← Chapters

ရွှေသင်္ဘော

Vol. 117 Ch. 1529

ရွှေသင်္ဘော

Vol. 117 Ch. 1529

ကောင်းကင်နတ်အရှင်ဟောင်က ခရမ်းရောင်နတ်ဘုံခန်းမထဲသို့ ဝင်ရောက်သွားသော်လည်း အခြားကောင်းကင်နတ်အရှင်များကတော့ မဝင်သွားကြပေ။ ကောင်းကင်နတ်အရှင်ဟွေ့၊ ရှေးဟောင်းနတ်ဘုရားဘုရင်၊ ကောင်းကင်နတ်အရှင်ကုန်းနှင့် ‌ကောင်းကင်နတ်အရှင်ရှုတို့အားလုံး ပြန်လည်နုပျို၍ ယခင်ရုပ်ရည်အသွင်အပြင်များအတိုင်း ရှိနေကြသည်။ နတ်ဧကရာဇ်လန်ရွှမ် တစ်ယောက်တည်းသာ အိုမင်းနေသေး၏။

သူသည် ကောင်းကင်နတ်အရှင်ဟောင်နှင့် နောက်ဆုံးမှ ပူးပေါင်းသည့်အပြင် ကောင်းကင်နတ်အရှင်ဟောင်၏ ဖအေတူမအေကွဲ အစ်ကိုတော်လည်း ဖြစ်သည်။ ပြစ်ဒဏ်အနေဖြင့် ကောင်းကင်နတ်အရှင်ဟောင်က သူ၏သက်တမ်းကို ပြန်လည်မနုပျိုစေခဲ့ပေ။

‘ဖရိုဖရဲမြစ်ထဲက မဟာပျက်စီးခြင်းကပ်ဘေးကြီးရဲ့ တိုက်စားမှုကို ခုခံနိုင်တဲ့ နည်းလမ်းတစ်ခု ဒါမှမဟုတ် ရတနာတစ်ခု ကောင်းကင်နတ်အရှင်ဟောင်မှာ ရှိနေတာပဲ… သခင်လေးလေးကများ ပေးခဲ့တာလား… ကောင်းကင်နတ်အရှင်ရှောင် ရှုံးသွားတာ အံ့သြစရာတော့ မရှိဘူး….သခင်လေးလေးက သူ့အရင်းအမြစ်တွေအားလုံးကို ကောင်းကင်နတ်အရှင်ဟောင်‌ဆီမှာ ရင်းနှီးမြှုပ်နှံထားတာပဲဟာ’

ချင်မူ့မျက်လုံးများက ဖျတ်ခနဲ တောက်ပသွားသည်။ ထိုက်စုရှိနေသည့်အတွက် နတ်ဧကရာဇ်လန်ရွှမ်သည် ကောင်းကင်နတ်အရှင်ဟောင်၏ လက်အောက်မှ လုံးဝ လွတ်မြောက်လိမ့်မည်မဟုတ်ပေ။

ကျောက်စိမ်းမြို့တော်တိုက်ပွဲတွင် ကောင်းကင်နတ်အရှင်ဟောင်၏ အင်အားစုက အပြည့်အဝ အနိုင်ရရှိခဲ့ပြီး ကောင်းကင်နတ်အရှင်ရှောင်၏ အင်အားစုကတော့ မရှုမလှ ရှုံးနိမ့်ခဲ့ရသည်။

လန်ရွှမ်အပြင် နတ်အရှင်မယန်နှင့် ရှစ်ချီလော်မှာ ထိုက်ကျိရှေးဟောင်းနတ်ဘုရားနှစ်ပါး၏ ဖမ်းဆီးခြင်း ခံခဲ့ရသည်။ ရှေးဟောင်းနတ်ဘုရားနှစ်ပါးက သူမတို့နှစ်ဦးအား စမ်းသပ်မှုများ ပြုလုပ်၍ ပေါင်းစည်းရန် ကြိုးစားကြလိမ့်မည်။

ကောင်းကင်နတ်အရှင်ရှောင်ကမူ ကောင်းကင်နတ်ဧကရာဇ်ထိုက်ချူ မဟုတ်ပါလော။ သူသည် မာနကြီး၍ မောက်မာလေရာ အညံ့ခံမည်မဟုတ်ပေ။ သူ့အား စိတ်ဒုက္ခရောက်အောင် လုပ်ပြီးမှသာလျှင် အညံ့ခံနိုင်သည်။ ထို့ကြောင့် မီလော့နန်းတော်၏ သခင်လေးသုံးသည် ကောင်းကင်နတ်အရှင်ရှောင်အား မည်သည့်ရတနာမှ မပေးခဲ့သလို မည်သည့်ထောက်ပံ့မှုမှလည်း မလုပ်ခဲ့ချေ။

