မြစ်ပြင်ထက်က ဗျပ်စောင်းသံ
Vol. 117 Ch. 1531
ရွှေသင်္ဘောက စတုတ္ထစကြ၀ဠာကြောင့် ဖွဲ့တည်လာသော ဖရိုဖရဲမြစ်ဆီသို့ ရောက်လာသည့်အခါ အရှိန်လျော့သွားသည်။ ချင်မူက သင်္ဘောထိပ်မှ အောက်သို့ ငုံ့ကြည့်ရင်း ထိုက်ယီ၏ ခြေရာလက်ရာများကို ဂရုတစိုက် ရှာဖွေနေသည်။
ထိုက်ယီသည် စတုတ္ထစကြ၀ဠာသို့ ပို့လွှတ်ခံခဲ့ရသည့်အတွက် သူ၏ ခြေရာလက်ရာများကို ရှာဖွေရခြင်းက ကောက်ရိုးပုံထဲ အပ်ပျောက်ရှာနေရသည့်အလား ဖြစ်နေသည်။
သို့သော် မဟာပျက်စီးခြင်းကပ်ဘေးကြီးထဲတွင် စကြ၀ဠာပျက်သုဉ်းပြီး သက်ရှိသတ္တဝါမှန်သမျှ မျိုးသုဥ်းပျောက်ကွယ်ခဲ့ရသည်။ စကြ၀ဠာတစ်ခုလုံး ကျုံ့၀င်လာခဲ့ကာ နေရာဟင်းလင်းပြင်တို့ ဗလာနတ္ထိ ဖြစ်လာခဲ့၏။ ဒြပ်ထုက စွမ်းအင်အဖြစ် ပြောင်းလဲကုန်သောကြောင့် ရွေ့လျားနိုင်သော နေရာဟင်းလင်းပြင် ဟူ၍ ဘိုးဘေးနန်းတော် လောကသစ်ပင်အနားတွင်သာ ဖြစ်နိုင်သည်။
ထို့ကြောင့် ချင်မူအနေဖြင့် ထိုက်ယီကို ရှာဖွေလိုလျှင် စတုတ္ထစကြ၀ဠာထဲတွင် ကျန်ရစ်သည့် အင်အားကြီးမားသော သိုင်းပညာရှင်များကိုသာ စောင့်ကြည့်ရန် လိုလိမ့်မည်။
သို့စေကာမူ ထိုက်ယီကား ရုပ်ပြောင်းရုပ်လွှဲ ပညာရပ်တွင် ကျွမ်းကျင်သည်။ သူသည် မီလော့နန်းတော်အရှင်သခင်နှင့် စတုတ္ထစကြ၀ဠာ၏ အစွမ်းထက်သိုင်းပညာရှင်များကြောင့် ကပ်ဘေးထဲ ကျရောက်ခဲ့ရ၏။ ၎င်းက စတုတ္ထစကြ၀ဠာတွင် သူနှင့် ယှဉ်ပြိုင်နိုင်သော ဖြစ်တည်မှုတစ်ခု ရှိနေသည့် အဓိပ္ပာယ်ပင်။
ထိုမျှသာမက ဝေစွေ့ဖုန်း၏ ပြောစကားအရ ထိုက်ယီမှာ မီလော့နန်းတော်အရှင်သခင်ကြောင့် ဒဏ်ရာအပြင်းအထန် ရခဲ့သည်။ စတုတ္ထစကြ၀ဠာဆီ ကျရောက်ပြီးနောက်မှ ရုပ်ပြောင်းသွားနိုင်ခြေ ရှိသည်။ သို့ဖြင်၍ မဟာပျက်စီးခြင်းကပ်ဘေး၏ အစမှ ထိုက်ယီ၏ ပုံပန်းသွင်ပြင်ကို သတိထားကာ ရှာဖွေရလိမ့်မည်။ ထို့နောက်မှ သူ ပြောင်းလဲခဲ့သည့် အသွင်အပြင်ကို သိရှိနိုင်ပေလိမ့်မည်။
ချင်မူက လမ်းတလျှောက်လုံး ဂရုတစိုက် ကြည့်ရှုနေပြီး ရွှေသင်္ဘောသည် တည်ငြိမ်အေးဆေးစွာပင် မြစ်အား ဖြတ်သန်းသွားလာနေသည်။ ရက်တချို့ ကုန်ဆုံးသွားပြီးနောက် ဖရိုဖရဲမြစ်ထဲသို့ လျင်မြန်စွာ ကျဆင်းနေသော ထိုက်ယီ၏ခန္ဓာကိုယ်ကို ချင်မူ တွေ့လိုက်ရသည်။
