လေပေါ်ဝိဇ္ဇာကျောင်း၏ အဆုံးသတ်
Vol. 14 Ch. 194
ယဲ့ကျွင်းလင် : "? ? ?"
သူမအံ့သြဘူးဆိုလျှင် လိမ်ရာကျမည်။ ခွင်းလွင်နယ်မြေမှ လူအများယူဆထားကြသည်မှာ မသေမျိုးဘုံသည် ကျင့်ကြံသူတို့၏ အဆုံးစွန်ပန်းတိုင်သာဖြစ်၏။ ကျင့်ကြံသူမြောက်များစွာသည် မသေမျိုးဖြစ်ဖို့ရာ ဘေးဒုက္ခကျော်လွှားခြင်းအဆင့်ကိုတောင် မကျော်လွှားနိုင်ကြဆဲ ဖြစ်နေသေးသောကြောင့် မသေမျိုးဘုံကိုတက်လှမ်းဖို့ရာအတွက်တော့ ဝေးကြပါသေးသည်။
သို့ပေမဲ့ အခုတော့ တစ်စုံတစ်ယောက်က အနာဂတ်မှာ မသေမျိုးဘုံပျက်စီးသွားနိုင်သည် ဟူသောသတင်းကို ထုတ်ပြောနေလေပြီ။ ဒီသတင်းသာ ပျံ့နှံ့သွားရင် ကျင့်ကြံသူအများစုကတော့ စောက်ရူးဆိုပြီး လှောင်ပြောင်ကြမှာ မလွဲပါပဲ!
သို့သော် ပြဿနာမှာ ဒီသတင်းကို ဖော်ထုတ်သူဟာ သာမန်ကျင့်ကြံသူတစ်ဦး ဟုတ်မနေပေ။ ထိုသူက မြင့်မြတ်သောဝိဇ္ဇာမြေ၏ ခေါင်းဆောင်၊ လေပေါ်ဝိဇ္ဇာကျောင်း၏ လက်ရှိ ဝိဇ္ဇာသူတော် ဖြစ်နေသည်ပင်!
ထို့ကြောင့် ဖြစ်သလိုမေ့လိုက်လို့ရသော ကောလဟလသတင်းမျိုး ဟုတ်မနေခဲ့!
ယဲ့ကျွင်းလင်မျက်နှာမှာ သံသယတွေ ပြည့်နေပြီး မယုံသလိုထပ်မေးလိုက်သည်။ "ခင်ဗျားရဲ့ ဒီသတင်းအစအနကို ဘယ်ကရလာတာလဲ? ဟုတ်ရောဟုတ်ရဲ့လား?"
ရွှီယွင် မှင်တက်သွားသည်။ " ဒကာယဲ့ ဒီစကားရဲ့ ဆိုလိုရင်းက ဘာလဲ?"
"ကျုပ် ဆိုလိုတာက ဒီသတင်းကို ခင်ဗျား ဘယ်ကရခဲ့တာလဲ? ခင်ဗျားက မသေမျိုးလည်းမဟုတ်ဘူး၊ ပြီးတော့ အရှေ့ပိုင်းစီရင်စုမှာပဲ နေတာ။ မသေမျိုးဘုံရဲ့ အကြောင်းကိစ္စတွေကို ခင်ဗျားကဘယ်လိုသိနေရတာလဲ?"
