ဘယ်သူနားလည်ပေးနိုင်မလဲ?
Vol. 14 Ch. 192
ထိုတစ်ခဏတွင် နှစ်ဖက်စလုံး အစွမ်းကုန်ထုတ်သုံးကာ တိုက်ခိုက်ခဲ့ကြရာ လေပေါ်ဝိဇ္ဇာကျောင်းမှ သူတော်စင်သုံးဦးသည် နောက်ဆုံးတွင် မခံနိုင်တော့ဘဲ ဖရိုဖရဲ ဖြစ်သွားခဲ့ရ၏။
ယခုအချိန်တွင် သူတို့သည် အင်အားချည့်နဲ့ကာ ဒဏ်ရာပြင်းစွာရနေကြလေပြီ။ ဘေးဒုက္ခကျော်လွှားခြင်း ကျင့်ကြံသူများသည် သွေးတစ်စက်မှ ပြန်လည်မွေးဖွားခြင်းကို ရရှိနိုင်သော်လည်း မှော်စွမ်းအင်များနှင့် ပါရမီအနှစ်သာရတို့ကိုတော့ အဟုတ်အမှန် ဆုံးရှုံးရပေမည်။ ထို့အပြင် သူတို့သည် ဤတိုက်ပွဲတွင် စွမ်းရည်များကို အားကုန်ထုတ်သုံးခဲ့ပြီး ယခုတော့ မျှော်လင့်ချက်မဲ့သည့် အခြေအနေသို့ ရောက်ရှိသွားခဲ့ပြီ။
ယဲ့ကျွင်းလင် ပြောသလိုပင် သူတို့ ရှုံးနိမ့်ခဲ့ပြီ။ လုံးဝ ရှုံးနိမ့်ခဲ့ပြီ!
ရှုံးပြီးဟူသောအသိဖြင့် ရွှီယွင်၏ နှလုံးသားတွင် ကြက်သီးဖြန်းခနဲထသွားရသည်။ သူနှင့်မသက်ဆိုင်သော ကမ္ဘာတစ်ခုသို့ ရောက်ရှိနေသည့်အလား။
ဤကမ္ဘာတွင် ဤမျှကြောက်မက်ဖွယ်ကောင်းသော ဘေးဒုက္ခကျော်လွှားခြင်း နယ်ပယ် ကျွမ်းကျင်သူတစ်ဦး မည်သို့ရှိနေနိုင်မည်နည်း?
သိထားရမှာ တစ်ချက်ရှိသည်။
ယခုတိုက်ပွဲသည် သူ၏ပိုင်နက်ထဲတွင် ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး အမျိုးမျိုးသော ကောင်းချီးများ ကျင့်စဥ်များ၏အကူအညီဖြင့် သူ၏စွမ်းအားသည် မယုံနိုင်လောက်သည့် အဆင့်သို့ မြင့်တက်လာခဲ့သည်။ ဘေးဒုက္ခကျော်လွှားခြင်း နယ်ပယ်မှ ထုတ်လွှတ်နိုင်သည့် စွမ်းအား၏ အမြင့်ဆုံးကန့်သတ်ချက်ကိုပင် ကျော်လွန်နေပြီဖြစ်၏။
သို့သော် ဤနတ်ဆိုးရှေ့တွင် သူသည် လုံးဝရှုံးနိမ့်ခဲ့ရဆဲပင်!