ချင်မူမှာ ရုတ်ခြည်းဆိုသလို စိတ်အားတက်ကြွသွားတော့သည်။
ဤသည်မှာ ထိုက်ယီ စတုတ္ထစကြ၀ဠာသို့ နှင်ထုတ်ခံခဲ့ရသည့် မြင်ကွင်းပင်။
သူက မျက်ခုံးနှစ်ဖက်ကြားရှိ တတိယမျက်လုံးဖြင့် ကျဆင်းနေသော ထိုက်ယီ၏ ပုံရိပ်အား အသေအချာ ပစ်မှတ်ထား၍ ကြည့်ရှုနေသည်။
တာအိုသိုင်းပညာရှင်နှစ်ယောက်က ထိုက်ယီအား ဖရိုဖရဲမြစ်ထဲသို့ ဆွဲခေါ်နေသည်။ သုံးယောက်သား မြစ်ထဲ ကျဆင်းနေရင်း အဆက်မပြတ် တိုက်ခိုက်နေကြ၏။ သူတို့၏ပုံရိပ်များက မီးအိမ်များအလား လှည့်ပတ်နေကြသောကြောင့် အားလုံးကို မျက်စိကျိန်းနေစေသည်။
ရွှေသင်္ဘောက ဆက်လက်ရွေ့လျားနေဆဲပင်။ ရွှေသင်္ဘော ရှေ့ဆက်သွားနေသည်နှင့် အောက်ရှိတိုက်ပွဲမှာလည်း အဆပေါင်းများစွာ မြန်ဆန်လာသယောင် ထင်ရသည်။
ထိုက်ယီကား ဒဏ်ရာအပြင်းအထန် ရထားသဖြင့် တာအိုသိုင်းပညာရှင်နှစ်ယောက်အား မတိုက်ခိုက်နိုင်ပေ။ သို့သော် သူသည် လူငယ်တစ်ယောက်အဖြစ် အသွင်ပြောင်းလိုက်သဖြင့် သူ့ခန္ဓာကိုယ်ပေါ်ရှိ ဒဏ်ရာများက အစအနပင် မကျန်အောင် ပျောက်ကွယ်သွား၏။
သို့သော် လူငယ်ထိုက်ယီအနေဖြင့် ထိုပုဂ္ဂိုလ်နှစ်ယောက်ကို တစ်ယောက်တည်း တိုက်ခိုက်ရန် မလွယ်သဖြင့် ဒဏ်ရာများ ရနေသည်။ ဒဏ်ရာများ ပိုမိုဆိုးရွားလာတိုင်း ထိုက်ယီက အသွင်ပြောင်းတတ်ရာ တာအိုသိုင်းပညာရှင်နှစ်ယောက်မှာလည်း ဘာမှမတတ်နိုင်ကြပေ။
ရုတ်တရက် ထိုက်ယီသည် ဖရိုဖရဲချီအလင်းတန်းတစ်တန်းအဖြစ် ပြောင်းလဲ၍ အဝေးသို့ ပျံသန်းသွားသည်။ တာအိုသိုင်းပညာရှင်နှစ်ယောက်က အနောက်မှ လိုက်ဖမ်းကာ လမ်းတလျှောက် တိုက်ခိုက်နေကြ၏။
ရွှေသင်္ဘောပေါ်တွင် ချင်မူက ပုဂ္ဂိုလ်သုံးယောက်ကို ဂရုတစိုက် ကြည့်ရှုနေသည်။ သူတို့သည် အချင်းချင်း တိုက်ခိုက်ရင်း မဟာပျက်စီးခြင်းကပ်ဘေးကြီးထဲရှိ လောကသစ်ပင်ဆီသို့ သွားနေကြကြောင်း သတိထားမိလိုက်၏။ သူတို့က သစ်ပင်ထက်၌ ရပ်နေကြသည့်အချိန်တွင်ပင် ခန္ဓာကိုယ်များ လှုပ်ရှားရင်း တစ်ယောက်ကိုတစ်ယောက် တိုက်ခိုက်နေကြသေးသည်။
