အရှင်ထိုက်ရွှမ်၏ မိတ်ဆွေဟောင်း
Vol. 016 Ch. 1570
ရီဖူရှင်းက အဝေးသို့ လျှောက်သွားကာ ထိုနေရာမှ ထွက်ခွာသွားခဲ့၏။
သူ့အတွက် ကျွင်းမူက မတည်ရှိသကဲ့သို့ပင် ဖြစ်သည်။
ထိုက်ရွှမ်တောင်မှ လူအများ အားလုံးက ကျွင်းမူကို ကြည့်လိုက်ကြသည်။ ထိုက်ရွှမ်အကြီးအကဲ၏ ဤတပည့်သည် အလွန် အရည်အချင်းရှိပြီး အရှင်ထိုက်ရွှမ်၏ တိုက်ရိုက်တပည့် ဖြစ်လာရန်ပင် ကြိုးစားနေသူ ဖြစ်သည်။ သူသည် တောင်ပေါ်မှ လူငယ်များထဲတွင် အစွမ်းထက်ဆုံးဟု ဆုံးဖြတ်နိုင်ပေသည်။ သို့သော် ယခုတွင် လူတိုင်းက သူ့အတွက် ဝမ်းနည်းမှုကို ခပ်ရေးရေး ခံစားမိကြ၏။
သူက နှစ်ပေါင်းများစွာ ကျင့်ကြံခဲ့သော်လည်း ယခု လျစ်လျူရှုခံခဲ့ရသည်။ သူက တိုက်ခိုက်ရန် တွေးခဲ့သော်လည်း ရီဖူရှင်းက လက်တစ်ချောင်း လှုပ်ရန်ပင် အလုပ်ရှုပ်မခံခဲ့ပေ။ သူက ရီဖူရှင်းအတွက် ထိုက်တန်သည့် ပြိုင်ဘက်ဟု မည်သည့်အခါကမှ ဆက်ဆံမခံခဲ့ရပေ။
ကျွင်းမူက သူ့ကို တိုက်ခိုက်ရန် တိုက်ကွက် ထုတ်ဖော်ခဲ့သော်လည်း သူ့ကို အနည်းငယ်မျှပင် လှုပ်ရှားသွားအောင် မလုပ်နိုင်ခဲ့ပေ။ ထိုအဓိပ္ပါယ်မှာ ရီဖူရှင်း၏ မဟာလမ်းစဥ် ခန္ဓာကိုယ်မှ ပြီးပြည်စုံနေခဲ့ပြီဟူ၍ ဖြစ်လေသည်။ သူက မဟာလမ်းစဥ်စွမ်းအားမှ အမှန်ပင် ဖွဲ့စည်းနိုင်ခဲ့ပြီ ဖြစ်သည်။
ထို့အပြင် သူက အလွန် အားကောင်းလှသည်။ ဝမ်ရှိုးရီနှင့် လီကျစ်ရင်တို့၏ သဘောထားကို ဆန်းစစ်ကြည့်လျှင် ကျော်ကြားမှုအရ ကျွင်းမူသည် လတ်တလောမှ ထိုက်ရွှမ်တောင်သို့ ရောက်လာသည့် ရီဖူရှင်းထက် နိမ့်ကျပေသည်။
လမ်းစဥ်ဖော်ဆောင်ခြင်း နယ်မြေ ခရီးစဥ်တွင် မည်သည်တို့ ဖြစ်ပျက်ခဲ့သနည်း။
ထိုအချိန်တွင် အဝေးမှ အသံတစ်ခု ထွက်ပေါ်လာသည်။ “ကျွင်းမူ”
ကျွင်းမူသည် အရှင်ထိုက်ရွှမ် ရှိရာ နန်းဆောင်သို့ မော့ကြည့်ကာ အရိုအသေပြုရင်း ပြောသည်။ “ဆရာ”
သူက ထိုအသံကို ကြားသည့်အခါ၌ သူ့ဆရာဖြစ်သော ထိုက်ရွှမ်အကြီးအကဲ၏ အသံဖြစ်ကြောင်း ပြောနိုင်ပေသည်။
“မင်း တံခါးပိတ်ပြီး ကျင့်ကြံသင့်တယ်။ အောင်မြင်တဲ့အထိ ထွက်မလာနဲ့” ထိုက်ရွှမ်အကြီးအကဲက ပြောသည်။ ကျွင်းမူသည် အနည်းငယ် တုန်ယင်သွားပြီး သူ၏ မျက်နှာက စက္ကူဖြူကဲ့သို့ ဖွေးဆုတ်သွား၏။ သူ့ဆရာကပင် သူ့ကို အပြစ်ပေးနေသည်လား။
