← Chapters

စမ်းသပ်မှု မအောင်မြင်ခြင်း

Vol. 117 Ch. 1534

စမ်းသပ်မှု မအောင်မြင်ခြင်း

Vol. 117 Ch. 1534

ချင်မူက လှေဦးတွင် ရပ်နေပြီး သူ၏မျက်လုံးများက တုနှိုင်းမဲ့ ပြိုင်ဘက်ကင်းလောက်အောင် တောက်ပနေ၏။ သူသည် ကန်းနေခြင်းမဟုတ်၊ ကောင်းကင်နတ်ဧကရီကို အစောကြီးတည်းက သတိထားမိပြီး ဖြစ်သည်။

သို့သော် သူ၏ အကြံအစည်က ကောင်းကင်နတ်ဧကရီ ပိုးအိမ်ထဲမှ ယခုလေးတင် ဖောက်ထွက်၍ ‌မွေးဖွားလာသည်ကို အခွင့်ကောင်းယူရန်ပင်။ သူမ၏သိုင်းအခြေခံအား အပြည့်အ၀ နားမလည်နိုင်သေးခင် အခွင့်ကောင်းယူကာ တိုက်ခိုက်ပြီး သင်္ဘောဖြင့် ဖိသတ်ပစ်ရလိမ့်မည်။

ကောင်းကင်နတ်ဧကရီသာ ကောင်းကင်နတ်ဘုံအဆင့်အထိ ကျင့်ကြံပြီး ဤအဆင့်၏ စွမ်းအားကို ဖမ်းဆုပ်နိုင်သွားပါက ကောင်းကင်နတ်အရှင်ဟောင်နှင့် ကောင်းကင်နတ်အရှင်ရှောင်တို့ တစ်ခါမှ မရောက်ဖူးသောအဆင့်အထိ ရောက်သွားပေလိမ့်မည်။

သူမအနေဖြင့် ပြိုင်ဘက်ကင်းသော အန္တိမ,မဟာတာအို အမိအရ ဖမ်းဆုပ်နိုင်လျှင် ဖန်ဆင်းခြင်းနှင့် ဖျက်ဆီးခြင်းစွမ်းအားနှစ်ရပ်လုံးကို တစ်ပြိုင်နက် ပိုင်ဆိုင်သွားကာ ဖျက်းဆီး၍မရနိုင်၊ မသေနိုင် ဖြစ်လာပေလိမ့်မည်။

ထိုမျှသာမက အရှင်မယွမ်မု၏ အစွမ်းအစတို့ဖြင့်လည်း ပေါင်းစည်းလိုက်ခြင်းဖြင့် ကောင်းကင်လက်နက် ကောင်းကင်နတ်အရှင်ယွီများမှတစ်ဆင့် သိမြင်ထားသော ကောင်းကင်နတ်အရှင်ဟောင်၊ ကောင်းကင်နတ်အရှင်ရှောင်၊ ကောင်းကင်နတ်အရှင်ဟုန်နှင့် အခြားသူများ၏ ကောင်းကင်နတ်သိုင်းများ၊ ကျင့်စဉ်များကို တတ်မြောက်ကျွမ်းကျင်နိုင်ပြီး ခွန်အားတာအိုကိုလည်း အောင်မြင်နိုင်လိမ့်မည်။

သူမသည် အန္တိမဟင်းလင်းပြင်တွင် သူမ၏တာအိုကို အတင်းအကြပ် တံဆိပ်ခတ်နှိပ်လိုက်ပါက ပြိုင်ဘက်ကင်းသွားပေလိမ့်မည်။

ထိုက်ကျိရှေးဟောင်းနတ်ဘုရားနှစ်ပါးအနေဖြင့် ရည်မှန်းချက်ကြီးသော ကောက်းကင်နတ်ဧကရီကို ထိန်းချုပ်နိုင်လိမ့်မည်ဟု ချင်မူ မထင်ပေ။ ရှေးဟောင်းနတ်ဘုရားနှစ်ပါးစလုံး သူမ၏သတ်ဖြတ်စားသုံးခြင်း မခံရသည်ကပင် ကံကောင်းသည်ဟု ဆိုနိုင်၏။

ထိုစဉ် ရွှေသင်္ဘောကြီးတစ်စင်းလုံး တသိမ့်သိမ့် တုန်ခါသွားပြီး ဖြည်းဖြည်းချင်း မြောက်တက်လာသည်။

