← Chapters

ပေါင်းစည်းမှု

Vol. 117 Ch. 1533

ပေါင်းစည်းမှု

Vol. 117 Ch. 1533

ထိုက်ကျိရှေးဟောင်းနတ်ဘုရားနှစ်ပါးမှာ ဆံပင်များ မီးခိုးရောင် လွင်နေပြီ ဖြစ်ပြီး ရုပ်ခန္ဓာနှင့် ပုံပန်းသွင်ပြင်တို့မှာလည်း ယခင်နှင့် လားလားမျှ မတူတော့ပေ။ ကျောက်စိမ်းမြို့တော်သို့ အလာခရီးတွင် သူတို့သည်လည်း မဟာပျက်စီးခြင်းအရှိန်အဝါတို့ဖြင့် တိုက်ခိုက်ခံခဲ့ရသောကြောင့် အိုမင်းရင့်ရော်လာခဲ့ကြသည်။

‘သူတို့ နတ်အရှင်မယန် ရှစ်ချီလော်နဲ့ ပေါင်းစည်းသွားအောင် ကူညီနေတဲ့အချိန်မှာ ဖရိုဖရဲမြစ်ကနေ ထွက်လာခဲ့ကြတာ ဖြစ်မယ်... အခုမှ ဒီနေရာဆီ ရောက်လာကြတာ နေမှာ’

ချင်မူ၏ မျက်ဝန်းများ တောက်ပသွားသည်။ ‘သူတို့ ကျောက်စိမ်းမြို့တော်ကနေ ထွက်သွားဖို့ ဒီလောက် အလောသုံးဆယ် ဖြစ်နေတဲ့ အကြောင်းရင်းက ... ပိုးအိမ်ကနေ မွေးဖွားလာမယ့် အဆုံးသတ်မြို့ပျက်နတ်ဘုရားမ သူတို့ကို တစ်ခုခုလုပ်မှာ စိုးရိမ်နေကြလို့ပဲ... သူတို့လည်း အခု ကြောက်စရာကောင်းလောက်အောင် အိုမင်းနေကြပြီ မဟုတ်လား.... မွေးဖွားလာမယ့် အဆုံးသတ်မြို့ပျက်နတ်ဘုရားမကတော့ တာအိုသိုင်းပညာရှင်တစ်ယောက် ဖြစ်ရင် ဖြစ်နေလောက်ပြီ’

ထိုက်ကျိနတ်ဘုရားနှစ်ပါးအနေဖြင့် ကျောက်စိမ်းမြို့တော်မှ ထွက်သွားသည့်အခါမှ ပြန်လည်နုပျိုပြီး ခွန်အားပြန်လည်ပြည့်တင်းမည် ဖြစ်၍ ဖြစ်လာနိုင်မည့် အပြောင်းအလဲတို့ကိုလည်း ရင်ဆိုင်နိုင်မည်။

ယခုတွင်မူ အတိုင်းထက်အလွန် အင်အားနည်းနေကြပြီဖြစ်သည့်အတွက် ... ယွမ်မုသာ ပိုးအိမ်ထဲမှ ထွက်လာလျှင် သေဘေးမှ မလွှတ်နိုင်ပေ။

ရှေးဟောင်းနတ်ဘုရားနှစ်ပါးမှာ အိုမင်းလွန်းနေသောကြောင့် သူတို့နောက်မှ လိုက်လာနေသော ချင်မူ့ကိုပင် သတိမထားမိတော့ပေ။ သူတို့က ကမ်းစပ်သို့ ရောက်လျှင် တာအိုသစ်ပင်ကို မြို့ပြင်သို့ ခဲရာခဲဆစ် ဆွဲထုတ်နေကြသည်။

တာအိုသစ်ပင်ထက်တွင် ကိုက်သုံးကိုက်ကျော် မြင့်မားသော သစ်ကိုင်းတစ်ကိုင်း၌ ပိုးအိမ်တစ်အိမ် တွဲလျောင်းကျနေသည်။ ပိုးအိမ်ထဲတွင် အလင်းတန်းများ လှည့်ပတ်ပျံဝဲကာ ရွေ့လျားနေကြ၏။ ဤပိုးအိမ်ကြီးအား ရက်လုပ်ရင်း ငါးတစ်ကောင်ပမာ ရွေ့လျားကူးခတ်နေသော အမျိုးသမီးတစ်ယောက်၏ ပုံရိပ်ကိုပင် ဝိုးတိုးဝါးတား မြင်ရနိုင်သည်။

