ထျန်းဟယ်မဟာအကြီးအကဲ
Vol. 016 Ch. 1571
ထိုက်ရွှမ်တောင်တွင် ရီဖူရှင်းသည် အရှင်ထိုက်ရွှမ်ကို တွေ့ရန် ရောက်လာခဲ့သည်။ ထိုနေရာ၌ မည်သူမှ မရှိသလို ရာရာပင် ရှိမနေပေ။ သူက သူမ မည်သည့်နေရာ၌ ရှိနေသည်ကို မသိသော်လည်း သူမအား ထိုက်ရွှမ်တောင်၌ နေကာ ကျင့်ကြံစေရန် စီစဥ်ထားခဲ့သည်။ ရီဖူရှင်းက ရာရာနှင့် သူ့အတွက် အလွန် မြင့်မားသော မျှော်လင့်ချက် မရှိပေ။ သူမက အတားအဆီးကို ဖြတ်ကျော်၍ ရန်ဟောင်အဆင့်သို့ ဝင်ရောက်သွားနိုင်လျှင်ပင် အန္တရာယ်ကင်းမည်ဖြစ်၍ လုံလောက်နေပြီ ဖြစ်သည်။
အနာဂတ်တွင် ရာရာက မဟာလမ်းစဥ် ဘုံသုံးထောင်သို့ လှည့်လည်သွားလာကာ ဘုံတစ်ခု၌ အခြေချ၍ ဧကရီတစ်ပါး ဖြစ်လာနိုင်ပေသည်။
သို့ပေမယ့် ထိုသည်က သူ့ အကြံအစည်သာ ဖြစ်သည်။ ရာရာသိလျှင် သူမက မည်သို့တွေးမည်ကို မည်သူ သိပါမည်နည်း။
“မင်း သွားချင်ပြီလား” အရှင်ထိုက်ရွှမ်က ရီဖူရှင်း ရောက်လာသည့်အခါ မေးသည်။
“အရှင် ကိုယ်တိုင်သွားမှာလား” ရီဖူရှင်းက ပြောသည်။ ရီဖူရှင်းအပြင် အရှင်ထိုက်ရွှမ်သည်လည်း တစ်ယောက်တည်း ရှိနေသည်ဖြစ်ရာ သိသာစွာပင် သူက သူနှင့်အတူ အခြားလူများကို ခေါ်ဆောင်သွားလိမ့်မည် မဟုတ်ပေ။
“ကျုပ် မိတ်ဆွေနဲ့ မတွေ့ရတာ ကြာပြီ။ ဒီတစ်ခေါက် သူ့ဆီ သွားလည်ချင်တာ မင်းကြောင့်ချည်းပဲ မဟုတ်ပါဘူး။” အရှင်ထိုက်ရွှမ်က အပြုံးနှင့် ပြောသည်။
“ဟုတ်ကဲ့ပါ” ရီဖူရှင်းက ခေါင်းညိတ်ကာ ပြောသည်။ “ဒါဆို သွားကြရအောင်”
အရှင်ထိုက်ရွှမ်က သူ၏ လက်ကို မြှောက်လိုက်ပြီး ရုတ်တရက် တောက်ပသည့် ဓားအလင်းတန်းက တောက်ပလာသည်။ ဓားကြီးတစ်လက်က သူတို့နှစ်ယောက်ရှေ့တွင် ပေါ်ပေါက်လာ၏။ အရှင်ထိုက်ရွှမ်သည် ထိုနေရာသို့ ချက်ချင်း သွားရောက်ကာ ရီဖူရှင်းကို ပြန်ကြည့်ပြီး ပြောသည်။ “ဒီကိုလာခဲ့”
ရီဖူရှင်းက ဓားကြီးပေါ်သို့ တက်သည်။ ထို့နောက် ဓားကြီးက လေထဲဖြတ်ကာ ပျံသန်းသွားခဲ့သည်။ ၎င်းက ချက်ချင်းပင် ပျောက်ကွယ်သွားခဲ့ပြီး အနန္တအကွာအဝေးကို ဖြတ်သန်းသွားခဲ့သည်။
