ပေါ်လိုက်ပျောက်လိုက်ဖြင့် ကောင်းကင်ကို ထိုးခွင်းသော လက်ချောင်း
Vol. 117 Ch. 1530
ချင်မူက သင်္ဘောထိပ်တွင် ရပ်နေပြီး ပြောပြမတတ်အောင် စိတ်လှုပ်ရှားနေသည်။ ရွှေသင်္ဘောကြီးသည် အလိုအလျောက် ပြုပြင်နေဆဲ ရှိသေး၏။ သင်္ဘောပေါ်ရှိ ကျိုးပဲ့နေသော အုတ်ခဲများ၊ ကျောက်ပြားများက လေပေါ် မြောက်တက်၍ ကိုယ်စီကိုယ်စီ ပြန်လည်တည်ဆောက်နေကြသည်။ ပြိုလဲနေသော ခန်းမများက အချိန်နောက်ပြန်ဆုတ်လိုက်သကဲ့သို့ တိုင်လုံးများ ပြန်လည်ထူမတ်လာကာ နံရံများ ပေါ်လွင်လာသည်။ မကြာမီ အုတ်ခဲများ၊ ကျောက်ပြားများက အသီးသီး နေရာဝင်ယူလိုက်ကြပြီး သင်္ဘောကြီးကား မူလအခြေအနေသို့ ပြန်လည်ရောက်ရှိသွားချေပြီ။
သင်္ဘောသည် အိမ်မောကျနေရာမှ နိုးထလာသည့် ဧရာမသားရဲကြီးတစ်ကောင်အလားပင်။ ၄င်းမှာ ကိုယ်ပိုင်အသိဉာဏ်နှင့် အတွေးအမြင်များ ရှိသည့်အလျောက် ဖရိုဖရဲမြစ်ထဲ၌ တည်ရှိနေရင်း ၎င်းကိုယ်၎င်း အသုံးမဝင်ဟု မကြာခဏ ခံစားခဲ့ရသည်။ ယခုတွင်တော့ ၎င်း၏ ပါရမီများကို အပြည့်အဝ ထုတ်ဖော်ပြသရန် အချိန်ကျလာခဲ့လေသည်။
သင်္ဘောကြီးက ဖရိုဖရဲမြစ်ထဲတွင် သားရဲကြီးတစ်ကောင်ပမာ လှိုင်းလုံးများကို ဖောက်ထွက်ပြီး ဖရိုဖရဲချီများကို တွန်းထုတ်နေသည်။
‘ဒီသင်္ဘောက အကုန်ကောင်းတယ်…ဒါပေမဲ့ စထွက်တဲ့ အမြန်နှုန်းက နှေးနေတဲ့ပုံပဲ’
ချင်မူမှာ စိုးရိမ်ပူပန်လာမိသည်။ ရွှေသင်္ဘောသည် အရှိန်မြှင့်တင်နေသော်လည်း နှေးကွေးလှ၏။ လက်ရှိသင်္ဘော၏ အမြန်နှုန်းက ကောင်းကင်နတ်အရှင်များ၏ အမြန်နှုန်းဖြင့် နှိုင်းယှဉ်၍ မရနိုင်ပေ။
သူက သင်္ဘောနောက်သို့ အမြန်ပြေးကာ ကမ်းစပ်ဆီ လှမ်းကြည့်လိုက်သည်။ ကောင်းကင်နတ်အရှင်များထဲတွင် အနှေးဆုံးဖြစ်သည့် နတ်ဧကရာဇ်လန်ရွှမ်ပင်လျှင် ကမ်းစပ်သို့ ရောက်လာခဲ့ကြောင်း တွေ့လိုက်ရ၏။ ကောင်းကင်နတ်အရှင်ဟွေ့နှင့် ကျန်သူများက သူတို့၏ မူလနေရာများကိုပြန်သွား၍ တာအိုသစ်ပင်ကို သယ်ဆောင်ကာ ဖရိုဖရဲမြစ်ထဲ ချပြီး ရွှေသင်္ဘောအနောက်မှ လိုက်လာနေကြသည်။
ထိုအခိုက်အတန့်တွင် ရွှေသင်္ဘောကြီးမှာ တအိအိ အရှိန်တင်နေဆဲသာ ရှိသေးသည်။
တာအိုသစ်ပင်က ရွှေသင်္ဘောနှင့် ပို၍နီးကပ်လာသည်။ ကောင်းကင်နတ်အရှင်ငါးပါးက သစ်ပင်အပေါ်တွင် ရပ်နေပြီး ကောင်းကင်နတ်အရှင်ကုန်းက ထိပ်ဆုံးမှ ဦးဆောင်နေသည်။ သူမ၏အသိစိတ်အလျဉ်က ပေါက်ကွဲထွက်ပေါ်လာပြီး သင်္ဘောပေါ်ရှိ ချင်မူ့ထံ ပြေးဝင်လာ၏။
