ကမ္ဘာဦးအစ သင်္ကေတ
Vol. 117 Ch. 1528
ချင်မူက သူမကို လျစ်လျူရှု၍ ကောင်းကင်မြေပြင်ကြေးမုံနှစ်ချပ် ထုတ်ကာ နန်းတော်နံရံပေါ်ရှိ တာအိုသင်္ကေတများနှင့် ယှဉ်ကြည့်လိုက်သည်။ အခြေအနေများ မည်သို့ဖြစ်သွားခဲ့စေကာမူ... မီလော့နန်းတော်ခရီးသည် သူ၏ သံသယများထဲမှ တစ်ခုဖြစ်သော ကျောက်စိမ်းမြို့တော်ထောင်ချောက်ကိုတော့ ဖြေရှင်းပေးလိုက်နိုင်သည်။
ကျောက်စိမ်းမြို့တော်ထောင်ချောက်သည် ကျောက်စိမ်းမြို့တော်အဆင့်၌ တည်ရှိနေခြင်းမဟုတ်၊ နတ်ကောင်းကင်ခန်းမအဆင့်နှင့် ဧကရာဇ်ပလ္လင်အဆင့်တွင် တည်ရှိနေခြင်းပင်။
မီလော့နန်းတော်၏ ခန်းမအခင်းအကျင်းအရ ... ပလ္လင်ခန်းမ ၇၂ ခုတွင် နတ်ကောင်းကင်ခန်းမ၊ ခရမ်းရောင်နတ်ဘုံခန်းမ၊ အထွတ်အမြတ်ခန်းမ အစရှိသဖြင့် ပါဝင်ကြသည်။ မီလော့နန်းတော်ထဲက နတ်ကောင်းကင်ခန်းမ၏ အရှင်သခင်ဖြစ်သော သခင်လေးသုံးသည် လျှို့ဝှက်သောအစီအစဉ်များဖြင့် နတ်ကောင်းကင်ခန်းမအား အဆင့်တစ်ဆင့် ဖြစ်လာစေခဲ့၏။
မီလော့နန်းတော်၏ သခင်လေးသုံးသည် သူတစ်ယောက်တည်း အင်အားကြီးမားလာစေရန် ရည်ရွယ်ချက်ရှိရှိဖြင့် အခြားသူများအား လမ်းမှန်မှ သွေဖယ်စေပြီး လောကကြီး၏စွမ်းအင်ကို သုံးစွဲနေခဲ့၏။ ဤသို့ဖြင့် နတ်ကောင်းကင်ခန်းမနှင့် ဧကရာဇ်ပလ္လင်အဆင့်အထိ ကျင့်ကြံခဲ့ကြသော စကြဝဠာတစ်ခွင်မှ သိုင်းပညာရှင်တို့မှာ သူ၏စီးတော်ယာဉ်အတွက် မြင်းများပမာ ဖြစ်လာခဲ့ကြတော့သည်။
တစ်လောကလုံးရှိ သိုင်းပညာရှင်များ နတ်ကောင်းကင်ခန်းမနှင့် ဧကရာဇ်ပလ္လင်အဆင့်အား ကျင့်ကြံကြသောအခါ ထိုသူတို့၏ မှော်စွမ်းအင်အခြေခံမှာ သခင်လေးသုံး၏ နတ်ကောင်းကင်ခန်းမ ဖြစ်လာသည်။ ဤအဆင့်နှစ်ဆင့်ကို သိုင်းပညာရှင်များ ကျင့်ကြံခြင်းက သခင်လေးသုံးအား မဟာတာအို ရရှိစေသည်သာမက ကျင့်စဉ်စွမ်းအင်တို့ကိုလည်း စဉ်ဆက်မပြတ် တိုးတက်စေခဲ့သည်။
ထိုမျှသာမက နတ်ကောင်းကင်ခန်းမသည် လောကအသီးသီးရှိ နတ်ကောင်းကင်ခန်းမနှင့် ဧကရာဇ်ပလ္လင်အဆင့် အစွမ်းထက်သိုင်းပညာရှင်တို့၏ ကျင့်စဉ်အားလုံးနှင့်လည်း ဆက်နွယ်နေသည်။ ထိုသိုင်းပညာရှင်အားလုံးသည် နတ်ကောင်းကင်ခန်းမနှင့် သခင်လေးသုံးအား ကာကွယ်ပေး၍ သူနှင့် တစ်ဖက်တည်း ရပ်တည်ရလိမ့်မည်။ ထိုသို့မဟုတ်ပါက သူတို့၏ သိုင်းအခြေခံအတွက် အန္တရာယ်ရှိလာနိုင်ပေသည်။