ထိုဓားကြီးကို ဓားအလင်းလွှာနှင့် ရစ်ပတ်လွှမ်းခြုံထားပြီး ပြင်ပလေမှ ကာကွယ်ပေးထားသည်။ ရီဖူရှင်းက ပြင်ပမှ အင်အားတစ်စုံတစ်ရာကိုပင် မခံစားနိုင်သော်လည်း သူသည် ပြင်ပ၌ ရာသီဥတုက လျင်မြန်စွာ ပြောင်းလဲသွားနေသည်ကို ထောက်လှမ်းမိပေသည်။
ထိုအချိန်တွင် ရီဖူရှင်းသည် မြေပြင်ကိုပင် မမြင်ရတော့သလိုအဆောက်အအုံများကိုလည်း မမြင်တွေ့ရတော့ပေ။ သူ၏ မျက်လုံးရှေ့တွင် နက်ရှိုင်းသော အဆုံးမဲ့ ဟင်းလင်းပြင်သာ ရှိပေသည်။
“ကျွန်တော်တို့ အထက်ကောင်းကင်ဘုံကနေ ထွက်လာပြီလား” ရီဖူရှင်းက သူ့ဘေးမှ အရှင်ထိုက်ရွှမ်ကို ကြည့်ကာ မေးသည်။
“ဟုတ်တယ်” အရှင်ထိုက်ရွှမ်က ခေါင်းညိတ်ကာ ပြောသည်။ “ငုံ့ကြည့်လိုက်”
ရီဖူရှင်းသည် အောက်ဘက်သို့ ကြည့်လိုက်လျှင် အလင်းများဖြာထွက်နေပြီး ကြီးမားသော ပန်းကန်ပြားသဖွယ် နေရာတစ်ခုကို တွေ့မြင်ရသည်။ ၎င်းသည် ကောင်းကင်နှင့်မြေကြီးအကြား တည်ရှိပေသည်။
ထိုသည်မှာ အထက်ကောင်းကင်ဘုံပင် ဖြစ်သည်။ သူတို့သည် အလွန် ဝေးကွာသည့် နေရာသို့ ရောက်ရှိနေပြီ ဖြစ်သော်လည်း အထက်ကောင်းကင်ဘုံသည် အလွန် ကြီးမားလှသည့်အတွက် မြင်နေရဆဲပင် ဖြစ်သည်။
ရီဖူရှင်းက အနည်းငယ် အံ့အားသင့်နေသော်လည်း သူသည် အရှင်ထိုက်ရွှမ်၏ အင်အားကို သိရှိသောကြောင့် ထိတ်လန့်သွားခြင်း မရှိပေ။ သာမန် ရန်ဟောင်တစ်ပါးထက် သာလွန်သည့် စွမ်းရည်ရှိရာ သူက မည်သို့ မမြန်ဘဲ နေပါမည်နည်း။ ၎င်းကို ခန့်မှန်း၍ပင် မဖြစ်နိုင်ပေ။
အဆုံးမဲ့ အထက်ကောင်းကင်ဘုံသည် ရှန့်ထိုတန်ခိုးရှင်များ၏ မျက်လုံးထဲတွင် အလွန် ကျယ်ပြန့်သော်လည်း မဟာလမ်းစဥ် ဘုံသုံးထောင်အကြား မည်သည့်ဘုံကမှ အရှင်ထိုက်ရွှမ်အတွက် ကြီးမားလိမ့်မည် မဟုတ်ပေ။
ပို၍ အစွမ်းထက်သော ပုဂ္ဂိုလ်အပေါ်တွင် အနီးအဝေး အကွာအဝေးအတားအဆီးက မသက်ရောက်နိုင်သလို မည်သည့်အရာမှလည်း လွှမ်းမိုးမှု ရှိနိုင်မည် မဟုတ်ပေ။
“ဒါက ကြယ်ကောင်းကင်ကမ္ဘာလား။ ကျွန်တော် ဘာလို့ အဆုံးမဲ့ကြယ်တွေကို မမြင်နိုင်ရတာလဲ” ရီဖူရှင်းက တီးတိုးပြောသည်။ ယခင်က သူသည် လေဟာနယ်ဝင်္ကပါဖြင့် နယ်စပ်စည်းကို ဖြတ်သန်းကာ သွားခဲ့သည်ချည်း ဖြစ်သည်။ ဤသည်မှာ သူက လူသားစွမ်းအားနှင့် ဘုံတစ်ခုကို တိုက်ရိုက် ဖြတ်သန်းသွားလာဖူးခြင်း ဖြစ်သည်။ သူသည် အရာအားလုံးကို ရှင်းလင်းစွာ မြင်တွေ့ရပေသည်။