ချင်မူမှာ အံ့ဩမှင်သက်သွားသည်။ ရွှေသင်္ဘောသည် ဘိုးဘေးနန်းတော်၏ ထူးဆန်းသော အရာမျိုးစုံကို တိုက်ချဖျက်ဆီးခဲ့ပြီး သစ်တောများပင်လျှင် ပြားပြား၀ပ်သည်အထိ နင်းချေခံခဲ့ရသည်။ ကောင်းကင်နတ်ဧကရီကတော့ ရွှေသင်္ဘောဖြင့် အဖိခံထားရသည့်တိုင် ၎င်းကို မြှောက်တင်လိုက်သေး၏။

‘ခွန်အား သုံးပြီး တာအို ၀င်ရောက်တာက တကယ် ထူးကဲတာပဲ… ဟင်းလင်းပြင်မှာသာ တံဆိပ်ခတ်နှိပ်နိုင်ရင် တစ်လောကလုံးမှာ ပြိုင်ဘက်ကင်း ဖြစ်သွားလိမ့်မယ်’

ချင်မူက သူ၏မှော်စွမ်းအင်ကို စုစည်းလိုက်ရင်း ရွှေသင်္ဘောကို အသက်သွင်းလိုက်ရာ ၎င်းမှာ ချက်ချင်း အလွန်တရာ လေးလံသွားသည်။ သို့သော် သင်္ဘောအောက်ရှိ ကောင်းကင်နတ်ဧကရီက သင်္ဘောကို လက်နှစ်ဖက်လုံးဖြင့် မြှောက်ကာ ဖြည်းဖြည်းချင်း ထရပ်လာချေပြီ။

နန်းဆောင်များက သူမ၏ကောင်းကင်နတ်ဘုံကို ကာကွယ်ရန် တစ်ခုပြီးတစ်ခု ထွက်ပေါ်လာကြသည်။ သူမ၏ကောင်းကင်နတ်ဘုံအဆင့်မှာ မပြီးပြည့်စုံသေးသော်လည်း ကောင်းကင်နန်းဆောင် ၅၀ အထိ ရှိနေ၏။ ၇၂ ဆောင် မဟုတ်သေးသည့်အတွက် ပြီးပြည့်စုံသော ကောင်းကင်နတ်ဘုံတစ်ခုကို မဖွဲ့တည်နိုင်သေးပေ။

သို့ထိတိုင် သူမ၏ မှော်စွမ်းအင်မှာ နှိုင်းယှဉ်၍မရနိုင်အောင် အားကောင်းပြင်းထန်နေလေသည်။

ချင်မူ့အကြည့်က တောက်ပသွားပြီး သူ့လက်ထဲရှိ ကပ်ဘေးဓားက သင်္ဘောအောက်ရှိ ကောင်းကင်နတ်ဧကရီကို ထိုးစိုက်ရန် ပျံထွက်သွားသည်။

ကောင်းကင်နတ်ဧကရီသည် ခွန်အားအလုံးစုံ ထုတ်၍ ရွှေသင်္ဘောကို မြှောက်တင်ထားလေရာ ကပ်ဘေးဓား သူ‌မ၏ နောက်စေ့သို့ ရောက်လာသည့်အချိန်မှသာ သတိထားမိသွား၏။ သူမ၏ စိတ်ထဲတွင် အေးခဲတုန်လှုပ်သွားတော့သည်။ ‘အခုလေးတင်မှ တာအိုရထားတာ… ကောင်းကင်နတ်အရှင်မူ သတ်တာ ခံရတော့မှာလား’

ထိုအခိုက်အတန့်တွင် သူမ၏ချိုင်းအောက်မှ လက်မောင်းနှစ်ဖက် ပေါက်လာသည်ကို ခံစားလိုက်ရပြီး သူမ၏ကောင်းကင်နန်းဆောင်များနှင့် ရတနာနန်းဆောင်များမှာ တခြားအသိစိတ်အလျဉ်တစ်ခု၏ ကျူးကျော်ခြင်း ခံလိုက်ရသည်။ ထိုအသိစိတ်အလျဉ်က သူမ၏ခွန်အားကို စုစည်းလိုက်ကာ ချင်မူ့ကပ်ဘေးဓားနှင့် ရင်ဆိုင်လိုက်၏။

“ငါ့အနောက်မှာ ဘယ်သူလဲ” ကောင်းကင်နတ်ဧကရီမှာ အလန့်တကြား အော်ဟစ်လိုက်သည်။

“ငါပါ မမကလည်း” သခင်မယွမ်မု၏ ရွှတ်နောက်နောက် အသံက သူမဦးခေါင်းအနောက်မှ ထွက်ပေါ်လာ၏။