ပို၍အရေးကြီးသည်က သူ၏ နတ်ကောင်းကင်ခန်းမကို ကျင့်ကြံထားပါက ရန်သူ ဖြစ်နေလျှင်တောင် အလွယ်တကူ သတ်ဖြတ်ခံရပေလိမ့်မည်။
ကျောက်စိမ်းမြို့တော် ထောင်ချောက်တွင် အဓိကပုဂ္ဂိုလ်မှာ ကောင်းကင်နတ်ဧကရာဇ်ထိုက်ချူပင်။
ပလ္လင်ခန်းမ ၇၂ မပါ၀င်သော အစစ်အမှန် ကျောက်စိမ်းမြို့တော်အဆင့်သည်ကား မီလော့နန်းတော်ဖြစ်သည်။
မီလော့နန်းတော်အရှင်သခင်မှာ တာအိုအဖြစ်သို့ ရောက်ရှိပြီး ဖြစ်သည်။ အဓိပ္ပာယ်က နတ်ကောင်းကင်ခန်းမနှင့် ဧကရာဇ်ပလ္လင်အဆင့်တို့ကို မီလော့နန်းတော်အဆင့်ဖြင့် အစားထိုးလိုက်ပါက ထောင်ချောက်ကို ရှောင်နိုင်ပေလိမ့်မည်။
ချင်မူသည် မီလော့နန်းတော်တွင် နေနေပြီး ထွက်ခွာမသွားသေးပေ။ သူ၏ရည်ရွယ်ချက်က မီလော့နန်းတော်အဆင့်ကို ရှာဖွေလေ့လာရန်ပင်။
ကောင်းကင်နတ်အရှင်ဆယ်ပါးက သူ့ထက်အလျင် ကျောက်စိမ်းမြို့တော်သို့ ရောက်လာခဲ့သည့်အတွက် ပလ္လင်ခန်းမ ၇၂အား ခွဲဝေယူထားသည်။ ထို့ကြောင့် ခန်းမ ၇၂ ခုလုံးအား ပြည့်ပြည့်စုံစုံ ရယူရန် မလွယ်ပေ။ ချင်မူအနေဖြင့် ခန်းမ ၁၀ ခုကျော်ကို လေ့လာခဲ့ပြီးဖြစ်သည့်အတွက် အခြားရတနာခန်းမများကို ကောင်းကင်နတ်အရှင်များဆီမှ ယူရပေလိမ့်မည်။
များစွာမကြာလိုက်ဘဲ ချင်မူမှာ မီလော့နန်းတော်၏ တာအိုအမှတ်အသားများထဲ၌ စျာန်ဝင်သွားတော့သည်။ ထိုအခိုက်အတန့်၌ အံ့သြဖွယ်ကောင်းသောအရာတစ်ခုကို တွေ့ရှိသွား၏။
မျက်ခုံးနှစ်ဖက်ကြားရှိ ဒေါင်လိုက်မျက်လုံးကို သုံး၍ မီလော့နန်းတော်အရှင်သခင်၏ တာအိုအမှတ်အသားများကို ကြည့်လျှင် ၎င်းတို့၏ အတွင်းပိုင်းတည်ဆောက်ပုံများကို ရှင်းလင်းပြတ်သားစွာ မြင်ရနိုင်သည်။ အနက်ရှိုင်းဆုံး ကမ္ဘာဦးအစ ချီသင်္ကေတများကိုပင်လျှင် ကြေးမုံသုံးစရာမလိုဘဲ မြင်ရနိုင်၏။
ချင်မူမှာ ရင်ထဲတွင် လှုပ်ခတ်သွားပြီး မျက်ခုံးနှစ်ဖက်ကြားရှိ တတိယမျက်လုံးကို အားဖြည့်ပေးလိုက်သည်။
အစက သူသည် ဤမျက်လုံးကို ဖရိုဖရဲချီများသာ ဖောက်ထွင်းမြင်ရနိုင်သည့် နတ်မျက်လုံးတစ်လုံးဟု ထင်ခဲ့သဖြင့် အခြားနေရာများတွင် သုံးနိုင်မည်လား မစမ်းသပ်ကြည့်ခဲ့ပေ။ အဘယ်ကြောင့်ဆိုသော် သူ အသက်သွင်းရန် ကြိုးစားတိုင်း မျက်လုံး၏ မျက်ကြည်လွှာကို ဖွဲ့တည်ပေးထားသော ဥခွံမှာ ဖရိုဖရဲချီတို့ကို ထုတ်ပေးလိုက်ပြီး အမြင်အာရုံကို နှောင့်ယှက်တတ်သည်။ ယင်းကြောင့် မည်သည်ကိုမှ မမြင်ရပေ။