အဆုံးမဲ့လောကသည် အလွန် ထူးဆန်းသည့် ခံစားချက်ကို ပေးစွမ်းလေသည်။ ၎င်းသည် စကြဝဠာ ဖော်ပြချက်နှင့် မတူသလို စိတ်ကူးမှန်းဆထားသည့် ခမ်းနားထည်ဝါသော ကြယ်ရောင်စုံသည့် ကောင်းကင်ကဲ့သို့လည်း မဟုတ်ဘဲ အထီးကျန်ကာ သုသာန်တစပြင်ကဲ့သို့ တိတ်ဆိတ်နေသည်။ မတည်ငြိမ်သည့် အလျဥ်နှင့် ရေစီးကြောင်းများက အနီးတွင် စီးကျနေပြီး တစ်ခါတစ်ရံ၌ မဟာလမ်းစဥ် မုန်တိုင်းများကိုပင် ထောက်လှမ်းမိပေသည်။
အဆုံးမဲ့လေဟာနယ်တွင် ရီဖူရှင်းသည် ပုံရိပ်ယောင်တစ်ခုအဖြစ် ဖြစ်နေပြီး သူ့အရှိန်က အလွန် နှေးကွေးကာ အရာအားလုံးကို ရှင်းလင်းစွာ မြင်တွေ့နိုင်ပေသည်။
“အရှင် ဒီကမ္ဘာက ဘယ်လိုကမ္ဘာမျိုးလဲ” ရီဖူရှင်းက မေးသည်။ သူက ဇဝေဇဝါ ဖြစ်နေပုံရ၏။ နောက်ဆုံးတစ်ခေါက် နတ်ဘုရားဘိုးဘေးနယ်မြေတွင် ထူးခြားဆန်းကြယ်သည့် လူတစ်ယောက် ပြောခဲ့သည်မှာ ဤကမ္ဘာက အစစ်အမှန် မဟုတ်ဟူ၍ ဖြစ်သည်။ ၎င်းက မည်သည့် အဓိပ္ပါယ်နည်း။
“ကောင်းကင်နဲ့ မြေကြီးက ပြိုကျပျက်စီးနေတဲ့ လောကပေါ့” အရှင်ထိုက်ရွှမ်က တီးတိုးပြောဆိုခဲ့ခြင်း ဖြစ်သည်။ “လောကရဲ့ အမှန်တရားအတွက်ကတော့ မင်းကိုယ့်ဘာသာ ရှာဖွေဖို့ လိုတယ်”
ရီဖူရှင်း၏ ကျင့်ကြံခြင်း ပါရမီက ထူးချွန်လှပြီး သူ၏ အလားအလာက အကန့်အသတ် မရှိပေ။ ယခု သူက ငယ်ရွယ်ဆဲပင် ရှိသေးသော်လည်း ဤမျှ မြင့်မားနေပြီ ဖြစ်ကာ အရှင်ထိုက်ရွှမ်သည် သူ့ကို ဤလောက၏ ရက်စက်သည့် အမှန်တရားကို စောစီးစွာ မသိရှိစေလိုပေ။ ဤသည်က သူ၏ စိတ်အခြေအနေကို သက်ရောက်မှု ရှိနိုင်ပေသည်။
“မဟာလမ်းစဉ်က ပြိုလဲခဲ့တယ်…”
ရီဖူရှင်းသည် ဤစကားလုံးများကို ကြိမ်ဖန်များစွာ ကြားခဲ့ရသည်။ ဤ သုသာန်တစပြင်ကဲ့သို့ တိတ်ဆိတ်နေသည့် လောကသည် လောက၏ ပျက်စီးခြင်းလမ်းစဥ်ကို ဖြစ်ပေါ်စေသည်လား။
သို့ဆိုလျှင် ကောင်းကင်နှင့် မြေကြီး မပြိုကျခင်က ဤလောက က မည်မျှ ခမ်းနားခဲ့သနည်း။
