မသေမျိုးဘုံ ပျက်စီးတော့မယ်
Vol. 14 Ch. 193
"ငါ့ကိုတားဆီးမယ့်ခွေးအိုကြီး မရှိတော့ဘူးဆိုတော့ ငါ့ရဲ့ နောက်ဆက်တွဲအားထုတ်မှုတွေကြောင့် အကြီးအကဲတွေရဲ့ သဘောတူညီချက်ကို ချောချောမွေ့မွေ့ရရှိခဲ့ပြီး ဝိဇ္ဇာသူတော်ကို ရာထူးကနေ နုတ်ထွက်ခိုင်းလို့ရခဲ့တယ်! နောက်ဆုံးတော့ ငါက အရှေ့ပိုင်းစီရင်စုရဲ့ ဝိဇ္ဇာခေါင်းဆောင်၊ ကမ္ဘာပေါ်က ဈာန်ကျင့်ကြံသူ အားလုံးရဲ့ ကိုးကွယ်ရာ ဖြစ်လာခဲ့တယ်လေ!"
ပြောနေရင်း ရွှီယွင်ဟာ အောင်မြင်မှုခံစားချက်၊ အပတ်တကုတ်ကြိုးစားပြီး လူ့ဘုံအလယ်မှာ ခေါင်းမော့ရင်ကော့နိုင်ခဲ့သော ခံစားချက်ကို ပြန်လည်အောက်မေ့နေသည်။ ဝိဇ္ဇာသူတော် ရာထူးကို ဆက်ခံခဲ့ပြီး လူသူတော်အပေါင်း၏ ချီးမွမ်းမြှောင့်ပင့်ခြင်းခံခဲ့ရသည့် အချိန်များကို ပြန်ရောက်သွားသလိုပင်။
"ငါ့ရဲ့ဦးဆောင်မှုအောက်မှာ လေပေါ်ဝိဇ္ဇာကျောင်းက အဆက်မပြတ် ကြီးပွားတိုးတက်နေတာပဲလေ။ အပြင်ပန်းမျက်နှာဖုံးကို ထိန်းထားနိုင်သရွေ့ ဘယ်သူမှ အမှန်တရားကို သိမှာမဟုတ်ဘူး။ လေပေါ်ဝိဇ္ဇာကျောင်း က ဝိဇ္ဇာလောကရဲ့ နံပါတ်တစ် မြင့်မြတ်နယ်မြေဖြစ်လာမှာ၊ ပြီးတော့ ငါရွှီယွင်က မြင့်မြတ်တဲ့ ဝိဇ္ဇာသူတော်၊ စစ်မှန်သောမသေမျိုးအဆင့်နဲ့ အနီးစပ်ဆုံး ဈာန်ကျင့်ကြံသူ ဖြစ်လာမှာပဲ!"
"ဒါပေမဲ့ အခုတော့…"
ရွှီယွင်က ယဲ့ကျွင်းလင်ကို ဒေါသတကြီး စိုက်ကြည့်ရင်း အော်ဟစ်လိုက်သည်။ "မင်းကြောင့်ပဲ အကုန်လုံး! မင်း ခွေးလိုကောင်! ဘာလို့ ငါ့ကို ဒီလိုဖော်ထုတ်ရတာလဲ! မင်းလိုချင်တာရှိရင် အေးအေးဆေးဆေး တောင်းဆိုလို့ရတာပဲ! ဘာလို့ ဒီလိုပြဿနာကြီး လုပ်ရတာလဲ?!"
"ငါ သွေးတွေချွေးတွေ တစ်စက်ချင်းရင်းပြီး ဒီနေရာကို ရောက်ဖို့ တစ်ဆင့်ချင်းစီ ခြေလှမ်းလာခဲ့ရတာ၊ မင်းကအခု အကုန်လုံးကို ဖျက်ဆီးပစ်လိုက်ပြီ! လုံးဝကြီးကို ဖျက်ဆီးပစ်လိုက်ပြီ!!"
ကျန်နှစ်ဦးက အံ့ဩတုန်လှုပ်နေကြသည်။ နှစ်ပေါင်းများစွာပေါင်းသင်းခဲ့သော ရောင်းရင်းကို ယခုမပထမဆုံးအကြိမ်တွေ့ဖူးသလို ဝိုင်းကြည့်မိနေကြ၏။
"အမြင်စောင်းနေသေးတာပဲ" ယဲ့ကျွင်းလင်က မှတ်ချက်ချပြီး သူ့လက်ကို မြှောက်ကာ နောက်ထပ် ရိုက်ချက်တစ်ခု ထပ်ပေးလိုက်သည်။
ဖြန်း!