ပိုးအိမ်သည် အလင်းတန်းများဖြင့် ဖွဲ့တည်နေခြင်း ဖြစ်ပြီး ပိုးအိမ်ထဲရှိ အမျိုးသမီးမှာ အသွင်သဏ္ဍာန် ပြောင်းလဲနေသော ပိုးကောင်နှင့် တူနေသည်။ သူမက ဤပိုးအိမ်ကြီး တည်မြဲနေအောင် အလင်းတန်းများ ထုတ်လွှတ်ပေးနေသည်။

ရှေးဟောင်းနတ်ဘုရားနှစ်ပါး တာအိုသစ်ပင်ကို ဆွဲသွားသည့်အခါ ပိုးအိမ်ကြီးမှာလည်း လှုပ်ရမ်းနေသည်။

သူတို့အနောက်၌ လောကပေါင်းကူးရွှေသင်္ဘောကြီးက ဖရိုဖရဲမြစ်ထဲမှ ဖြည်းဖြည်းချင်း ရွေ့လျားလာကာ ကမ်းစပ်အပေါ်သို့ တအိအိ တက်လာသည်။

သင်္ဘောဦးရှိ ချင်မူက ခုန်ချလိုက်ပြီး အတွေးတစ်ချက်ဖြင့် သင်္ဘောကြီးအား တစတစ သေးငယ်လာစေသည်။ နောက်ဆုံးတွင် ၎င်းသည် သူ၏မျက်ခုံးနှစ်ဖက်ကြားသို့ ဝင်ရောက်လာပြီး လောကသစ်ပင်ဖျားပေါ်တွင် မျောလွင့်နေလေသည်။

လောကသစ်ပင်ကြီးသည် ဤခရီးပြီးသည့်နောက်၌ ပိုမိုမြင့်မားလာခဲ့သည့်အပြင် ပို၍လည်း တင့်တယ်ခမ်းနားလာခဲ့၏။ သစ်ကိုင်းဖျားများက သူ၏ဝိညာဉ်သန္ဓေသား ကောင်းကင်ရတနာအား ဆယ်ဆကျော် ကျယ်ပြန့်သွားစေပြီး ကောင်းကင်တမျှ မြင့်မား၍ မြေပြင်တမျှ ကြီးမားလာစေသည်။

ချင်မူတစ်ယောက် ကျောက်စိမ်းမြို့တော်ထဲ ရောက်နေခဲ့သည်မှာ သုံးနှစ်ကျော် ကြာခဲ့ချေပြီ။ ဤသုံးနှစ်အတွင်း လောကသစ်ပင်က ဆယ့်ခြောက်စင်းသော စကြဝဠာတို့၏ မဟာပျက်စီးခြင်းကပ်ဘေးစွမ်းအင်များအား စုပ်ယူခဲ့ပြီး များစွာသန်မာကြီးထွားလာခဲ့သည်။

လောကသစ်ပင်သည် အရွယ်ရောက်လာသည်နှင့်အမျှ ဝိညာဉ်သန္ဓေသားကောင်းကင်ရတနာကိုလည်း ပြန်လည်အားဖြည့်ပေး၏။ ရလဒ်အနေဖြင့် ဘိုးဘေးနန်းတော်သည်လည်း ပို၍ပင် ကျယ်ဝန်းလာတော့သည်။ ကောင်းကင်နတ်ဘုံထဲရှိ ကမ္ဘာလောကများလည်း ပိုမိုခမ်းနားထည်ဝါလာပြီး မြင့်မြတ်သော အထွတ်အမြတ်အရာမျိုးစုံ ပေါ်လွင်လာချေပြီ။