မီလော့နန်းတော်၏ သခင်လေးသုံးသည် ကောင်းကင်နတ်အရှင်ရှောင် ရှုံးနိမ့်၍ မည်သည့်အရာမှ မရှိတော့သည့်အချိန်အထိ စောင့်စားပြီးနောက်မှ နတ်ကောင်းကင်ခန်းမထဲသို့ ခေါ်သွားခဲ့သည်။

မီလော့နန်းတော်သခင်လေးနှစ်ဦး၏ ကိစ္စများအပေါ် ကိုင်တွယ်ပုံမှာ တစ်ယောက်နှင့်တစ်ယောက် မတူညီကြပေ။ ၎င်းတို့က သူတို့၏ အကျင့်စရိုက်များ ဖြစ်နိုင်၏။ သခင်လေး,လေးက တွေးမိသည်နှင့် ချက်ချင်း ဆောင်ရွက်တတ်ပြီး တိကျပြတ်သားသည်။ သခင်လေးသုံးကတော့ မလှုပ်ရှားခင် အကွေ့စေ့အောင် စီစဉ်ကာ အေးဆေးတည်ငြိမ်သည်။

“ငါ ထွက်ခွာရမယ့်အချိန်ပဲ’

ချင်မူ့အကြည့်က ဟွေ့၊ ကုန်း၊ ရှု၊ ရှေးဟောင်းနတ်ဘုရားဘုရင်နှင့် အခြားကောင်းကင်နတ်အရှင်များထံ ကျရောက်သွားသည့်အခါ သူတို့ကလည်း သူ့အကြည့်ကို ခံစားမိသဖြင့် လှည့်ကြည့်လာကြသည်။

ခွန်အား ပြန်လည်မပြည့်ဝလာသေးသော နတ်ဧကရာဇ်လန်ရွှမ်မှလွဲ၍ အခြားကောင်းကင်နတ်အရှင်များ၏ စွမ်းဆောင်ရည်များသည် ဘိုးဘေးနန်းတော် ကျောက်စိမ်းမြို့တော်သို့ ဝင်ရောက်ခဲ့သည့်အချိန်ထက် များစွာမြင့််မားနေကြချေပြီ။ ဤနေရာ၌ ဆက်နေပါက ချင်မူ သေချာပေါက် အသတ်ခံရပေလိမ့်မည်။

ချင်မူက တာအိုသစ်သီးထဲရှိ အမျိုးသမီးအား အပြုံးဖြင့် လှမ်းကြည့်ကာ မေးလိုက်သည်။ “တစ်လမ်းလုံး ကျွန်တော့်ကို စောင့်ရှောက်လာပေးခဲ့တဲ့အတွက် ကျေးဇူးတင်ပါတယ်… ကျွန်တော်တို့ ထွက်မသွားခင် အစ်မတော်ရဲ့ နာမည်ကို သိခွင့်ရှိမလား”

တာအိုသစ်သီးထဲရှိ အမျိုးသမီးမှာ တုံးအသည်ဟု အပြောခံထားရသည့်အတွက် သူ့အပေါ် မကျေမနပ် ဖြစ်နေသေးသည်။ သို့သော် ချင်မူက နှစ်ကြိမ်တိုင်တိုင် မေးမြန်းနေခဲ့သည့်အတွက် မဖြေဆို၍မကောင်းပေ။ ထို့ကြောင့် စိတ်မပါလက်မပါဖြင့် ဖြေလိုက်သည်။ “ငါ့နာမည်က နန့်ရှန်း … အရင်စကြ၀ဠာမှာ ငါ့ကို ယွမ်ကျွမ်းသခင်မ နန့်ရှန်းလို့ ခေါ်ကြတယ်”

ချင်မူက အသာအယာ ခေါင်းညိတ်ပြီးနောက် တည်ကြည်လေးနက်စွာဖြင့် သူ့ကိုယ်သူ မိတ်ဆက်လိုက်သည်။ “ကျွန်တော်ကတော့ ချင်မူပါ… တချို့က ကျွန်တော့်ကို ဂိုဏ်းသခင်ချင်လို့ ခေါ်ကြတယ်… တခြားသူတွေကတော့ ကောင်းကင်နတ်အရှင်မူ၊ ထာဝရငြိမ်းချမ်းရေးအင်ပါယာ ဧကရာဇ်အတိုင်ပင်ခံချင် လို့ခေါ်ကြတယ်... ဖျက်စီးရေးသမားချင်၊ ချင်သားရဲကြီး၊ ခွေးသူတောင်းစားချင် စသဖြင့်လည်း အမျိုးမျိုး ခေါ်ကြတယ်… အဲ့ဒါတွေကတော့ သက်သက်နာမည်ဖျက်ကြတာပါ”