ရွှီယွင်၏ ပါးစပ်ထောင့်မှ သွေးတွေ ပန်းထွက်လာပြီး သူ့ပါးနောက်တစ်ခြမ်းမှာ ဝက်ခေါင်းကဲ့သို့ ရောင်ရမ်းနေလေပြီ။
အခုတော့ နှစ်ဖက်မျှသွားပြီ!
"သားရဲကောင်၊ ဆရာသခင်က မင်းကို အရမ်းမျှော်လင့်ထားခဲ့တာ၊ ဒါပေမဲ့ မင်းကတော့သူ့ကို ဒီလောက်တောင်အထင်သေးနေရသလား?" အကြီးအဲကနဂါးဆင်က ဒေါသတကြီး ပြောလိုက်သည်။
"ဟာသပဲ! မင်းတို့တွေ ငါတတ်သမျှဝိဇ္ဇာကျင့်စဥ်အကုန် တတ်အောင်လိုက်သင်နိုင်ရင် သူက မင်းတို့ကို မဆုံးနိုင်အောင် ချီးကျူးလိမ့်မယ်၊ ဒါပေမဲ့ ငါကတော့ အမြဲတမ်း စစ်ဆေးစောင့်ကြည့်ခံနေရတယ်။ ငါ အတတ်နိုင်ဆုံး ကြိုးစားခဲ့လည်း သူစိတ်ကျေနပ်အောင် မစွမ်းဆောင်နိုင်ခဲ့ဘူး! လေပေါ်ဝိဇ္ဇာကျောင်း ရဲ့ သူတော်စင်သုံးဦးထဲမှာ ခေါင်းဆောင်ဖြစ်ဖို့ ကြိုးစားခဲ့တာတောင် သူ့ဆီကနေ ချီးမွမ်းတဲ့ စကားတစ်ခွန်းတောင် မရခဲ့ဘူး!"
"အဲဒီခွေးအိုကြီး မင်းတို့ကိုဆို အမြဲတမ်း ဘက်လိုက်ပြီး ငါ့ကိုကျ အမြဲတမ်း အထင်သေးခဲ့တာကွ! ငါ ဘာလို့ သူ့ကို လေးစားပေးရမှာလဲ?!"
ရွှီယွင်၏ နဖူးက သွေးကြောတွေ ထောင်ထနေပြီး ပြတ်သားစွာ အော်ဟစ်လိုက်သည်။
"မင်း ခွေးမသား!" အကြီးအဲကနဂါးဆင်က ဒေါသထွက်လွန်းလို့ သွေးတက်မူးဝေသွားပြီး ခဏအကြာမှ ပြန်ကောင်းလာသည်။
"စင်ကြယ်၊ မင်း သူ့ကို ပြောပြလိုက်စမ်း!"
အကြီးအဲကစင်ကြယ်က မျက်လုံးတွေ နီရဲနေပြီး ရှင်းပြလာသည်။ "ရွှီယွင်၊ မင်း မှားနေပြီ၊ အရမ်းမှားနေပြီ။ ဆရာသခင်ရဲ့ အလေးထားခံရဆုံးတပည့်က တကယ်တော့ မင်းပဲလေ!"
ရွှီယွင် မှင်တက်သွားပြီး လှောင်ပြောင်လိုက်သည်။ "စင်ကြယ်၊ ဒီလိုအချိန်မှာ ငါ့ကို လာလှည့်စားဖို့ မကြိုးစားနဲ့!"