ပို၍အရေးပါသည်မှာ သူ၏ဘိုးဘေးနန်းတော်ထဲရှိ ကျောက်တုံးတွင်းငါးတွင်းပင်။ ဤကျောက်တုံးတွင်းငါးတွင်းစလုံးကား ပို၍အံ့ဖွယ်ကောင်းနေတော့သည်။ တောင်တန်းများ မြင့်လိုက်တက်လိုက် သွယ်တန်းနေပြီး မြင်ကွင်းရှုခင်းမှာ တင့်တယ်လှပနေ၏။ ကျောက်တုံးတွင်းများမှ လျှို့ဝှက်ဆန်းကြယ်သော အလင်းရောင်မျိုးစုံ သျှံထွက်နေပြီး တာအိုသံပေါင်းစုံလည်း တွန်ကျူးပျံ့လွင့်နေကြသည်။

ကျောက်စိမ်းမြို့တော်ခရီးစဉ်အတောအတွင်း ချင်မူ၏ အကြီးမားဆုံး အကျိုးအမြတ်က မီလော့နန်းတော်သခင်၏ တာအိုအမှတ်အသားများ မဟုတ်သလို၊ နတ်ဘုရားစီရင်ရာစင်မြင့်၏ နတ်ဘုရားစီရင်ရာဓားမများလည်း မဟုတ်ပေ။ ကောင်းကင်တာအို ၄၉ ပါး၏ အထွတ်အမြတ်ရတနာလည်း မဟုတ်။ လောကသစ်ပင်၏ ကြီးထွားလာမှုသာ ဖြစ်သည်။

ချင်မူက ထိုက်ကျိရှေးဟောင်းနတ်ဘုရားနှစ်ပါးအနောက်မှ အေးအေးလူလူ လိုက်နေသော်လည်း တွန့်ဆုတ်နေသည်။

‘ငါ အခု တိုက်ခိုက်ရင် နတ်အရှင်မယန်နဲ့ သခင်မယွမ်မုကို တစ်ခါတည်း အသေသတ်ဖို့ အခွင့်ကောင်းပဲ... ရှေးဟောင်းနတ်ဘုရားထိုက်ကျိအနေနဲ့ ငါ့ကို ရန်ပြုနိုင်မှာ မဟုတ်ဘူး... သူတို့ကိုတောင် တစ်ခါတည်း သတ်ပစ်လို့ ရလောက်တယ်...’

ချင်မူမှာ ဆုံးဖြတ်ရခက်နေသည်။ ထိုက်ကျိရှေးဟောင်းနတ်ဘုရားတို့သည် မကောင်းမှု မကျူးလွန်ကြသေးသည့်အပြင် သူ့အတွက်လည်း အကူအညီဖြစ်သေး၏။ သူတို့ကို တိုက်ခိုက်ရန် စိတ်မသက်မသာ ဖြစ်မိသည်။

သို့သော် ဤအချိန်သည် သခင်မယွမ်မုနှင့် နတ်အရှင်မယန်ကို ယတိပြတ် ကိစ္စဖြတ်ရန် အကောင်းဆုံးအချိန်ပင်။ သူတို့နှစ်ယောက်ကား တစ်သားတည်း ပေါင်းစည်း၍ အသွင်မပြောင်းရသေးပေ။ သူတို့သာ အောင်အောင်မြင်မြင် ပေါင်းစည်းပြီး တာအိုသိုင်းပညာရှင် ဖြစ်လာပါက ရှင်းရ ခက်သွားလိမ့်မည်။

တကယ်တမ်း ချင်မူပင်လျှင် သူတို့လက်မှ လွတ်ကောင်း လွတ်နိုင်မည်မဟုတ်။

အေးစက်သော အလင်းရောင်တစ်ချက်က ချင်မူ့မျက်ဝန်းများ၌ ဖြတ်ပြေးသွားသည်။ သူ၏ ညာလက်သည် ကပ်ဘေးဓား၏ ဓားရိုးအပေါ် တင်လိုက်၏။ သူ၏လက်ချောင်းများက ဓားရိုးကို ဖြည်းဖြည်းချင်း ဆုပ်ကိုင်လိုက်ပြီး ကပ်ဘေးဓားကား ဓားအိမ်ထဲမှ တိတ်ဆိတ်စွာ ထွက်လာခဲ့ချေပြီ။