ယခုတွင်မူ တတိယမျက်လုံးကို အသက်သွင်းလိုက်သည့်အခါ ဖရိုဖရဲချီများ ပျောက်ကွယ်သွားပြီး အလွန်တရာ ရှင်းလင်းပြတ်သားနေသော မီလော့နန်းတော် တာအိုအမှတ်အသားများကို မြင်နေရသည်။ တာအိုအမှတ်အသားများ၏ အပြောင်းအလဲတို့ကိုပင် ကွက်ကွက်ကွင်းကွင်း မြင်နေရလေသည်။
ဝေစွေ့ဖုန်း ဤနေရာသို့ ရောက်ခဲ့စဉ်အခါက ရွှေအ၏ ကောင်းကင်မြေပြင်ကြေးမုံတွင် သိမ်းဆည်းခဲ့သော တာအိုသင်္ကေတများမှာ အသွင်သဏ္ဍာန်သာ ရှိခဲ့ကြသည်။ မည်သည့်အပြောင်းအလဲမှ မရှိဘဲ တစ်နေရာတည်းတွင် ငြိမ်သက်နေခဲ့ကြ၏။
သို့သော် ချင်မူ တတိယမျက်လုံးဖြင့် ကြည့်လိုက်သည့်အခါတွင်တော့ တာအိုအမှတ်အသားများကား အချိန်နှင့်အမျှ ပြောင်းလဲနေကြကြောင်း တွေ့နေရသည်။
တာအိုအမှတ်အသားများမှာ ပြောပြမတတ်အောင် ဆန်းပြားနေပြီး အသုံးမသတ်နိုင်သော အချက်အလက်များ ပါရှိနေသဖြင့် နားလည်သဘောပေါက်ရန် ခက်ခဲနေလေသည်။
ကြည့်နေရင်း တာအိုအမှတ်အသားများ၏ အပြောင်းအလဲအား သတိထားမိသည့်အခါ ချင်မူမှာ ပို၍ပင် အံ့ဩမှင်သက်သွားတော့သည်။ ပြောင်းလဲနေသော တာအိုအမှတ်အသားများတွင် ပါဝင်သည့် အချက်အလက်များမှာ တည်ငြိမ်နေသော တာအိုအမှတ်အသားများထက် အဆပေါင်းများစွာ ပို၍များပြား၏။
ကော်ငးကင်မြေပြင်ကြေးမုံနှစ်ချပ် ပြသသည့် တာအိုအမှတ်အသားများမှာ တာအိုအမှတ်အသားများထဲတွင် ပါဝင်သည့် အချက်အလက်များ၏ တစ်ကုဋေပုံ တစ်ပုံသာ ရှိချေသည်။
သူ၏မျက်ခုံးနှစ်ဖက်ကြားရှိ ဒေါင်လိုက်မျက်လုံးမှတစ်ဆင့် တာအိုအမှတ်အသားများ၏ တည်ဆောက်ပုံကို လေ့လာနေစဉ် ထိုက်ကျိမှ ထိုက်စု၊ ထိုက်စုမှ ထိုက်ရှီ၊ ထိုက်ချူနှင့် ထိုက်ယီ အစရှိသဖြင့် အသီးသီးပြောင်းလဲနေသည့် ဖြစ်စဉ်ကို တွေ့မြင်နေရ၏။
ချင်မူမှာ ၎င်းဖြစ်စဉ်အား ပါးစပ်အဟောင်းသားဖြင့် ကြည့်နေမိသည်။
မီလော့နန်းတော်အရှင်သခင်၏ တာအိုအမှတ်အသားများထဲတွင် ပါဝင်သော အချက်အလက်များမှာ အတိုင်းထက်အလွန် များပြားလှသည်။ တာအိုအမှတ်အသားတစ်ခုသည် ကောင်းကင်မြေပြင်ကြေးမုံထဲ၌ အဆုံးမရှိသည်အထိ နေရာယူထားနိုင်သည်။ စဉ်းစားကြည့်လျှင် အမှန်တကယ် ကြောက်မက်ဖွယ်ကောင်းသော်လည်း မီလော့နန်းတော်အရှင်သခင်၏ အောင်မြင်မှုများက သူ့ကို ပို၍အံ့ဩမှင်သက်စေ၏။