တာအိုသစ်သီးထဲရှိ အမျိုးသမီးက ခပ်မဲ့မဲ့ ပြုံးလိုက်သည်။

ချင်မူ လှမ်းကြည့်လိုက်သည့်အခါ ကောင်းကင်နတ်အရှင်ဟွေ့၊ ကောင်းကင်နတ်အရှင်ရှုနှင့် ကျန်သူများ အုပ်လိုက်ကြီးလျှောက်လာနေကြကြောင်း တွေ့လိုက်ရသည်။ ရှေးဟောင်းနတ်ဘုရားဘုရင်နှင့် ကောင်းကင်နတ်အရှင်ကုန်းက လမ်းတလျှောက် ကောင်းကင်နတ်သိုင်းများကို အသက်သွင်းနေသည်။

သူတို့သည် သူ့ကို ရှာတွေ့သွားကြသဖြင့် သူ ထွက်မပြေးနိုင်အောင် ဤနေရာ၌ ဝိုင်းဝန်းတိုက်ခိုက်ရန် ကြံစည်ထားကြချေပြီ။

ချင်မူ မီလော့နန်းတော်အပြင် ထွက်လိုက်ရင်း မေးလိုက်ပြန်သည်။ “မမကြီးနန့်ရှန်း … မမကြီးက ဘာလို့အမြဲ ကိုယ်လုံးတီးကြီး ဖြစ်နေတာလဲ … ကိုယ်လုံးတီး နေတာက မမကြီးတို့ အရင်စကြ၀ဠာရဲ့ ရိုးရာလား”

တာအိုသစ်သီးထဲရှိ အမျိုးသမီးမှာ ရှက်သွေးဖြာသွားပြီး ဒေါသတကြီး ဖြေသည်။ “မဟာပျက်စီးခြင်းကပ်ဘေးကြီးကနေ ငါ အသက်ရှင်လျက် ထွက်နိုင်ခဲ့တာကတောင် အောင်မြင်မှုကြီးတစ်ခု ဖြစ်နေပြီ… အဝတ်ကို စိုးရိမ်နေဖို့တောင် အချိန်မရဘူး…. ကပ်ဘေးကြီးထဲမှာ ရုန်းကန်နေရသေးတဲ့ တာအိုသိုင်းပညာရှင်တွေ ဘယ်လောက်တောင်များ ရှိလိုက်သလဲ… အမှန်ပြောရရင် ငါက မီလော့နန်းတော်ရဲ့ ခန်းမ ၇၂ ခုထဲက ခန်းမအရှင်သခင်တစ်ယောက်ပဲ… သခင်လေးမူ၊ ငါ့ကို အထင်မသေးနဲ့’’

ချင်မူက ကောင်းကင်နတ်အရှင်ဟွေ့နှင့် ကောင်းကင်နတ်အရှင်ရှုတို့၏ လှုပ်ရှားမှုများကို အကဲခတ်ရင်း ခပ်သွက်သွက် လျှောက်နေသည်။ သူက ပြုံးလျက် တုံ့ပြန်သည်။ “ဆိုတော့ မမကြီးရဲ့ သိုင်းအခြေခံ ကုန်ဆုံးသွားလို့ ခန္ဓာကိုယ်အပေါ် ဖုံးဖို့တောင် အဝတ် မဖန်ဆင်းနိုင်တော့တာပေါ့…. မမကြီးတို့ရိုးရာက သိပ်ပွင့်လင်းတာပဲ‌လို့ ကျွန်တော်က ထင်နေတာ… ကျွန်တော်တို့နှစ်ယောက် မကြာခင် လမ်းခွဲရတော့မယ်… ရှားရှားပါးပါး တွေ့ရတာဆိုတော့ ကျွန်တော် အဝတ်တစ်ထည် ပေးခဲ့မယ်”

ထိုသို့ပြောပြီး သူက သူ၏ဝတ်ရုံကို ချွတ်ကာ တာအိုသစ်သီးအပေါက်ဝမှ ပေးလိုက်ပြီး နန့်ရှန်းအား ဝတ်စေသည်။

နန့်ရှန်း ဝတ်ကြည့်လိုက်သည့်အချိန်တွင် ဝတ်ရုံမှာ ကြီးလွန်းနေသဖြင့် ဝတ်ရုံလက်မှ သူမ၏လက်ချောင်းကလေးများမှာ ထွက်ရုံလေးသာ ထွက်နေ၏။ သူမ ငုံ့ကြည့်လိုက်သည့်အချိန်တွင် ခြေချောင်းထိပ်ကလေးများကိုသာ မြင်ရလေသည်။