ထိုအခိုက်အတန့်တွင် ရှေးဟောင်းနတ်ဘုရားနှစ်ပါးက တုံ့ခနဲ ရပ်လိုက်ကြသည်။ တစ်‌ခေါင်းလုံး ဆံပင်ဖြူများ ဖွေးနေသည့် ရှေးဟောင်းနတ်ဘုရားယန်က ပြုံးနေပြီး လှမ်းမေးသည်။ “ကောင်းကင်နတ်အရှင်မူလား”

ချင်မူက မျက်ခုံးပင့်၍ ပြုံးလိုက်၏။ “တာအိုအစ်ကိုတော်နဲ့ အစ်မတော်တို့၊ ကျွန်တော့်အသတ်အဖြတ် စိတ်ဆန္ဒကို ခံစားမိသွားတာလား”

“ကောင်းကင်နတ်အရှင်မူ မှားနေပြီ.... အသတ်အဖြတ်စိတ်ဆန္ဒကို မခံစားမိပါဘူး.... ကောင်းကင်နတ်အရှင် ရွှေသင်္ဘောကြီး စီးလာတာပဲ မြင်လိုက်ရတာပါ”

ချင်မူမှာ ပို၍ပင် အံ့အားသင့်သွားတော့သည်။ “မြစ်ပေါ်မှာကတည်းက ကျွန်တော့်ကို မြင်ကြတာလား... ဒါဆို ဘာလို့မနှုတ်ဆက်ကြတာလဲ”

ရှေးဟောင်းနတ်ဘုရားနှစ်ပါးသည် ပြုံးလိုက်ကြ၏။ “မနှုတ်ဆက်ရဲလို့ပါ... ငါတို့က အခု အင်မတန် အိုမင်းနေကြပြီဆိုတော့ ရပ်ပြီး နှုတ်ဆက်လိုက်ရင် ကောင်းကင်နတ်အရှင်လက်ချက်နဲ့ အသက်ထွက်သွားမှာ ကြောက်မိလို့ပါ... ဒါကြောင့် ကောင်းကင်နတ်အရှင်မူကို မမြင်ချင်ယောင်ဆောင်ပြီး ဖြတ်သွားရုံပဲ တတ်နိုင်ခဲ့ပါတယ်”

“လောင်းကြေး ထပ်လိုက်တာဆိုလည်း ဟုတ်တယ်”

“ကောလဟာလတွေအတိုင်း ကောင်းကင်နတ်အရှင်မူရဲ့ စပ်စုလိုစိတ်က ပြင်းထန်လား မပြင်းထန်ဘူးလား လောင်းကြေးထပ်ကြည့်တာပဲ... ကြားထားသလို ကောင်းကင်နတ်အရှင်မူက တကယ် စပ်စုတတ်ရင် တန်းလှုပ်ရှားမှာ မဟုတ်ဘူး... ယွမ်မုနဲ့ ကောင်းကင်နတ်ဧကရီ ဘယ်လိုပေါင်းစည်းပြီး တာအိုဖြစ်လာသလဲ ကိုယ်တိုင် ကြည့်ချင်မှာပဲ”

ချင်မူမှာ မျက်နှာကြီးမည်းမှောင်သွားပြီး သူတို့ဆီ ဆက်လျှောက်သွားရင်း အောင့်သက်သက် ပြောလိုက်သည်။ “တာအိုအစ်ကိုတော်နဲ့ အစ်မတော်က ကျွန်တော့်အကြောင်း ကောင်းကောင်းသိတာပဲ... ကျွန်တော်က အရင်ကလို မစပ်စုတတ်တော့ပါဘူး... ရှစ်ချီလော်နဲ့ နတ်အရှင်မယန်ကို ရှင်းပစ်ချင်လိုစိတ်ပဲ ရှိတယ်”

ရှေးဟောင်းနတ်ဘုရားနှစ်ပါးက ပြိုင်တူလှည့်လာကြကာ ချင်မူ့ကို မျက်နှာချင်းဆိုင်လိုက်ကြသည်။ အဘိုးအိုကြီးယန်က ခပ်တိုးတိုး ရယ်သည်။ “ကောင်းကင်နတ်အရှင်ရှစ်ချီလော်နဲ့ ‌နတ်အရှင်မယန်ဆိုတာ မတည်ရှိတော့ဘူး... အခု တည်ရှိနေတာက အဆုံးသတ်မြို့ပျက်ရဲ့ နတ်ဘုရားမပဲ”