ချင်မူ့အသိစိတ်အလျဉ်ကလည်း ပေါက်ကွဲထွက်လာပြီး ကောင်းကင်နတ်အရှင်ကုန်း၏ အသိစိတ်အလျဉ်ကို ခုခံကာကွယ်ရန် မဟာခြုံလွှမ်း အဆင့်မြင့်အသိစိတ်အလျဉ် ကောင်းကင်ဘုံအဖြစ် ပြောင်းလဲသွားသည်။ သူတို့နှစ်ယောက်၏ အသိစိတ်အလျဉ်များက အဆက်မပြတ် ပြောင်းလဲရင်း ကိုယ်ပိုင်တိုက်စစ်၊ ခံစစ်တို့ကို အသီးသီး ထုတ်ဖော်နေကြသည်။ ကောင်းကင်နတ်အရှင်ကုန်း၏ အသိစိတ်အလျဉ်က ချင်မူ့ထက် များစွာအားကောင်းသော်လည်း ချင်မူ မဟာဧကရာဇ်ဆီမှ သင်ယူထားခဲ့သော မဟာခြုံလွှမ်း အဆင့်မြင့်အသိစိတ်အလျဉ် ကောင်းကင်ဘုံကို တစ်ခဏအကြာအထိ မဖောက်ထွက်နိုင် ဖြစ်နေသည်။
သို့သော် ရွှေသင်္ဘောနှင့် တာအိုသစ်ပင်တို့မှာ တဖြည်းဖြည်း နီးကပ်လာသဖြင့် မကြာမီ သူတို့အားလုံး သင်္ဘောပေါ်တက်လာကြပေတော့မည်။
“ကောင်းကင်နတ်အရှင်မူ၊ မင်းက သိပ်စွမ်းအားကြီးတယ်မလား”
ရုတ်တရက် ရှေးဟောင်းနတ်ဘုရားဘုရင်က ရွှေသင်္ဘောအပေါ် ခုန်တက်လိုက်သည်။ သူအနောက်ရှိ ကောင်းကင်နန်းဆောင်အလွှာများက နတ်ရောင်နတ်ဝါတို့ဖြင့် ထွန်းလင်းတောက်ပနေသော မဟာကောင်းကင်နတ်ဘုံတစ်ခုကို ဖော်ဆောင်လိုက်သည်။ သူ၏မူလဝိညာဉ်က မဟာကောင်းကင်နတ်ဘုံတွင် ထိုင်နေ၏။ သူ၏ခန္ဓာကိုယ်ကြီးမှာ အလွန်ကြီးမားသဖြင့် ထုတ်လွှတ်လိုက်သည့် တိုက်ကွက်တစ်ကွက်ချင်းစီတွင် ကောင်းကင်အထိ ရိုက်ခတ်နိုင်သည့် စွမ်းအားများ ကိန်းဝပ်နေသည်။
မူလဝိညာဉ်၏ လက်ဖဝါးကြီးက ချင်မူ၏ မဟာခြုံလွှမ်း အဆင့်မြင့်အသိစိတ်အလျဉ် ကောင်းကင်ဘုံအပေါ် ဝုန်းခနဲ ရိုက်ချလိုက်သည်။ သူက ရွှေသင်္ဘောပေါ်ရှိ ချင်မူ့အား ဖိချရင်း မေးခွန်းထုတ်သည်။ “မင်းက မင်းအစွမ်းကို,မင်း အားကိုးပြီး ကောင်းကင်နတ်အရှင်ခုနစ်ပါးကို တိုက်ခိုက်ခဲ့တာမလား… ဒုက္ခရောက်နေတဲ့ ကျးတစ်ကောင်ကို ခွေးက အနိုင်ကျင့်သွားခဲ့တာလေ… ငါတို့ အိုမင်းနေတာကို အခွင့်ကောင်းယူပြီး ငါတို့ကို အရှက်ခွဲခဲ့တယ်… ဒီလိုနေ့ရက်မျိုး ရောက်လာလိမ့်မယ်လို့ မင်း ထင်ထားခဲ့လား”
ချင်မူက အပြုံးဖြင့် လက်ညှိုးထိုးလိုက်သည်။ ရှေးဟောင်းနတ်ဘုရားဘုရင်၏ မျက်နှာအမူအရာမှာ သိသိသာသာ ပြောင်းလဲသွား၏။ ဤလက်ချောင်း၏ စွမ်းအားသည် ပြိုင်ဘက်ကင်းကြောင်း ခံစားလိုက်ရသဖြင့် သူက အလျင်အမြန် ခုခံကာကွယ်လိုက်သည်။
“လောကတစ်သောင်း ကောင်းကင်ချိပ်တံဆိပ်”