“အတွင်းခံလည်း မပါဘူး” သူမက ရင်ဘတ်ကို စမ်းရင်း ညည်းညူသည်။

“ကျွန်တော့်မှာ မရှိဘူးလေဗျာ”

ချင်မူက ရှက်နေသော မျက်နှာအမူအရာဖြင့် ခပ်သွက်သွက် လျှောက်နေသည်။ “အဲဒီဟာကို တစ်ခါမှတောင် မ၀တ်ဖူးဘူး…. မိန်းကလေးအတွင်းခံလည်း မရှိဘူး… မမကြီးနန့်ရှန်း ကျွန်တော့်ကို လိုက်မပို့ပါနဲ့တော့… ဒီနေရာမှာပဲ နှုတ်ဆက်ကြတာပေါ့”

နန့်ရှန်း၏ တာအိုသစ်သီးက ရပ်တန့်သွားပြီး သူမ၏လက်နှစ်ဖက်လုံးသည် အင်္ကျီကို ရင်ဘတ်ရှေ့တွင် စုကိုင်ထားသည်။ သူမက အော်မေးလိုက်၏။ “သခင်လေးမူ၊ နင့်မှာ မီလော့နန်းတော်ရဲ့ သခင်လေးတွေနဲ့ တိုက်ခိုက်ဖို့ ဘာရှိထားပြီလဲ… နင့်ရဲ့ သိုင်းအဆင့်က သူတို့အောက် အားနည်းသလို စွမ်းအားကလည်း သူတို့လောက် မမြင့်မားဘူး … သူတို့က နင့်ထက်အရင် နှစ်ကုဋေပေါင်းများစွာ စောပြီး ကြိုတင်ကြံစည်ထားခဲ့ကြတာ… အကုန်လုံး အရေးသာနေကြတယ် … ဘာလို့ ဒုက္ခရှာနေရတာလဲ”

“သူတို့မှာလည်း အားသာချက်တွေရှိသလို ကျွန်တော့်မှာလည်း အားသာချက်တွေ ရှိပါတယ်”

ချင်မူက သူမကို ပြန်လှည့်ကြည့်၍ ပြုံးပြသည်။ “အရာဝင်ချင်တဲ့ ပုဂ္ဂိုလ်တွေက သူတို့ရဲ့ဘဝတွေနဲ့ သူတို့ရဲ့ အကြံအစည်တွေကိုပဲ ဂရုစိုက်ကြတာ… ကိုယ်ပိုင်အင်အားစုတွေ ပျိုးထောင်ပြီး စစ်မြေပြင်မှာ ကိုယ်တိုင် ၀င်မတိုက်ကြဘူး…. ဒါပေမဲ့ ကျွန်တော်ကတော့ သေလူပဲလေ… သူတို့ရှုံးနိမ့်သွားရင် သူတို့ရဲ့အင်အားစုတွေကိုပဲ ဆုံးရှုံးရမှာ…သူတို့ ဆက်အသက်ရှင်နေဦးမှာပဲ.. ကျွန်တော်ကတော့ ရှုံးတာနဲ့ သေရလိမ့်မယ်… ဒါကြောင့်မို့လို့ လွတ်လမ်းမရှိတာက ကျွန်တော့်ရဲ့ အားသာချက်ပဲ…. ဘယ်လိုမှ မလွတ်နိုင်တော့ ခွန်အားအပြည့်နဲ့ အသက်စွန့်ပြီး တိုက်ခိုက်ရတာပေါ့”

သူက လက်ပြပြီးနောက် အဝေးသို့ ထွက်ပြေးကာ ပျောက်ကွယ်သွားတော့သည်။

နန့်ရှန်း လှမ်းကြည့်လိုက်သည့်အခါ သူပြေးနေသည့် ဦးတည်ရာမှာ မီလော့ရွှေသင်္ဘောကြီး ဖြစ်နေကြောင်း သတိထားမိလိုက်သည်။

နန့်ရှန်း၏ မျက်လုံးများက နက်မှောင်သွားပြီး သူမမှာ စိုးရိမ်ပူပန်သွားသဖြင့် ခပ်မာမာ အော်ဟစ်လိုက်သည်။ “နင် ဘာလုပ်နေတာလဲ… အခုချက်ချင်း ရပ်လိုက်စမ်း…. အဲဒါက မီလော့နန်းတော်အရှင်သခင်ရဲ့ ရွှေသင်္ဘောပဲ…နင် မောင်းနှင်ရမယ့် အရာမဟုတ်ဘူး”