“ဟုတ်ကဲ့ပါ ဆရာ” ကျွင်းမူက အထွန့်မတက်ရဲပေ။ ထို့ကြောင့် သူက အရိုအသေပြုရင်း နာခံသည်။ လူတိုင်းသည် သူ ထွက်ခွာသွားသည်ကို ကြည့်ကာ သနားနေကြသည်။ လူအများသာ သက်ပြင်းသာ ချလိုက်ကြပေသည်။ သူက မုန်းတီးဖွယ် ကောင်းသလို သနားဖွယ်လည်း ကောင်းလှသည်။
ဝမ်ရှိုးရီသည်လည်း ထိုမြင်ကွင်းကို မြင်သည့်အခါ သက်ပြင်းချလိုက်မိသည်။ ကျင့်ကြံခြင်းက လွယ်ကူခြင်းမရှိပေ။ ကျွင်းမူကဲ့သို့ အဆင့်မှ တစ်စုံတစ်ယောက်သည် ဤကဲ့သို့ ဆုံးရှုံးရန် မသင့်ပေ။ သို့သော်လည်း ဤသည်မှာ လမ်းစဥ်ဖော်ဆောင်ခြင်းနယ်မြေသို့ သွားရာ ခရီးစဥ်၌ ဖြစ်ပျက်ခဲ့သော အရာအားလုံးသည် ကျွင်းမူ၏ ကြီးမားသော ပျက်စီးခြင်းကို ကိုယ်စားပြုသောကြောင့် ဖြစ်သည်။ သူက မှားယွင်းသော လမ်းကို လျှောက်ခဲ့မိသည့်အတွက် ထိုသို့ ဖြစ်ရခြင်း ဖြစ်ပေသည်။
ယနေ့ အဖြစ်အပျက်များသည် သူ၏ စိတ်အခြေအနေကို သေချာပေါက် သက်ရောက်ကာ သူ၏ အနာဂတ်အောင်မြင်မှုကိုပင် သက်ရောက်လာနိုင်သည်။
ရီဖူရှင်းက အရှင်ထိုက်ရွှမ်၏ ကျင့်ကြံခြင်းအဆောင်ထိ ရောက်သည့်တိုင် ရှေ့သို့ ဆက်လျှောက်လာခဲ့သည်။ လှေကားပေါ်၌ ပုံရိပ်အများအပြား ပေါ်ပေါက်လာသည်။ အရှင်ထိုက်ရွှမ်အပြင် ထိုက်ရွှမ်အကြီးအကဲနှင့် အခြားသော တပည့်ကြီးများလည်း ရှိနေသည်။ သူတို့က ကိစ္စအချို့ဆွေးနွေးရန် လာရောက်ခြင်း ဖြစ်နိုင်သည်။
ရီဖူရှင်းက ဦးညွှတ်နှုတ်ဆက်သည်။ ထိုသူများက သူ့ကို ကြည့်နေကြ၏။ အရှင်ထိုက်ရွှမ်၏ နက်ရှိုင်းသော မျက်လုံးများက သူ့ကို ကြည့်ကာ ပြောသည်။ “မင်း တံခါးပိတ်ကျင့်ကြံတာ ဘယ်လိုနေလဲ”
“ကျွန်တော် မဟာလမ်းစဥ် ခန္ဓာကိုယ်ကို ဖွဲ့စည်းပြီးပါပြီ။ ဒါပေမယ့် လောကမဟာလမ်းစဥ်နဲ့ ဆက်သွယ်လို့တော့ မရသေးပါဘူး။ ကျွန်တော့ရဲ့ သဘောပေါက်နားလည်မှုက မလုံလောက်သေးတာ ဖြစ်မယ်” သူက ပြောသည်။ “ပြီးတော့ ဆက်ပြီး ကျင့်ကြံနေရင် အချိန်ဖြုန်းသလို ဖြစ်မယ်လို့ ခံစားမိတယ်။ ကျွန်တော်က ကျင့်ကြံမှုမှာ ဒီအဆင့်ကို ကျော်ဖြတ်နိုင်မယ်လို့ မထင်ဘူး။ အဲဒါကြောင့် လမ်းညွှန်ပေးဖို့ လာမေးတာပါ”