ရှေးဟောင်းနတ်ဘုရားဘုရင်မှာ ကောင်းကင်နတ်သိုင်းကို အလောတကြီး ထုတ်သုံးလိုက်ရသော်လည်း ကောင်းကင်တာအိုသည် ကျယ်ပြောနက်နဲသည်မဟုတ်ပါလော။ တစ်ခဏအတွင်း ၎င်းက လောကတစ်သောင်း ကောင်းကင်တာအိုကို သူ့အရှေ့တွင် စုစည်းလိုက်ရင်း ဧရာမချိပ်တံဆိပ်ကြီးတစ်ခု ဖွဲ့တည်လိုက်၏။
ဤကောင်းကင်နတ်သိုင်းသည် ကောင်းကင်နယ်စားမင်း ဖြစ်လာပြီးနောက် သူ ဂုဏ်အယူရဆုံး ဖန်တီးမှုတစ်ခုဟု ဆိုရမည်။ အခိုင်မာဆုံး ခံစစ်လည်း ဖြစ်ပေသည်။
ဝုန်း…
ကြောက်မက်ဖွယ် လှိုင်းကြီးတစ်လှိုင်းက သူ၏မူလဝိညာဉ်နှင့် ကောင်းကင်နတ်ဘုံကို ရိုက်ခတ်သွားသည်။ ရှေးဟောင်းနတ်ဘုရားဘုရင်၏ ခန္ဓာကိုယ်မှာ ပြင်းထန်စွာ တုန်ရီသွားပြီး လောကတစ်သောင်း ကောင်းကင်ချိပ်တံဆိပ်မှာလည်း တမုဟုတ်ချင်း အစိတ်စိတ်အမွှာမွှာ အက်ကွဲသွား၏။ ရှေးဟောင်းနတ်ဘုရားဘုရင်၏ ခြေလက်များနှင့် အရိုးတို့မှာ အလွန်တရာ နာကျင်လာပြီး အရေပြားသည်လည်း ပေါက်ကွဲလျက် ဖရိုဖရဲချီမျှင်များအဖြစ် အငွေ့ပျံသွားတော့သည်။
ပြင်းအားကြောင့် သူ့အနောက်ရှိ ကောင်းကင်နတ်ဘုံမှာ တုန်ခါလာပြီး နှစ်ခြမ်းကွဲကာ ကောင်းကင်နန်းဆောင် ၃၅ ဆောင်နှင့် ပလ္လင်ခန်းမ ၂၉ ခုအဖြစ် ကွဲထွက်သွားသည်။
သူ့အနောက်မှ ကောင်းကင်နတ်အရှင်ဟွေ့က လွင့်ထွက်လာနေသော ရှေးဟောင်းနတ်ဘုရားဘုရင်ကို လှမ်း၍ ဖမ်းယူလိုက်ပြီး တာအိုသစ်ပင်ပေါ်သို့ ဆင်းသက်လိုက်စေသည်။
ရှေးဟောင်းနတ်ဘုရားဘုရင်မှာ ဗလုံးဗထွေး တစ်ချက်ညည်းညူလိုက်ပြီး ကတုန်ကယင်ဖြင့် သူ၏လက်များကို မြှောက်လိုက်သည်။ သူ၏လက်မောင်းများရှိ အရေပြားမှာ လုံးဝပျက်စီးသွားပြီး အသားနီလန်နေချေပြီ။ သူ့မှာ အံ့ဩမှင်သက်စွာ ငေးကြည့်နေမိသည်။
ရှေးဟောင်းနတ်ဘုရားဘုရင်အနေဖြင့် ဒဏ်ရာရခဲ့သည်ကို အံ့ဩမိခြင်း မဟုတ်ဘဲ ချင်မူ့တိုက်ကွက်၏ စွမ်းအားကို အံ့ဩမိခြင်း ဖြစ်သည်။
အချိန်အတိုင်းအတာတစ်ခုအထိ နတ်ဧကရာဇ်လန်ရွှမ်၏ နတ်ဘုရားလက်ချောင်းသည် ကောင်းကင်နတ်အရှင်ဆယ်ပါးအကြားတွင် စွမ်းအားအကြီးဆုံး ကောင်းကင်နတ်သိုင်း ဖြစ်ခဲ့သည်။ ၎င်းက ထိုက်ချူ၏ ကောင်းကင်နတ်သိုင်းများအနက်မှ တစ်ခုလည်း ဖြစ်၏။ ယခုတွင် နတ်ကရာဇ်လန်ရွမ်၏ စွမ်းအားအကြီးဆုံး ကောင်းကင်နတ်သိုင်း မဟုတ်တော့သည့်တိုင်အောင် ထိုလက်ချောင်း၏ စွမ်းအားသည် တခြားသူတို့၏ ရင်ထဲ၌ အကြောက်တရားတို့ မွေးဖွားလာစေနိုင်သေးသည်။
သို့သော် ချင်မူ့တိုက်ကွက်ကား နတ်ဧကရာဇ်လန်ရွှမ်၏ လက်ချောင်းထက် များစွာသာလွန်သည်။