ယဲ့ကျွင်းလင်က ပွင့်ပွင့်လင်းလင်းပင် မေးလိုက်သည်။
"ရွှီယွင်၊ သူတော်တစ်ပါးက မလိမ်သင့်ဘူး။ မသေမျိုးဘုံက အခုထိ အကောင်းအတိုင်းပဲ၊ ဘယ်လိုလုပ် ပျက်စီးနိုင်မှာလဲ? ဒီသတင်းကို မင်းဘယ်ကရခဲ့တာလဲ? မသေမျိုးဘုံ တကယ်ပျက်စီးသွားရင် လေပေါ်ဝိဇ္ဇာကျောင်းကနေ တက်သွားတဲ့ ဘိုးဘေးတွေက တစ်ခုခုတော့လှမ်းပြောမှာပေါ့!" အကြီးအဲကနဂါးဆင် က သိပ်မယုံကြည်ဟန်ဖြင့် မေးခွန်းထုတ်လိုက်သည်။
သို့ပေမဲ့ အကြီးအကဲစင်ကြယ် က တစ်ခုခုကို စဉ်းစားမိသွားဟန်တူပြီး အံ့ဩတုန်လှုပ်နေဟန်ဖြင့် "နေပါဦး၊ ဒါဆို ဘိုးဘေးတွေက လှမ်းပြောလာတာလား...?"
ရွှီယွင် သက်ပြင်းချလိုက်ပြီး သူ့မျက်လုံးများတွင် လေးနက်သော အမူအရာပေါ်လာသည်။ "မှန်ပါတယ်။ လွန်ခဲ့တဲ့ နှစ်နှစ်တုန်းက မသေမျိုးဘုံက ဘိုးဘေးတစ်ပါးဟာ ထူးခြားလျှို့ဝှက်ကျင့်စဥ်တစ်ခုကို သုံးပြီး ကျုပ်ကို အိပ်မက်ကနေတင်ဆင့် သတင်းပို့လာခဲ့တယ်။ သူ့အပြောအရ မသေမျိုးဘုံရဲ့အခြေအနေက ပိုပိုဆိုးလာသတဲ့။ ကြယ်တာရာကောင်းကင်ထက်မှ မသေမျိုးအမြောက်အများ တောင့်မခံနိုင်တော့ဘဲ လဲကျနေကြပြီး မသေမျိုးဘုံရဲ့ အမြင့်ဆုံးပုဂ္ဂိုလ်တောင် ကိုယ့်ကိုယ်ကို ကာကွယ်ဖို့ ရုန်းကန်နေရတယ်တဲ့။ မသေမျိုးဘုံနဲ့ ဆက်စပ်နေတဲ့ အောက်ပိုင်းဘုံတွေ အများကြီး ပျက်စီးကုန်ပြီ၊ မပျက်စီးဘူးဆိုရင် ပျောက်ဆုံးသွားကြတာပဲ။ ကျုပ်တို့ ခွင်းလွင်မြေလည်း မကြာခင် သက်ရောက်မှု ခံရလိမ့်မယ်၊ ဒါကြောင့် ကျုပ်အနေနဲ့ လေပေါ်ဝိဇ္ဇာကျောင်းက လူသူတော်တွေကို စောစောစီးစီး ပြင်ဆင်မှုတွေ လုပ်ခိုင်းသင့်တယ်တဲ့"။
"ဘာ?!"
အားလုံး အံ့ဩတုန်လှုပ်သွားကြသည်။
ထိုစကားသာမှန်လျှင် မသေမျိုးဘုံသာမက ခွင်းလွင်မြေလည်း ဒုက္ခရောက်မည် ဧကန်ပင်!