ထိုသို့သော အဆင့်သို့ ရောက်နေသည့် ပုဂ္ဂိုလ်တစ်ယောက်၏ လမ်းစဉ်ကို စကားလုံးများဖြင့်ပင် ဖော်ပြ၍ မရနိုင်တော့ပေ။ သူ၏အသိပညာဗဟုသုတတို့က ကောင်းကင်နတ်အရှင်တစ်ပါး ဖြစ်သည့် ချင်မူ့ကိုပင်လျှင် လေးစားအံ့ဩမိစေသည်။
‘ထူးဆန်းလိုက်တာ…. အစတုန်းက ငါ့တတိယမျက်လုံးက ဒီအရာတွေ မမြင်ရပါဘူး… ဘာလို့ အခုမှ မြင်နေရတာပါလိမ့်’
ချင်မူမှာ ရုတ်တရက် မျက်ရည်စက်ကို မှတ်မိသွားပြီး စိတ်ထဲမှ တွေးလိုက်မိသည်။ “မီလော့နန်းတော်အရှင်သခင်ရဲ့ တာအိုသစ်ပင်ဆီက မျက်ရည်စက်က ငါ့တတိယမျက်လုံးရဲ့ စွမ်းအားကို မြှင့်တင်ပေးလိုက်တာများလား”
ချင်မူ တိတ်ဆိတ်ငြိမ်သက်သွားသည်။
ထိုက်ယီသည် တာအိုသစ်စေးကို အသုံးပြု၍ သူ၏တတိယမျက်လုံးအား ဖရိုဖရဲချီများနှင့် အရာဝတ္ထုများကို ထွင်းဖောက်မြင်နိုင်အောင် လုပ်ပေးခဲ့၏။ မီလော့နန်းတော်အရှင်သခင်’ မျက်ရည်ကတော့ တတိယမျက်လုံး၏ စွမ်းအားကို ထိန်းချုပ်စေနိုင်ခဲ့သည်။
ထိုနောင်တော်နှစ်ယောက်ကား သူ့အပေါ် များစွာကြင်နာပေးခဲ့လေသည်။ သို့သော် မီလော့နန်းတော်အရှင်သခင်၏ ထိုက်ယီအပေါ် ကောက်ချက်ချမှုကို သူ မမေ့နိုင်သေးချေ။
ရုတ်တရက် ချင်မူက ပြုံးလိုက်သည်။ “မီလော့နန်းတော်အရှင်သခင်က မျက်ရည် ဘယ်လောက်လိုချင်သလဲ မေးခဲ့တာ… မဖြေခဲ့မိတာ ငါ တုံးတာပဲ… များများတောင်းခဲ့သင့်တာကိုကွာ”
သူ၏စိတ်အခြေအနေသည် ပုံမှန်ပြန်ဖြစ်သွားပြီး ထိုက်ယီ၏ သရုပ်မှန်ကို စိုးရိမ်မနေတော့ပေ။
ထိုက်ယီသည် ကမ္ဘာဦးအစ တာအိုသိုင်းပညာရှင် ဟုတ်မဟုတ် ချင်မူ ဆက်မတွေးချင်ပေ။ ဒုက္ခိတဘိုးဘွားကျေးရွာမှ အဘိုးအဘွားများသည် လူတစ်ယောက်အကြောင်း သေချာ သိချင်ပါက ထိုပုဂ္ဂိုလ်၏ အပြောကိုသာမက အလုပ်ကိုပါ ကြည့်ရှုရန် ငယ်စဉ်ကတည်းက သူ့အား သင်ကြားပေးထား၏။
အပြောကို မကြည့်နှင့်၊ အလုပ်ကို ကြည့်ရပေလိမ့်မည်။
အခြားသူများ၏ ကောက်ချက်ချမှုကြောင့် သူ၏ စဉ်းစားဆင်ခြင်နိုင်စွမ်းကား ဝေဝါးသွား၍ မဖြစ်ပေ။
ထိုက်ယီသည် ကမ္ဘာဦးအစ တာအိုသိုင်းပညာရှင် ဟုတ်သည်ဖြစ်စေ၊ မဟုတ်သည်ဖြစ်စေ ... အတိတ်တုန်းက သူ၏လုပ်ရပ်တို့က ဤစကြ၀ဠာအတွက် အကျိုးရှိခဲ့သည်။ လောကသစ်ပင်ကို ခုတ်၍ ယခစကြ၀ဠာမှ တာအိုသိုင်းပညာရှင်များ ကျူးကျော်မလာနိုင်အောင် တားဆီးပေးခဲ့ခြင်းက ကောင်းမွန်သောလုပ်ရပ်သာ ဖြစ်သည်။