“သူ သိမ်းထားလည်း အသုံးဝင်တာမှ မဟုတ်တာ… ကျွန်တော့်ကို ပေးလိုက်ရင် အကျိုးရှိရှိ အသုံးချလို့ရတယ်”

ချင်မူက ဆက်ပြေးနေပြီး သူ၏အသံက ကြည်လင်ပြတ်သားစွာဖြင့် အဝေးမှ ထွက်ပေါ်လာသည်။ “ကျွန်တော် အသုံးချလိုက်လို့လည်း ဘာမှ အန္တရာယ်မရှိပါဘူး’’

နန့်ရှန်းမှာ ဒေါသူပုန်ထနေပြီး တာအိုသစ်သီးက သူ့ကို လိုက်မှီလာသည်။ ရုတ်တရက် ကောင်းကင်နတ်အရှင်ဟွေ့နှင့် ကောင်းကင်နတ်အရှင်ရှုတို့သည် ချင်မူ့ကို တားရန် ပြေးလာနေကြကြောင်း သူမ တွေ့လိုက်ရ၏။ ထိုအချိန်မှ သူမက ရပ်လိုက်သည်။ ‘ဒီကောင်းကင်နတ်အရှင်နှစ်ပါးရဲ့ အစွမ်းတွေက အထွတ်အထိပ်ကို ပြန်ရောက်နေပြီ… နင် ဘယ်လိုထွက်ပြေးနိုင်မလဲ ကြည့်ရသေးတာပေါ့’

သူမ ထိုသို့တွေးနေစဉ် ချင်မူသည် မာန်အပြည့်ဖြင့် ဟိန်းဟောက်ရင်း လျှပ်စီးအလား ပြေးလွှားနေသည်ကို တွေ့လိုက်ရ၏။ သူက ချီးစွမ်းအင်ကို အသက်သွင်း၍ ခြေလှမ်းကျဲကြီးများဖြင့် ပြေးလွှားနေရင်း ရုတ်တရက် ရှေ့သို့ လက်ညှိုးထိုးလိုက်သည်။

ကောင်းကင်နတ်အရှင်ဟွေ့နှင့် ကောင်းကင်နတ်အရှင်ရှုတို့ကလည်း တစ်ချိန်တည်း ရောက်ရှိလာကြပြီး သူ့အရှေ့၌ ပိတ်ရပ်လိုက်ကြသည်။

“နတ်ဧကရာဇ်လန်ရွှမ်ရဲ့ နတ်ဘုရားလက်ချောင်းလား”

ကောင်းကင်နတ်အရှင်ဟွေ့နှင့် ကောင်းကင်နတ်အရှင်ရှုမှာ အနည်းငယ် ကြောင်သွားသော်လည်း အကြီးအကျယ် မျက်နှာပျက်သွားကြသည်။ ချင်မူ့ လက်ချောင်းသည် လန်ရွှမ်၏ နတ်ဘုရားလက်ချောင်းနှင့် အတော်လေးဆင်တူသော်လည်း လက်ချောင်းထိပ်မှ ပျံထွက်လာသည့် တာအိုအမှတ်အသားများက နှိုင်းယှဉ်မရနိုင်အောင် ရှုပ်ထွေးနက်နဲပြီး ခမ်းနားနေ၏။

လက်ချောင်း၏ စွမ်းအား သူတို့ထံ မရောက်ခင် အလွန်များပြားသော ခရမ်းရောင်ကမ္ဘာဦးအစ ချီများသည် သူတို့၏ပတ်ပတ်လည်၌ လှည့်ပတ်လွင့်မျောလာကြောင်း တွေ့လိုက်ရသည်။ တာအိုအသံများက တုန်ခါလျက် ပဲ့တင်ထပ်နေပြီး ထိတ်လန့်တုန်လှုပ်ဖွယ် အရှိန်အဝါများကို ထုတ်လွှတ်နေချေသည်။

သူတို့၏မျက်နှာအမူအရာများ ပြောင်းလဲသွားကြပြီး ကောင်းကင်နတ်အရှင်ဟွေ့က ချက်ချင်း နောက်ဆုတ်လိုက်သည်။ ‘ကောင်းကင်နတ်အရှင်ရှု ဒီတိုက်ကွက်ကို ခုခံလိုက်သရွေ့ ငါ ဒီခွေးကောင်ကို သတ်နိုင်တယ်…’

သူနောက်ဆုတ်လိုက်သည့်အချိန်တွင် ကောင်းကင်နတ်အရှင်ရှုကပါ တစ်ပြိုင်တည်း နောက်ဆုတ်လိုက်ပြီး ချင်မူ့တိုက်ကွက်ကို ရှောင်တိမ်းလိုက်၏။