တစ်စုံတစ်ခုက ကပ်ဘေးဓား၏ စွမ်းအားကို ဝါးမြိုနေသလို ခံစားလိုက်ရသဖြင့် ချင်မူမှာ အံ့ဩမှင်သက်သွားသည်။ သူက သင်္ဘောပေါ်မှ ချက်ချင်း ခုန်ထွက်လိုက်ရာ ကောင်းကင်နတ်ဧကရီသည် ခေါင်းစုတ်ဖွားဖြင့် သင်္ဘောအောက်မှ ပျံထွက်လာနေကြော်ငး တွေ့လိုက်ရ၏။

ရွှေသင်္ဘောကြီးက အောက်သို့ ဝုန်းခနဲ ပြုတ်ကျသွားသည်။

ကောင်းကင်နတ်ဧကရီ၏ မျက်နှာအမူအရာမှာ ရှုပ်ထွေးနေပြီး သူမ၏ ဦးခေါင်းနောက်သို့ အသည်းအသန် တိုက်ခိုက်နေ၏။ သူမက ချင်မူ့ကို မမြင်ချင်ယောင်ဆောင်ထားပြီး အာခေါင်ခြစ်ကာ အော်နေသည်။ “အပျက်မ၊ နင် အသက်ရှိနေသေးတာလား… မဖြစ်နိုင်တာ… ငါ နင့်ကို ဝါးမြိုပြီး သန့်စင်ပြီးပြီလေ”

မျက်နှာတစ်ဖက်က သူမ၏ဦးခေါင်းနောက်တွင် ပေါက်နေပြီး သခင်မယွမ်မုမှလွဲ၍ အခြားသူမဟုတ်ပေ။

“အစ်မတော်၊ နင်က ငါ ... ငါက နင်ပဲလေ… နင့်ကိုယ်နင် ဘယ်လိုလုပ် သန့်စင်လို့ရမှာလဲ”

ဤအမျိုးသမီးတွင် ခန္ဓာကိုယ်တစ်ခု၊ မျက်နှာနှစ်ဖက်နှင့် လက်လေးဖက်တို့ ရှိနေသည်။ လက်များက ကောင်းကင်နတ်သိုင်းများကို အသက်သွင်းလျက် ကျန်မျက်နှာကို အသည်းအသန် တိုက်ခိုက်နေကြပြီး ကောင်းကင်နတ်သိုင်းတို့၏ စွမ်းအားမှာ အံ့ဩမှင်သက်ဖွယ်ကောင်းလှသည်။

ချင်မူမှာ သူတို့အနားသို့ မရောက်ခင်မှာပင် အမျိုးသမီးနှစ်ယောက်၏ ကောင်းကင်နတ်သိုင်းလှိုင်းဂယက်များကြောင့် အဝေးသို့ လွင့်ထွက်သွား၏။

သို့သော် ကောင်းကင်နတ်ဧကရီနှင့် သခင်မယွမ်မုတို့က သူ့ကို အရေးပင် မစိုက်ချေ။ ရူးနေသည့်အလား တစ်ယောက်ကိုတစ်ယောက် အသေခံတိုက်ခိုက်နေကြသည်။

ချင်မူက ခန္ဓာကိုယ်ကို ဟန်ချက်ထိန်းလိုက်ပြီး ကပ်ဘေးဓားကို ပြန်ခေါ်လိုက်၏။ ထို့နောက် ကပ်ဘေးဖျက်ဓားဖြင့် ထူးဆန်းသော အမျိုးသမီးကို တိုက်ခိုက်လိုက်သည်။

သူ၏ဓားကွက်များမှာ ပြိုင်ဘက်ကင်းစွာ ထူးကဲလှသည်။ ဓားရောင်တို့က အမျိုးသမီးနှစ်ဦး၏ ကောင်းကင်နတ်သိုင်းများအား တစ်ခုပြီးတစ်ခု ဖြတ်သွားပြီး ကောင်းကင်နတ်ဧကရီ၏ ခန္ဓာကိုယ်ပေါ်တွင် ဓားဒဏ်ရာ ဆယ်ခုထက်မနည်း ပေါ်လာသည်။

“ခွေးမ”

ကောင်းကင်နတ်ဧကရီက ဒေါသအမျက်တချောင်းချောင်း ထွက်နေပြီး ချင်မူ့ကပ်ဘေးဓားကို ရှောင်တိမ်းရန် ကြိုးစားလိုက်သည်။ သို့သော် သူမ၏ရုပ်ခန္ဓာကို ကောင်းမွန်စွာ မထိန်းချုပ်နိုင်ကြောင်း ခံစားလိုက်ရပြီး ခြေထောက်တစ်ချောင်းကို ခံစားမရတော့ပေ။ ၎င်းကို သခင်မယွမ်မုက ထိန်းချုပ်ထားလေသည်။