အကြီးအဲကစင်ကြယ် သက်ပြင်းချလိုက်သည်။ "မင်းကို လိမ်တာ ငါ့အတွက် ဘာအကျိုးရှိမှာလဲ? မင်း ပထမဆုံး ဓမ္မလက်ဝါးကို ဝါးတောထဲမှာ အောင်မြင်သွားတဲ့အချိန် မှတ်မိသေးလား? ငါတို့နဲ့ ဆရာသခင်က မင်းကို အဝေးကနေ ကြည့်နေခဲ့ကြတာ။ ဆရာသခင်က သူ့ပါးစပ်နဲ့တောင် ပြောခဲ့သေးတယ်။ မင်းက လေပေါ်ဝိဇ္ဇာကျောင်းရဲ့ တပည့်တွေထဲမှာ နားလည်နိုင်စွမ်းအမြင့်ဆုံးနဲ့ သူမြင်ဖူးသမျှထဲမှာ အတော်ဆုံး ပါရမီရှင်ပဲတဲ့၊ ဒါပေမဲ့ ကံမကောင်းစွာနဲ့ပဲ မင်းက အောင်မြင်မှုနဲ့ ရလဒ်ကို အမြဲစိတ်စောပြီးလိုချင်တတ်လို့ အနာဂတ်မှာ လမ်းမှားရောက်နိုင်တဲ့အတွက် မင်းရဲ့စိတ်ကို တည်ငြိမ်အောင် အရင်ထိန်းသိမ်းဖို့လိုတယ်တဲ့"။
"အဲဒီတုန်းက နဂါးဆင်နဲ့ ငါဆို မင်းကိုအရမ်းအားကျခဲ့ကြတာ၊ ဘာလို့လဲဆိုတော့ ဆရာသခင်က ဘယ်သူ့ကိုမှ ဒီလောက်ကောင်းကောင်းမွန်မွန် အကဲဖြတ်မပေးခဲ့ဖူးဘူး"
"နောက်ပိုင်းမှာ ဆရာသခင်က မင်းကို တည်တံ့ခိုင်မာတဲ့ အုတ်မြစ်ချနိုင်ဖို့ အာရုံစိုက်လေ့ကျင့်ပေးလာတယ်၊ ဒါကြောင့် မင်းကိုဆို စည်းကမ်းအတင်းကျပ်ဆုံး ဖြစ်ခဲ့တာ။"
ရွှီယွင် ဒေါသတကြီး ရယ်မောလိုက်သည်။ "ဟားဟား၊ မင်း အဲဒီလိုပြောရင် ငါယုံသွားမယ်လို့ ထင်နေတာလား? ဂိုဏ်းရဲ့ ကိုယ်ခံပညာပြိုင်ပွဲတုန်းက မှတ်မိသေးလား? ငါ ကိုယ့်အားကိုယ်ကိုးပြီး ပထမနေရာကို ရခဲ့ပေမဲ့ လှည့်ကွက်သုံးတယ်ဆိုတဲ့ သံသယနဲ့ ဆုကို ပယ်ဖျက်ခံလိုက်ရတယ်။ ငါ့ကို တောင်အနောက်ဘက်ဆီ ပို့ပြီး အမှားတွေကို ပြန်သုံးသပ်ခိုင်းခဲ့တာ။ ငါ့ရဲ့ ချစ်လှစွာသော ဆရာသခင်ဆိုတာကြီးက အဲဒီတုန်းက ဘယ်ရောက်နေတာလဲ?!"
ဒါဟာ ရွှီယွင် ဝိညာဥ်သန္ဓေကျင့်ကြံသူ ဖြစ်လာပြီးနောက် ကြုံတွေ့ခဲ့ဖူးသမျှထဲမှာ အရှက်ရဆုံး အခိုက်အတန့်ပါပဲ။
ကာကွယ်ထောက်ခံပေးသူ တစ်ဦးတစ်ယောက်မှမရှိခဲ့ဘဲ ဂိုဏ်းရဲ့ ရယ်စရာလှောင်စရာ ဖြစ်သွားတဲ့ ခံစားချက်က သူ့မှတ်ဉာဏ်ထဲမှာ အခုထိ လတ်ဆတ်နေတုန်းပဲ။
အကြီးအဲကစင်ကြယ်က စကားဆက်သည်။ "အေး၊ အဲဒီတုန်းက ဆရာသခင်က တာဝန်တစ်ခု ထမ်းဆောင်ဖို့ အမိန့်ပေးခံခဲ့ရတာ။ သေရေးရှင်ရေးအခြေအနေလို့တောင် ပြောတယ်။ ပြီးတော့လည်း သူဒဏ်ရာအပြည့်နဲ့ ပြန်ရောက်လာခဲ့တာ။ မင်းသတင်းကိုကြားတော့ သူ ဒေါသအရမ်းထွက်ပြီး အကြီးအကဲတွေကိုတောင် တိုက်ရိုက်ရင်ဆိုင်ခဲ့တယ်၊ အသက်ကိုပါခြိမ်းခြောက်ပြီး မင်းရဲ့ပထမဆုကိစ္စကို သေချာပြန်စုံစမ်းပေးဖို့ တောင်းဆိုခဲ့တယ်!"
