ်ခုလုံး ချွေးတွေရွှဲနစ်နေပြီး မျက်နှာသွင်ပြင်အရ အလွန်နာကျင်နေဟန်ပင်။
ဒီအဆုံးစွန်ကျင့်စဥ်ဟာ ကျင့်ကြံသူသုံးဦးကို ပေါင်းစည်းစေနိုင်ပြီး စွမ်းအားအားလုံးကို ကြိုးတစ်ချောင်းတည်းလို လိမ်ကျစ်ထားနိုင်သည်။
သို့ပေမယ့် ခေါင်းဆောင်ဖြစ်သူကတော့ ကြီးမားသောနာကျင်မှုကို ခံစားရမည်ဖြစ်သည်။ အထူးသဖြင့် ကျန်နှစ်ဦးက သူ့ခန္ဓာကိုယ်ထဲကို ပေါင်းစည်းဝင်ရောက်လာသောအခါ နာကျင်မှုက စိတ်ကူးမယဉ်နိုင်လောက်အောင် ပြင်းထန်ပြီး မိနစ်တိုင်း စက္ကန့်တိုင်းက သူ့အတွက်တော့ နှိပ်စက်ခြင်းတစ်မျိုးပင်!
ထို့ကြောင့် နှစ်ပေါင်းများစွာကြာပြီးနောက်တွင် ရွှီယွင်ဟာ ထိုကျင့်စဥ်ကို မေ့ထားခဲ့ကာ မဖြစ်မနေအခြေအနေမျိုးမှ ထုတ်သုံးတတ်ခြင်းဖြစ်သည်။
ကံမကောင်းစွာနဲ့ပဲ အရာရာတိုင်းက သူ့အလိုနဲ့ ဆန့်ကျင်ဘက်ဖြစ်သွားခဲ့ပြီ!
"ဒီအခွင့်အရေးကို... ဒီအခွင့်အရေးကို ယူပြီး... သူ့ကို အမြန်ဆုံး ဖယ်ရှားပစ်ရမယ်!"
ရွှီယွင်၏ မျက်လုံးတွေဟာ သွေးထွက်တော့မတတ် ကွဲအက်နေပြီး မှော်လက်နက်သုံးခုမှ တောက်ပသောအလင်းတန်းများကို ထုတ်လွှတ်နေကာ ကျန်လက်သုံးချောင်းက လက်သင်္ကေတများကို ဖန်တီးလျက် စွမ်းအင်များကို စုစည်းလျက်ရှိ၏။
ယဲ့ကျွင်းလင်မှာတော့ ထူးထူးဆန်းဆန်းဖြင့် စပ်စုမိနေသည်။ ဒီခေါင်းပြောင်ကြီးကြည့်ရတာ ဘာလို့ဒီလောက်နာကျင်နေတဲ့ပုံ ပေါ်နေတာလဲ?
သို့ပေမဲ့ သူ့ရှေ့က ကြောက်မက်ဖွယ် စွမ်းအင်လှိုင်းတွေကို ခံစားမိလိုက်တော့ ယဲ့ကျွင်းလင် ရှားရှားပါးပါး လေးနက်သွားခဲ့သည်။
ဝှစ်!
ကျန်ပုံတူနှစ်ခုက ဘေးနားကို လျှပ်တပြက်ရောက်လာပြီး သူတို့မျက်လုံးတွေက မီးရှူးမီးအိမ်လို ရဲရဲတောက်လင်းလက်နေကြသည်။
"ဒီနေ့တော့ သူသေကိုယ်သေပဲကွ!!" ရွှီယွင်က စိတ်လိုက်မာန်ပါ အော်ဟစ်လိုက်ပြီး အပြင်းထန်ဆုံး ထိုးနှက်ချက်ကို ထုတ်လွှတ်လိုက်သည်။
ဖျက်ဆီးနိုင်စွမ်းကြီးမားသော စွမ်းအားကြောင့် ဖန်ထို့တောင် တစ်ခုလုံးပင် တုန်ခါသွားရ၏။
မြေငလျင်ကြီးလှုပ်နေသကဲ့သို့ တောင်တစ်တောင်လုံး ဆွဲမွှေ့ခံနေရသည့်ပုံမှာ အလွန်ကြောက်စရာကောင်းလှသည်။
"သတ်!"