“ရန်ဟောင်အဆင့်က အတားအဆီးတစ်ခုလိုပဲ။ လူပေါင်းများစွာက မဟာလမ်းစဥ်ခန္ဓာကိုယ် ဖွဲ့စည်းပြီးမှ ဒီအဆင့်မှာ တားဆီးခံထားရတယ်။ ဒါက အဆင့်လေးတစ်ခုပဲဆိုပေမယ့် တကယ်ပဲ ဖြတ်ကျော်ဖို့ ခက်ခဲတယ်။ တကယ်တော့ လမ်းစဥ်ဝိညာဥ်ကို နားလည်သဘောပေါက်နိုင်ဖို့က ပိုပြီးတော့ ခက်ခဲပါတယ်။ တစ်ယောက်က ပြင်ပခန္ဓာကိုယ်စွမ်းအား တိုးလာဖို့အတွက် လမ်းစဥ်သစ်သီးလိုမျိုး အထောက်အကူကို မှီခိုနိုင်တယ်။မင်းက လမ်းစဥ်ဖော်ဆောင်ခြင်း နယ်မြေ ခရီးစဥ်မှာ ရရှိခဲ့တာတွေကို မဟာလမ်းစဥ်ခန္ဓာဖွဲ့စည်းဖို့ အထောက်အကူအဖြစ် အသုံးပြုခဲ့ပေမယ့် မင်း ပြန်လည်မွေးဖွားခြင်းအဆင့်ကို ရောက်လာတာ အချိန် တိုတိုလေးပဲ ရှိသေးတယ်။ အဲဒါကြောင့် မင်းမှာ တချို့အရေးပါတဲ့ အတွေ့အကြုံတွေ မရှိသေးဘူး။ မင်း အခွင့်အရေးရှာပြီး အတွေ့အကြုံ ရှာကြည့်ဖို့ လိုတယ်” အရှင်ထိုက်ရွှမ်က ပြောသည်။
“အရင်က နင် သံသယကင်းစင်ခြင်း အဆင့်မှာပဲ ရှိတယ်။ နောက်တော့ လမ်းစဥ်ဖော်ဆောင်ခြင်း နယ်မြေမှာ ပြန်လည်မွေးဖွားခြင်း အဆင့်ကို ရောက်ခဲ့တယ်။ အဲဒီနောက် ပြန်ရောက်လာပြီးတာနဲ့ တံခါးပိတ်ကျင့်ကြံခဲ့တယ်။ ဒီလောက် အချိန်တိုလေးအတွင်းမှာ ဒီလောက်အဆင့်တွေ ခုန်ပေါက်တက်သွားပြီးပြီ။ ဒါကိုတောင် နင်က မကျေနပ်သေးဘူးလား။ နင်က ရန်ဟောင်အဆင့်ပါ တခါတည်း ဆက်တက်ချင်နေသေးတာလား။” ဧကရီယန်က မကျေမနပ် ပြောသည်။
သူ၏ တိုးတက်မှုအရှိန်က လူအများကို ရှက်ရွံ့စေခဲ့သည်။ ထိုသည်မှာ လမ်းစဥ်ဖော်ဆောင်ခြင်း နယ်မြေခရီးစဥ်မှ သူ၏ အတွေ့အကြုံများပေါ်တွင်လည်း မူတည်သည်။ အမှန်တွင် ဤခရီးနှင့် နတ်ဘုရားနန်းတော်၌ ယာယီနေခဲ့စဥ်၌ သူသည် အများကြီး သင်ယူနိုင်ခဲ့ကာ အကျိုးအမြတ်များစွာ ရရှိခဲ့သည်။ ထိုသည်မှာ အဘယ့်ကြောင့် သူ မဟာလမ်းစဥ် ခန္ဓာကိုယ်ကို ဖွဲ့စည်းနိုင်ခဲ့သလဲ ဆိုသည်ပင် ဖြစ်ပေသည်။ သူ၏ ထိုးထွင်းသိမြင်မှုက အလွန် နက်ရှိုင်းလာပြီး သူသည် ရန်ဟောင်အဆင့်နှင့် သိပ်မဝေးတော့သော အဆင့်သို့ ရောက်လာခဲ့သည်။
သာမန်အခြေအနေမျိုးတွင် ထိုအဆင့်သည် နှစ်ပေါင်းမျာစွာ ကြာမြင့်ပြီးနောက်တွင်သာ ရောက်ရှိနိုင်ပေလိမ့်မည်။