"ဟေး၊ ခေါင်းပြောင်ကြီး၊ မင်း ပါးစပ်ထဲတွေ့ကရာ လျှောက်ပြောနေတာမလား!" လီဝူကျယ် သံသယဖြင့် မေးခွန်းထုတ်ပြီး ဆူပူလိုက်သည်။
"အဲဒီတုန်းက ငါကြားခဲ့တဲ့ ကောလာဟလတွေများ အမှန်ဖြစ်နေမလား...?" ဟုန်ချန်ယဲ့ကတော့ တုန်ယင်နေသောနှလုံးသားဖြင့် စိုးထိတ်စွာ တီးတိုးရေရွတ်လိုက်သည်။
အလယ်ပိုင်းစီရင်စုတွင် မသေမျိုးဂိုဏ်းချုပ်တစ်ဦးအဖြစ် သူစိုးစံခဲ့စဥ်က မသေမျိုးဘုံတွင် အပြောင်းအလဲတစ်ခုခု ဖြစ်ပေါ်တော့မည်ဟူသော ကောလဟလများကို ကြားခဲ့ရဖူး၏။ သို့ပေမဲ့ သူအပါအဝင် အောက်ဘုံမှမတက်ရသေးသော မသေမျိုးအများစုဟာ ထိုသတင်းကို အခြေအမြစ်မရှိဟုယူဆကာ ဟာသအဖြစ်သာ သဘောထားခဲ့ကြလေသည်။
အဘယ့်ကြောင့်ဆိုသော် ကျင့်ကြံရေးလမ်းစဥ်ကို လျှောက်လှမ်းနေကြသော မည်သည့်သက်ရှိမဆို ဘယ်မျိုးနွယ်စုကလာသည်ဖြစ်စေ သူတို့၏ အခြေခံထုံးထမ်းနားလည်မှု ဗဟုသုတများတွင် မသေမျိုးဘုံဆိုသည်မှာ လက်လှမ်းမီဖို့ရာ မဖြစ်နိုင်လောက်အောင်ခက်ခဲသော မြင့်သွန်းသည့်တစ်နေရာဖြစ်ပြီး နှစ်ပေါင်းသန်းပေါင်းများစွာကြာ ခိုင်မြဲတည်တံ့ခဲ့ကြောင်း သိရှိသင်ကြားခံထားခဲ့ရလို့ပင်။
ထို့ကြောင့် မသေမျိုးဘုံပျက်စီးမည်ဟူသော သတင်းသည် ဤကမ္ဘာရှိလူတိုင်းအတွက်တော့ အရယ်ရဆုံး ပြက်လုံးတစ်ခုသာဖြစ်၏။
သို့ပေမဲ့ ယခုတော့ ပြောလာသူမှာ လေပေါ်ဝိဇ္ဇာကျောင်း၏ ဝိဇ္ဇာသူတော်ဖြစ်သောကြောင့် ဟုန်ချန်ယဲ့ ပေါ့ပေါ့လေးမစဥ်းစားရဲတော့ပေ။
လေပေါ်ဝိဇ္ဇာကျောင်းဆိုသည်မှာ အရှေ့ပိုင်းစီရင်စု၏ အထွဋ်အမြတ်ဝိဇ္ဇာမြေဖြစ်ပြီး မသေမျိုးတို့၏ လက်ဆင့်ကမ်းသယ်ဆောင်ရာ မျိုးရိုးမြင့် ကျောင်းတော်တစ်ခုဖြစ်သည်။ ဒီနှစ်ရှည်ကာလများအတွင်း ဈာန်ကျင့်ကြံသူ ဘယ်နှစ်ယောက်တောင် မသေမျိုးဘုံကို တက်ရောက်နိုင်ခဲ့ပြီးပြီလဲ? ရေတွက်လို့တောင်ရမည်မထင်။
ဒီလိုရှေးဟောင်းအင်အားစုကြီးတစ်ခုက မသေမျိုးဘုံနဲ့ အဆက်အသွယ်ရှိနေတယ်ဆိုတာ မဖြစ်နိုင်စရာကိစ္စမဟုတ်ဘူး!
ဒါကြောင့် အရမ်း ယုံကြည်စိတ်ချရတဲ့ သတင်းအရင်းအမြစ်ပဲ!