“ကျွန်တော်တို့ အခု ဘယ်ကို သွားနေကြတာလဲ” ရီဖူရှင်းက တစ်ဖန်ထပ်ကာ မေးသည်။
“ထျန်းဟယ်ဘုံ” အရှင်ထိုက်ရွှမ်က ပြန်ဖြေသည်။ ရီဖူရှင်းက အနည်းငယ် တွေဝေသွားသည်။ ထျန်းဟယ်ဘုံက အထက်ဘုံကိုးခု၌ ပါဝင်ခြင်း မရှိပေ။ သူသည် ထိုဘုံကို မည်သည့်အခါကမှ မကြားဖူးခဲ့ချေ။ [ထျန်းဟယ်= ကောင်းကင်မြစ်]
သို့သော် ရီဖူရှင်းက ထပ်မမေးတော့ပေ။ အရှင်ထိုက်ရွှမ်က သူ့ကို ခေါ်လာခဲ့သည့်အတွက် သူ့တွင် ကျိန်းသေ အကြောင်းပြချက် ရှိပေမည်။ အရှင်ထိုက်ရွှမ်၏ မိတ်ဆွေဟောင်းက အလွန် ကြီးမြတ်သည့် ပုဂ္ဂိုလ် ဖြစ်နိုင်သည်။
သူတို့နှစ်ဦးသည် အဆုံးမဲ့ ကျယ်ပြောနက်ရှိုင်းသည့် လေဟာနယ်အတွင်းမှ ဖြတ်သန်းလာကြသည်။ ခဏအကြာ၌ အရှင်ထိုက်ရွှမ်က ရီဖူရှင်းကို ပြောလိုက်၏။ “ခဏနေရင် ရောက်တော့မယ်”
လမ်းတလျှောက်တွင် ရီဖူရှင်းသည် စူးစမ်းလာခဲ့ပြီး အဆုံးမဲ့ လေဟာပြင်ကို ကြည့်နေခဲ့သည်။ သူက အရှင်ထိုက်ရွှမ်၏ စကားများကို ကြားသည့်အခါ ငုံ့ကြည့်သည်။ ထို့နောက် ဓားက အခြားလေဟာနယ်တစ်ခုအတွင်းသို့ ထိုးဖောက်ဝင်ရောက်သွားပြီး ရီဖူရှင်းသည် တောင်များ၊ မြစ်များနှင့် ပင်လယ်တို့ ရှိနေသည့် နယ်မြေတစ်ခုကို မြင်လိုက်ရပေသည်။
ပြာလွင်သည့် ကောင်းကင်သည် ဆေးကြောထားသကဲ့သို့ သန့်စင်နေသည်။ သူတို့သည် တိမ်တိုက်များအောက်၌ ပျံသန်းနေကာ သူတို့၏ အရှိန်က လျော့ကျသွားသည်။ ထိုသည်မှာ ဓားကို ထိန်းချုပ်နေသည့် အရှင်ထိုက်ရွှမ်ကြောင့် သူတို့က အရှိန်လျှော့လိုက်ပြီးနောက်၌ပင် အလွန် လျင်မြန်နေဆဲ ဖြစ်သည်။ ရီဖူရှင်းသည် လမ်းတလျှောက်၌ လူအနည်းစု၏ အငွေ့အသက်ကိုသာ သတိပြုမိကာ အနည်းငယ် သိချင်စိတ်ဖြစ်လာမိသည်။ တောင်များ၏ မြေအရိုင်းများတွင်ပင် ကျင့်ကြံနေသူ အများအပြား ရှိသင့်ပေသည်။
“ထျန်းဟယ်ဘုံက လွန်ခဲ့တဲ့ နှစ်ပေါင်းများစွာတုန်းက စစ်ပွဲကြီး ဒဏ်ကို ခံစားခဲ့ကြရတယ်။ အဲဒါကြောင့် အသက်ပေါင်းများစွာ ထိခိုက်ခဲ့ကြတယ်။ တန်ခိုးရှင်အများကြီး သေဆုံးခဲ့ပြီး နောက်ပိုင်း တန်ခိုးရှင်တွေက ဒီကနေ ထွက်ခွာပြီး ပြောင်းသွားခဲ့တယ်။ နှစ်တွေ ကြာပြီးတဲ့နောက်မှာ ထျန်းဟယ်ဘုံက ပြန်ကောင်းလာခဲ့ပေမယ့် အရင်က ခမ်းနားထည်ဝါမှုတွေတော့ မရှိတော့ဘူး” အရှင်ထိုက်ရွှမ်က ပြောသည်။ သူ၏ အသံက တည်ငြိမ်နေသော်လည်း သူ့စကားလုံးများ၏ နောက်တွင် ဘုံတစ်ခုလုံးကိုပင် ပျက်စီးစေခဲ့သော စစ်ပွဲကြီးတစ်ခု ဖြစ်ပွားခဲ့သည့် အကြောင်းပင် ဖြစ်သည်။