“သာမန်မဟုတ်တဲ့ လူတွေက သာမန်နည်းလမ်း အတိုင်း မတွေးကြဘူးလေ။ သူ့တို့က ဘယ်လို နားလည်နိုင်ပါ့မလဲ” ထိုက်ရွှမ်မြို့တော်အရှင်က အပြုံးနှင့် ပြောသည်။ သူ၏ သမီးက နတ်ဘုရားနန်းတော်မှ ပြန်လာသည့်အခါတွင် သူမက ရီဖူရှင်းအကြောင်း များစွာ ညွှန်းဆိုခဲ့ပြီး ကောင်းကင်တမျှ မြင့်မားအောင် ချီးမွမ်းနေခဲ့သည်။ သို့သော် ဤလူက အမှန်ပင် ပြိုင်စံရှားလှသည်။ သူ့ကဲသို့သော စီနီယာများပင်လျှင် ယှဥ်နိုင်မည်မဟုတ်ပေ။ မျိုးဆက်သစ်များသည် မကြာခင်၌ လူကြီးသူမများ၏ နေရာကို အစားထိုးသွားလိမ့်မည် ဖြစ်သည်။
ထိုအခိုက်တွင် အရှင်ထိုက်ရွှမ်က လျှောက်လာခဲ့သည်။ သူက ရီဖူရှင်းကို ကြည့်ရင်း ပြောလိုက်၏။ “ကျုပ် ကြားတာတော့ မင်းက ကောင်းကင်အာဏာစက်ဘုံက လာတဲ့ သာမန်တန်ခိုးရှင်လေးဆို။ မင်း အရင်တုန်းက ကောင်းကင်နတ်တံခါးဂိုဏ်းမှာ ကျင့်ကြံခဲ့တယ်ဆိုတာ ကျုပ် သိတယ်။ မင်းရဲ့ အရင် ဆရာက ဘယ်သူများလဲ။”
“ကျွန်တော့မှာ ဆရာတွေ အများကြီး ရှိပါတယ်။ သူတို့ထဲက ဘယ်သူကမှ စီနီယာလောက် အဆင့်မမြင့်ပါဘူး” ရီဖူရှင်းက ဦးညွှတ်ကာ ပြောသည်။
“အိုး…” အရှင်ထိုက်ရွှမ်က အံ့အားသင့်သွားသည်။ ထို့နောက် သူက မေးလိုက်၏။ “မင်းကို ဘယ်လို ကျင့်ကြံရမလဲဆိုတာ ဘယ်သူက သင်ပေးခဲ့တာလဲ”
“အခု လက်ရှိ ကျင့်စဥ်က အဆင့်မြင့်မားခြင်းမရှိတဲ့ ဆရာတစ်ယောက် သင်ပေးခဲ့တာပါ။ သေချာပေါက် စီနီယာအဆင့်နဲ့ မယှဥ်နိုင်ပါဘူး။ အဲဒါကြောင့် စီနီယာ သူ့ကို ကြားဖူးမှာမဟုတ်ဘူး” ရီဖူရှင်းက ပြန်ဖြေသည်။ သူသည် အရှင်ထိုက်ရွှမ်က မည်သည့်အတွက် မေးသည်ကို မသိပေ။
“သူက ကျင့်ကြံဆင့်သိပ်မမြင့်ဘူးတဲ့လား”
“အင်း.. မကြာသေးခင်ကမှ ရန်ဟောင်အဆင့် ရောက်လာခဲ့တဲ့ သူပါ” ရီဖူရှင်းက ခေါင်းညိတ်ကာ ဖြေသည်။
အရှင်ထိုက်ရွှမ်က ခေါင်းညိတ်ကာ ထပ်မမေးတော့ပေ။ သူက ပြောလိုက်၏။ “မင်းက အခု ကျင့်ကြံခြင်းမှာ တားဆီးခံနေရတော့ ကိုယ့်ဘာသာ တံခါးပိတ်ပြီး ကျင့်ကြံနေရုံနဲ့ဆိုရင် ချိုးဖျက်ဖို့ တကယ် ခက်ခဲလိမ့်မှာပဲ။ မင်းက နောက်တစ်ဆင့်တက်ဖို့ အခွင့်အရေးလည်း နည်းပါးနေသေးတယ်။ မင်းသာ ဆန္ဒရှိရင် မင်း ကျင့်ကြံဖို့အတွက် တစ်နေရာကို ပို့ပေးပါ့မယ်။ အဲဒီမှာ ကျုပ်ရဲ့ မိတ်ဆွေကောင်း တစ်ယောက် ရှိတယ်။ အဲဒီမှာ မင်းအတွက် အတွေ့အကြုံကောင်းတွေ ရလိမ့်မယ်။ မင်း နောက်တစ်ဆင့်တက်ဖို့ အခွင့်အလမ်း ရှာတွေ့တာတောင် ဖြစ်နိုင်တယ်။”