ကောင်းကင်နတ်အရှင်ဟွေ့မှာ မှင်သက်သွား၏။ သူတို့နှစ်ယောက်မှာ ဘယ်ညာ လမ်းကွဲသွားကြချေပြီ။

ဝှစ်…

ချင်မူ့ နတ်ဘုရားလက်ချောင်း၏ စွမ်းအားက သူတို့ကို ဖြတ်ကာ ကောင်းကင်သို့ ထိုးတက်သွားသည်။ ၎င်းဖြတ်သန်းသွားသည့် နေရာဟင်းလင်းပြင်များမှာ ပုံပျက်ကုန်ပြီး လည်ကုန်ကြသည်။

ဝုန်း…

သူတို့အနောက်ရှိ ဖရိုဖရဲမြစ်တွင် လှိုင်းဂယက်များ ထလာကြသည်။ ဖရိုဖရဲချီများ တဝီဝီမြည်လျက် လှည့်ပတ်နေပြီးနောက် လမ်းကြောင်းတစ်ခု ပေါ်လာ၏။

ချင်မူက ပျံသန်းနေသည့်အလား ခြေလှမ်းကျဲကြီးများဖြင့် သူတို့အား ဖြတ်ကျော်၍ ထွက်ခွာသွားတော့သည်။

ကောင်းကင်နတ်အရှင်ရှုနှင့် ကောင်းကင်နတ်အရှင်ဟွေ့က တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ကြပြီး နောက်ဆုတ်နေရာမှ ချင်မူ့နောက်သို့ ချက်ချင်း ပြေးလိုက်သွားကြသည်။

ထိုအခိုက်အတန့်တွင် ချင်မူ့ပုံရိပ်ကား ဖရိုဖရဲမြစ်ကမ်းဘေးသို့ ရောက်ရှိသွားချေပြီ။ မြစ်ဘေးတွင် ဆိပ်ကမ်းတစ်ခု ဆောက်ထားပြီး ဧရာမရွှေသင်္ဘောကြီးတစ်စင်းကို ချည်နှောင်ထားသည်။

သူ၏ပုံရိပ်က ကောင်းကင်ထက်သို့ ခုန်တက်ကာ သင်္ဘောအပေါ် ဆင်းသက်လိုက်၏။

တာအိုသစ်သီးထဲရှိ နန့်ရှန်းမှာ ဒေါသထွက်လွန်းသဖြင့် မျက်လုံးများပင် ပေါက်ထွက်လာတော့မည့်အလား ပြူးကျယ်နေတော့သည်။ သူမက ဘီလူးသရဲစီးနေသကဲ့သို့ ရှေ့သို့ ပြေးသွားပြီး ဒေါသတကြီး အော်ဟစ်နေ၏။ “သခင်လေးမူ၊ နင်ကများ ရွှေသင်္ဘောကို ရာရာစစ .... မီလော့နန်းတော်အရှင်သခင်က သွားခွင့်ပေးမှာ မဟုတ်ဘူး”

သူမတွင် ကျင့်စဉ်စွမ်းအင် များများစားစား မကျန်တော့သဖြင့် သူမ၏ အမြန်နှုန်းမှာ ထိုမျှမမြန်ပေ။ ကောင်းကင်နတ်အရှင်ဟွေ့နှင့် ကောင်းကင်နတ်အရှင်ရှုတို့က သူမထက် ပို၍မြန်ဆန်ကြသည်။ အခြားတစ်ဖက်တွင် ကောင်းကင်နတ်အရှင်ကုန်းနှင့် ရှေးဟောင်းနတ်ဘုရားဘုရင်တို့ကလည်း ရွှေသင်္ဘောဆီသို့ အရှိန်မြှင့်ကာ ပြေးလာနေကြချေပြီ။

အိုမင်းနေသည့် နတ်ဧကရာဇ်လန်ရွှန်ပင်လျှင် သူ၏သစ္စာရှိမှုကို ပြသရန် ရွှေသင်္ဘောဆီသို့ တုန့်နှေးချည့်နှဲ့စွာ လာနေ၏။

ရွှေသင်္ဘောပေါ်တွင် ချင်မူမှာ ဟိုဟိုသည်သည် ကြည့်လိုက်ရာ သင်္ဘောသည် နေရာတိုင်းနီးပါး၌ ပျက်စီးနေကြောင်း မြင်လိုက်ရသည်။ မဟာပျက်စီးခြင်းကပ်ဘေးကြီး၏ တိုက်စားမှုကြောင့် အပေါက်ကြီးများ ပြည့်နှက်နေပြီး မပျက်စီးသေးသည့် နေရာများမှာလည်း သံချေးများ တက်နေကြ၏။