"နောက်ပိုင်းမှာတော့ ဂိုဏ်းက အလျှော့ပေးလိုက်ရတယ်။ ဘာလို့လဲဆိုတော့ သေချာစုံစမ်းတဲ့အခါ အကြီးအကဲဝူကျီက မင်းကိုတမင် အနှောင့်အယှက်ပေးနေတာ တွေ့ခဲ့ရတယ်လေ။ သူ့ရည်ရွယ်ချက်က ပြိုင်ပွဲမှာ သူ့တူလေး မင်းအစား ပထမဆုရအောင်လို့တဲ့။ အဓိက,ကတော့ သူက ဆရာသခင် အသက်ရှင်လျက်ပြန်မလာနိုင်ဘူးထင်လို့ ဒီလိုလုပ်ရဲတာပဲ။"
"နောက်ဆက်တွဲ အပြစ်ပေးမှုရဲ့ ရလဒ်တွေကို မင်းလည်းသိပါတယ်။ သူတို့အားလုံး ကျင့်ကြံမှုတွေ ဆုံးရှုံးပြီး လေပေါ်ဝိဇ္ဇာကျောင်းကနေ နှင်ထုတ်ခံခဲ့ရတယ်။ ဒီကိစ္စရဲ့ အတွင်းရေးကိုတော့ နောက်ပိုင်းမှာ ဝိဇ္ဇာသူတော်က ပြောပြမှ နဂါးဆင်နဲ့ငါ သိခဲ့ရတာ။ ဒါပေမဲ့ ဆရာသခင်ကတော့ သူအသည်းအသန်ကူညီခဲ့တဲ့ကိစ္စကို အရေးမကြီးသလိုနဲ့ ငါတို့ကိုတောင်ပြောမပြခဲ့ဖူးဘူး။"
"အဲဒီတုန်းက အမှန်တရားကို သိတဲ့ တခြားအကြီးအကဲတွေကလည်း အပြင်လောကကို မထုတ်ဖော်ရဲခဲ့ကြဘူး။ ဘာလို့လဲဆိုတော့ ဒါက လေပေါ်ဝိဇ္ဇာကျောင်းရဲ့ အတွင်းရေးအရှုပ်တော်ပုံဖြစ်ပြီး မကောင်းတဲ့လွှမ်းမိုးမှုတွေ ဝင်လာမှာစိုးရိမ်ကြလို့ပဲ။"
ဗုန်း!
ရွှီယွင် သူ့ခေါင်းကို မိုးကြိုးပစ်ခံရသလို ခံစားလိုက်ရပြီး စိတ်ထဲမှာ အတွေးပေါင်းစံဖြင့် ဆူညံနေသည်။
ထိတ်လန့်မှုတစ်ခုက သူ့နှလုံးသားထဲကို စတင်တွယ်တက်လာပြီး သူ ပျာယာခတ်လျက် ထပ်ခါထပ်ခါငြင်းပယ်သည်။ "မဖြစ်နိုင်ဘူး၊ မင်းတို့ ငါ့ကို လှည့်စားနေတာပဲ ဖြစ်ရမယ်!"