ရွှေသင်္ဘောသည် ရွေ့လျားလာရင်း မြစ်တစ်ဖက်ကမ်းနှင့် နီးကပ်လာချေပြီ။ အောက်ရှိ စကြ၀ဠာမှာ လုံးလုံးလျားလျား ချေမှုန်းခံနေသည့်အလျောက် ဒြပ်ထုများမှာလည်း စွမ်းအင်များအဖြစ် ပြောင်းလဲကုန်ရင်း စုဝေးနေကြသည်။ ဖရိုဖရဲချီတို့က လောကသစ်ပင်ကို လှည့်ပတ်ရစ်ဝဲနေရာ အလွန်တရာ ကြောက်မက်ဖွယ် ကောင်းနေစေ၏။
တာအိုသိုင်းပညာရှင်များပင်လျှင် ထိုသို့ကြောက်စရာကောင်းသော စွမ်းအင်ကြောင့် သေဆုံးခြင်းမှ မရှောင်လွှဲနိုင်ကြပေ။ လောကသစ်ပင်တစ်ပင်တည်းသာလျှင် ယခင်အတိုင်း မပြောင်းလဲဘဲ အမြစ်များကို ဆန့်ထုတ်ရင်း မဟာပျက်စီးခြင်းကပ်ဘေးကြီး၏ စွမ်းအင်တို့ကို စုပ်ယူနေသည်။
လောကသစ်ပင်၏ အမြစ်များတွင် မည်သည့်မြေဆီလွှာမှ မရှိပေ။ ဘိုးဘေးနန်းတော်တစ်ခုလုံး ပြာကျသွားပြီဖြစ်၏။ လောကသစ်ပင်ဆီ အချိန်မီ ရောက်မလာနိုင်သော တာအိုသိုင်းပညာရှင်အားလုံးလည်း ပြာကျသွားကြသည်။
သို့သော် လောကသစ်ပင်ဆီသို့ အချိန်မီ ရောက်လာသောကြောင့် အမြစ်များထဲ တိုးဝင်ပြီး ဤပျက်စီးနေသော စကြ၀ဠာမှ အနာဂတ်စကြ၀ဠာထံ ထွက်ပြေးရန် ကြိုးစားနေကြသော တာအိုသိုင်းပညာရှင်များလည်း ရှိကြ၏။
လောကသစ်ပင်ပေါ်တွင် တိုက်ခိုက်နေကြသော ပုဂ္ဂိုလ်သုံးယောက်မှာ မဟာပျက်စီးခြင်းကပ်ဘေးကြီးကို ခံနိုင်ရည်မရှိသောကြောင့် လောကသစ်ပင်အမြစ်များထဲ တစ်ယောက်ပြီးတစ်ယောက် တိုးဝင်သွားကြသည်။
ထို့နောက်တွင် စတုတ္ထစကြ၀ဠာတစ်ခုလုံး ပျက်သုဉ်းသွားပြီး လောကသစ်ပင်တစ်ပင်တည်းသာ ဖရိုဖရဲစွမ်းအင်များအကြား မျောလွင့်လျက် ကျန်ရစ်ခဲ့၏။ ၎င်းက ကောင်းကင်နှင့် မြေကြီးကို ခွဲထွက်၍ အနာဂတ်စကြ၀ဠာအထဲ တိုးဝင်ရန် ပြင်ဆင်နေသည်။
ထိုအခိုက်အတန့်တွင် ချင်မူမှာ ကျောက်စိမ်းမြို့တော်ကို မြင်လိုက်ရ၍ အံ့သြမှင်သက်သွားမိ၏။
အလွန်တရာ လှပသော ကျောက်စိမ်းမြို့တော်မှာ မဟာပျက်စီးခြင်းကပ်ဘေးကြီးထဲတွင် အဆက်မပြတ် ပြိုလဲနေသော်လည်း လုံးလုံးလျားလျား မပျက်စီးသွားသေးကြောင်း သတိထားမိလိုက်သည်။
မြို့ထဲတွင် စိမ်းစိုနေသော တာအိုသစ်ပင်တစ်ပင်က ဖရိုဖရဲစွမ်းအင်များကို တည်ငြိမ်နေစေ၏။ တာအိုသစ်ပင်ပေါ်တွင် လူရိပ်တစ်ခု ရပ်နေသော်လည်း ထိုပုဂ္ဂိုလ်သည် လောကသစ်ပင်ဆီသို့ မသွားရောက်ပေ။