သူမမှာ ချင်မူ့ဓားရောင်များကို ရှောင်တိမ်းနေသော်လည်း သခင်မယွမ်မုကမူ သူမ၏ခန္ဓာကိုယ်ကို ထိန်းချုပ်ရင်း ဓားရောင်များနှင့် ထိပ်တိုက်တွေ့နေသည်။

“ကောင်းကင်နတ်အရှင်မူ၊ သူ့ကို သတ်ဖို့ ကူညီပေးစမ်းပါ”

ကောင်းကင်နတ်ဧကရီက ရုတ်တရက် လှည့်ကြည့်သဖြင့် သခင်မယွမ်မု၏ မျက်နှာ ထွက်ပေါ်လာသည်။ သူမက ချင်မူ့ကို အလွန်တရာ စိတ်လှုပ်ရှားနေသော အမူအရာဖြင့် ပြောသည်။ “သူ့ကို သတ်ရင် နင် ကောင်းကင်နတ်ဧကရာဇ် ဖြစ်လာအောင် ငါ ကူညီပေးမယ်”

ကောင်းကင်နတ်ဧကရီက ပြန်လှည့်လာပြီး မာထန်စွာ အော်ဟစ်လိုက်သည်။ “အပျက်မ၊ နင်က အပြင်လူတွေနဲ့ ပူးပေါင်းနေတာပေါ့လေ”

သူမ၏မျက်နှာမှာ ပုံပျက်ပြီး သိသိသာသာ ပြောင်းလဲသွားသည်။ သူမ၏မျက်ခုံးနှစ်ဖက်ကြားရှိ အနီရောင်မှဲ့က အနက်ရောင်မှဲ့အဖြစ် ပြောင်းလဲသွားချေပြီ။

သခင်မယွမ်မုက ခန္ဓာကိုယ်အရှေ့ပိုင်းကို သိမ်းပိုက်နေရင်း တခစ်ခစ် ရယ်လိုက်သည်။ “အစ်မတော်၊ နင် အမုန်းဆုံးသူက ငါမလား… အခုတော့ ငါနဲ့ ခန္ဓာကိုယ်တစ်ခုတည်း ဖြစ်နေရုံက လွဲပြီး ရွေးချယ်စရာ မရှိတော့ဘူး”

ကောင်းကင်နတ်ဧကရီ၏ မျက်နှာက ဦးခေါင်းအနောက်သို့ ရောက်သွားပြီး လှမ်းအော်မေးသည်။ “ထိုက်ကျိရှေးဟောင်းနတ်ဘုရား၊ ရှင်တို့ ကျွန်မကို ဘာလုပ်လိုက်ကြတာလဲ”

သူမသည် လက်မြှောက်၍ ကျန်မျက်နှာတစ်ဖက်ကို ကုတ်ဖဲ့လိုက်ရာ ချက်ချင်းပင် သွေးများ ရဲပလောင်း ခတ်သွားတော့၏။

သခင်မင်ယွမ်မုမှာ နာကျင်မှုကို ခံစားလိုက်ရသောကြောင့် ဒေါသူပုန်ထသွားသည်။ သူမက အနောက်သို့ မှီလိုက်ရာ ကောင်းကင်နတ်ဧကရီ၏မျက်နှာကား ချင်မူ့ကပ်ဘေးဓားထိပ်နှင့် ချက်ချင်း နီးကပ်သွားသည်။

“သေစမ်း” ကောင်းကင်နတ်ဧကရီက ကျယ်လောင်စွာ အော်ဟစ်လိုက်သည်။ သူမ လက်ဆန့်တန်းလိုက်ရာ နေရာဟင်းလင်းပြင်သည် နှစ်ခြမ်းကွဲသွားပြီး ချောက်နက်ကြီးတစ်ခု ပေါ်လာကာ ပြုတ်ကျသွားတော့၏။

အမျိုးသမီးနှစ်ယောက်က ချောက်နက်ထဲတွင် အသည်းအသန် တိုက်ခိုက်နေကြသော်လည်း ချောက်နက်သည် ဖျတ်ခနဲ ပျောက်ကွယ်၍ မိုင်တစ်ဒါဇင်ခန့်အကွာတွင် ပြန်ပေါ်လာသည်။ ချောက်နက်ကြီးက သူတို့ကို ထွေးထုတ်လိုက်သည့်အခါ ချင်မူက ချက်ချင်း ရွှေသင်္ဘောပေါ် ပျံတက်၍ လိုက်ဖမ်းတော့သည်။

ထိုခန္ဓာကိုယ်ရှိ အမျိုးသမီးနှစ်ယောက်မှာ ချက်ချင်း တိုက်ခိုက်ကြပြီး တစ်ယောက်၏ မျက်နှာ တစ်ယောက် ကုတ်ဖဲ့နေကြသည်ကို တွေ့လိုက်ရသည်။