သင်္ဘော အသုံးပြုသည့် မဟာတာအိုမှာ သူ တစ်ခါမှ မမြင်ဖူးမကြားဖူးသော အရာပင်။ မဟာပျက်စီးခြင်းကပ်ဘေးကြီးကို တွေ့ကြုံပြီးခဲ့သည့်တိုင် သင်္ဘောအတွင်းပိုင်းသည် မြင့်မြတ်တည်ကြည်၍ လေးနက်သော မဟာတာအိုအရှိန်အဝါတို့ဖြင့် ပြည့်နှက်နေသေးသည်။

ဤသင်္ဘောသည် စကြ၀ဠာကြီးအတွင်းရှိ အသက်ရှင်ကျန်ရစ်ခဲ့သူများအား သယ်ဆောင်ကာ မဟာပျက်စီးခြင်းကပ်ဘေးကြီးမှ လွတ်မြောက်နိုင်ရန် ရည်ရွယ်ချက်ဖြင့် မီလော့နန်းတော်အရှင်သခင် တည်ဆောက်ထားခြင်း ဖြစ်၏။ သို့သော် ထိုအစီအစဉ်မှာ မအောင်မြင်ခဲ့ဘဲ သူတစ်ယောက်တည်းသာ အသက်ရှင်ခဲ့လေသည်။

သူ့မှာ ပူဆွေးသောကတို့ကြောင့် သင်္ဘောကို ပစ်ထားခဲ့ပြီး ဘယ်တော့မှ အသုံးမပြုခဲ့ပေ။ ထိုအချိန်မှစ၍ ဤသင်္ဘောသည် ဖရိုဖရဲမြစ်ထဲတွင်သာ တည်ရှိနေခဲ့၏။ သို့သော် နှစ်ပေါင်းများစွာ ကြာပြီးသည့်တိုင်အောင် ရွှေသင်္ဘောကြီးကား မဟာပျက်စီးခြင်းကပ်ဘေးကြီး၏ ဖျက်ဆီးခြင်း မခံရသေးပေ။ ၎င်းက ဤသင်္ဘော မည်မျှစွမ်းအားကြီးမားသည်ကို ပြသနေ၏။

ချင်မူ့ မျက်လုံးသုံးလုံးစလုံး တဖျတ်ဖျတ် လင်းလက်တောက်ပနေကြသည်။ ရွှေသင်္ဘောကြီးက အလွန်တရာ ကြီးမားကျယ်ပြန့်၏။ သူ့မှာ ၎င်း၏အထဲတွင် ပုရွက်စိတ်လေးပမာ အင်မတန် သေးငယ်နေသည်။

သို့သော် ဤသင်္ဘောမှာ အပျက်အစီးများဖြင့် ပြည့်နှက်နေလေရာ အသက်သွင်း၍ ရပါသေးရဲ့လော။

လောကများကို ဖြတ်သန်းနိုင်သည့် ရွှေသင်္ဘောကြီးကား အသက်သွင်းနိုင်ဖို့က ပြဿနာပင်။

“သင်္ဘောမှာ ဝိညာဉ်ရှိတယ်… ဝိညာဉ်၊ မင်းဟာ လောကတွေကို ဖြတ်သန်းပြီး သတ္တဝါတွေကို ကယ်တင်ပေးဖို့အတွက် ဖန်ဆင်းခံခဲ့ရတာ … ဒါပေမဲ့ မင်းလည်း ဒီနှစ်တွေအတွင်း မဟာပျက်စီးခြင်းကပ်ဘေးကြီးထဲမှာ နစ်မြုပ်နေပြီး ဘယ်လောကကိုမှ မဖြတ်သန်းရသေးသလို ဘယ်သူ့ကိုမှလည်း မကယ်ရသေးဘူး… ငါသာ မင်း ဆိုရင် အတော်လေး အရှက်ရမိမှာပဲ”

ချင်မူက သက်ပြင်းရှည်ကြီး ချလိုက်သည်။ အောက်တွင် ကောင်းကင်နတ်အရှင်လေးပါးသည် ဆိပ်ကမ်းသို့ ပြေးလာနေကြချေပြီ။ ကောင်းကင်နတ်အရှင်ဟွေ့က ပထမဦးဆုံး ရောက်ရှိသူဖြစ်ပြီး သူ၏ တာအိုမီးတောက်များက တဟုန်းဟုန်း တောက်လောင်နေကြသည်။ သူ လက်ဖဝါးတစ်ချက် ဆန့်တန်းလိုက်သည့်အခါ တာအိုမီးတောက် ကောင်းကင်နတ်သိုင်း ၂၈ လွှာက အချင်းချင်း ထပ်သွားပြီး သူ၏လက်ဖဝါးသည် ၎င်းအလွှာများအောက်မှ ထိုးထွက်လာကာ နေရာဟင်းလင်းပြင်ကို အရည်ပျော်သွားစေသည်။