ထိုသူက လုံးဝပျက်စီးနေသော စကြ၀ဠာအလယ်တွင် ထီးထီးတည်း ရပ်နေပြီး သူ၏မျက်လုံးများထဲတွင် ပူဆွေးဝမ်းနည်းမှုတို့သာ ထင်ဟပ်နေသည်။ ဤစကြ၀ဠာ ပျက်သုဉ်းသွားသည့်အတွက် ဝမ်းနည်းစိတ်ဖြင့် ကြေကွဲနေရသည့်အလားပင်။
“မီလော့နန်းတော်အရှင်သခင်”
ရွှေသင်္ဘောသည် တခဏ ရပ်တန့်သွားပြီး မြစ်တစ်ဖက်ကမ်းသို့ ရောက်လာ၏။ စတုတ္ထစကြ၀ဠာ၏ ကျောက်စိမ်းမြို့တော်အပျက်အစီးများက ချင်မူ့အရှေ့တွင် ပေါ်လာကြသည်။
ချင်မူမှာ အတန်ကြာ စဉ်းစားနေပြီးနောက် မျက်မှောင်ကြုတ်လိုက်သည်။
အချိန်အတော်ကြာ ကြည့်ရှုလေ့လာပြီးသည့်တိုင် ထိုက်ယီ၏ ထူးခြားသော အကျင့်စရိုက်တစ်ခုကိုမှ မတွေ့ရပေ။
လူတစ်ယောက်၏ အကျင့်စရိုက်အနေဖြင့် ပြောင်းလဲရန် အလွန်ခက်ခဲသော်လည်း ထိုက်ယီသည် ပုံပန်းသွင်ပြင် ပြောင်းလဲသွားတိုင်း အကျင့်စရိုက်လည်း ပြောင်းလဲသွားတတ်သည်။ တူညီသော အကျင့်စရိုက်ဟူ၍ မရှိပေ။
စကားလုံးများဖြစ်စေ၊ လုပ်ရပ်များဖြစ်စေ၊ မျက်နှာအမူအရာများဖြစ်စေ၊ ကောင်းကင်နတ်သိုင်းများဖြစ်စေ တစ်ခုမှ ထပ်နေခြင်း မရှိပေ။
‘အသေအချာ စဉ်းစားကြည့်တော့ ငါ အနက်ရောင်တောင်တန်းတွေမှာ ရှိနေခဲ့တုန်းကလည်း ထိုက်ယီမှာ အကျင့်စရိုက် ရှိတဲ့ပုံ မပေါ်ဘူး...”
ချင်မူမှာ လေပူတစ်ချက် မှုတ်ထုတ်လိုက်ရင်း ရွှေသင်္ဘောအား ဖရိုဖရဲမြစ်နှစ်စင်းအကြားရှိ ကျောက်စိမ်းမြို့တော်အပျက်အစီးများအကြား ဖြတ်သန်းသွားစေလိုက်သည်။ သူက ခပ်တိုးတိုး ရေရွတ်နေသည်။ “အခု သူ့အကြောင်းအကုန် ပြန်တွေးကြည့်တော့မှ သူ့ကို အထင်ကြီးမိပေမယ့် သူ့မျက်နှာကို ပြန်တွေးမိတိုင်း ရှုပ်ထွေးနေတာချည်းပဲ…. ဒါက ကမ္ဘာဦးအစ ဖရိုဖရဲသဘာဝရဲ့ အကျင့်စရိုက်လား..”
သို့သော် အဓိကပြဿနာက ဤအရာပင် ဖြစ်၏။ သူသည် စတုတ္ထစကြ၀ဠာပျက်စီးခြင်းတွင် ထိုက်ယီကို အာရုံစိုက်ထားခဲ့သော်လည်း ပဉ္စမစကြ၀ဠာပျက်စီးခြင်းတွင် ဖြစ်လာမည့် ထိုက်ယီကိုတော့ လျစ်လျူရှုထားခဲ့မိသည်။
ထိုက်ယီ၏ အကျင့်စရိုက်ကို မရှာဖွေနိုင်လျှင် ငါးခုမြောက် စကြ၀ဠာ၌ ထိုက်ယီကို ရှာတွေ့လိမ့်မည် မဟုတ်ပေ။
ထို့နောက် ခြောက်ခုမြောက်နှင့် ခုနစ်ခုမြောက် စကြ၀ဠာများတွင်လည်း ထိုက်ယီအား ရှာတွေ့နိုင်မည်မဟုတ်။
'သူက ငါ့ကို လိုက်ရှာခိုင်းခဲ့တာဆိုတော့ မြေပုံနဲ့များ ဆက်နွယ်နေသလား...’