ယဲ့ကျွင်းလင်လည်း ကျန်ကိုယ်ခွဲနှစ်ခု၏စွမ်းအားများနှင့် ပေါင်းစည်းကာ ကမ္ဘာမြေကိုဖြိုခွင်းမည့် ဓားအလင်းအား ထုတ်လွှတ်လိုက်သည်။
လူတိုင်း၏ မျက်လုံးများ ပြာတက်သွားပြီး ခဏတာမျှ နားပင်းသွားခဲ့ကြသည်။ ကမ္ဘာကြီးက တမုဟုတ်ချင်း ငြိမ်သက်သွားပြီး အချိန်နဲ့နေရာအားလုံး ရပ်တန့်သွားသလိုပါပဲ။
"ဆရာသခင်!" လီဝူကျယ်၏ ဦးရေပြားမှာ စိုးရိမ်စိတ်ကြောင့် တဆတ်ဆတ်တုန်သွားရသည်။ ဒါက ထိပ်တန်းစွမ်းအားရှင်တွေရဲ့ တိုက်ပွဲလား?
"အီးယား၊ ရှုရှု မျက်စိကန်းတော့မယ်!" ပုရှောင်ရှီးက မျက်လုံးလေးများကိုဖုံးလျက် အော်ဟစ်နေသည်။
မဟာမှိုဘုရင်ကြီးမှာလည်း ကြောက်လန့်တကြား တုန်ယင်သွားရသည်။ "အိုး ဘုရားရေ၊ လူသားမျိုးနွယ်က အရမ်းကြောက်စရာကောင်းတာပဲ"
ဟုန်ချန်ယဲ့တစ်ယောက် စိတ်လှုပ်ရှားစွာဖြင့် အသက်ရှူနှုန်း မြန်လာပြီး တစ်ခုခုကို အတည်ပြုဖို့ ကြိုးစားနေသလို မေးလိုက်သည်။ "ဘာဖြစ်သွားတာလဲ? ဟိုမြေနိုးဆံဖြူကောင် သေပလား"
ကြောက်မက်ဖွယ်စွမ်းအင်လှိုင်းလုံးကြီး ပေါက်ကွဲထွက်လာခြင်းကြောင့် တောင်ကာကွယ်ရေးအစီအရင်တစ်ခုလုံး ပြိုကွဲပျက်စီးသွားရကာ ကျင့်ထူပြည်ထောင်၏ အထွဋ်အမြတ်နယ်မြေကြီးတစ်ခုလုံး သိမ့်သိမ့်တုန်သွားခဲ့ရသဖြင့် လူတိုင်းကြောက်လန့်တုန်လှုပ်သွားရသည်။
တဖြည်းဖြည်းချင်း။
စွမ်းအင်လှိုင်းများ ငြိမ်သက်သွား၏။
ရှေးဟောင်းဘုရားကျောင်းက ပျက်စီးလုနီးပါးဖြစ်နေပြီး အသက်ရှင်ကျန်ရစ်ခဲ့သော အကြီးအကဲတွေနှင့် တပည့်တွေက ရလဒ်ကိုအတည်ပြုဖို့ ယုံကြည်မှုရှိရှိ မော့ကြည့်လိုက်ကြသည်။
သို့ပေမဲ့ နောက်တစ်စက္ကန့်မှာ သူတို့မျက်နှာတွေမှာ မျှော်လင့်ချက်ရောင်ခြည်ကင်းမဲ့သွားရကာ အော်ဟစ်လိုက်ကြသည်။ "မဖြစ်ဘူး..."
တစ်ချိန်က အရှေ့ပိုင်းစီရင်စုမှာ ဟိုးလေးတကျော် နာမည်ကြီးပြီး အင်အားစုအားလုံးကို တုန်လှုပ်စေခဲ့ပါသော လေပေါ်ဝိဇ္ဇာကျောင်း၏ သူတော်စင်သုံးဦးမှာ ရှက်ရွံ့စွာ သွေးတွေရွှဲရွှဲနှင့် မြေပြင်ပေါ် ဒူးထောက်နေကြရ၏။
ယဲ့ကျွင်းလင်၏ ကိုယ်ခွဲသုံးခုသာ လေဟာနယ်ထက်မှာ ဘေးချင်းယှဉ်ရပ်နေပြီး မေးစေ့ကို အနည်းငယ်ပင့်မော့ကာ တည်ငြိမ်စွာပြောလိုက်သည်။ "မင်းတို့ ရှုံးပြီ"။