ချင်မူက သူတို့ကို မသိချင်ယောင်ဆောင်၍ ရွှေသင်္ဘောအား ဦးညွှတ်အရိုအသေပေးလိုက်သည်။ “မင်း ဒီနေရာမှာပဲ ရပ်တန့်ပြီး နေတော့မှာလား... မင်းရဲ့ပါရမီတွေအကုန်လုံး ပစ်ထားတော့မှာလား... မြစ်ထဲမှာပဲ တစ်သက်လုံး မျောနေချင်တာလား …. ဒါမှမဟုတ် ငါနဲ့အတူ လူ့ပြည် လိုက်ခဲ့ပြီး ပန်းပဲပညာရဲ့ တဟုန်းဟုန်း တောက်လောင်နေတဲ့ မီးတွေနဲ့ သံတူတွေကို တွေ့ကြုံခံစားကြည့်ချင်လား… မင်းသာ ဆန္ဒရှိရင် ငါ မင်းကို ခေါ်သွားပေးနိုင်တယ်”

သူ့စကားဆုံးသည်နှင့် ပျက်စီးနေသော သင်္ဘောကြီးသည် ရုတ်တရက် ပြင်းထန်စွာ တုန်ခါလာ၏။ လှိုင်းဂယက်များက သင်္ဘောအတွင်းပိုင်းထဲမှ ဖြာထွက်လာကြပြီး မဟာတာအိုအလင်းတို့က ရွှေသင်္ဘောထဲမှ ကောင်းကင်ပေါ်သို့ မြင့်တက်သွားကြသည်။ ကောင်းကင်နတ်အရှင်ဟွေ့၏ လက်ဖဝါးသည် အလင်းတန်းများနှင့် ဝုန်းခနဲ ထိတွေ့သွားပြီး သူ၏မျက်နှာ သိသိသာသာ ပျက်ယွင်းသွား၏။

သူ၏လက်ချောင်းငါးချောင်း တစ်ချောင်းပြီးတစ်ချောင်း ကျိုးသွားသည့်အသံကို ကြားလိုက်ရသည်။

သူ၏ကောင်းကင်နတ်သိုင်းမှာ ဤသင်္ဘောကြီးနှင့် လုံးဝမရင်ဆိုင်နိုင်ပေ။ သင်္ဘောကို တစ်စက်ကလေးမှပင် မတုန်လှုပ်စေနိုင်။

ဤအခိုက်အတန့်တွင် ပျက်စီးနေသည့် သင်္ဘောကြီးမှာ ပြန်လည်အသက်ဝင်လာသယောင်ပင်။ မဟာတာအိုစွမ်းအားများက သင်္ဘောကိုယ်ထည်မှ အပေါက်များထဲသို့ စီးဆင်းကာ အသစ်အတိုင်း ပြန်ပြည့်လာစေသည်။

ပြိုကျနေသော အဆောက်အဦးများနှင့် ရွက်တိုင်များလည်း ပြန်လည်ထောင်မတ်၍ တစ်ခုနှင့်တစ်ခု ဆက်နွယ်သွားကြ၏။ သင်္ဘော၏ နံရံနှင့် ကုန်းပတ်ရှိ ပျက်စီးနေသော တာအိုသင်္ကေတများမှာလည်း ပြန်လည်ကောင်းမွန်လာကြသည်။

သင်္ဘောကြီးကား စကြဝဠာတစ်စင်း၏ မျှော်လင့်ချက်ကို ထမ်းပိုးလျက် မဟာပျက်စီးခြင်းကပ်ဘေးကြီး၏ ဖရိုဖရဲချီများအကြား ဖြတ်သန်းရန် စတင်သွန်းလုပ်ခဲ့သော အချိန်သို့ ပြန်လည်ရောက်ရှိသွားသယောင်ပင်။

နန့်ရှန်းက အပြေးရောက်လာပြီး ခက်ထန်စွာ လှမ်းအော်သည်။ “သူ ပြောတာ နားမထောင်နဲ့...”

ဝုန်း…

ရွှေသင်္ဘောကား ဖရိုဖရဲမြစ်ထဲသို့ စတင်ရွက်လွှင့်ချေပြီ။

နန့်ရှန်းမှာ တာအိုသစ်သီးထဲတွင် ခြေဆောင့်လျက် ဆဲရေးလိုက်၏။ “လူလည်ချင်...”

All Chapters