ရီဖူရှင်းက ထိုစစ်ပွဲသည် မည်မျှ ရက်စက်ကြောင်း ခန့်မှန်းနိုင်ခြင်း မရှိပေ။ ထိုမျှ ပြင်းထန်သော စစ်ပွဲကို မည်သူက ဖြစ်ပွားစေခဲ့သနည်း။
မည်သည့်အတွက်ကြောင့်နည်း။
“ကျုပ် မိတ်ဆွေက ထျန်းဟယ်မဟာအကြီးအကဲလို့ ခေါ်ပြီးတော့ ထျန်းဟယ်ဘုံက လူတွေက ကြည်ညိုလေးစားကြတယ်။ သူက ထျန်းဟယ်ဘုံမှာ သင်ကြားပို့ချပေးတဲ့လူဖြစ်ပြီးတော့ ကျော်ကြားပြီး ဂုဏ်သရေရှိတဲ့ လူဖြစ်တယ်။ သူ့ရဲ့ တပည့်သုံးထောင်က တစ်လောကလုံးမှာ ပျံ့နှံ့နေတယ်။” အရှင်ထိုက်ရွှမ်က ဆက်ပြောသည်။ ရီဖူရှင်းက ဤအကြောင်းအရာကို ကြားသည့်အခါ အနည်းငယ် အံ့သြသွားခဲ့သည်။
ဤသည်မှာ ထျန်းဟယ်ဘုံဖြစ်ပြီး ထိုသူ၏ အမည်မှာ 'ထျန်းဟယ်မဟာအကြီးအကဲ' ခေါ်သည်ကို ကြည့်ခြင်းဖြင့် ထိုဘွဲ့အမည်သည် မည်မျှ ကြီးမြတ်သည်ကို ခန့်မှန်းနိုင်ပေသည်။
“ဒါပေမယ့် စစ်ပွဲပြီးတဲ့နောက်မှာ သူက သူ့တပည့်အားလုံးကို အဝေးပို့ခဲ့တယ်။ အခု သူဘယ်လိုနေလဲ ကျုပ်မသိဘူး။ ဒါပေမယ့် သူက သင်ကြားပို့ချပေးနေတုန်းလား ကျင့်ကြံနေလား တစ်ခုခု ဖြစ်နိုင်ပါတယ်” အရှင်ထိုက်ရွှမ်က မရေမရာ ရေရွတ်သည်။ သူတို့သည် ရှေ့သို့ ဆက်သွားနေပြီး ရီဖူရှင်းသည် အရှင်၏ စကားများအားလုံးကို စိတ်ထဲတွင် သိမ်းဆည်းထားပေသည်။
ခဏကြာပြီးနောက် သူတို့သည် လူအရိပ်အခြေတွေ့လိုက်ရပြီး မြို့အဆောက်အအုံများလည်း တွေ့လိုက်ရသည်။ သူတို့က လူအုပ်ကြီးကို ဖြတ်သန်းလာပြီး မြူဆိုင်းနေသော တောင်များနှင့် နတ်ပြည်တမျှ လှပသည့် နယ်မြေအတွင်း ဝင်ရောက်လာသည်။ ကြည့်ရသည်မှာ ထိုတောင်များသည် စိတ်အနှောက်အယှက် ဖြစ်စရာများမှ တသီးတခြား ခွဲထုတ်သွားသွားစေသလို လေထုအခြေအနေက အလွန် ထူးခြားဆန်းကြယ်လှသည်။