ဤလူသည် အလွန်အစွမ်းထက်သောကြောင့် နောက်ထပ်မျှော်လင့်ချက်မရှိတော့ဟု သူခံစားလာရသည်။
"နတ်ဆိုးယဲ့၊ မင်း မာနကြီးမနေနဲ့။ ငါတို့ လေပေါ်ဝိဇ္ဇာကျောင်းရဲ့ စွမ်းဆောင်မှုတွေကို ထောက်ရှုပြီး တရားမျှတမှုကို ကာကွယ်ဖို့နဲ့ မင်းလိုနတ်ဆိုးကို အမြန်ဖယ်ရှားဖို့ တာအိုမိတ်ဆွေတွေ ပေါ်ထွက်လာလိမ့်မယ်!" အကြီးအကဲနဂါးဆင်က ရှူးရှူးရှားရှားဖြင့် ခြိမ်းခြောက်လာသည်။
"အေး၊ ကမ္ဘာကိုတစ်ချိန်က ကယ်တင်ခဲ့တဲ့ ငါတို့ဝိဇ္ဇာကျောင်းတော်ဟာ ဒီလိုကပ်ဘေးမျိုးနဲ့ ကြုံရလိမ့်မယ်လို့ ဘယ်တုန်းကမှ မထင်ထားခဲ့ဘူး။ အရင်ဝိဇ္ဇာသူတော်အိုကြီးများ ထားရှိခဲ့တယ် မျှော်လင့်ချက်တွေကို မပြည့်မီနိုင်ခဲ့တဲ့အတွက် ငါတို့ရှက်မိပါရဲ့။ ဒီသန့်ရှင်းတဲ့မြေကို ကာကွယ်ဖို့ တာဝန်ပျက်ကွက်ခဲ့ကြတာ၊ သူတို့ရဲ့ ကြိုးပမ်းမှုတွေကို ပျက်စီးစေခဲ့တာ၊ အကုန် ငါတို့ကြောင့်ပဲ" အကြီးအကဲစင်ကြယ်က ဝမ်းနည်းစွာ ပြောလိုက်သည်။
ယဲ့ကျွင်းလင် သုံးဦး အချင်းချင်းလှည့်ကြည့်လိုက်ကြသည်။
သူတို့ကိုယ်သူတို့ လူဆိုးလူမိုက်ကြီးများဟု ဘာကြောင့် ခံစားနေကြရသနည်း။
"ဟေး၊ ဟေး၊ ဟေး၊ မင်းတို့နှစ်ယောက် သရုပ်ဆောင်တာ လွန်မလာကြနဲ့။ လေပေါ်ဝိဇ္ဇာကျောင်း အရင်က လုပ်ခဲ့တဲ့မကောင်းမှုတွေ ဒီလောက်တောင်မိုက်ရိုင်းခဲ့တာ။ မင်းတို့ကြောင့် အပြစ်မဲ့သူတွေ အများကြီး သေဆုံးခဲ့ကြရတယ်။ ဒီအကြွေးကိုသာ အကုန်ရှင်းမယ်ဆိုရင် မင်းတို့အားလုံး ငရဲကိုတန်းသွားဖို့ပဲရှိတော့တယ်!"
"နတ်ဆိုးကောင်! ပါးစပ်ပိတ်စမ်း!"
အကြီးအကဲနဂါးဆင်ဟာ စိတ်ခံစားမှုချက်ကို ထိန်းမနိုင်တော့ဘဲ အလွန်အမင်း စော်ကားခံရသလိုမျိုး ခံစားနေရကာ ဒေါသအမျက်ချောင်းချောင်းထွက်နေသည်။ "လေပေါ်ဝိဇ္ဇာကျောင်းက ကမ္ဘာကို ကယ်တင်ဖို့ကို အမြဲတမ်း တာဝန်တစ်ခုအဖြစ် ခံယူထားတယ်။ တပည့်သားတိုင်း တောင်အောက်ကိုဆင်းပြီး ခရီးထွက်လှည့်လည်ရမယ်၊ လောကတစ်ခွင်က အကြမ်းဖက်မှုတွေကို ဖယ်ရှားပြီး ငြိမ်းချမ်းရေးကို ဆောင်ကျဉ်းပေးရမယ်၊ ပြီးတော့ ကောင်းမှုကုသိုလ်တွေ အများကြီး ပြုလုပ်ရမယ်!"
"အောင်နိုင်သူကသာ ဘုရင်ဖြစ်တယ်ဆိုတဲ့ နိယာမကို ငါတို့နားလည်တယ်။ ဒါပေမဲ့ မင်းက ငါတို့ကို မသတ်ခင် လေပေါ်ဝိဇ္ဇာကျောင်းကိုတောင် နာမည်ဖျက်ဖို့ ကြိုးစားနေသေးတယ်။ ဒီလိုအပြုအမူမျိုးကိုတော့ တိုက်ပွဲရှုံးတာထက်တောင် ရှက်မိသေးတယ်ဟေ့။ ထွီ! ရွံစရာကောင်းလိုက်တာ!"