၎င်းသည်လည်း လက်ချောင်းတစ်ချောင်းသာ ဖြစ်၏။ ထို့အပြင် ချင်မူ့သိုင်းအဆင့်သည် နတ်ဧကရာဇ်လန်ရွှမ်အောက် များစွာနိမ့်ကျသော်လည်း ချင်မူ့လက်ချောင်းတွင် ကိန်းအောင်းနေသည့် ကောင်းကင်နတ်သိုင်းက ထိုက်ချူကောင်းကင်နတ်သိုင်း၊ မူလနတ်ဘုရားလက်ချောင်းထက် များစွာ နက်နဲပေသည်။
အခြားတစ်ဖက်တွင် ကောင်းကင်နတ်အရှင်ကုန်းက ခရာမှုတ်ကာ အားလုံး၏ ချီနှင့်သွေးကို အားကောင်းလာစေသည်။ ခရာသံက ချင်မူ၏ ချီနှင့် သွေးကို ဖိနှိပ်လိုက်ပြီး ရုတ်တရက် ကျဆင်းသွားစေ၏။
အားလုံးက လေပေါ် ပျံတက်လာကြသည်။ အိုမင်းနေသော နတ်ဧကရာဇ်လန်ရွမ်၏ ချီနှင့်သွေးပင်လျှင် တိုးတက်လာ၏။ သူ၏ပါးစပ်မှ အော်သံတစ်ချက် ထွက်ပေါ်လာပြီး ရွှေသင်္ဘောဆီ ခုန်တက်လိုက်သည်။
ချင်မူ့မျက်လုံးများက စူးရှတောက်ပသွားပြီး အဝေးမှ လက်ညှိုးထိုးလိုက်သည်။ ကောင်းကင်နတ်အရှင်ကုန်း၏ ခရာက သူမလက်ထဲမှ ချက်ချင်း လွင့်ထွက်သွား၏။
ချင်မူက လက်ချောင်းများကို ဆန့်တန်း၍ လက်ညှိုးထိုးလိုက်ရာ ကောင်းကင်နတ်အရှင်ဟွေ့မှာ ပျာပျာသလဲ ရှောင်တိမ်းလိုက်သည်။ ကောင်းကင်နတ်အရှင်ရှု၏ နှုတ်ခမ်းထောင့်မှ သွေးများ စီးကျလာပြီး ရှေးဟောင်းနတ်ဘုရားဘုရင်က တစ်ဖက်ကို လှိမ့်ထွက်ကာ ရှောင်တိမ်း၏။ နတ်ဧကရာဇ်လန်ရွှမ် တစ်ယောက်တည်းသာ သင်္ဘောအပေါ်သို့ ရောက်လာသော်လည်း ချင်မူက ချက်ချင်း ကန်ထုတ်လိုက်သည်။
ကောင်းကင်နတ်အရှင်ကုန်းက အသိစိတ်အလျဉ်ကို ထုတ်လွှတ်ရင်း နတ်ဧကရာဇ်လန်ရွှမ်အား လျင်မြန်စွာ လှမ်းဖမ်းလိုက်သည်။ အခြားသူများမှာလည်း ကြောက်ရွံ့တုန်လှုပ်စွာဖြင့် တာအိုသစ်ပင်ပေါ် ပြန်ရောက်လာကြသည်။
“တော်တော် အစွမ်းထက်တဲ့ လက်ချောင်းပဲ”
ကောင်းကင်နတ်အရှင်ရှုက ချီးကျူးလိုက်ပြီးနောက် ရုတ်တရက် မေးခွန်းထုတ်လိုက်သည််။ “ဒါပေမဲ့ သူ့မှာ လက်ချောင်းတစ်ချောင်းပဲ ရှိတဲ့ပုံပဲ… သွားလိုက်လာလိုက်နဲ့… ဒီလက်ချောင်းက လုံးဝပြောင်းလဲမသွားဘူးနော်…”
ကောင်းကင်နတ်အရှင်ဟွေ့၊ ကောင်းကင်နတ်အရှင်ကုန်းနှင့် ရှေးဟောင်းနတ်ဘုရားဘုရင်တို့၏ မျက်နှာအမူအရာများမှာလည်း ထူးဆန်းနေကြသည်။ သူတို့အားလုံးက နတ်ဧကရာဇ်လန်ရွှမ်ကို ကြည့်လိုက်ကြ၏။ ယခင်က နတ်ဧကရာဇ်လန်ရွှမ်လည်း လက်ချောင်းတစ်ချောင်းတည်းဖြင့် သူ၏နတ်စွမ်းအားကို သုံးကာ အခြားကောင်းကင်နတ်အရှင်များကို နှစ်ပေါင်းများစွာ ရင်ဆိုင်ခဲ့သည်။ တာအိုသစ်သီးကို ရရှိပြီးမှသာလျှင် အခြားကမ္ဘာဦးကောင်းကင်နတ်သိုင်းများကို သိမြင်နားလည်နိုင်ခဲ့ခြင်း မဟုတ်ပါလော။