ချင်မူက စိတ်ထဲ၌ တွေးနေသည်။ ထိုက်ယီတောင်ဝှေး ထားခဲ့သည့် မြေပုံမှာ အလွန်တရာ ရှုပ်ထွေးနေပြီး သူ တစ်ခါမှမမြင်ဖူးသော နေရာလည်း ဖြစ်သည်။ ထိုမျှသာမက ဤမြေပုံသည် လက်ရှိစကြ၀ဠာ၏ မြေပုံဟုတ်၊ မဟုတ်ကိုပင် မပြောတတ်ပေ။
ကမ္ဘာဦးစကြ၀ဠာ၏ မြေပုံသာ ဆိုပါက ရှာဖွေရန် ပို၍ မဖြစ်နိုင်ပေ။
“နေပါဦး... ထိုက်ယီမှာ သိသာတဲ့ အကျင့်စရိုက်တစ်ခု ရှိတာပဲ...”
ချင်မူ့မျက်လုံးများက ရုတ်တရက် တောက်ပလာသည်။ သူက ပြုံးလိုက်ပြီး လက်ခုပ်တီးလိုက်သည်။ “သူ အသွင်ပြောင်းလိုက်တိုင်း အသံ၊ အပြုံး၊ အသွင်သဏ္ဍာန်၊ စကားလုံးတွေ၊ လုပ်ရပ်တွေ၊ အကျင့်စရိုက်တွေ၊ ကောင်းကင်နတ်သိုင်းတွေ၊ ကျင့်စဉ်တွေ၊ လမ်းစဉ်တွေက မတူတော့ဘူး… ဒါပေမဲ့ သူ တစ်ကြိမ်ထက် ပိုပြီး သုံးခဲ့တာတော့ ရှိတယ်… ဘီလူးကြီးထိုက်ယီပဲ”
ချင်မူမှာ စိတ်လှုပ်ရှားလာတော့သည်။ ဘီလူးထိုက်ယီမှာ ထိုက်ယီ၏ ပထမဆုံးခန္ဓာကိုယ် ဖြစ်နိုင်သည်။ ဖရိုဖရဲပုဆိန်ကို ထိန်းချုပ်သည့် ခန္ဓာကိုယ်ဖြစ်သည့်အပြင် အသန်မာဆုံးခန္ဓာကိုယ်လည်း ဖြစ်၏။
ထိုက်ယီသည် လောကသစ်ပင်ကို ခုတ်ခဲ့တုန်းက ဤခန္ဓာကိုယ်ကို တစ်ကြိမ်အသုံးပြုခဲ့သည်။ နောက်ပိုင်းတွင် လောကသစ်ပင် ပြန်လည်ရှင်သန်လာတုန်းက ဘီလူးကြီးထိုက်ယီအဖြစ် ပြန်လည်ပြောင်းလဲကာ ဖရိုဖရဲပုဆိန်ကို သယ်ဆောင်လာရင်း လောကသစ်ပင်အား ခုတ်ပစ်ရန် ပြင်ဆင်ခဲ့၏။
စတုတ္ထဖရိုဖရဲမြစ်ထဲရှိ လေးခုမြောက်စကြ၀ဠာသို့ တွန်းထုတ်ခံခဲ့ရစဉ်က အစပိုင်းတွင် ထိုက်ယီ အသုံးပြုခဲ့သည့် ခန္ဓာကိုယ်မှာလည်း ထိုခန္ဓာကိုယ်ဖြစ်သည်။
'တခြားနည်းနဲ့ ပြောရရင် ဒါက ထိုက်ယီရဲ့ အကျင့်စရိုက်ပဲ… ထိုက်ယီရဲ့ ပြောင်းလဲမှုတွေကို ဂရုစိုက်နေစရာ မလိုဘူး… ဘီလူးထိုက်ယီကို အနာဂတ်စကြ၀ဠာမှာ မြင်ရတာနဲ့ သူပဲ ဖြစ်ရမယ်”