ရီဖူရှင်းက ခေတ္တမျှ တိတ်ဆိတ်သွားခဲ့သည်။ အရှင်ထိုက်ရွှမ်က ထိုမျှ မြင့်မားသည့် အဆင့်၌ ရှိသည်။ သူက လက်ရှိအဆင့်သို့ မရောက်ခင်၌ပင် သူသည် ရန်ဟောင်များအကြား အစွမ်းထက်ဆုံး ဖြစ်ပေသည်။ သူ၏ မိတ်ဆွေကောင်းကလည်း သူ့ကဲ့သို့ပင် ထူးချွန်သည့် တန်ခိုးရှင်တစ်ဦး ဖြစ်ပေလိမ့်မည်။ ထို့အပြင် အရှင်ထိုက်ရွှမ်က သူ့ကို ပို့ဆောင်ပေးသည်မှာ ကောင်းမွန်သော အကြောင်းပြချက် ရှိသည်။
“သွားချင်ပါတယ်” ရီဖူရှင်းက ပြောသည်။
“အဲဒါက အထက်ကောင်းကင်ဘုံမှာ မဟုတ်ဘူး။” အရှင်ထိုက်ရွှမ်က ပြောသည်။
“ကိစ္စမရှိပါဘူး။ ဘယ်နေရာဖြစ်ဖြစ် ကျင့်ကြံနိုင်ပါတယ်” ရီဖူရှင်းက ပြန်ဖြေသည်။
“အင်း” အရှင်ထိုက်ရွှမ်က ပြုံးကာ ခေါင်းညိတ်သည်။ “အခု သွားနားလိုက်တော့။ မင်း အချိန်အကြာကြီး ကျင့်ကြံနေခဲ့တာဆိုတော့ နားသင့်တယ်။ ဘယ်အချိန် ထွက်ခွာလို့ ရမလဲဆိုတာ မင်းကို အကြောင်းကြားလိုက်မယ်”
“ကျေးဇူးတင်ပါတယ် အရှင်” ရီဖူရှင်းက ဦးညွှတ်ကာ ပြောသည်။ သူက အလွန် စိတ်လှုပ်ရှားနေ၏။
သူက အရှင်ထိုက်ရွှမ်ကို အကြိမ်ရေအနည်းငယ်သာ တွေ့ဖူးခဲ့ပြီး အများက တွေးထင်ထားသကဲ့သို့ သူ၏ တပည့် မဟုတ်သော်လည်း အရှင်ထိုက်ရွှမ်က သူ့ကို ကူညီရန် ဆန္ဒရှိသေးသည်။ သူက အမှန်တကယ် သဘောထား ကြီးလှသည်။
အရှင်ထိုက်ရွှမ်ကဲ့သို့သော စီနီယာကို တွေ့ဆုံရခြင်းမှာ သူက အလွန် ကံကောင်းပေသည်။
“ဆရာ အခု လူအများကြီးက သူ့ကို စောင့်ကြည့်နေကြတယ်။ သူ့ကို ဘယ်နေရာ ပို့မလို့လဲ။” ဧကရီန်က မေးသည်။ သူမက အနည်းငယ် သိချင်စိတ်ဖြစ်နေခဲ့သည်။ သူမက ဆရာ့၏ စိတ်ကို မသိနိုင်ခဲ့ပေ။
“ဆရာ့ သူငယ်ချင်းဟောင်းတစ်ယောက်ဆီကို ပို့မလို့ပါ” အရှင်ထိုက်ရွှမ်က ဖြေသည်။ “ရီဖူရှင်းက သူနဲ့ နက်ရှိုင်းတဲ့ ဆက်နွယ်မှုတချို့ ရှိနေနိုင်တယ်။”
“နက်ရှိုင်းတဲ့ ဆက်နွယ်မှုလား” ဧကရီယန်က မေးလိုက်၏။