ချင်မူမှာ အံ့ဩမှင်သက်နေပြီး ရွှေသင်္ဘောပေါ်မှ ဆင်းလိုက်ကာ သူတို့ကို လိုက်မဖမ်းတော့ပေ။

အဆုံးသတ်မြို့ပျက် အသူရာချောက်နက်က ပြန်လည်ထွက်ပေါ်လာပြီး သွေးစိမ်းရှင်ရှင် ထွက်နေသည့် ဦးခေါင်းကို ဝါးမြိုသွားသဖြင့် ကောင်းကင်နတ်ဧကရီ၏ ခေါင်းပြတ်ခန္ဓာကိုယ်သာ ကျန်ရစ်ခဲ့တော့သည်။

“အပျက်မ၊ နင် သေပြီပဲ”

ကောင်းကင်နတ်ဧကရီ၏ ရယ်သံက ခေါင်းပြတ်ခန္ဓာကိုယ်ထံမှ ထွက်ပေါ်လာသည်။ ရယ်သံ ပျောက်ကွယ်မသွားခင်မှာပင် သူမ၏လက်ဖဝါးတစ်ဖက်၌ မျက်နှာတစ်ဖက် ပေါက်လာ၏။ ၎င်းက သခင်မယွမ်မုဖြစ်ပြီး ကျန်လက်ဖဝါးတစ်ဖက်တွင်တော့ ကောင်းကင်နတ်ဧကရီ၏ မျက်နှာက နေရာယူထားသည်။

အမျိုးသမီးနှစ်ယောက်က ဆက်လက်တိုက်ခိုက်နေပြီး ခေါင်းပြတ်ခန္ဓာကိုယ်ကို သွေးစိမ်းရှင်ရှင် ပန်းထွက်လျက် ပုံပျက်ဆင်းပျက် ဖြစ်လာသည်အထိ ရိုက်နှက်နေကြ၏။

ခေါင်းပြတ်ခန္ဓာကိုယ်ကြီး အသူရာချောက်ထဲ လိမ့်ထွက်သွားသည်ကို မြင်လိုက်ရလျှင် ချင်မူမှာ ကြက်သီးမွေးညှင်းများ ထလာမိသည်။ ၎င်းက ပျောက်ကွယ်၍ အဝေးတွင် ထပ်မံပေါ်လာပြန်သည်။

ကောင်းကင်နတ်ဧကရီက ချောက်နက်ထဲမှ ဒယိမ်းဒယိုင် ထွက်လာပြီး ရုတ်တရက် ခေါင်းနှစ်လုံး ပေါက်နေသည်။ ၎င်းတို့က လည်ပင်းတစ်ခုတည်းအဖြစ် ပြန်လည်ပေါင်းစည်းသွားပြီး ညာဘက်တွင် ခေါင်းတစ်လုံး၊ ဘယ်ဘက်တွင် ခေါင်းတစ်လုံး နေရာယူထားကြ၏။ သူတို့က အနာခံ၍ တစ်ယောက်ကိုတစ်ယောက် သတ်ဖြတ်နေကြပြန်သည်။

သူတို့မှာ နောက်တစ်ကြိမ် ပျောက်ကွယ်သွား၍ ပေါ်လာပြန်သည်။ ကောင်းကင်နတ်ဧကရီနှင့် သခင်မယွမ်မုသည် မြေပြင်တွင် လူးလိမ့်နေကြသော မကောင်းဆိုးဝါးတစ်ကောင်အဖြစ် ပြောင်းလဲသွားသည်။ သူတို့တွင် ခြေထောက်များ မရှိတော့ဘဲ ခန္ဓာကိုယ်အပေါ်ပိုင်းများသာ ရှိကြတော့၏။ သူတို့က လက်ကို ခြေထောက်အဖြစ် အသုံးပြု၍ ပြေးလွှားရင်း အချင်းချင်း သတ်ဖြတ်နေကြသည်။

ကောင်းကင်နတ်ဧကရီမှာ ချောက်နက်ထဲသို့ နောက်တစ်ကြိမ် ရောက်သွားပြန်သဖြင့် ချင်မူ့မျက်လုံးများ ပြူးကျယ်သွား၏။ သူမ နောက်တစ်ကြိမ်ပြန်ပေါ်လာသည့်အချိန်၌ ခန္ဓာကိုယ်မှာ ထူးဆန်းစွာ ပြောင်းလဲနေချေပြီ။

သူတို့သည် ခြေထောက်သုံးချောင်းနှင့် ခန္ဓာကိုယ်တစ်ကိုယ်တည်း သာရှိသော မကောင်းဆိုးဝါးတစ်ကောင်အသွင် ရှိ‌နေ၏။ ခန္ဓာကိုယ်မှာလည်း အပေါ်ပိုင်းတစ်ခုတည်းသာ ရှိပြီး အချင်းချင်း အပြန်အလှန် တိုက်ခိုက်နေကြသည်။