ချင်မူ့လက်ရှိအခြေအနေမှာလည်း နတ်ဧကရာဇ်လန်ရွှမ်နှင့် အတော်လေး ဆင်တူပေသည်။
ချင်မူက နတ်ဧကရာဇ်လန်ရွှမ်၏ မျက်နှာတည့်တည့်သို့ ကန်ထုတ်ခဲ့သောကြောင့် လန်ရွှမ့်တွင် သွားများမရှိတော့ပေ။ သူက အမောတကော အသက်ရှူနေရင်း ပြော၏။ “သူက ဒီတိုက်ကွက် တစ်ကွက်တည်းပဲ သိတာဆိုရင် သူ့ကို ကြောက်နေစရာ မလိုဘူး”
ချင်မူက သင်္ဘောအနောက်ဘက်တွင် ခါးထောက်ကာ ရပ်နေပြီး ကျယ်လောင်စွာ ရယ်မောလိုက်သည်။ “ကျွန်တော် လက်ချောင်းတစ်ချောင်းတည်းပဲ သုံးတတ်တာလို့ ဘယ်သူ ပြောတာလဲ… အခုလေးတင် ထုတ်သုံးလိုက်တာက လက်ညှိုး ... ရှန်းယန်လက်တစ်ချောင်းသိုင်းကွက် လို့ခေါ်တယ်... ကျွန်တော့်မှာ ကွမ်းချုန်လက်တစ်ချောင်းသိုင်းကွက်၊ ရှောင်ဇယ်လက်တစ်ချောင်းသိုင်းကွက်၊ ရှောင်ချုန်လက်တစ်ချောင်းသိုင်းကွက်နဲ့ ရှောင်ရှန်းလက်တစ်ချောင်းသိုင်းကွက်တို့ ရှိသေးတယ်နော်”
သို့သော် အားလုံးမှာ သူ၏ အကျင့်စရိုက်အား သိထားကြပြီးဖြစ်သည်။ နတ်ဧကရာဇ်လန်ရွှမ်က နှာခေါင်းရှုံ့ကာ ခပ်တိုးတိုး လေသံဖြင့် ရေရွတ်နေသည်။ “သူ့စကားက ကြောက်ဖို့ကောင်းပေမယ့် တကယ်တော့ တိုက်ကွက်တစ်ကွက်တည်းကို မတူတဲ့ လက်ချောင်းတွေနဲ့ သုံးနေတာ”
ကောင်းကင်နတ်အရှင်ဟွေ့က ခပ်ဩဩ လေသံဖြင့် ဝင်ပြောသည်။ “လက်ချောင်းတစ်ချောင်းတည်း ရှိတာဆိုရင် သင်္ဘောပေါ် တက်ဖို့ လွယ်တယ်”
တာအိုသစ်ပင်က နောက်တစ်ကြိမ် ပြေးဝင်လာသည်။
ချင်မူမှာလည်း အတော်လေးခေါင်းခဲနေသည်။ သူ့တွင် ကမ္ဘာဦးအစ ဖရိုဖရဲလက်ချောင်းဟုခေါ်သည့် လက်ချောင်းတစ်ချောင်းတည်းသာ ရှိချေရာ အခြားသူများ သတိထားမိရန် လွယ်ကူနေသည်။ မည်သည့်လက်ချောင်းကို အသုံးပြုပါစေ ကမ္ဘာဦးအစ ဖရိုဖရဲလက်ချောင်း ကောင်းကင်နတ်သိုင်းသာ ဖြစ်နေပေလိမ့်မည်။
ဤကောင်းကင်နတ်သိုင်းသည် သူ မီလော့နန်းတော်၏ တာအိုအမှတ်အသားများမှ သိမြင်နားလည်ထားခဲ့သော ကောင်းကင်နတ်သိုင်းတစ်ခု ဖြစ်သည်။ ၎င်းက အမှန်တကယ် စွမ်းအားကြီးမားကာ နက်နဲ၏။ သို့သော် အကြီးမားဆုံးပြဿနာမှာ သူ့အနေဖြင့် ကမ္ဘာဦးအစ ဖရိုဖရဲချီစွမ်းအင်သင်္ကေတများ၏ နက်နဲဆန်းကြယ်မှုကို သေသေချာချာ သဘောမပေါက်သေးသောကြောင့် တုပရုံသာ တတ်နိုင်ခြင်းပင်။