“သိပ်တော့ မသေချာဘူး။ သူ သွားပြီးမှ သိရလိမ့်မယ်။ ဒီလူငယ်လေးက အရမ်း အရည်အချင်းရှိလို့ အဲဒီကို သွားပြီး ကျင့်ကြံရင် ပိုကောင်းလိမ့်မယ်။ သူက နောက်တစ်ဆင့်ကို ချိုးဖျက်ဝင်ရောက်နိုင်ဖို့တောင် အခွင့်အရေး ရနိုင်တယ်။ သူသာ ရန်ဟောင် ဖြစ်သွားခဲ့ရင် သူ့ကိုယ်သူ ပိုပြီး ကာကွယ်နိုင်သွားလိမ့်မယ်” အရှင်ထိုက်ရွှမ်က ပြောသည်။ ယခုတွင် အပြင်ဘက်လောကမှ လူအများကြီးက ရီဖူရှင်းကို စောင့်ကြည့်နေသည်ကို သူ သိရှိပေသည်။
ထိုသည်မှာ ရွှေရောင်နတ်ပြည်ထောင်မှ လူများသာလျှင် မဟုတ်ဘဲ ကောင်းကင်အာဏာစက်ဘုံမှ လူများသည်လည်း ထိုနေရာတွင် ဖြစ်ခဲ့သည့်ကိစ္စကြောင့် ရောက်လာနိုင်ပေသည်။
ရီဖူရှင်းက တေးသံသာစံအိမ် သို့ ပြန်သွားခဲ့သည်။ ရာရာက ထိုနေရာတွင် ကျင့်ကြံနေခဲ့၏။ သူမက သူ ပြန်လာသည့်အသံကို ကြားသည့်အခါ သူမ၏ မျက်လုံးများကို ဖွင့်ကာ မေးသည်။ “ဘာဖြစ်လို့လဲ”
“ဘာမှမဟုတ်ဘူး။ ငါ မင်းကို ကြည့်နေရုံပါ” သူက အပြုံးနှင့် ပြန်ဖြေသည်။ ယနေ့တွင် ရာရာသည် ယခင်ကထက်ပို၍ အစွမ်းထက်လာပြီ ဖြစ်သည်။ သူမက နတ်ဘုရားနန်းတော် ခရီးစဥ်မှ အများအပြား ရရှိခဲ့ပေသည်။
ရာရာ သူ့ကို ဝေ့ကြည့်လိုက်ပြီးနောက် လျစ်လျရှုလိုက်တော့သည်။ သူမ၏ မျက်လုံးများကို ပိတ်ကာ ဆက်ကျင့်ကြံနေတော့သည်။
“....”
ရီဖူရှင်း၏ မျက်နှာက မည်းမှောင်သွားသော်လည်း ထိုသည်မှာ ရာရာ၏ ပုံစံပင် ဖြစ်တော့သည်။
ထို့နောက် သူက ပြုံးသည်။ အထက်ကောင်းကင်ဘုံ၌ ရာရာသည် သူ၏ တစ်ဦးတည်းသော သူငယ်ချင်း ဖြစ်သည်။ အခြားသူများ မည်သို့ ဖြတ်သန်းနေသည်ကို သူ မသိပေ။
ယူချင်း နတ်နဂါးကလန်၌ ကျင့်ကြံနေသည်မှာ မည်သို့နေသနည်း။ သူ၏ စီနီယာအစ်ကို၊ အစ်ကိုသုံး၊ ဝူချင်းနှင့် ထိုအေးစက်စက် မာနကြီးကြီး မင်းသမီးရော မည်သည့်နေရာ၌ ရောက်နေသနည်း။ သူ့ဆရာနှင့် အခြားသူများ မည်သည့်နေရာသို့ ရောက်နေသနည်း။ သုံးနှစ်က မျက်စိတစ်မှိတ်အတွင်း ကုန်ဆုံးသွားခဲ့သည်။ သူ၏ အဆင့် တိုးတက်လာသည့်အခါ အချိန်က ပိုမို မြန်ဆန်လာသည်ဝု ထင်ရပေသည်။ အချိန်သည် သူပင် သတိမထားမိဘဲ ကုန်ဆုံးလာခဲ့သည်။
ယခု သူက ရပ်တန့်လိုက်ပြီး သူတို့ အတူတကွ ဖြတ်ကျော်လာခဲ့သော အချိန်များကို ပြန်တွေးနေသည်။