ထိုက်ယီသည် အနက်ရောင်တောင်တန်းများကိုလည်း ပြုပြင်ပေးပြီး ချင်မူ လောကသစ်ပင်အား စိုက်ပျိုးနိုင်အောင်လည်း ကူညီခဲ့၏။ ထာဝရငြိမ်းချမ်းရေးအင်ပါယာသားများ ဘိုးဘေးနန်းတော်နှင့် အနက်ရောင်တောင်တန်းတွင် အခြေချနိုင်ရန်လည်း ကူညီပေးခဲ့သည်။ ၎င်းကလည်း ကောင်းမွန်သော လုပ်ရပ်ပင်။
ထိုလုပ်ရပ်များသည် ဤလောကအပေါ် ထားသော သူ၏စေတနာ ဖြစ်၏။
ချင်မူ မျက်ခုံးနှစ်ဖက်ကြားတွင် တတိယမျက်လုံးကို ဖွင့်နိုင်ခဲ့ပြီး ခန္ဓာကိုယ်ထဲ၌ လောကသစ်ပင်ကို စိုက်ပျိုးနိုင်ခဲ့ခြင်းမှာလည်း သူ့ကြောင့် ဖြစ်သည်။
ယင်းက ချင်မူ့အပေါ် ထားရှိခဲ့သော သူ၏ စေတနာ ဖြစ်၏။
သူ၏စေတနာနှင့် အတိတ်တုန်းက လုပ်ရပ်များအတွက် ကျေးဇူးပြန်ဆပ်သည့်အနေဖြင့် ချင်မူသည် သူ၏သရုပ်မှန်ကို ဂရုမစိုက်ဘဲ မြေပုံအတိုင်း သွားရောက်ကယ်တင်ရလိမ့်မည်။
ထိုက်ယီကို ကယ်တင်ပြီးမှ သူ၏ အပြောနှင့် အလုပ်ကို ဆက်လက်စောင့်ကြည့်ကာ ဆက်ဆံရပေလိမ့်မည်။
“သူ့လုပ်ရပ်တွေက ငါ့ရဲ့ ခံယူချက်တွေနဲ့ ပဋိပက္ခမဖြစ်ဘဲ တူညီတဲ့ ရည်မှန်းချက် ရှိနေသေးတယ်ဆိုရင် သူနဲ့ ငါ တာအိုမိတ်ဆွေတွေ ဖြစ်နိုင်သေးတယ်”
ချင်မူက တည်ငြိမ်းအေးဆေးစွာ ပြုံးလိုက်ပြီး အနာဂတ်တွင် ဖြစ်လာမည့် အပြောင်းအလဲတို့အား အလွယ်တကူ ရင်ဆိုင်နိုင်သည့်အလား ခံစားလိုက်ရသည်။ သူ၏နှလုံးသားသည် တည်ငြိမ်အေးဆေးနေပြီး တာအိုနှလုံးသားမှာလည်း ရှင်းလင်းပြတ်သားနေသည်။ “သူ့လုပ်ရပ်တွေက ငါ့ခံယူချက်တွေနဲ့ အတိုက်အခံ ဖြစ်လာပြီး ရည်မှန်းချက်တွေ မတူတော့ဘူးဆိုရင်တော့ ရန်သူတွေ ဖြစ်လာရလိမ့်မယ်”
သူက အသေအချာ ဂရုတစိုက်တွေးတောနေပြီး တွန့်ဆုတ်မနေပေ။ ထို့နောက် မီလော့နန်းတော်အရှင်သခင်၏ တာအိုအမှတ်အသားများကို ဆက်လက်လေ့လာနေ၏။
တာအိုအမှတ်အသားများမှာ များစွာပြောင်းလဲနေကြပြီး ၎င်းတို့ထဲတွင် ပါဝင်သည့် အချက်အလက်များမှာလည်း နှိုင်းယှဉ်၍မရနိုင်အောင် ရှုပ်ထွေးနက်နဲနေသည်။ ချင်မူသာ ဤနေရာ၌ နေ၍ တာအိုအမှတ်သားတစ်ခုထဲကိုပင် လေ့လာပါက နှစ်ထောင်ပေါင်းများစွာ ကြာသွားပေလိမ့်မည်။
“ငါ့မှာ ဖြုန်းစရာ အချိန်မရှိဘူး”