ထိုမျှသာမက သူ၏ကမ္ဘာဦးအစ ဖရိုဖရဲလက်ချောင်းသည် မီလော့နန်းတော်အရှင်သခင်၏ ကမ္ဘာဦးအစ ဖရိုဖရဲတာအိုအမှတ်အသားများကို တုပထားသော်လည်း တည်ငြိမ်နေသည့် တာအိုအမှတ်အသားများကိုသာ တုပထားခြင်း ဖြစ်သည်။ ပြောင်းလဲတတ်သည့် အမှတ်အသားများကိုတော့ မတုပခဲ့ပေ။
ထို့ကြောင့် လက်ချောင်းတစ်ချောင်းတည်းကိုသာ အသုံးပြုနိုင်ပြီး မပြောင်းလဲနိုင်ခြင်း ဖြစ်သည်ိ။
ရတနာလက်နက်များနှင့် နှိုင်းယှဉ်ပါက ကောင်းကင်နတ်သိုင်းတို့၏ အဓိကအားသာချက်မှာ အလိုက်သင့် ပြောင်းလဲနိုင်စွမ်း ဖြစ်သည်။ ဥပမာအားဖြင့် နဂါးအသွင် ကောင်းကင်နတ်သိုင်း။ ကောင်းကင်နတ်သိုင်းပညာရှင်တစ်ဦး၏ ထိန်းချုပ်မှုအောက်တွင် နဂါးသည် ကောင်းကင်တွင် ပျံသန်းကာ လှုပ်ရှားမှုများအား ပြောင်းလဲနိုင်သည်။ ခန္ဓာကိုယ်ကို သေးနိုင်၊ ကြီးနိုင်သလို အလိုရှိသည့်အတိုင်း သွားလာနိုင်၏။
သို့သော် ချင်မူ၏ ကမ္ဘာဦးအစ ဖရိုဖရဲလက်ချောင်းကတော့ လမ်းကြောင်းတစ်ကြောင်းတည်းသာ သွားလာနိုင်သည်။ လမ်းကြောင်း မပြောင်းလဲနိုင်ပေ။ ထို့ကြောင့် ပစ်မှတ်ကို ထိခြင်း၊ မထိခြင်းသည် ပစ်မှတ်မှ အချိန်မီ ရှောင်တိမ်းနိုင်ခြင်း ရှိ၊ မရှိအပေါ် မူတည်နေ၏။
'ရွှေသင်္ဘောက အရှိန်တင်နေတုန်းပဲ ရှိသေးတယ်… ကောင်းကင်နတ်ရှင်ငါးပါးကို ရှောင်နိုင်မယ့်လမ်း မရှိဘူး’
ကောင်းကင်နတ်အရှင်ဟွေ့နှင့် ကျန်သူများက ဗျူဟာပြောင်းလဲကာ နောက်တစ်ကြိမ် ပြေးဝင်လာကြပြန်သည်။ ချင်မူက အံကြိတ်လျက် ကမ္ဘာဦးအစ ဖရိုဖရဲလက်ချောင်းကိုသာ ဆက်လက်အသက်သွင်းနေ၏။ သို့သော် ဤတစ်ကြိမ်တွင် ကောင်းကင်နတ်အရှင်ငါးပါးကား သူ၏ တိုက်ကွက်ကို အလွယ်တကူရှောင်တိမ်းနိုင်ကြသည်။ သူတို့အနေဖြင့် လေတိုက်အားကိုသာ အားကိုးလိုက်ရုံဖြင့် လွယ်လင့်တကူ ရှောင်နိုင်ကြလေသည်။
ချင်မူမှာ စိတ်ထဲမှ ခါးသီးစွာ အော်ဟစ်လိုက်သည်။ ‘သင်္ဘောက အရမ်းကြီးလွန်းနေတယ်… နည်းနည်းလောက်သာ သေးသွားရင် အမြန်နှုန်းက ပိုမြန်လာလိမ့်မှာ’
သူ ထိုသို့တွေးလိုက်သည်နှင့် အလွန်တရာ ကြီးမားသည့် လောကပေါင်းကူးရွှေသင်္ဘောကြီးမှာ လျင်မြန်စွာ ကျုံ့၀င်လာတော့သည်။ မကြာမီ ၎င်းသည် တိုင်းတာ၍မရနိုင်သော သင်္ဘောကြီးမှ ကိုက်သုံးရာ အရွယ်ရှိသည့် သင်္ဘောအဖြစ် ပြောင်းလဲသွားချေပြီ။
ချင်မူမှာ ထခုန်မိမတတ် ဝမ်းသာပျော်ရွှင်သွားသည်။ သင်္ဘော၏ အမြန်နှုန်းမှာလည်း ယခင်ကထက် များစွာမြင့်တက်သွားကြောင်း ခံစားလိုက်ရ၏။