သူက ဗြဟ္မာ့သန့်စင်ကောင်းကင် အကြောင်းလည်း တွေးဖြစ်သည်။ သူက ထိုနေရာသို့ ပြန်ရပေလိမ့်မည်။
သို့သော် ယခု သူ ရည်ရွယ်သမျှ အရာအားလုံးက ရန်ဟောင်တစ်ပါး ဖြစ်လာရန်သာ ဖြစ်၏။
“အစ်ကိုရီ” အပြင်ဘက်မှ အသံတစ်ခု ထွက်ပေါ်လာသည်။
ရီဖူရှင်း၏ စွမ်းအားက အသံရှင်ရှိရာသို့ ရောက်ရှိသွားပြီး သူက ပြောသည်။ “ဝင်လာပါ”
မကြာခင်၌ သူတို့ရှိနေသည့် တောင်ရှိရာသို့ တစ်စုံတစ်ယောက်က လျှောက်လာခဲ့၏။ ထိုသူမှာ ကု့ချင်းတောင်ကြားမှ လီကျစ်ရင် ဖြစ်ကြောင်း သတိပြုမိသည်။
ရီဖူရှင်းသည် သူမကို အမှတ်ရပေသည်။ ပထမအကြိမ် သူမ ကု့ချင်းတောင်ကြားကို လာသည့်အခါက သူမသည် အလွန်မာနကြီးပြီး ဝံ့ကြွားလှသည်။ ယခု သူမသည် တည်ငြိမ်နေပြီး မျက်လုံးများက ကြည်လင်နေသည်။ သူမက သူ့ကို အရိုအသေပြုကာ ပြောသည်။ “ရှင် တံခါးပိတ်ကျင့်ကြံရာက ထွက်လာတာမြင်လို့ လာခဲ့တာပါ”
ရီဖူရှင်းက ပြုံးကာ ပြောသည်။ “ဘာကူညီပေးရမလဲ”
“ဂီတနဲ့ ပတ်သတ်တဲ့ မေးခွန်းနည်းနည်းလောက် မေးချင်လို့ပါ။ ကူညီပြီး ဖြေရှင်းပေးနိုင်ဖို့ မျှော်လင့်ပါတယ်။” သူမက ပြောသည်။ မနီးမဝေးမှ ရာရာက သူမ၏ မျက်လုံးများကို ဖွင့်ကာ ကြည့်သည်။ ကု့ချင်းတောင်ကြား၌ သူတို့၏ စီနီယာနှင့် ဆရာတွေ မရှိလေသလား။ သူမက အဘယ့်ကြောင့် ဤနေရာသို့ အပြေးလာကာ ရီဖူရှင်းကို မေးရသနည်း။
သို့သော် သူမက ထိုအကြောင်းကို အမှန် ဂရုစိုက်ခြင်းမရှိပေ။ သူမသည် သူမ၏ ကျင့်ကြံနေမှုကို နှောက်ယှက်ခံလိုက်ရသည့်အတွက် စိတ်တိုရုံသာ ဖြစ်လေသည်။
“ဒါပေါ့” ရီဖူရှင်းက ခေါင်းညိတ်သည်။
“ဒါဆို ကျွန်မ တေးသွားတစ်ပုဒ် တီးပြပါ့မယ်” လီကျစ်ရင်က ပြောသည်။ သူမက သူမ၏ ကု့ချင်းနှင့် တေးသွားတစ်ပုဒ် တီးခတ်လိုက်၏။ ၎င်းသည် ကာရန်သင့်ကာ ကောင်းမွန်သည့် အရေးအသားဖြစ်သည်။
“ဒီမှာ တစ်ခုခု ပျောက်ဆုံးနေတယ်လို့များ ထင်လား။” လီကျစ်ရင်က မေးသည်။
“ရေးစပ်ထားတဲ့ပုံက နက်နဲမှု အပြည့်ရှိပြီး အထားအသိုကလည်း လှပတယ်” ရီဖူရှင်းက ပြုံးကာ ပြောသည်။ “ဒါပေမယ့် အနုပညာရသအသိအမြင် ပိုပြီး လိုအပ်နေသေးတယ်။ ဒီတေးသွားကို နားထောင်တဲ့ အချိန်မှာ ဂီတလောကထဲမှာ နစ်မြုပ်ပြီး ကိုယ့်ကိုယ်ကိုယ် လွှတ်မချနိုင်ခဲ့ဘူး”