ရွှီယွင် ခေါင်းခါလိုက်ပြီး ခါးသီးစွာ ပြောလိုက်သည်။ "လူတစ်ယောက်ရဲ့ သေခါနီးစကားကို နားထောင်လို့ အကျိုးယုတ်စရာမရှိပါဘူး။ ဒါ့အပြင် ကျုပ် ခင်ဗျားတို့ကို လိမ်စရာ အကြောင်းမရှိဘူး။ ဒီအကြောင်းကိုပြောပြတာဟာလည်း ကျုပ်ခံစားချက်တွေ ပေါ့ပါးသက်သာစေဖို့ပဲ"
"ဒါဆိုရင် ခွင်းလွင်မြေ သက်ရှိသတ္တဝါ သန်းပေါင်းများစွာရဲ့ ကံကြမ္မာက ဘယ်ကို ဦးတည်သွားမှာလဲ?" အကြီးအဲကနဂါးဆင်နှင့် အကြီးအဲကစင်ကြယ်တို့က မျှော်လင့်ချက်မဲ့နေသော အသံများဖြင့် ဝမ်းနည်းစွာ မြည်တမ်းလိုက်ကြ၏။
အားလုံး တိတ်ဆိတ်သွားကြပြီး သူတို့၏နှလုံးသားများမှာ မှောင်မိုက်ကာ လမ်းပျောက်နေခဲ့ကြသည်။
ဒါပေမဲ့။
အမြဲ လူအာရုံစိုက်ခံရတာကို နှစ်သက်တဲ့တစ်စုံတစ်ယောက်ကတော့ တမူထူးခြားနေတုန်းပါပဲ။
"ကမ္ဘာကြီး တကယ်ပြောင်းလဲတော့မယ်ထင်တယ်။ ဒါက ပိုပြီး စိတ်ဝင်စားစရာကောင်းလာပြီ..." ယဲ့ကျွင်းလင် သူ့မေးစေ့ကို ပွတ်သပ်ရင်း လေတစ်ချက်ချွန်ကာ ရေရွတ်လိုက်သည်။
သူအရင်က မြင်ခဲ့ဖူးသော ကြယ်တာရာတံခါးနှင့် မရဏချောက်နက်သတ္တဝါများ၏ အဓိကရုဏ်းတွေကို ပေါင်းစပ်တွေးခေါ်လိုက်သော် ထိုကိစ္စများမှာ မသေမျိုးဘုံ၏အန္တရာယ်ကျရောက်ခါနီး အခြေအနေနှင့် ဆက်စပ်နေကြောင်း ခံစားမိလိုက်၏။
မသေမျိုးဘုံရဲ့ လုံခြုံရေးကိုတောင် ခြိမ်းခြောက်နိုင်တဲ့ ဒီအစီအစဥ်နောက်ကွယ်က ကြိုးကိုင်သူဟာ ဘယ်လောက်တောင် အင်အားကြီးလိုက်လေမလဲ?
ကံကောင်းတာက သူ့တွင် အင်အားကြီးသောရန်သူနှင့်ရင်ဆိုင်ကာ အင်အားပိုကြီးလာခြင်းဟူသော ရွှေလက်ချောင်းကိုပိုင်ဆိုင်ထားသည်ဖြစ်၍ နည်းနည်းမှမစိုးရိမ်မိရုံသာမက အဆင့်တက်နိုင်ဦးမည့် မျှော်လင့်ချက်ပိစိလေးဖြင့် မြူးထူးလာသည်။
ရွှီယွင်ကတော့ စိတ်ဓာတ်ကျနေပုံရ၏။
ဒါနဲ့ ဒီလူက ဘာကိစ္စ အရူးလိုစိတ်လှုပ်ရှားနေရတာလဲ?
သာမန်လူသာဆိုရင် ဒီအချိန် ယုတ္တိရှိရှိ စိုးရိမ်ပူပန်မှုတွေ ပြည့်နေသင့်တယ် မဟုတ်လား?