ကောင်းကင်နတ်အရှင်ဟွေ့နှင့် ကျန်သူများမှာ ၎င်းကို မြင်လျှင် တာအိုသစ်ပင်ကို အစွမ်းကုန် စီးနင်းရင်း ရွှေသင်္ဘောထံ ခုန်၀င်လိုက်ကြသည်။
သူတို့အားလုံး စိတ်ထဲတွင် စိုးရိမ်ပူပန်နေကြသည်။ ရွှေသင်္ဘော၏ အမြန်နှုန်းအရ အနှေးနှင့် အမြန် သူတို့၏အမြန်နှုန်းကို ကျော်တက်သွားပြီး သူတို့အား နောက်ချန်ထားခဲ့ပေတော့မည်။
ချင်မူက ပြုံးလိုက်၏။ “မဟာပျက်စီးခြင်းကပ်ဘေးကြီးကို ကျော်ဖြတ်ဖို့ မီလော့နန်းတော်အရှင်သခင်ကိုယ်တိုင် သွန်းလုပ်ထားတဲ့ သင်္ဘောက တကယ်ကို ထူးကဲအံ့ဩစရာကောင်းတာပဲ… ဒါပေမဲ့ လောကတွေကို ဖြတ်သန်းနိုင်တဲ့ ရွှေသင်္ဘောတစ်စီးက မဟာပျက်စီးခြင်းကပ်ဘေးကြီးရဲ့ ကျူးကျော်မှုကို ခံနိုင်ရည်ရှိရမှာမလား…. ဘယ်လိုလုပ် ကောင်းကင်နတ်အရှင်ငါးပါးကိုတောင် ခံနိုင်ရည်မရှိဘဲ ဖြစ်နေတာလဲ”
သူ့စကား ဆုံးသည်နှင့် သင်္ဘောပေါ်ရှိ သင်္ကေတများ တောက်ပလင်းလက်လာသည်။ ကမ္ဘာဦးအစ ရွှေအလင်းရောင်တို့က ရေများအလား စီးဖြာလျက် သင်္ဘောတစ်ခုလုံးကို လွှမ်းခြုံသွား၏။ ထို့နောက် ၎င်းတို့က အပြင်သို့ ဖြာထွက်ကုန်ကာ ရွှေရောင်ကောင်းကင်ဘုံအလွှာများကို ဖန်တီးလိုက်သည်။ ရွှေရောင်ကောင်းကင်တစ်ခုသည် ကမ္ဘာဦးအစ သင်္ကေတများဖြင့် ဖော်ဆောင်ခတ်နှိပ်ခံထားရသည့်အလားပင်။
ကောင်းကင်နတ်အရှင်ဟွေ့နှင့် ကျန်သူများက ကောင်းကင်နတ်သိုင်းမျိုးစုံကို ထုတ်လွှတ်ရင််း တိုက်ခိုက်ကြသည်။ သူတို့သည် ရွှေအလင်းရောင်ကို ဦးတည်တိုက်ခိုက်ကြသည့်အခါ လှိုင်းဂယက်များသာ ဖြာထွက်လာ၏။ ရွှေရောင်အလင်းတန်း၏ အပြင်ဘက်ဆုံးအလွှာကိုပင် မချိုးဖျက်နိုင်ကြပေ။
လောကပေါင်းကူးရွှေသင်္ဘောက ပို၍ပင် မြန်ဆန်လ,သည်။ ၎င်းက တာအိုသစ်ပင်နှင့် ကောင်းကင်နတ်အရှင်ငါးပါးအား အဝေးတွင် ချန်ထားရစ်ခဲ့ချေပြီ။
ကောင်းကင်နတ်အရှင်ငါးပါးမှာ အချိန်တစ်ခုကြာသည်အထိ အနောက်မှ မီးကုန်ယမ်းကုန် လိုက်နေကြသည်။ ထို့နောက် တာအိုသစ်ပင်မှာ ဖြည်းဖြည်းချင်း နှေးကွေးလာပြီး နောက်ဆုံးတွင် ရပ်တန့်သွားတော့၏။
တာအိုသစ်ပင်၏ သစ်ကိုင်းများအထက်တွင် ကောင်းကင်နတ်အရှင်ငါးပါးသည် ရပ်နေကြပြီး တစ်ယောက်ကိုတစ်ယောက် ကြည့်နေကြ၏။ သူတို့မှာ လိုက်ဖမ်းသင့်၊ မသင့် မဆုံးဖြတ်နိုင်ကြပေ။
“ပြန်ကြစို့”