ချင်မူလည်း ရွှေသင်္ဘောကို ရှေ့သို့ ရွေ့လျားသွားစေသည့်အခါ အမျိုးသမီး၏ မျက်နှာနှစ်ခုလုံးသည် မျက်နှာတစ်ခြမ်းတွင်သာ ရှိနေကြကြောင်း သတိထားမိလိုက်သည်။ ငယ်ထိပ်တွင် မျက်လုံးတစ်စုံ၊ အောက်တွင် မျက်လုံးတစ်စုံ၊ နှာခေါင်းအောက်တွင် နောက်ထပ်နှာခေါင်းတစ်ခုနှင့် ပါးစပ်အောက်တွင် နောက်ထပ်ပါးစပ်တစ်ခုတို့ ရှိနေကြသည်။

အမျိုးမျိုးသော ဆဲဆိုသံများက ပါးစပ်နှစ်ခုမှ ဆူညံစွာ ထွက်နေပြီး တစ်ယောက်ကိုတစ်ယောက် တိုက်ခိုက်၍ မပြီးကြသေးပေ။

ချင်မူမှာ သူတို့အနောက်မှ လိုက်ကြည့်နေစဉ် ကောင်းကင်နတ်ဧကရီနှင့် သခင်မယွမ်မုတို့သည် တစ်ယောက်ကိုယ်မှ တစ်ယောက် ခွဲမထွက်နိုင်ကြသလို၊ မပျက်စီးနိုင်ကြသည်ကိုလည်း တွေ့လိုက်ရသည်။ သူတို့က လမ်းတလျှောက် အဆက်မပြတ် ပြောင်းလဲလျက် တိုက်ခိုက်နေကြသဖြင့် အသွင်သဏ္ဍာန်တို့က ပိုပို၍ထူးဆန်းလာကြသည်။

“သူတို့ရဲ့ နာကျင်မှုကို အဆုံးသတ်ပေးဖို့ ရွှေသင်္ဘောနဲ့ ဖိချလိုက်မယ်”

ချင်မူက ရွှေသင်္ဘောကို အသက်သွင်းလိုက်ရာ ၎င်းသည် အရှိန်မြှင့်တင်၍ အမျိုးသမီးနှစ်ယောက်ဆီ ပြေးဝင်သွားသည်။ သူတို့အား ဝင်တိုက်တော့မည်အချိန်တွင် အမျိုးသမီးနှစ်ယောက်က တိုက်ခိုက်နေသည်အား ရပ်၍ လက်‌မြှောက်ကာ ရွှေသင်္ဘောကို ကာလိုက်၏။

ဝုန်း…

လက်လေးဖက်လုံး တစ်ပြိုင်နက် ကျိုးသွားကြပြီး ရွှေသင်္ဘောက သူတို့၏ရင်ဘတ်ကို ဝင့်ဆောင့်သွားသည်။ သူတို့၏ အရိုးအရွတ်များအားလုံး ကျိုးကြေကာ နောက်သို့ လွင့်ထွက်သွားကြတော့သည်။

ချင်မူက ကပ်ဘေးဓားကို လွှဲရမ်းရင်း သူတို့၏အသက်ကို နှုတ်ယူတော့မည့်အချိန်တွင် ထူးဆန်းသော ခန္ဓာကိုယ်ကြီးသည် အဆက်မပြတ် ပြောင်းလဲလာနေကြောင်း မြင်လိုက်ရသည်။ လက်လေးဖက်က ဆန့်ထွက်လာပြီး ကောင်းကင်နတ်ဧကရီနှင့် သခင်မယွမ်မုတို့ကား အတူတကွ တိုက်ခိုက်လိုက်ကြချေပြီ။

ချင်မူမှာ အင့်ခနဲ ညည်းညူလိုက်ရပြီး သူ၏ဓားနှင့်အတူ အနောက်သို့ လွင့်ထွက်သွားသည်။ သူ့မှာ ရွှေသင်္ဘောပေါ်ရှိ အဆောက်အဦးတစ်ခုနှင့် ဝင်တိုက်သွားပြီး နှုတ်ခမ်းထောင့်မှ သွေးများ စီးကျလာ၏။

အမျိုးသမီးနှစ်ယောက်က တစ်ယောက်ကိုတစ်ယောက် ပြန်လည်တိုက်ခိုက်ကြပြီး ကျောက်စိမ်းမြို့တော်ထဲမှ ပြေးထွက်သွားကြသည်။ မကြာမီ သူတို့၏ပုံရိပ် ပျောက်ကွယ်သွားပြီး ဆဲဆိုသံများကိုသာ ကြားရနိုင်တော့၏။ ဆဲဆိုသံများက တဖြည်းဖြည်း‌ ဝေးကွာတိုးဝင်သွားလေသည်။