“နှစ်ပေါင်းများစွာ ကြာတဲ့အထိ ဘယ်သူ့မှ လာတာ မတွေ့ခဲ့ဖူးဘူး” ထိုအချိန်တွင် မြူနှင်းအလယ်မှ အသံတစ်ခု ထွက်ပေါ်လာသည်။ ထိုသူသည် သူတို့၏ ရောက်ရှိလာမှုကို သတိထားမိပြီး သူတို့ကို မကြိုဆိုသကဲ့သို့ ပြောလာသည်။
“ငါ့ကိုရောလား” နောက်ထပ် အသံတစ်ခုက ပြောသည်။ နောက်တခဏတွင် အရှင်ထိုက်ရွှမ်သည် တောင်ထွတ်ပေါ်၌ ထွက်ပေါ်လာခဲ့သည်။
ရှန်းရန်တောင်ထွတ်ပေါ်တွင် ဆံပင်ဖြူဖြူနှင့် လူအိုကြီးတစ်ယောက် ထိုင်နေသည်။ သူ၏ ဆံပင်များက ပုခုံးပေါ်သို့ ပြန့်ကျဲနေကာ အတော်လေး ဖရိုဖရဲနိုင်နေပေသည်။ ရီဖူရှင်းသည် ဘုံ၏ ကြီးမြတ်သော ပုဂ္ဂိုလ်ကြီးက ထိုမျှထိ သူ့ပုံရိပ်သူ ဂရုမစိုက်ဘဲ နေလိမ့်မည်ဟု မှန်းဆကြည့်ရန် ခက်ခဲပေသည်။
ဆံပင်ဖြူဖြူနှင့် လူအိုကြီးက အရှင်ထိုက်ရွှမ်ကို ကြည့်ကာ ပြုံး၍ ပြောသည်။ “ငါ့ကို တွေ့ဖို့ ဒီကို ဘယ်လိုများ လာခဲ့တာလဲ”
“ကျုပ် မလာခဲ့တာ နှစ်တော်တော် ကြာခဲ့ပြီ” အရှင်ထိုက်ရွှမ်က အပြုံးနှင့် ပြောသည်။ “ဒါနဲ့ ဒီနေ့ မင်းနဲ့တွေ့ပေးဖို့ လူငယ်လေးတစ်ယောက် ခေါ်လာခဲ့တယ်။”
ထျန်းဟယ်မဟာအကြီးအကဲက ရီဖူရှင်းကို ကြည့်လိုက်ပြီး သူ့တွင်လည်း ငွေဖြူရောင်ဆံပင်တို့ ရှိနေသည်ကို မြင်လိုက်သည့်အခါ ပြုံးကာ ပြောသည်။ “ငယ်ငယ်ရွယ်ရွယ်လေးနဲ့ ဆံပင်တွေ ဖြူနေတာပဲ။ သူ့မှာလည်း ဝမ်းနည်းစရာ ဇာတ်ကြောင်း ရှိလိမ့်မယ်”
“ရီဖူရှင်းက မဟာအကြီးအကဲကို တွေ့ဆုံနှုတ်ဆက်ပါတယ်” ရီဖူရှင်းက တလေးတစားနှင့် ဦးညွှတ်အရိုအသေပေးကာ ပြောသည်။
ထျန်းဟယ်မဟာအကြီးအကဲက ခေါင်းညိတ်လိုက်ပြီး သူက အရှင်ထိုက်ရွှမ်ကို မေးလိုက်၏။ “မင်း တပည့်လား”
“မဟုတ်ဘူး” အရှင်ထိုက်ရွှမ်က သူ့ခေါင်းကို ယမ်းကာ ပြောသည်။ “ကျုပ်တို့ နှစ်တွေ အများကြီး မတွေ့ခဲ့ရတာ။ ကျုပ်နဲ့အတူ စစ်တုရင် မကစားချင်ဘူးလား”
“ကောင်းတာပေါ့” ထျန်းဟယ်မဟာအကြီးအကဲက ခေါင်းညိတ်ကာ ပြောသည်။ သူက လက်ကို ဝှေ့ယမ်းလိုက်လျှင် ရုတ်ချည်းပင် စစ်တုရင်ခုံတစ်ခုက သူ့ရှေ့တွင် ပေါ်ပေါက်လာသည်။ သူက အရှင်ထိုက်ရွှမ်ကို ညွှန်ပြကာ ပြောသည်။ “မင်း ကြိုက်တဲ့ ဘက်မှာ ထိုင်ပြီး ကိုယ့် စစ်တုရင်အရုပ်ကို ကိုယ် ယူလိုက်တော့”