ချင်မူက ရွှေသင်္ဘောကို ကမ်းစပ်ဆီသို့ ရွက်လွှင့်သွားပြီး ကျောက်စိမ်းမြို့တော် အပျက်အစီးများကို ကျော်ဖြတ်ကာ ငါးခုမြောက် စကြ၀ဠာ၏ ဖရိုဖရဲမြစ်ဆီသို့ ဦးတည်သွား၏။
သူ့မှာ အောက်သို့ ငုံ့ကြည့်နေစဉ် ကျောက်စိမ်းမြို့အပျက်အစီးများအကြားတွင် ရပ်နေခဲ့သည့် ပုဂ္ဂိုလ်နှင့် ထိုသူ၏မျက်၀န်းထဲက ၀မ်းနည်းကြေကွဲမှုများကို ပြန်လည်တွေးမိသွားသည်။
'မီလော့နန်းတော်အရှင်သခင်က အားနည်းသူတွေကို ကာကွယ်ပေးမယ့် နတ်ဘုရားမြို့တစ်မြို့ ရှိလာအောင် ကျောက်စိမ်းမြို့တော်ကို အဲ့ဒီအချိန်မှာ တည်ဆောက်ခဲ့တာပဲ ဖြစ်ရမယ်… သူ့အိပ်မက်ထဲမှာတော့ ဒီနတ်ဘုရားမြို့တော်က နောက်စကြ၀ဠာ လူနေမှုအဖွဲ့အစည်းရဲ့ အရင်းအမြစ် ဖြစ်နေလိမ့်မယ်”
မီလော့နန်းတော်အရှင်သခင်သည် သေဆုံးသွားခဲ့သော်လည်း သူ မွေးဖွားခဲ့သော မူလစကြ၀ဠာသို့ ပြန်သွားကာ တာအိုအဖြစ် ပြောင်းလဲခဲ့ရသည့် အကြောင်းအရင်းကို ချင်မူ နားလည်သဘောပေါက်သွား၏။
ပထမဆုံးစကြ၀ဠာမှ ၁၆ ခုမြောက် စကြ၀ဠာအထိ မီလော့နန်းတော်အရှင်သခင်သည် သတ္တဝါတိုင်းအား ကယ်တင်နိုင်ရန် မျှော်လင့်ခဲ့သော်လည်း အကြိမ်တိုင်း ကျရှုံးခဲ့ရသည်။
ထို့နောက် သူက ဒုတိယမြောက် အကောင်းဆုံးအရာတစ်ခုကို အကောင်အထည် ဖော်ခဲ့သည်။ အတိတ်စကြ၀ဠာမှ မျိုးဆက်များ အနာဂတ်စကြ၀ဠာသို့ ရောက်နိုင်အောင် နတ်ဘုရားမြို့တစ်မြို့ကို တည်ဆောက်ခဲ့ခြင်းပင်။ သို့သ်ော သူ၏ ရည်ရွယ်ချက်မှာ ကျောက်စိမ်းမြို့တော်သခင်လေးများ အာဏာနှင့် ကိုယ်ကျိုးအတွက် တိုက်ခိုက်ရာတွင် အသုံးပြုသည့် လက်နက်များ ဖြစ်လာခဲ့သည်။
မီလော့နန်းတော်သခင်မှာ မျှော်လင့်ချက်မရှိတော့သဖြင့် လက်လျှော့လိုက်ပြီး သူ မွေးဖွားခဲ့သည့် ခေတ်သို့ ပြန်သွားခဲ့သည်။ ထိုနေရာတွင် မီလော့နန်းတော်ကို ထားရှိကာ ထာ၀ရသေဆုံးခြင်းကို ရွေးချယ်ခဲ့သည်။
“လေးစားသင့်တဲ့ ပုဂ္ဂိုလ်တစ်ယောက်ပဲ...”