သူက အကြံတစ်ခုရသွားသဖြင့် မျက်ဝန်းများတောက်ပလာသည်။ “ငါ ဒီနေရာမှာနေပြီး ဝာာအိုအမှတ်အသားတွေရဲ့ ပြောင်းလဲမှုကို လေ့လာမယ်ဆိုရင် အရင်းအမြစ်ဖြစ်တဲ့ အနက်နဲဆုံး ကမ္ဘာဦးဖရိုဖရဲ ချီသင်္ကေတတွေကို လေ့လာတာ ပိုကောင်းလိမ့်မယ်… အဲဒီကမ္ဘာဦးဖရိုဖရဲချီသင်္ကေတတွေရဲ့ ပြောင်းလဲမှုတွေကို အသုံးချပြီး တစ်လွှာချင်း တက်သွားရင်းနဲ့ ဝာာအိုသင်္ကေတတွေကို ဖွဲ့တည်ရမယ်”
အခြေခံအကျဆုံး အပြောင်းအလဲတို့က ထိုက်ပြောင်းလဲခြင်းငါးရပ်ပင်။ အချိန်အတော်ကြာ လေ့လာပြီးနောက် မီလော့နန်းတော်အရှင်သခင်’ တာအိုအမှတ်အသားများတွင် ပါဝင်သော ထိုက်ပြောင်းလဲခြင်းငါးရပ်သည် ပြောင်းပြန်လှန်၍ရကြောင်း ခံစားလိုက်ရ၏။
ကမ္ဘာဦးအစ ဖရိုဖရဲချီမှစ၍ ထိုက်ကျိချီစွမ်းအင်အဆုံး၊ သို့မဟုတ် ထိုက်ကျချီစွမ်းအင်မှစ၍ ကမ္ဘာဦးအစ ဖရိုဖရဲချီအဆုံး.. စသဖြင့် ဆင့်ကဲပြောင်းလဲနိုင်သည်။
ချင်မူသည် သူ၏ကိုယ်ပိုင်ချီစွမ်းအင်ကို ထိုက်ကျိချီစွမ်းအင်အဖြစ် ပြောင်းလဲကြည့်၏။ ကမ္ဘာဦးဖရိုဖရဲချီစွမ်းအင်များ၏ သင်္ကေတများကို အဖြေထုတ်နိုင်ပါက ထိုက်ငါးပါး၏ ပြောင်းလဲမှုများကို ပြောင်းပြန်လှန်ကာ သူ၏ချီစွမ်းအင်ကို ကမ္ဘာဦးဖရိုဖရဲချီအဖြစ် ပြောင်းလဲနိုင်ပေမည်။
‘
'ထိုက်ငါးခုရဲ့ ပြောင်းလဲမှုတွေကို သိမြင်နားလည်ပြီး မီလော့နန်းတော်အရှင်သခင် တာအိုအမှတ်အသားတွေအတိုင်း အတိအကျ တုပကြည့်ဖို့ ကြိုးစားကြရမယ်… အဲဒါပြီးရင် ဒီသင်္ကေတထဲမှာ ပါဝင်တဲ့ ရှုပ်ထွေးနက်နဲတဲ့ အပြောင်းအလဲတွေနဲ့ အချက်အလက်တွေကို ရအောင် ယူရမယ်… အဲဒါက ဒီအတိုင်း ထိုင်နေပြီး သိမြင်နားလည်နေတာထက် အများကြီး ပိုမြန်တယ်”
ချင်မူကား သူ၏ ပါရမီနှင့် သိမြင်နားလည်နိုင်စွမ်းကို ကောင်းစွာသိပေသည်။ သူသည် တစ်လောကလုံးတွင် ဉာဏ်အကောင်းဆုံးပုဂ္ဂိုလ် မဟုတ်သည့်အပြင် သူ၏ပါရမီနှင့် သိမြင်နားလည်နိုင်စွမ်းမှာလည်း အကောင်းဆုံး မဟုတ်ချေ။
ရှုရှန်းဟွာက သူ့ထက် ပိုထက်မြတ်ပြီး ကျန်းပိုင်ကွေ့က ပို၍ဉာဏ်ကောင်းကာ လန်ယွီတျန်း၏ ပါရမီကတော့ သူ့ထက် များစွာမြင့်မား၏။
ထိုသူများနှင့် မယှဥ်နိုင်သည့်အတွက် သူ၏ဉာဏ်ပညာနှင့် သိမြင်နားလည်နိုင်စွမ်း လိုအပ်ချက်ကို ဖြည့်စွက်နိုင်ရန် ဖြတ်လမ်းရှာ၍ အတတ်နိုင်ဆုံး ကြိုးစားရပေလိမ့်မည်။
‘ထူးဆန်းလိုက်တာ…. မီလော့နန်းတော်နံရံရဲ့ တာအိုအမှတ်အသားအားလုံးနဲ့ အထဲမှာရှိတဲ့ ကမ္ဘာဦးဖရိုဖရဲချီအမှတ်အသားတွေအားလုံးက တူညီတဲ့သင်္ကေတတွေပဲ’