သူ ဤသတင်းကို ပထမဆုံး သိခဲ့ရစဥ်က သူ့မျက်နှာတွင် မျှော်လင့်ချက်မဲ့မှုနှင့် စိတ်ရှုပ်ထွေးမှုတို့ အချိန်အတော်ကြာ ပြည့်နှက်နေခဲ့သည်ပင်။ ဘာမှန်းမသိတဲ့အရာ၊ ကိုယ်ဘာမှမတတ်နိုင်သည့်အရာကို မှန်းဆကြောက်ရွံ့နေရသည့်ခံစားချက်ကား စကားလုံးဖြင့်ပင် ဖော်ပြလို့မရနိုင်။
သို့သော် ယဲ့ကျွင်းလင်၏ တုံ့ပြန်မှုကတော့ ရွှီယွင်၏ နားလည်သဘောပေါက်နိုင်စွမ်းကို ပြောင်းပြန်လှန်ပစ်လိုက်သလိုပင်။
ဒီဆံပင်ငွေရောင်လူငယ်၏ ဦးနှောက်စနစ်က သူအရင်က မြင်ဖူးပါသော ကျင့်ကြံသူတို့နှင့် တစ်ချက်မှမကိုက်ညီကြောင်း အမြဲခံစားခဲ့ရသည်။ အင်း... သာမန်တော့မဟုတ်လောက်!
ကြောက်စိတ်မရှိရုံတင်မကဘူး၊ ကြည့်ရတာ အခုပဲပြေးချချင်နေတဲ့ပုံစံနဲ့ အရမ်းကိုတက်ကြွနေတာပဲ။
ကောင်းကင်ကိုဒူးနဲ့တိုက်ပြီး မဟာတာအိုလမ်းစဥ်နဲ့တောင် ပုခုံးချင်းယှဥ်ရဲလောက်မယ့် လူငယ်တစ်ယောက်ရဲ့ ဒီလိုသတ္တိမျိုးက အမှန်တကယ်ကို တွေ့ရရှားလှပါပေတယ်။
ဒီလူရဲ့ခွန်အားက ဒီလောက်ပြိုင်စံရှားနေတာ အံ့သြစရာတော့မဟုတ်ဘူးပဲ။
စိတ်ဓာတ်ပိုင်း၊ အတွေးအခေါ်ပိုင်းကအစ ဒီလူက သူတို့ထက်အရာရာသာလွန်နေတာ!
ထိုအကြောင်းစဉ်းစားမိတော့ အစတုန်းက စိတ်ရှုပ်ထွေးနေသော ရွှီယွင်ဟာ ရုတ်တရက် သက်ပြင်းချလိုက်ပြီး ကျေကျေနပ်နပ်ကြီးပြုံးလျက် ယဲ့ကျွင်းလင်ကို နက်နက်ရှိုင်းရှိုင်းလေးစားစွာ ပြန်ကြည့်လိုက်သည်။
"ဟင်?"
ယဲ့ကျွင်းလင် ခေါင်းရှုပ်သွားသည်။ ဒီခေါင်းပြောင်ကြီးက ဘာလို့ ဒီလိုမျိုးစိုက်ကြည့်နေရတာလဲ?
ထူးဆန်းတယ်!
"ဟားဟား၊ ဒီလိုမျက်နှာချိုသွေးပြရုံနဲ့ မင်းကို လွှတ်ပေးမယ်လို့ မထင်လိုက်နဲ့။ မင်း အမှားကို ဝန်ခံသည်ဖြစ်စေ၊ အပြစ်ဖြေချင်သည်ဖြစ်စေ ဒီနေ့တော့ သေကိုသေရမယ်!" ယဲ့ကျွင်းလင်က ကောင်းကင်မရဏဓားကို ဝင့်ကိုင်ပြီး ထိုင်နေသော လူသူတော်ကြီးဆီ ဓားအလင်းတစ်ပြက်ထုတ်လျက် ဦးတည်လိုက်သည်။
လေသံက မငြင်းနိုင်လောက်အောင် ခိုင်မာနေပြီး တစ်စက်မှ လျှော့ပေးမည့်ဟန်မရှိ!