အရှင်ထိုက်ရွှမ်က ခေါင်းညိတ်ကာ စစ်တုရင်ခုံအရှေ့၌ ထိုင်သည်။ ထို့နောက် သူတို့ နှစ်ယောက်က စစ်တုရင် စတင် ကစားကြပေသည်။
ရီဖူရှင်းသည် ဘေး၌ ထိုင်ကာ တိတ်ဆိတ်စွာ ကြည့်နေခဲ့သည်။ သူသည်လည်း စစ်တုရင် ကစားရာ၌ ကျွမ်းကျင်ပေမယ့် ဤစီနီယာနှစ်ယောက် ကစားနေသည်ကို မြင်သည့်အခါ သူက အတော်လေးညထိတ်လန့်မှုကိုသာ ခံစားမိတော့သည်။ သူတို့ကဲ့သို့ အဆင့်မှ လူများ စွမ်းအား အတွက်အချက်သည် သူ့အတွက် နားလည်ရန် ခက်ခဲလှပြီး စစ်တုရင် အဆင့်သည် ပြီးပြည့်စုံလွန်းနေခဲ့သည်။
“ဒီလောက် နှစ်အများကြီး ကုန်လွန်သွားပြီ။ မင်း အဲဒီတုန်းက အကြောင်းတွေ တွေးနေတုန်းလား” အရှင်ထိုက်ရွှမ်က အရုပ် တစ်ခုကို ချရင်း မေးသည်။
“မေ့သွားပြီ” လူအိုကြီးက ခေါင်းကို ယမ်းကာ ပြောလိုက်၏။
“မင်း မေ့သွားပြီလား။ ဒီနေရာမှာ မင်းအပြင် ဘယ်သူများ ရှိသေးလို့လဲ” အရှင်ထိုက်ရွှမ်က မေးသည်။ “ဘယ်လောက် ခမ်းနားတဲ့ မြင်ကွင်းလဲ။ မင်းမှာ တပည့်သုံးထောင် ရှိခဲ့ပြီး မင်း တပည့်တွေ အားလုံးက လောကအနှံ့မှာ ရှိနေတယ်။ သူတို့ အခု ဘယ်နေရာမှာလဲ”
“လူသားစွမ်းရည်က အကန့်အသတ် ရှိတယ်။” လူအိုကြီးက ခေါင်းခါကာ အပြုံးနှင့် ပြောသည်။
“မဟုတ်ဘူး” အရှင်ထိုက်ရွှမ်က ခေါင်းခါကာ နောက်ထပ် အရုပ် ကို ချရင်း ပြောလိုက်၏။ “မင်းက အားလုံးကို မင်းအမှားလို့ ယူဆပြီး ကိုယ့်ကိုယ်ကိုယ် အပြစ်တင်နေတာပဲ။”
“မင်း ဒီလောက် အဝေးကြီးလာတာ ဒီအကြောင်း ပြောဖို့လား” လူအိုကြီးက စစ်တုရင်အရုပ် တစ်ခုကို ချရင်း ပြောလိုက်သော်လည်း သူက ဖြေးဖြေးဆေးဆေးနှင့် ပုံမှန်ပင် ဖြစ်သည်။
“မကြာသေးခင်က ရီဖူရှင်း ရှန့်ရှောင်းနတ်နန်းတော်မှာ သူ့ရဲ့ လမ်းစဥ်ကို ဖော်ဆောင်ခဲ့ပြီး ဘိုးဘေးနယ်မြေကို ဝင်ရောက်ခဲ့တယ်” အရှင်ထိုက်ရွှန်က ပြောသည်။
လူအိုကြီးက ရီဖူရှင်းကို တစ်ခါထပ်၍ မော့ကြည့်ကာ ပြုံးသည်။ “ပထမဆုံး စမြင်ကတည်းက မင်းမှာ ကံကောင်းခြင်းတွေ ရှိတယ်ဆိုတာ ပြောနိုင်တယ်။ ကျင့်ကြံခြင်းခရီးလမ်းက ကြမ်းတမ်းပေမယ့် မင်းအတွက် အနာဂတ်မှာ အောင်မြင်ကျော်ကြားမှုတွေ စောင့်ကြိုနေတယ်။ မင်းက အနာဂတ်မှာ မုန်တိုင်းထန်အောင်တောင် လုပ်နိုင်လိမ့်မယ်”