ယဲ့ကျွင်းလင်က လှောင်ပြောင်လိုက်သည်။ "ဟဲဟဲ မင်းတို့ကြည့်ရတာတော့ အတည်ပေါက်ကြီးတွေပဲနော်"
"မင်းမေလခွမ်း၊ ဒါက ဘယ်လိုတောင်ရိုင်းစိုင်းတဲ့ အမူအရာမျိုးလဲ? အရင်အချိန်တွေတုန်းက ငါတို့သုံးယောက် တောင်အောက်ကိုဆင်းပြီး နတ်ဆိုးတွေကို နှိမ်နင်းခဲ့ကြတယ်၊ အားနည်းသူတွေကို ကာကွယ်ခဲ့ကြတယ်။ ဒါ့အပြင် ငါတို့ လေပေါ်ဝိဇ္ဇာကျောင်းက ရောင်းရင်းသူတော်တွေ လုပ်ပေးခဲ့တဲ့ ကောင်းမှုကုသိုလ်တွေပါပေါင်းရင် မရေမတွက်နိုင်အောင်ပဲ။ အခုထိတောင် သက်သေအထောက်အထားတွေ ရှာလို့ရသေးတယ်၊ မင်းလို နတ်ဆိုးမျိုးက နာမည်ဖျက်လို့ရတဲ့ကိစ္စ လုံးဝမဟုတ်ဘူး!" အကြီးအကဲစင်ကြယ်က ဝမ်းနည်းဒေါသထွက်နေပုံရပြီး အရှက်ကိုအသက်နှင့်လဲမည့် မဟုတ်မခံစိတ်က အထင်းသားပေါ်လွင်နေသည်။
ယဲ့ကျွင်းလင်၏ အပြုံးက တဖြည်းဖြည်း မှေးမှိန်သွားသည်။
လက်ရှိ ဝိဇ္ဇာသူတော်ကိုလှမ်းကြည့်လိုက်သော သူနှင့်လားလားမှမဆိုင်သလို တိတ်တိတ်လေးထိုင်နေသည်အား တွေ့လိုက်ရ၏။
"ခေါင်းပြောင်ကြီး၊ မင်းရောင်းရင်းတွေကိုကြည့်ရတာ ဘာမှသိထားပုံမရဘူးနော်။ မင်းတို့ လေပေါ်ဝိဇ္ဇာကျောင်း အခုဘာတွေလုပ်နေလဲဆိုတာ သူတို့ကို ပြောခဲ့ဖူးရဲ့လား?"
သူတော်နှစ်ဦး၏စကားများကိုပါ ကြားလိုက်ရမှ ယဲ့ကျွင်းလင်သည် လေပေါ်ဝိဇ္ဇာကျောင်း၏ နောက်ပိုင်းပြောင်းလဲမှုများအကြောင်း သဘောပေါက်သွားရသလိုပင်။
အကယ်၍ တစ်လျှောက်လုံး ဒီအတိုင်းသာဆိုးရွားယုတ်မာခဲ့မယ်ဆိုရင် ကမ္ဘာတစ်ဝှမ်းက ဈာန်ကျင့်ကြံသူတွေရဲ့ ကိုးကွယ်မှုနဲ့ သာမန်ပြည်သူတွေရဲ့ အသိအမှတ်ပြုမှုကို ဘယ်လိုလုပ် ဒီလောက်အောင်အောင်မြင်မြင် ရနိုင်ခဲ့ပါ့မလဲ?
ဒါက အရှေ့ပိုင်းစီရင်စုရဲ့ နံပါတ်တစ် ဝိဇ္ဇာနယ်မြေပဲလေ!
သူ၏ နောက်ဆုံးခွဲခြမ်းစိတ်ဖြာမှုအရတော့ အထက်အရာရှိကဖြောင့်မတ်နေလျှင် လက်အောက်ငယ်သားများလည်း ဤမျှကောက်ကျစ်နေစရာအကြောင်းမရှိ ဟူ၍ပင်။ ပြဿနာအရင်းခံကား လက်ရှိဝိဇ္ဇာသူတော်သာ ဖြစ်ရမည်။
"ရွှီယွင်၊ ဒီလူက ဘာကိုဆိုလိုတာလဲ?" နှစ်ဦးစလုံး တစ်ခုခုကိုသတိထားမိလိုက်သလို သူ့အားဝိုင်းကြည့်လာကြ၏။
ရွှီယွင် ခေါင်းတွင်တွင်ငုံ့ထားပြီး နာကျင်နေသောနှလုံးသားဖြင့် နှုတ်ခမ်းများက တီးတိုးရေရွတ်နေသည်။ "မမေး...မမေးပါနဲ့"။
"မပြောချင်တာလား? ဒါမှမဟုတ် ပြောဖို့ အရမ်းရှက်နေတာလား? ဒါဆို ငါ ကူညီပေးမယ်!" ယဲ့ကျွင်းလင်က ပျော်ပျော်ကြီးဝင်ပါချင်သွားပြီး သူ့လက်ကို ဆန့်ထုတ်လိုက်ရာ လက်ဖဝါးမှ ဆန်းကြယ်သောအလင်းတန်းတစ်ခု ထွက်လာသည်။
"မဖြစ်ဘူး၊ မလုပ်ပါနဲ့!"