ရွှီယွင်က သူ့ရှေ့က ယဲ့ကျွင်းလင်ကို တည်ငြိမ်စွာ ကြည့်ရင်း လေးနက်စွာ ပြောလိုက်သည်။ "ဒကာယဲ့၊ ကျုပ်က အပြစ်ကို ရှောင်ရှားဖို့ မစဉ်းစားဘူးလို့ ပြောခဲ့ပြီးပါပြီ။ ဒါက ကျုပ်လုပ်ခဲ့တဲ့အပြစ်တွေအတွက် ပြန်ပေးဆပ်ရခြင်းပါပဲ။ ဒါပေမဲ့ အရေးကြီးသတင်းထုတ်ပြောပေးခဲ့တာကို ထောက်ရှုပြီး ကျုပ်ကို ကိုယ့်အသက်ကိုယ်အဆုံးသတ်ဖို့ ရွေးချယ်ခွင့်ပြုပါ့လား? ကျုပ်လို လူတစ်ယောက်က အပြစ်တွေ နက်ရှိုင်းလွန်းလို့ ခင်ဗျားရဲ့ဓားအောက်မှာ သေဖို့ မထိုက်တန်ပါဘူး"။
ယဲ့ကျွင်းလင် မျက်လုံးတွေကျဥ်းမြောင်းသွားပြီး ဒီလူ၏တည့်တိုးတောင်းဆိုမှုကို အနည်းငယ် အံ့ဩသွားသည်။
"ကောင်းပြီ၊ ခင်ဗျား သတ်သေလို့ရပြီ!"
"အော်မီထော်ဖော၊ ဒကာယဲ့က တကယ့်ကို ကြုံရခဲတဲ့ စိတ်ဓာတ်ပြည့်ဝသူပါပဲ" ရွှီယွင် မျက်လုံးထဲမှာ ကျေးဇူးတင်မှု အရိပ်အယောင်တစ်ခု ပေါ်လာပြီး စိတ်ရင်းဖြင့် ချီးကျူးလိုက်သည်။
ယဲ့ကျွင်းလင် ရွှတ်နောက်နောက်ပြန်ပြောသည်။ "ခင်ဗျား အစောတုန်းက ကျုပ်ကို နာမည်ဖျက်ဖို့ ဦးဆောင်တုန်းကတော့ အဲဒီလို မပြောခဲ့ပါဘူး"
ဒီအဘိုးကြီး လေသံပြောင်းတာက တော်တော် မြန်တယ်!
"အဟမ်း အဟမ်း၊ ကျုပ်အပြစ်ပါ၊ ကျုပ်အပြစ်ပါပဲ" ရွှီယွင်က ရှက်ရွံ့နေဟန်ဖြင့် ဖာထေးပြောဆိုလာသည်။
သူက ရောင်းရင်းလူအိုကြီးနှစ်ဦးကို ကြည့်လိုက်သော် တစ်ချိန်က ပခုံးချင်းယှဉ်ပြီး တိုက်ခဲ့ခိုက်ခဲ့ရသော ကာလတွေကို ပြန်သတိရလိုက်မိသည်။ တကယ်တော့ သေချာစဉ်းစားကြည့်ရင် သူ့အတွက် အဲ့ဒီအချိန်တွေမှာ ဘယ်လိုပဲနာကျင်ခဲ့ရတယ်ဆိုဆို ပျော်ရွှင်တက်ကြွမှုကိုလည်း ခံစားခဲ့ရတာပါပဲ။ အာဏာနှင့် အကျိုးအမြတ်ကို မမျှော်ကိုးခဲ့သည့် လူငယ်ဘဝက သူ့ဘဝတစ်လျှောက်လုံး၏ အသန့်ရှင်းဆုံးအချိန်များပင်။
"တောင်းပန်ပါတယ်၊ မင်းတို့ကို ဒုက္ခပေးခဲ့မိပြီ"။