ချင်မူက ရွှေသင်္ဘောပေါ်မှ ခုန်ဆင်း၍ ကျောက်စိမ်းမြို့တော်အပျက်အစီးများထဲ လမ်းလျှောက်ရင်း ထိုအံ့မခန်းလိလိ ပုဂ္ဂိုလ်အကြောင်း တွေးနေမိသည်။ သူ၏ နှလုံးသားထဲတွင် ခံစားချက်မျိုးစုံဖြင့် ပြည့်နှက်လာပြီး နောက်ဆုံးတွင် ၎င်းတို့အားလုံးက လေးစားမှုအဖြစ် ပြောင်းလဲသွားကြသည်။
သူက အပျက်အစီးများကို ဦးညွှတ်အရိုအသေပေးပြီးနောက် ရွှေသင်္ဘောပေါ် ပြန်ခုန်တက်လိုက်၏။
ရွှေသင်္ဘောက ငါးခုမြောက် စကြ၀ဠာ၏ ဖရိုဖရဲမြစ်ထံသို့ ရွက်လွှင့်သွားပြီး ငါးခုမြောက်စကြ၀ဠာ လုံး၀ဖျက်ဆီးခံရသည့် အခိုက်အတန့်သို့ တိုက်ရိုက် ရောက်ရှိသွားသည်။ စကြ၀ဠာတစ်ခုလုံး ဖျက်ဆီးခံနေရသည့်အချိန်တွင် ထိုက်ယီ၏ အစအနများကို တွေ့လိုက်ရ၏။
ထိုက်ယီသည် အန္တရာယ်ကျရောက်နေသည့်အချိန်၌ အသန်မာဆုံးရုပ်ခန္ဓာကို အသုံးမပြုဘဲ မနေနိုင်ချေ။
သို့သော် ဤတစ်ကြိမ်တွင် ထိုက်ယီကို ရှာဖွေရန်က ချင်မူ၏ အဓိကရည်ရွယ်ချက် မဟုတ်ပေ။ အချိန်များ ကုန်ဆုံးသွားပြီးနောက် သူ့အကြည့်က မီလော့နန်းတော်အရှင်သခင်အပေါ် ကျရောက်သွားသည်။
မီလော့နန်းတော်အရှင်သခင်သည် ကျောက်စိမ်းမြို့တော်နောက်တစ်မြို့ တည်ဆောက်ထားသည်။ ဤတစ်ကြိမ်တွင် သူတစ်ယောက်တည်း မဟုတ်ပေ။ သူ့ဘေးတွင် ကျောက်စိမ်းမြို့တော်ကို သူနှင့်အတူ ကာကွယ်ပေးမည့် နောက်လိုက်များ ရှိကြသည်။ သူတို့ကား မဟာပျက်စီးခြင်းကပ်ဘေးကြီးကို လောကသစ်ပင်၏ အကူအညီ မပါဘဲ ကျော်ဖြတ်နိုင်ရန် ကြိုးစားနေကြလေသည်။
ဤကပ်ဘေးမှာလည်း ယခင်အကြိမ်နှင့် မထူးခြားစွာ ကျောက်စိမ်းမြို့တော်အား ပျက်စီးသွားစေ၏။
မီလာ့နန်းတော်အရှင်သခင်၏ နောက်လိုက်များ အသက်ရှင်ကျန်ရစ်ခြင်း ရှိ၊ မရှိကို ချင်မူ မသိပေ။ ငါးခုမြောက်စကြ၀ဠာ လုံးလုံးလျားလျား ဖျက်ဆီးခံလိုက်ရသည့်အချိန်တွင် သူသည် ကမ်းစပ်သို့ ရောက်ရှိနေပြီဖြစ်သောကြောက့် နောက်ဆုံးအခြေအနေကို မမြင်လိုက်ရချေ။
ရွှေသင်္ဘောက စကြ၀ဠာတစ်ခုပြီးတစ်ခု ပျက်စီးနေသည့်ကြားမှ ရွက်လွှင့်ဖြတ်သန်းနေသည်။ ဖရိုဖရဲဖြစ်အောက်တွင် အရိုးစုတချို့ကလည်း သင်္ဘောပေါ် တက်၍ ကပ်ဘေးအား ကျော်ဖြတ်နိုင်ရန် လိုက်လံကုပ်တွယ်နေကြ၏။
ချင်မူက ကပ်ဘေးဓားကို ထုတ်ရင်း သင်္ဘောပေါ်တက်ရန် ကြိုးစားနေကြသော တာအိုသိုင်းပညာရှင်အားလုံးကို ခုတ်ချလိုက်သည်။
သူသည် စကြ၀ဠာတစ်ခုချင်းစီတွင် ထိုက်ယီ၏ အငွေ့အသက်များကို တွေ့ရသလို၊ မီလော့နန်းတော်အရှင်သခင်၏ ကြိုးစားအားထုတ်မှုများကိုလည်း တွေ့မြင်ခဲ့ရ၏။ မီလော့နန်းတော်အရှင်သခင်၌ နောက်လိုက်များ ပိုပို၍ များပြားလာခဲ့သည်ကိုလည်း သတိထားမိလာသည်။