အကြီးအကဲစင်ကြယ် ခေါင်းခါလိုက်သည်။ "မင်းမယုံရင် ငါ့အသိစိတ်ကိုဖွင့်ပြီး ငါ့ရဲ့ အတိတ်မှတ်ဉာဏ်တွေကို စစ်ဆေးလို့ရတယ်။ ဒီကိစ္စကို အဲဒီတုန်းက ဝိဇ္ဇာသူတော် ကိုယ်တိုင် ပြောပြပေးခဲ့တာ။"
"ရွှီယွင်၊ ဆရာသခင်က မင်းကို တကယ်ပဲ သဘောကျခဲ့တာ။ မင်း ဂိုဏ်းမှာ ရရှိခဲ့တဲ့ ဆုလာဘ်တွေက အရင် အဆင့်တူတပည့်တွေထက် ပိုများနေတယ်ဆိုတာ သတိထားမိရဲ့လား? အဲဒါ ဆရာသခင်က တိတ်တိတ်လေး ထပ်ထည့်ပေးခဲ့လို့ပဲ။ အဲ့ဒါကို ဝိဇ္ဇာသူတော်နဲ့ ဆရာသခင် စကားပြောနေတုန်း ငါ မတော်တဆ ကြားလိုက်ရတာ။"
"ငါ အစတုန်းကတော့ မင်းနောက်ဆုံးမှာရင့်ကျက်လာလောက်ပြီး အားလုံးကိုနားလည်လာမယ် ထင်ခဲ့တာ။ ဒါပေမဲ့ မင်းရဲ့ ခွန်အားတွေ ကြီးထွားလာတာနဲ့အမျှ စိတ်ဓာတ်က တဖြည်းဖြည်း လွဲမှားလာပြီး ဟန်ဆောင်လည်း ပိုကောင်းလာခဲ့တယ်၊ မင်းက ပြန်လမ်းမရှိတဲ့ လမ်းမှားတစ်ခုအပေါ် ရောက်သွားခဲ့ပြီ။"
အကြီးအဲကနဂါးဆင်က ဒေါသတကြီး ကျိန်ဆဲလိုက်သည်– "မင်း ကျေးဇူးကန်းတဲ့ လူဆိုးကောင်! အခုတော့ ဆရာသခင်က မင်းကို အကောင်းဆုံး ဆက်ဆံခဲ့တာဆိုတာ သိပြီလား?! ရယ်စရာကောင်းတာက သူ့ရဲ့ အချစ်ဆုံးတပည့်က ခွင့်လွှတ်လို့မရတဲ့ ရာဇဝတ်မှု ကျူးလွန်ခဲ့တယ်ဆိုတာကို သူ မသိသေးတာပဲ! သူက လေပေါ်ဝိဇ္ဇာကျောင်းရဲ့ အနာဂတ်ကို သူ့လက်နဲ့ကိုယ်တိုင် ဖျက်ဆီးခဲ့မိတာ!"
"ဒါဘယ်လိုဖြစ်နိုင်မှာလဲ? ငါ ဘာတွေလုပ်ခဲ့တာလဲ...?" အမှန်တရားကို သိပြီးနောက် ရွှီယွင်၏ နှလုံးသားမှာ ဓားနှင့် အစိမ်းသက်သက်ထိုးခံရသလို နာကျင်နေပြီး မျက်ရည်နှစ်စက် ကျဆင်းလာသည်။ သူ့လက်တွေက တဆတ်ဆတ်တုန်နေပြီး မယုံကြည်နိုင်စွာ ပြောလိုက်သည်။ "ဘာလို့လဲ? ငါစောစောကတည်းက သိခဲ့ရင် ဒီလိုကြီးမားတဲ့ အမှားမျိုး ကျူးလွန်မိမှာ မဟုတ်ဘူး။ ငါ့အပြစ်မဟုတ်ဘူး၊ ငါ့အပြစ်မဟုတ်ဘူး..."
ရွှီယွင်က အရူးတစ်ယောက်ကဲ့သို့ ရောက်တတ်ရာရာရေရွတ်နေကာ အပြစ်ရှောင်ဖို့ ကြိုးစားနေဆဲပင်။
"မင်း အခုထိ ဆင်ခြေပေးနေတုန်းပဲ!"
ယဲ့ကျွင်းလင် သည်းမခံနိုင်တော့ဘဲ သူ့မျက်နှာကို ခြေထောက်နှင့်ပြေးကန်လိုက်ပြီး သူနှင့်စိတ်ချင်းဆက်နေသော ကျန်ကိုယ်ပွားနှစ်ကောင်ကပါ အရူးအမူး ကန်ကြ၊ နင်းကြလေရာ လမ်းပေါ်မှ လူမိုက်အုပ်စုက အဘိုးကြီးတစ်ယောက်ကို မတရားနှိပ်စက်ရိုက်နှက်နေသလိုပင်။
"ဆရာသခင်က မင်းအပေါ် စိတ်ပျက်ခဲ့တာကြောင့် ပိုပိုပြီး ခပ်တန်းတန်း ဖြစ်လာတာ! မင်း ဘယ်လောက်ပဲကြီးကျယ်တဲ့ အောင်မြင်မှုတွေ ရလာပါစေ၊ သူ့စိတ်ထဲမှာ မင်းက စိတ်ထားမမှန်ကန်တဲ့ အမှိုက်တစ်စပဲ!"