သူ့စိတ်ထဲက မှတ်ဉာဏ်အပိုင်းအစအချို့ ထုတ်ယူခံနေရတာကို သတိထားမိတော့ ရွှီယွင် ကြောက်လန့်တကြား အော်ဟစ်လိုက်သည်။
ခုခံဖို့ရာလည်း အင်အားမရှိတော့ပေ။
"မင်းတို့နှစ်ယောက် သေချာကြည့်ကြ" ယဲ့ကျွင်းလင်က သူ့လက်ချောင်းကို တစ်ချက်တောက်ချလိုက်ရာ အလင်းတန်းများက ရောင်းရင်းသူတော်နှစ်ဦး၏ မျက်ခုံးမွှေးထဲကို အသီးသီး ဝင်ရောက်သွားကြသည်။
ချက်ချင်းဆိုသလို။
လေပေါ်ဝိဇ္ဇာကျောင်း နောက်ကွယ်မှ ကျူးလွန်ခဲ့သော မကောင်းမှုများအပြင် မတရားခံရသူများနှင့် ဖြစ်ပေါ်လာသော အကျိုးဆက်များကိုပါ သူတို့မြင်နိုင်လိုက်ကြ၏။
အကြီးအကဲနဂါးဆင်၏ မျက်လုံးတွေ နီရဲလာပြီး တုန်ယင်နေသောနှုတ်ခမ်းများဖြင့် ရေရွတ်မိသည်။ "ဒါ...ဒါ ဘယ်လိုဖြစ်နိုင်မှာလဲ...ဒါ ဘယ်လိုဖြစ်နိုင်မှာလဲ..."
ဒါက သူအရင်က မှတ်မိခဲ့တဲ့ လေပေါ်ဝိဇ္ဇာကျောင်းနဲ့ လုံးဝကို ကွာခြားနေတယ်လေ!
"ရွှီယွင်! မင်း အိုနာကျနေတဲ့သားရဲကောင်!!"
"မင်းကြောင့် ဒီနှစ်တွေအတွင်း အပြစ်မဲ့သူတွေ ဘယ်လောက်များများ မတရားသေဆုံးခဲ့ရတာလဲ! ဒါက ငါတို့ဝိဇ္ဇာသူတော်တွေ လုပ်သင့်တဲ့အရာလား? အရင်ဝိဇ္ဇာသူတော်ကြီး မျှော်လင့်ထားခဲ့တာတွေနဲ့ ထိုက်တန်ရဲ့လား? စောစောကတည်းက သိခဲ့ရင် ငါနဂါးဆင်ကိုယ်တိုင် မင်းတို့တစ်ကျောင်းလုံးကိုရှင်းပစ်တယ်ကွာ!"
အကြီးအကဲစင်ကြယ် နှလုံးသားမှာလည်း ကြေမွသွားရပြီး သူ့ပါးပြင်ပေါ်ကနေ မျက်ရည်ကြည်နှစ်စက် စီးကျလာသည်။ "ဒါဟာ ချေဖျက်လို့မရတဲ့ အပြစ်ပဲ။ ငါတို့ လေပေါ်ဝိဇ္ဇာကျောင်းရဲ့ အရင်သူတော်စင် တွေက ကမ္ဘာကြီးအန္တရာယ်ကြုံလာတိုင်း ရှေ့တန်းကနေ ရပ်တည်ခဲ့ကြတယ်။ အချိန်ကြာလာတာနဲ့အမျှ ကမ္ဘာပေါ်က လူတွေရဲ့ အသိအမှတ်ပြုမှုကို ထိုက်ထိုက်တန်တန် ရရှိခဲ့ကြတယ်။ အခုတော့ မင်းကြောင့် ခေတ်အဆက်ဆက်တည်ဆောက်ခဲ့ရတဲ့ လေပေါ်ဝိဇ္ဇာကျောင်းရဲ့ ဂုဏ်သတင်း ပျက်စီးသွားခဲ့ရပြီ!"
"ရွှီယွင်၊ မင်း သူတို့ကို ဘယ်လိုမျက်နှာပြမှာလဲ?!"