ချင်မူက အချိန်အတော်ကြာ လေ့လာနေပြီးနောက် သူ၏မျက်နှာအမူအရာမှာ ပိုပို၍ထူးဆန်းလာတော့သည်။ ကမ္ဘာဦးဖရိုဖရဲချီသင်္ကေတမှာ တစ်ခုသာရှိနေရာ အမှန်တကယ် ထူးဆန်းလေသည်။
လောကရှိ ကောင်းကင်နှင့်မြေကြီး မဟာတာအိုများတွင် အခြေခံသင်္ကေတ အမျိုးအစားမျိုးစုံ ရှိကြ၏။ ဥပမာအားဖြင့် လျှပ်စီးတာအိုတွင် မွေးရာပါသင်္ကေတရာပေါင်းများစွာ ရှိပြီး ကောင်းကင်ယင်တာအိုတွင်လည်း သင်္ကေတအမျိုးအစားပေါင်း ၃၂၄ ခုကျော် ရှိလေသည်။
ဓားတာအိုကဲ့သို သင်္ကေတကင်းမဲ့သော ကမ္ဘာခေတ်နှောင်းမဟာတာအိုများ ရှိသော်လည်း အခြေခံဓားသိုင်းကွက်များကို သင်္ကေတများအဖြစ် သတ်မှတ်၍ ရနိုင်၏။ ဓားလမ်းစဉ်တွင် အခြေခံသင်္ကေတ ၂၀ ရှိသည်။ ဤသည်က ဓားတာအို ဖွံဖြိုးတိုးတက်မှုသည် အထွတ်အထိပ်သို့ မရောက်ရှိသေးသော အကြောင်းအရင်းလည်း ဖြစ်သည်။
အခြေခံဓားသိုင်းကွက် ၂၀ အပြင် ၂၁ ကွက်မြောက်နှင့် ၂၂ ကွက်မြောက်တို့ ရှိနိုင်သော်လည်း မည်သူမှ မတီထွင်ရသေးပေ။
အခြေခံသင်္ကေတများများလေလေ ပြောင်းလဲမှုများများလေလေ ဖြစ်၏။ ဤသည်က လူအများသိထားသည့် အခြေခံအချက်ပင်။
သို့သော် ကမ္ဘာဦးချီသင်္ကေတကတော့ အမျိုးအစားတစ်ခုထဲသာ ရှိနေသည်။
သင်္ကေတအမျိုးအစားတစ်ခုသည် ထိုက်ယီ၊ ထိုက်ရှီ၊ ထိုက်ချူ၊ ထိုက်စု၊ ထိုက်ကျိအဖြစ် ပြောင်းလဲသွားပြီး ထိုက်ကျိမှ ကောင်းကင်နှင့် မြေကြီး၏ မဟာတာအိုအဖြစ် ဆက်လက်ဆင့်ကဲပြောင်းလဲနိုင်၏။ ကောင်းကင်နှင့်မြေကြီး၏ မဟာတာအိုက အဆုံးမရှိသော ပြောင်းလဲမှုများအဖြစ် ဆက်လက်တိုးတက်သွားနိုင်သည်။
“မီလော့နန်းတော်အရှင်သခင်ရဲ့ အသိပညာဗဟုသုတက နှိုင်းယှဉ်လို့တောင် မရနိုင်ဘူး”
ချင်မူက လေးစားအားကျစွာ သက်ပြင်းချလိုက်ပြီး ဤကမ္ဘာဦးဖရိုဖရဲချီသင်္ကေတ၏ နက်နဲဆန်းကြယ်မှုကို အနှောင့်အယှက်မရှိဘဲ အဖြေရှာနိုင်ရန် အတတ်နိုင်ဆုံးကြိုးစားနေသည်။
သူနှင့် မနီးမဝေးတွင် တာအိုသစ်သီးထဲရှိ အမျိုးသမီးက မီလော့နန်းတော်ထဲသို့ တာအိုဘာသာစကားဖြင့် စကားပြောနေပြီး မီလော့နန်းတော်အရှင်သခင်အား ဝင်ခွင့်ပေးရန် တောင်းဆိုနေသည်။
သို့သော် မီလော့နန်းတော်တံခါးဝက ဘယ်တော့မှ ပွင့်မလာခဲ့ပေ။