ချင်မူမှာ အဆောက်အဦးပေါ်မှ လိမ့်ကျလာကာ ခက်ခက်ခဲခဲ ထရပ်လိုက်ရသည်။ သူက တဟွတ်ဟွတ် ချောင်းဆိုးနေရင်း စိတ်ထဲတွင် အတော်‌‌လေး အံ့ဩနေမိသည်။

ကောင်းကင်နတ်ဧကရီနှင့် သခင်မယွမ်မုသာ ပူးပေါင်းလိုက်ပါက တာအိုသိုင်းပညာရှင်တစ်ဦး၏ စွမ်းအားကို ပိုင်ဆိုင်နိုင်ပေလိမ့်မည်။ သို့သော် ထိုအမျိုးသမီးနှစ်ယောက်သည် တစ်ယောက်ကိုတစ်ယောက် သတ်ဖြတ်ရန်သာ စိတ်ဝင်စားသည့်အလျောက် တစ်ယောက်ကိုတစ်ယောက် ဖျက်ဆီး၍ ခန္ဓာကိုယ်ကို အပိုင်စီးချင်နေကြသည်။

‘ကောင်းကင်နတ်ဧကရီနဲ့ သခင်ယွမ်မုက ဘယ်လိုလုပ် ဒီလိုဖြစ်သွားတာလဲ’ သူ့မှာ နားမလည်နိုင်ပေ။

ထိုအခိုက်အတန့်တွင် ထိုက်ကျိရှေးဟောင်းနတ်ဘုရားနှစ်ပါးက တစ်ယောက်ကို တစ်ယောက်တွဲရင်း ကျောက်စိမ်းမြို့တော်ထဲမှ ခိုးကြောင်ခိုးဝှက် ထွက်သွားနေကြကြောင်း သတိထားမိလိုက်သည်။

ဝုန်း…

ရွှေသင်္ဘောကြီးက သူတို့အရှေ့တွင် ရပ်သွား၏။

ရှေးဟောင်းနတ်ဘုရားယင်နှင့် ယန်က သင်္ဘောဦးရှိ ချင်မူ့အား မော့ကြည့်လိုက်ကြပြီး အားတင်း၍ ပြုံးပြလိုက်ကြ၏။

“ကောင်းကင်နတ်အရှင်မူ...”

ချင်မူက သူတို့နှစ်ယောက်အား သင်္ဘောပေါ် ဆွဲတင်ရန် ပြင်လိုက်သည့်အခါ ရွှေရောင်အလင်းတန်းများက သင်္ဘောပေါ်မှ တောက်ပလာပြီး ရှေးဟောင်းနတ်ဘုရားနှစ်ပါးကို မြှောက်တင်လိုက်သည်။

ရှေးဟောင်းနတ်ဘုရားနှစ်ပါးမှာ မခုခံနိုင်သဖြင့် နောက်တစ်ခဏတွင် သင်္ဘောပေါ်သို့ ရောက်သွားကြ၏။

ချင်မူမှာလည်း အံ့အားသင့်နေသည်။ ‘ဒီသင်္ဘောက ငါ ဘာလုပ်ချင်သလဲ သေချာနားလည်တာပဲ’

“ကောင်းကင်နတ်အရှင်မူ၊ ငါတို့ နင့်ကို အခုအထိ အတိုက်အခံ မလုပ်ခဲ့ပါဘူး… ကျေးဇူးပြုပြီး သက်ညှာပေးပါ” ရှေးဟောင်းနတ်ဘုရားယန်က အလောတကြီး တောင်းဆိုသည်။

ချင်မူ့မျက်နှာအမူအရာမှာ နူးညံ့ပျော့ပြောင်းသွား၏။ “ကျွန်တော်က အစ်ကိုတော်နဲ့ အစ်မတော်ဆီမှာ အကြွေးတင်နေတဲ့သူပါ… ဒါနဲ့ ကောင်းကင်နတ်ဧကရီနဲ့ သခင်မယွမ်မုက ဘယ်လိုများ ဖြစ်သွားတာလဲ”