နတ်ဧကရာဇ်လန်ရွှန်က တုန်ရီမောဟိုက်နေသောအသံဖြင့် အကြံပြုသည်။ “သူ့ကို လိုက်ဖမ်းဖို့ မဖြစ်နိုင်တော့ဘူး…. ကျုပ်က အိုပြီး သေတော့မှာ… အချိန် သိပ်မကျန်တော့ဘူး… ကျုပ်ကို ကယ်ပေးဖို့ ကောင်းကင်နတ်အရှင်ဟောင် ပြန်ထွက်လာတာလည်း စောင့်ရဦးမယ်”
အားလုံးက စိုးရိမ်ပူပန်နေသော မျက်နှာအမူအရာများဖြင့် ပြန်လှည့်သွားကြသည်။
ဤတစ်ကြိမ်တွင် ချင်မူသည် ငါးရှဉ့်တစ်ကောင်လို သူတို့လက်ထဲမှ လွတ်မြောက်သွားပြီဖြစ်ရာ သူတို့အကုန်လုံး စိတ်မအေးနိုင်ကြပေ။ လက်ရှိချင်မူ့ကို လျစ်လျူရှုထား၍မရပေ။
လောကပေါင်းကူးရွှေသင်္ဘောပေါ်တွင် ချင်မူက ရွက်တိုင်ထက်သို့ တက်ကာ ရပ်နေသည်။ ဖရိုဖရဲလေတို့က တဝေါဝေါ တိုက်ခတ်နေရင်း သူ၏အင်္ကျီစကို လွင့်နေစေ၏။ ကပ်ဘေးကြီးကြောင့် ဖြစ်ပေါ်လာသည့် လေပြင်းတို့မှာ အတော်လေး လန်းဆန်းစေသည်။
“ကောင်းကင်နတ်အရှင်တွေက တစ်လောကလုံးက အင်အားတွေကို ထိန်းချုပ်ထားတယ်… သူတို့ရဲ့ ဩဇာက အမှန်တကယ် ကြောက်စရာကောင်းတယ်…. မီလော့နန်းတော်သခင်လေးတွေကလည်း ပေါ်တင်တစ်မျိုး၊ ကွယ်ရာမှာတစ်မျိုး တိုက်ခိုက်နေကြတာ.. အနာဂတ်လောကအတွက် ပြင်ဆင်နေကြတာပဲ’’
ချင်မူက ရွက်တိုင်၏ ရွှေရောင်ကြိုးကို ကိုင်ထားရင်း လက်နှစ်ဖက်ကို လေထဲတွင် ဆန့်တန်းလိုက်သည်။ သူက ကျယ်လောင်စွာ ရယ်မောလိုက်၏။ “အကုန်လုံး ဖော်လံဖားကောင်တွေပဲ”
ရွှေသင်္ဘောသည် ဖရိုဖရဲမြစ်နှစ်စင်းကြားရှိ ကျောက်စိမ်းမြို့တော်အပျက်အစီးများကို ဖြတ်သန်းကာ ဒုတိယမြောက် ဖရိုဖရဲမြစ်သို့ ရောက်လာ၏။
ချင်မူ တဟားဟား ရယ်နေစဉ် ဖရိုဖရဲမြစ်ရေပြင်မှာ အလွန်တရာ ဒေါသထွက်နေသော သားရဲကြီးတစ်ကောင် ပြဿနာရှာနေသကဲ့သို့ ရုန်းရင်းဆန်ခတ် ထကြွလာသည်။ ရုတ်တရက် သူ၏အရှေ့တွင် ရေဝဲကြီး ဖြစ်ပေါ်လာပြီး ၎င်းအထဲမှ လက်များထွက်လာကာ ရွှေသင်္ဘောကို လှမ်းဆွဲတော့သည်။
ရွှေသင်္ဘော၏ အမြန်နှုန်းက ပိုပို၍ မြန်လာသည်။ ၎င်းက ကောင်းကင်ကိုပင် ဖုံးလွှမ်းထားသည့် လက်ဖဝါးများကို ဖောက်ထွက်ကာ လှိုင်းလုံးများအတိုင်း စီးမြောရင်း ဆက်လက်ရွက်လွှင့်နေ၏။
“သင်္ဘောက လှိုင်းလုံးတွေကို ကျော်ဖြတ်ပြီး ရွက်လွှင့်ခဲ့တာ နှစ်ပေါင်းကုဋေနဲ့ ချီနေပြီ… ရောက်လာတဲ့အချိန်တုန်းက ခက်ခဲပေမယ့် ထွက်သွားတဲ့အချိန်မှာတော့ မြန်ဆန်တယ်… ကောင်းကင်နတ်အရှင်တွေကို သတ်၊ မကောင်းမှုတွေကို ဖယ်ရှားပြီးရင်တော့ အတိတ်ဘဝဆီ ပြန်ပြီး မင်းနဲ့အတူ သခင်လေးမူအဖြစ် တိုက်ခိုက်ပေးမယ်”