သူတို့ တည်ဆောက်ထားသည့် နတ်ဘုရားမြို့မှာ ပိုပို၍ ပြီးပြည့်စုံပြီး ခိုင်မာတည်တံ့လာ၏။ အကြိမ်ကြိမ် ကျရှုံးပြီးနောက် အနာဂတ်ကျောက်စိမ်းမြို့တော်နှင့် ပိုမိုနီးစပ်လာသည်။
'လက်ရှိ ကျောက်စိမ်းမြို့တော်ကို အကြိမ်ကြိမ် ကျရှုံးပြီးတော့မှ မီလော့နန်းတော်အရှင်သခင် တည်ဆောက်နိုင်ခဲ့တာပဲ… တစ်ရက်တည်း ဆောက်နိုင်ခဲ့တာ မဟုတ်ပါလား’
ချင်မူမှာ စိတ်ထဲတွင် လေးစားအားကျနေမိသည်။ မီလော့နန်းတော်အရှင်သခင် ကျောက်စိမ်းမြို့တော်ကို တည်ဆောက်ခဲ့သည့်အချိန်၌ ကျောက်စိမ်းမြို့တော်ထောင်ချောက် ဆိုသည့်အရာ မရှိပေ။
ထောင်ချောက်အစစ်များမှာ နတ်ကောင်းကင်ခန်းမနှင့် ခရမ်းရောင်နတ်ဘုံခန်းမတို့ပင်။
ရွှေသင်္ဘော ဆယ်ခုမြောက် စကြ၀ဠာ၏ ကပ်ဘေးကြီးဆီ ရောက်လာသည့်အချိန်တွင် ... ၎င်း၏မြစ်တစ်စင်းလုံး လုံးလုံးလျားလျား တည်ငြိမ်အေးဆေးနေသည်။ မည်သည့်တာအိုသိုင်းပညာရှင်ကမှ သင်္ဘောပေါ် တက်ရန် မကြိုးစားကြပေ။
ချင်မူက မျက်ခုံးပင့်၍ ရွှေသင်္ဘောအား တိတ်တဆိတ် အရှိန်တင်လိုက်သည်။ သူ၏ စိတ်ထဲတွင် သတိကြီးကြီး ကပ်ထား၏။
ယခင် မီလော့နန်းတော်၏ သခင်လေးလေးနှင့် တွေ့ခဲ့ရစဉ်တုန်းက ဧကရာဇ်တစ်ပါးအသွင်ရှိသော ထိုတာအိုသိုင်းပညာရှင်သည် သစ်ပင်အောက်တွင် ထိုင်ကာ ဗျပ်စောင်းတီးခတ်နေခဲ့သည်။
ထို့နောက် နန့်ရှင်းက မီလော့နန်းတော်သခင်လေး,လေးအား အသနားခံခဲ့သောကြောင့် သူတို့အားလုံးကို ဖြတ်သန်းခွင့်ရခဲ့သည်။
သို့သော် သခင်လေး,လေးသည် ချင်မူ့အား ပြန်လာခွင့်ပေးသည်ဟု မပြောခဲ့ပါချေ။
ပို၍ပင် ကြောက်မက်ဖွယ်ကောင်းသည်မှာ ဖရိုဖရဲမြစ်ထဲမှ မည်သည့်တာအိုသိုင်းပညာရှင်မှ အသက်ရှင်လျက် ထွက်မလာနိုင်သော်လည်း ဤမီလော့နန်းတော်၏ သခင်လေးလေးကတော့ မြစ်ရေပြင်ပေါ်တွင် ဘေးကင်းလုံခြုံစွာ ရပ်နေခဲ့သည်။ သူ၏ ရုပ်ခန္ဓာ၊ တာအိုသစ်သီးနှင့် တာအိုသစ်ပင်တို့ကလည်း အကောင်းပကတိအတိုင်း ရှိနေခဲ့သည်။
သူသာ ထပ်မံတားဆီးလာပါက ရွှေသင်္ဘော ရှိနေသည့်တိုင် ချင်မူအနေဖြင့် ဖြတ်သွားနိုင်မည်ဟု ယုံကြည်ချက် မရှိပေ။
ရွှေသင်္ဘော၏ အရှိန်က ပိုပို၍ မြန်ဆန်လာပြီး အမြင့်ဆုံးအထိ တဖြည်းဖြည်း ရောက်ရှိလာသည်။ သင်္ဘောသည် ကမ်းစပ်နှင့် တစတစ နီးကပ်လာသောကြောင့် ချင်မူမှာ စိတ်အေးလာမိ၏။
ဤအခိုက်အတန့်တွင် ဖရိုဖရဲမြူမှုန်များက အရှေ့မှ ထွက်ပေါ်လာပြီး မြူမှုန်များကြားမှ ဗျပ်စောင်းသံတစ်သံ ပျံ့လွင့်လာချေသည်။