ရှေးဟောင်းနတ်ဘုရားနှစ်ပါးသည် တစ်ယောက်ကို တစ်ယောက်ကြည့်၍ ပြိုင်တူ သက်ပြင်းချလိုက်ကြ၏။ “ငါတို့ ထိုက်ကျိလမ်းစဉ် သုံးပြီး သူတို့နှစ်ယောက်ကို အတင်းအကြပ် ပေါင်းစည်းစေခဲ့မိတယ် … ဒါပေမဲ့ ကောင်းကင်နတ်ဧကရီနဲ့ အရှင်မယွမ်မုရဲ့ အသိစိတ်အလျဉ်က ရှိနေသေးပြီး အခုလို ပေါင်းစည်းသွားလိမ့်မယ် ထင်မထားခဲ့ဘူး…”

“သူတို့ကို ပြန်ခွဲလို့ရသေးလား…” ချင်မူက မေးသည်။

“ငါတို့က သူတို့ရဲ့ ရုပ်ခန္ဓာတွေနဲ့ မူလဝိညာဉ်တွေကို ပေါင်းစည်းခဲ့တာ… အခု သူတို့ရဲ့ဝိညာဉ်တွေက တစ်ခုတည်း ဖြစ်နေတဲ့အပြင် အသိစိတ်အလျဥ်နဲ့ စိတ်ကလည်း လုံးဝ ပေါင်းစည်းသွားပြီ”

ရှေးဟောင်းနတ်ဘုရားယင်က တခဏ တုံ့ဆိုင်းနေပြီးနောက် ချီစွမ်းအင်ဖြင့် ကြာပန်းတစ်ပွင့် ဖန်ဆင်း၍ ချင်မူ့လက်ထဲ ထည့်လိုက်သည်။ “ကောင်းကင်နတ်အရှင်မူ၊ ဒီကြာပန်းပွင့်ကို ကြာပန်းနှစ်ပွင့် ဖြစ်လာအောင် လုပ်လို့ရလား… သူတို့ကိုလည်း ခွဲထုတ်လို့မရတော့ဘူး”

ကြာပန်းပွင့်ကို စိုက်ကြည့်နေသည့် ချင်မူ့မျက်နှာအမူအရာမှာ ပိုပို၍ထူးဆန်းလာသည်။ “အစ်မတော်တို့ပြောချင်တာ ကောင်းကင်နတ်ဧကရီရဲ့ ခန္ဓာကိုယ်ထဲမှာ လူတစ်ယောက်ပဲ ရှိနေပြီး နှစ်ယောက်ရှိနေတာ မဟုတ်ဘူးဆိုတဲ့ အဓိပ္ပာယ်လား”

ရှေးဟောင်းနတ်ဘုရားနှစ်ပါးက ခေါင်းညိတ်လိုက်ကြသည်။

“သူ အခုလိုဖြစ်နေတာက ကောင်းကင်နတ်ဧကရီရဲ့ အသိစိတ်အလျဉ်နဲ့ သခင်မယွမ်မုရဲ့ အသိစိတ်အလျဉ်ကို ပေါင်းစည်းလိုက်လို့ပဲ”

ချင်မူက ဆက်ပြောသည်။ “သူ့ရဲ့စိတ်ထဲမှာ ကောင်းကင်နတ်ဧကရီရဲ့ အတွေးတွေအပြင် သခင်မယွမ်မုရဲ့ အတွေးတွေလည်း ရှိနေတယ်… ဒါပေမဲ့ သူက မသိဘူး… သူ့ကိုယ်သူ ကောင်းကင်နတ်ဧကရီလို့ပဲ ထင်နေတာ”

ရှေးဟောင်းနတ်ဘုရားယန်က ပြောသည်။ “ဒါမှမဟုတ် သူ့ကိုယ်သူ သခင်မယွမ်မုလို့ ထင်နေတာပဲ…”

“ပြောရရင်…”

ချင်မူက တခဏ တွန့်ဆုတ်နေပြီးနောက် မေးခွန်းထုတ်လိုက်လေသည်။ “ကောင်းကင်နတ်ဧကရီက ရူးသွားတာလား”

ရှေးဟောင်းနတ်ဘုရားနှစ်ပါးက တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ကြသည်။ သူတို့၏မျက်နှာအမူအရာများတွင် ၀မ်းနည်းကြေကွဲမှုတို့ဖြင့် ပြည့်နှက်နေကြပြီး နှစ်ယောက်လုံး ခေါင်းညိတ်လိုက်ကြ၏။ “သူ ရူးသွားရှာပြီ… ငါတို့ရဲ့စမ်းသပ်မှု မအောင်မြင်ခဲ့ဘူး”

ချင်မူ့မှာ ပါးစပ်အဟောင်းသား ဖြစ်နေမိ၏သည် ထိုက်ကျိရှေးဟောင်းနတ်ဘုရားနှစ်ပါးသည် ရူးနေသော တာအိုသိုင်းပညာရှင်တစ်ယောက်ကို ဖန်တီးခဲ့ခြင်းလော။

All Chapters