"မင်း အဲဒီတုန်းက ဝိဇ္ဇာသူတော်ကြီးရှေ့မှောက်မှာ အလေးအနက်သစ္စာဆိုခဲ့တဲ့ ကတိကဝတ်တွေကို မေ့သွားပြီလား?"
နှစ်ဦးစလုံး၏ ဒေါသတကြီး စွပ်စွဲချက်တွေကို ကြားတော့ ရွှီယွင်ဟာ ဂနာမငြိမ်ဖြစ်လာပြီး နောက်ဆုံးမှာတော့ စုစည်းနေသော မကျေနပ်ချက်များ ပေါက်ကွဲထွက်လာကာ "တော်လောက်ပြီ!!!" ဟု အော်ဟစ်လိုက်သည်။
ဖြန်း!
ယဲ့ကျွင်းလင်က သူ့ကို တစ်ချက်ပြင်းပြင်း ရိုက်ချလိုက်သည်– "ခေါင်းပြောင်ကြီး၊ ဘာလို့ဒီလောက်ဆူညံနေတာလဲ?"
ရွှီယွင် အရိုက်ခံရတာကြောင့် မျက်လုံးထဲမှာ ကြယ်တွေလတွေမြင်လိုက်ရပြီး ပါးတစ်ချက်ရွဲ့စောင်းသွားတော့မတတ် နာကျင်ထုံထိုင်းသွားရ၏။
သူ့နှလုံးသားမှာလည်း စိတ်ပျက်အားငယ်မှုတွေ ပြည့်နှက်နေပြီး ဒေါသတကြီး ပြန်ပြောလိုက်သည်။ "အဲဒီတုန်းက ငါတို့သုံးယောက် ဆရာသခင့်ဆီမှာ ကျောင်းအတူတက်ခဲ့ကြတယ်။ ငါ ဘယ်လောက်ပဲ ကြိုးစားပမ်းစား ကျင့်ကြံခဲ့ပါစေ၊ ဆရာသခင်က မင်းတို့နှစ်ယောက်အပေါ်မှာပဲ မျှော်လင့်ချက်ကြီးကြီးထားခဲ့ပြီး ငါ့အပေါ်မှာတော့ ပုံမှန်ပဲ။ နောက်ပိုင်းမှာ ပိုကောင်းအောင် လုပ်ပြဖို့အတွက် ငါ မသေရုံတမယ်ကြိုးစားပြီး အရာရာကို လုယူယှဥ်ပြိုင်ခဲ့ရတယ်။ အားလုံးကို အကောင်းဆုံးဖြစ်အောင် လုပ်ခဲ့ရတယ်။ အဲဒီထူးခြားတဲ့ ပေါင်းစည်းကျင့်စဥ်ကိုတောင် ငါပဲ အဓိကနေရာကနေ ဦးဆောင်ပြီး ကျင့်ကြံခဲ့တာ။ ဘာလို့လဲဆိုတော့ ငါက ဆရာသခင့်အမြင်မှာ ထွန်းထွန်းပေါက်ပေါက်ဖြစ်ချင်ပြီး သုံးယောက်ထဲမှာ အချီးမွမ်းခံရဆုံး ဖြစ်ချင်ခဲ့လို့ပဲ!"
ထိုထူးခြားကျင့်စဥ်ကြောင်း ပြောရင်း ရွှီယွင်၏ မျက်လုံးထောင့်ကြွက်သားတွေ တဆတ်ဆတ်တုန်သွားသည်။ "ငါတို့ တောင်အောက်ကိုဆင်းပြီး ခရီးလှည့်လည်တုန်းက မှတ်မိပါသေးတယ်။ ငါကတော့ ဒီတိုင်းဝတ်ကျေတန်းကျေပတ်သွားပြီး ပြန်လာဖို့ပဲလုပ်ထားတာ။ မင်းတို့ကတော့ အမြဲတမ်း ပြဿနာရှာချင်ကြတယ်လေ။ ရန်သူတွေနဲ့ ရင်ဆိုင်ရတိုင်း ငါတို့ထက် အဆင့်ပိုမြင့်တဲ့ ကျင့်ကြံသူတွေ၊ ပိုအားကောင်းတဲ့ မဟာစွမ်းအားရှင် တွေနဲ့ပဲ ကြုံရတယ်။ ဒါကြောင့် အဲဒီထူးခြားကျင့်စဥ်ကို သုံးရုံကလွဲပြီး ရွေးချယ်စရာမရှိခဲ့ဘူး။ မင်းတို့ ငါ့ခန္ဓာကိုယ်ထဲကို အတင်းအကျပ် ဝင်ရောက်လာတိုင်း ငါ သေလောက်အောင် နာကျင်ခဲ့ရတယ်ဆိုတာ မင်းတို့ သိရဲ့လား!"