ရိုက်နှက်ခံရပြီးနောက်။
ရွှီယွင်၏မျက်နှာမှာ ရစရာမရှိအောင်ပေတေစုတ်ပြတ်နေကာ နှာခေါင်းသွေးများလည်း ယိုစီးကျနေသည်။
သူ့နှလုံးသားက ပိုနာကျင်နေရသည်။ ဆရာသခင်ပြောသလို သူက ဖြတ်လမ်းလိုက်တတ်တဲ့ကောင်၊ လောဘဇောမသတ်နိုင်တဲ့ကောင်ပါလေ။
ဝိဇ္ဇာသူတော် ဖြစ်ပြီးနောက်မှာတောင် သူက အဲဒီစိတ်အခြေအနေကနေ မရင့်ကျက်နိုင်ခဲ့ပါဘူး။
သူက လာရောက်ဖူးမြော်သူတွေကိုလည်း လှည့်စားခံရမယ့် ဝက်ငတုံးတွေလို သဘောထားပြီး အပြင်လူတွေအတွက် ပြီးပြည့်စုံသော ပုံရိပ်တစ်ခုကို ဖန်တီးခဲ့ကာ နံ့သာဆီစွမ်းအားများကို စုဆောင်းရယူခဲ့သည်။ သာမန်ပြည်သူတွေကို လုံးဝဂရုမစိုက်ဘဲ လက်ငင်းအကျိုးအမြတ်တွေကိုပဲ တန်ဖိုးထားပြီး လေပေါ်ဝိဇ္ဇာကျောင်း၏ ရည်ရွယ်ချက်ကို လမ်းမှားရောက်အောင် တွန်းပို့ခဲ့မိလေ၏။
"မင်းတို့ ပြောတာ မှန်ပါတယ်။ ငါက တကယ်ကို ဝိဇ္ဇာလောကရဲ့ အပြစ်သားပဲ။ ငါက လေပေါ်ဝိဇ္ဇာကျောင်းကို ငရဲတွင်းထဲ ဆွဲခေါ်ခဲ့တာ..." ဝတ်ဖြူစင်ကြယ်ဝတ်လူအိုကြီးမှာ အရူးတစ်ယောက်လို ငိုလိုက်ရယ်လိုက်နှင့်။
"ဝိဇ္ဇာသူတော်!"
လေပေါ်ဝိဇ္ဇာကျောင်း၏ ကျန်ရှိသော အကြီးအကဲများနှင့် တပည့်သားများမှာလည်း တိုက်ခိုက်လိုစိတ်အလျဥ်းမရှိတော့ဘဲ သူတို့၏ဆရာသခင်နှင့်အတူ လိုက်လံငိုကြွေးကြတော့၏။
ဟုန်ချန်ယဲ့က သူတို့အားလုံးကို သတ်ပစ်ချင်ခဲ့ပေမဲ့ ယဲ့ကျွင်းလင် တားမြစ်လိုက်တာကြောင့် မတတ်သာဘဲ လက်လျှော့လိုက်ရသည်။
"အေးလေ၊ သတ်ပြီးဘာလုပ်မှာလဲ" လီဝူကျယ်က သက်ပြင်းချလိုက်သည်။
ခဏအကြာတွင်။
လူအိုကြီး အငိုရပ်သွား၏။
သူက တင်ပျဥ်ခွေထိုင်လျက်အနေအထားနှင့် ယဲ့ကျွင်းလင်၏ ဓားကိုင်ထားသောအသွင်အပြင်ကို တည့်တည့်ကြည့်လိုက်ကာ သူ့မျက်နှာက တစ်ခုခုကို အလေးအနက်စဥ်းစားနေဟန်ရှိသည်။ "ယဲ့ကျွင်းလင်၊ မင်းက ငါတိုက်ဖူးသမျှလူတွေထဲမှာ အတော်ဆုံးပဲ။ ငါ့ကိုလွှတ်ပေးဖို့တော့ တောင်းဆိုမှာမဟုတ်ဘူး။ ငါက တကယ်ကို သေသင့်ပါတယ်။ ဒါပေမဲ့ မသေခင် မင်းကို အတွင်းရေးတစ်ခု ပြောပြချင်တယ်၊ စောစောစီးစီး အစီအစဥ်ဆွဲထားလို့လည်း ရတာပေါ့လေ။ ဒါငါ့ရဲ့ နောက်ဆုံးအပြစ်ဖြေခြင်းပါပဲ"။
"ပြော"။
"ငါ့အထင် မသေမျိုးဘုံ မကြာခင် ပျက်စီးတော့မယ်"