ရက်အနည်းငယ်ကြာပြီးနောက် တာအိုသစ်ပင်တစ်ပင်သည် ဖရိုဖရဲမြစ်ထံမှ စီးလာပြီး မီလော့နန်းတော်ဆီသို့ ရောက်ရှိလာ၏။
ချင်မူမှာ ကောင်းကင်နတ်အရှင်ဟောင်၏ အရှိန်အဝါကြောင့် နိုးထလာပြီး အဝေးသို့ လှမ်းကြည့်လိုက်သည်။ ကောင်းကင်နတ်အရှင်ဟောင်၊ ရှေးဟောင်းနတ်ဘုရားဘုရင်၊ ကောင်းကင်နတ်အရှင်ကုန်းနှင့် ကျန်သူများသည် တာအိုသစ်ပင်ပေါ်မှ ဆင်းသက်လာကြ၏။ နတ်ဧကရာဇ်လန်ရွှမ်လည်း သူတို့အထဲတွင် ပါဝင်သည်။
ကောင်းကင်နတ်အရှင်ရှောင်၏ ရှုံးနိမ့်မှုကြောင့် နတ်ဧကရာဇ်လန်ရွှမ်သည် ကောင်းကင်နတ်အရှင်ဟောင်ထံ၌ အညံ့ခံရုံမှတစ်ပါး ရွေးချယ်စရာ မရှိခဲ့သည်မှာ သိသာလှ၏။
“ကောင်းကင်နတ်အရှင်ဟောင်ရဲ့ အင်အားက ပြီးပြည့်စုံနေပြီ… ဘိုးဘေးနန်းတော် ကျောက်စိမ်းမြိုတော်က ထွက်သွားပြီးရင် သူက ဧကရာဇ်ဖြစ်လာပြီး စကြဝဠာကို အုပ်စိုးတော့မှာပဲ”
ချင်မူ့ရင်ထဲတွင် တင်းကြပ်သွားသည်။ ကောင်းကင်နတ်အရှင်ဟောင်၌ ပြိုင်ဘက် မရှိတော့ပေ။ သူက ကောင်းကင်နတ်ဧကရာဇ်ရာထူးကို ရယူရန် စိတ်ပိုင်းဖြတ်ထားသူလည်း ဖြစ်နေသည်။
‘ဒါဆိုရင် မီလော့နန်းတော်ရဲ့ ဘယ်သခင်လေးက ကောင်းကင်နတ်အရှင်ဟောင် အနောက်မှာ ရှိနေတာလဲ’
သူ ထိုသိုတွေးနေစဉ်မှာပင် ကောင်းကင်နတ်အရှင်ဟောင်က ရှေ့သို့ခြေလှမ်းလိုက်သည်ကို တွေ့လိုက်ရ၏။ သူက နတ်ကောင်းကင်ခန်းမဆီသို့ လျှောက်မသွားဘဲ ခရမ်းရောင်နတ်ဘုံခန်းမဆီသို့သာ လျှောက်သွားသည်။
“ခရမ်းရောင်ကောင်းကင်ဘုံခန်းမထဲမှာ ဘယ်သခင်လေးရှိတာလဲ” ချင်မူက မေးလိုက်၏။
တာအိုသစ်သီးထဲရှိ အမျိုးသမီးမှာ မီလော့နန်းတော်ထဲသို ဝင်ရောက်၍ မီလော့နန်းတော်အရှင်သခင်နှင့် တွေ့ဆုံခွင့်မရသောကြောင့် မှိုင်တွေကာ စိတ်ဓာတ်ကျနေ၏။ သူ့အမေးကို ကြားလျှင် သူမက ဖြေသည်။ “ခရမ်းရောင်ကောင်းကင်ဘုံခန်းမမှာ ရှိတာ သခင်လေးလေးပဲ”
“သခင်လေးလေးလား …သူက ငါ ခုနစ်စင်းမြောက် ဖရိုဖရဲမြစ်မှာ တွေ့ခဲ့ရတဲ့ သစ်ပင်အောက်က ပုဂ္ဂိုလ်ပဲ… ဒါဆို…”
ချင်မူ့မျက်နှာအမူအရာက မရေမရာ ဖြစ်နေသည်။ “ကောင်းကင်နတ်အရှင်ဟောင် ခုနစ်စင်းမြောက် ဖရိုဖရဲမြစ်ကို ဖြတ်ခဲ့တုန်းက သခင်လေးလေးနဲ့ တွေ့ခဲ့တာလား… သခင်လေးလေးရဲ့ ကာကွယ်သင်ကြားပေးမှုကြောင့် ကောင်းကင်နတ်အရှင်ရှောင်ကို အနိုင်ရခဲ့တာလား… ဒါမှမဟုတ် ဟိုးအရင်ကတည်းက ပူးပေါင်းထားခဲ့ကြတာလား”