"ဒီခံစားချက်ကို ဘယ်သူနားလည်နိုင်မလဲ!???"
ရွှီယွင်၏ မျက်နှာအိုကြီးမှာ ဝမ်းနည်းမှုနှင့် ဒေါသတွေ ပြည့်နှက်နေပြီး ထိုနာကျင်ခဲ့ရသောအချိန်များကို ပြန်လည်စဥ်းစားမိတိုင်း ထိတ်လန့်တုန်လှုပ်ရဆဲပါပင်။
ကျန်နှစ်ဦး အချင်းချင်းကြည့်လိုက်ကြသော် သူတို့နှစ်ဦးစလုံး အံ့ဩတုန်လှုပ်နေသည်ကို မြင်လိုက်ကြရသည်။
ရွှီယွင်က မှိုင်းမှုန်နေသောမျက်လုံးများဖြင့် ဆက်ပြောသည်။ "ကံကောင်းစွာနဲ့ပဲ ငါ့ရဲ့ ကြိုးစားမှုတွေ အရာထင်ခဲ့တယ်။ နောက်ပိုင်းမှာ မင်းတို့ကြားထဲမှာ အထွန်းတောက်ဆုံး ဖြစ်လာခဲ့တယ်လေ၊ လေပေါ်ဝိဇ္ဇာကျောင်းရဲ့ သူတော်စင်သုံးဦးထဲမှာ ခေါင်းဆောင်အဖြစ်တောင် လူသိများလာခဲ့တယ်။ အဲဒီအခိုက်အတန့်ကစပြီး ငါက ပိုသတိထားပြီး ဟန်ဆောင်ခဲ့ရတာပေါ့။ ကိုယ့်ကိုယ်ကို မြင့်မြတ်စင်ကြယ်တဲ့ ဝိဇ္ဇာတစ်ပါးအဖြစ် ပီပြင်အောင်ပုံဖော်ခဲ့ရတယ်။ ဒါပေမဲ့ လူအိုကြီးတွေရဲ့အမြင်ကို ငါလျှော့တွက်ခဲ့မိတာပေါ့။ ဆရာသခင်က ငါ့ရဲ့ဟန်ဆောင်မှုကို သတိထားမိသွားပြီး ကောင်စီခန်းမမှာ နောက်ဝိဇ္ဇာသူတော်အဖြစ် ဆက်ခံမယ့် ငါ့ရဲ့ အဆိုပြုချက်ကို ပယ်ချခဲ့တယ်!"
"ငါ မုန်းတယ်။ အဲဒီတုန်းက အဲ့ခွေးအိုကြီးကို ငါတကယ်သတ်ပစ်ချင်ခဲ့တာ! ငါ အတတ်နိုင်ဆုံး စိတ်ကိုငြိမ်အောင်ထားပြီး သူ့ကို နောက်ဖေးခြံထဲမှာ သွေးတိုးစမ်း မေးမြန်းကြည့်ခဲ့တယ်။ သူက ငါ့ကို စိတ်ထားမမှန်ကန်ဘူးလို့ ပြောတယ်! ငါက ရာထူးနဲ့ မထိုက်တန်ဘူးတဲ့!!"
ထိုအကြောင်းကိုပြောရင်း ရွှီယွင်၏မျက်နှာက နတ်ဆိုးတစ်ကောင်လို ရက်စက်ကြမ်းကြုတ်စွာ ခပ်မဲ့မဲ့ပြုံးနေသည်။ "ကံကောင်းစွာနဲ့ပဲ ဘုရားသခင်က သူ့ထက်အမြင်ရှိပေလို့ပေါ့။ သူက စစ်မှန်သောမသေမျိုးအဆင့်ကို တက်လှမ်းဖို့ကြိုးစားခဲ့ရာမှာ မအောင်မြင်ဘဲ မိုးကြိုးပစ်ခံရပြီး တစ်စစီကွဲထွက်သွားခဲ့တယ်လေ။ ကောင်းတယ်၊ အရမ်းကိုကောင်းတာပဲ!"