“မင်း မြင်တယ်လား” အရှင်ထိုက်ရွှမ်က မေးသည်။
“ကျုပ် တစ်ယောက်ယောက်ရဲ့ ကံကြမ္မာကို မကြည့်ပေးဖြစ်တာတောင် ကြာလှပြီ။” လူအိုကြီးက သူ့ခေါင်းကို ယမ်းကာ ပြောလိုက်၏။ “မင်းက ဒီလူငယ်လေးကြောင့် လာခဲ့တာဆိုတော့ ဘာကိစ္စများလဲ။ ပြောသာပြောပါ”
အရှင်ထိုက်ရွှမ်က မတုံ့ပြန်သေးဘဲ စစ်တုရင် အရုပ် ကို ချလိုက်ပြီးနောက်တွင် သူ့ဘေးရှိ ရီဖူရှင်းဆီသို့ လှည့်ကြည့်ကာ ပြောသည်။ “မင်းရဲ့ ကျင့်စဥ် ဒီစီနီယာကို ပြလိုက်”
“ကျွန်တော့ရဲ့ ကျင့်စဥ်လား” ရီဖူရှင်းက ဇဝေဇဝါနှင့် မေးသည်။
“ဟုတ်တယ်” အရှင်ထိုက်ရွှမ်က ခေါင်းညိတ်ရင်း ပြောလိုက်၏။ “မင်း ခန္ဓာကိုယ်ကို သုံးပြီး မဟာလမ်းစဥ် မီးပြင်းဖိုအဖြစ် ပျော်ဝင်စေတဲ့ ကျင့်စဥ်ကို ပြောတာ”
ရီဖူရှင်းသည် အရှင်ထိုက်ရွှမ် မည်သည့်အချိန်က မြင်သွားသလဲ မသိပေ။ သူသည် သူတို့ မထွက်ခွာခင်က အရှင်ထိုက်ရွှမ် မေးခဲ့သည်ကို အမှတ်ရသည်။
အနည်းငယ် သံသယ ရှိသော်လည်း သူသည် ပညာရှိကျမ်း စွမ်းအားများကို ထုတ်လွှတ်သည်။ ရုတ်တရက် မဟာလမ်းစဥ်အလင်းက လင်းလက်တောက်ပလာပြီး သူက မဟာလမ်းစဥ် မီးပြင်းဖိုအဖြစ်သို့ ပြောင်းလဲသွားသည်။
ထိုမြင်ကွင်းကို မြင်သည့်အခါ စစ်တုရင် အရုပ် ကို ချတော့မည့် လူအိုကြီး၏ လက်က တန်းမတ်စွာ ရပ်တန့်သွား၏။ သူက ရီဖူရှင်းကို ကြည့်ကာ မေးသည်။ “မင်းကို အဲဒီကျင့်စဥ် ဘယ်သူ သင်ပေးတာလဲ”
“ကျွန်တော့ ဆရာပါ” ရီဖူရှင်းက ပြောသည်။ ဤပညာရှိကျမ်းက ဤအကြီးအကဲနှင့် ပတ်သတ်မှု ရှိနေသည်လား။
အရှင်ထိုက်ရွှမ်က ထိုအကြောင်းရင်းကြောင့် သူ့ကို ဤနေရာသို့ ခေါ် ဆောင်လာခဲ့သည်လား။
“မင်းဆရာက ဘယ်သူလဲ” လူအိုကြီးက ရီဖူရှင်းကို စိုက်ကြည့်ကာ မေးသည်။
ရီဖူရှင်းကလည်း သူ့ကို ကြည့်သည်။ အရှင်ထိုက်ရွှမ်က ပြောသည်။ “မင်း သူ့ကို ပြောပြလို့ ရတယ်”
ရီဖူရှင်းက ခေါင်းညိတ်သည်။ သူက အရှင်ထိုက်ရွှမ် သူ့ကို ဒုက္ခမပေးသည်အား ယုံကြည်သည့်အတွက် စိုးရိမ်ခြင်း မရှိပေ။
“ချင်ရွှမ်ကန်း” ရီဖူရှင်းက ပြောလိုက်၏။
***