ရီဖူရှင်းသည် သူမကို အများကြီး အကူအညီမပေးနိုင်ဟု ခံစားမိပေသည်။ ဤကဲ့သို့သော ပြဿနာမျိုးက မြင်ရန် မခက်ခဲသော်လည်း ပြုပြင်ရန်မှာ အလွန် ခက်ခဲလှသည်။ သို့ပေမယ့် လီကျစ်ရင်သည် ထိုအကြောင်းကို ကျိန်းသေ သိရှိပြီး ဖြစ်ကာ သူ့ကို လာရှာ၍ အကူအညီတောင်းရန် မလိုအပ်လောက်ပေ။
သို့သော် သူမက သူ့ကို လာရှာ၍ အကူအညီတောင်းခဲ့သည် ဖြစ်ရာ သူက ငြင်းဆန်နိုင်ခြင်း မရှိခဲ့ပေါ သူတို့က ခဏမျှ စကားပြောဆိုခဲ့ပြီးနောက် လီကျစ်ရင် ပြန်သွားခဲ့သည်။
ထို့နောက်တွင် လော့ယွဲ့လည်း ရောက်ရှိလာသည်။ သူမသည်လည်း ကျင့်ကြံခြင်းအတွက် မေးခွန်းတစ်ခု မေးခဲ့သည်။ သူမက ဓားပညာတွင် သူ့ အကူအညီကို လိုချင်ပေသည်။
သို့သော် လော့ယွဲ့က လီကျစ်ရင်နှင့် တူသည်။ သူမက အကူအညီကို ရိုးရိုးသားသား လာတောင်းခဲ့ခြင်း ဖြစ်ပြီး အခြား ရည်ရွယ်ချက် မရှိပေ။
ရီဖူရှင်းက သူမကို အကြံဉာဏ်အများကြီး မပေးခဲ့ပေ။ သူသည် ဓားတိုက်ကွက်တစ်ခုကို ပြသခဲ့ပြီး သူမကို ကူညီရန် တေးသွားအချို့ တီးခတ်ပေးခဲ့သည်။ လော့ယွဲ့က ချက်ချင်းပင် ဓားတိုက်ကွက်ကို သင်ယူနိုင်ခဲ့ပြီး လေ့ကျင့်ခြင်း၌သာ နှစ်မြှုပ်ထားခဲ့သည်။ သူမက အပြုံးနှင့် ပြန်ထွက်ခွာသွားခဲ့၏။
နောက်ပိုင်းတွင် ရီဖူရှင်း၏ အကြောင်းက ထိုက်ရွှမ်တောင်တစ်ခွင်သို့ ပျံ့နှံ့သွားခဲ့သည်။ တပည့်များသည် အချိန်အခါမရွေး တေးသံသာစံအိမ် သို့ လာရောက်ကြပြီး အကူအညီတောင်းကြသည်။ သူက သူတို့ကို မငြင်းဆန်နိုင်သည့်အတွက် သူတို့နှင့် ကျင့်ကြံခြင်းအကြောင်းကို လေးနက်စွာ ဆွေးနွေးပေးခဲ့သည်။ ထိုသည်မှာ အခြားသူများကို ကူညီရင်းနှင့် သူကိုယ်တိုင်လည်း အကျိုးရှိစေနိုင်သော သင်ယူမှုမျိုးပင် ဖြစ်၏။
သူက အချိန်ကြာမြင့်စွာ တစ်ကိုယ်တည်း ကျင့်ကြံခဲ့သည့်အတွက် ထိုသို့ ထပ်ကာ မလုပ်ချင်တော့ပေ။ အရှင်ထိုက်ရွှမ်က သူ့ကို စောင့်ဆိုင်းရန် ပြောထားသည့်အတွက် သူက တည်ငြိမ်စွာပင် စောင့်ဆိုင်းနေခဲ့သည်။
လတစ်ဝက်က မျက်စိတစ်မှိတ်အတွင်း ကုန်ဆုံးသွားခဲ့သည်။ နောက်ဆုံး၌ အရှင်ထိုက်ရွှမ်က ရီဖူရှင်းကို ဆင့်ခေါ်ခဲ့လေသည်။
***