ရွှီယွင် တောင်းပန်စကားဆိုလိုက်ပြီး နောက်ဆုံးမှာတော့ လက်အုပ်ချီကာ သေခြင်းဆီကို ပြတ်ပြတ်သားသား ဦးတည်လိုက်သည်။
နောက်ဆုံးသော အသိစိတ်ထဲတွင် တစ်ဘဝလုံးကြုံတွေ့ခဲ့ရသော အမှတ်တရများက မီးပုံးပျံများအလား သူ့စိတ်အစဥ်ကို ထွန်းလင်းပေးနေသည်။
ဆရာသခင်၏ကျောင်းကို ပထမဆုံးဝင်ခွင့်ရခြင်း၊ ထိပ်ဆုံးအဆင့်သို့ တက်ရောက်နိုင်ခဲ့ခြင်း၊ ပြီးတော့ လေပေါ်ဝိဇ္ဇာကျောင်း၏ မူရင်းအစဥ်အလာကို ဆန့်ကျင်ပြီး နောက်ကွယ်မှာ လုပ်မိခဲ့သော မကောင်းမှုများ၊ အပြစ်မဲ့သူများစွာ၏ နာကျင်ပင်ပန်းသော ငိုကြွေးသံများ၊ သူ့အပြစ်တွေက နက်ရှိုင်းလွန်းလို့ ဆေးကြောလို့ပင် မရတော့။ နောက်ဆုံးမှာ သူ ရှုံးနိမ့်ပြီး ရုတ်တရက် အသိစိတ်ခဲ့ပေမဲ့ နောက်ကျခဲ့လေပြီ။
နောက်ဆုံးတော့။
သူ့စိတ်အစဥ်က တင်းမာတည်ငြိမ်သော သွင်ပြင်တစ်ခုထံ တည်မြဲသွားသည်။ အမှားအမှန်၊ အဆိုးအကောင်းကို အမြဲခွဲခြားမြင်နိုင်သူ၊ ထိုသို့မြင်နိုင်အောင်လည်း မျက်လုံးထဲ သဲမှုန်တစ်စမှ အဝင်မခံခဲ့သူ။
"ဆရာသခင်၊ ကျွန်တော် မှားခဲ့ပါပြီ..." ရွှီယွင် မျက်ရည်တွေပြည့်နေသော မျက်လုံးကိုမှိတ်လိုက်ပြီး တီးတိုးရေရွတ်လိုက်သည်။
လူအများရှေ့တွင်။
လေပေါ်ဝိဇ္ဇာကျောင်း၏ လက်ရှိ ဝိဇ္ဇာသူတော်၊ ကမ္ဘာပေါ်က ဈာန်ကျင့်ကြံသူအပေါင်း၏ ဝိညာဉ်ရေးရာခေါင်းဆောင်၊ ဒဏ္ဍာရီလာ သူတော်စင်သုံးဦး၏ ခေါင်းဆောင်သူတော်စင်ဟာ ဖြည်းဖြည်းချင်း လက်အုပ်ချီပြီး သူ့ခန္ဓာကိုယ်ကို မီးတင်ရှို့ကာ ကျိုးပဲ့နေသော ဓာတ်တော်တစ်ခုသာ ကျန်ရစ်စေခဲ့၏။
"ရွှီယွင်..." ရောင်းရင်းနှစ်ဦးက စိတ်မကောင်းစွာဖြင့် ရေရွတ်လိုက်ကြသည်။
"ဝိဇ္ဇာသူတော်!"
လေပေါ်ဝိဇ္ဇာကျောင်းတစ်ခုလုံး ကြီးစွာသောဝမ်းနည်းကြေကွဲမှုကို ခံစားလိုက်ရပြီး တပည့်သူတော်များအားလုံး ရင်ကွဲပက်လက် ငိုကြွေးကြကုန်ကာ ကောင်းကင်ကြီးပြိုကျသကဲ့သို့ ခိုကိုးရာမဲ့မှုကို ခံစားမိလိုက်ကြရသည်။