ချင်မူ့လက်ထဲတွင် ကပ်ဘေးဓား၏ စွမ်းအားက တဖြည်းဖြည်း မြင့်တက်လာသည်။ ချင်မူက ပြုံးလျက် ပြောလိုက်သည်။ “အဆုံးသတ်မြို့ပျက်နတ်ဘုရားမ ဖြစ်စေ၊ နတ်အရှင်မယန်ဖြစ်စေ... ဒီနေ့ အကုန်လုံးကို သတ်ပစ်မယ်... အစ်ကိုတော်နဲ့ အစ်မတော် မနှောင့်ယှက်ဖို့ မျှော်လင့်မိပါတယ်”

အဘွားအိုယင်က ခါးကိုင်းနေသော်လည်း မျက်လုံးများမှာမူ ဉာဏ်များသော အရိပ်အယောင်တို့ ပြည့်နှက်နေသည်။ သူမသည် ညစ်ကျယ်ကျယ် ရယ်လိုက်ရင်း ပြန်မေး၏။ “ကောင်းကင်နတ်အရှင်မူ၊ ငါတို့ ဘယ်အရာမှာ အတော်ဆုံးလဲ သိလား”

ချင်မူမှာ မှင်သက်သွားပြီး မကောင်းသော ခံစားချက် ရလာတော့သည်။

“ငါတို့ အတော်ဆုံးက လုပ်ကြံဖန်တီးတာပဲ...”

အဘွားအိုနှင့် အဘိုးအိုက ပြိုင်တူ ပြောကြပြီး ပြိုင်တူ ရယ်ကြသည်။ “ငါတို့ မွေးမလာခင်ကတည်းက ထိုက်ကျိကျောက်တုံးတွင်းအတု ဖန်တီးပြီး ဖန်ဆင်းရှင်အားလုံးကို အရူးလုပ်ခဲ့တယ်... မဟာဧကရာဇ်နဲ့ နတ်ဘုရင်သုံးပါးတောင် ငါတို့အရူးလုပ်တာ ခံခဲ့ရတယ်... အခုလည်း ကောင်းကင်နတ်အရှင်မူကို အရူးလုပ်နိုင်ခဲ့ပြီးပြီ”

ချင်မူ့မျက်နှာအမူအရာက အနည်းငယ် ပြောင်းလဲသွားသည်။ သူသည် ဓားကို ရှေ့သို့ ထိုးစိုက်လိုက်သော်လည်း သူ့ဓား ရှေးဟောင်းနတ်ဘုရားနှစ်ပါးဆီ မရောက်ခင်၊ ရှေးဟောင်းနတ်ဘုရားနှစ်ပါးသည် တာအိုသစ်ပင်နှင့် တာအိုသစ်ပင်ထက်ရှိ ပိုးအိမ်ကြီးနှင့်အတူ ဘန်းခနဲ ပေါက်ကွဲသွားပြီး ယင်ချီနှင့် ယန်ချီအဖြစ် ပြောင်းလဲကာ လွင့်ပျယ်သွားတော့သည်။

“နောင်တော်ထိုက်ရှီရေ တစ်ချက် ကြည့်လိုက်... ရှေးဟောင်းသိုင်းလောကထဲက သိုင်းသမားတစ်ယောက်ဆိုတာ ဒါမျိုးဗျ” ချင်မူမှာ တလေးတစား သုံးသပ်မိပြီး ထိုက်ရှီကျောက်တုံးတွင်းထဲတွင် စွမ်းအင်များ စုပ်ယူနေသော ထိုက်ရှီဆီ ကြည့်လိုက်သည်။

သူ၏ အသိစိတ်အလျဉ်က အရပ်လေးမျက်နှာသို့ ဖြန့်ကျက်ထားရင်း ရှေးဟောင်းနတ်ဘုရားနှစ်ပါးအား လိုက်လံရှာဖွေနေသည်။ သို့သော် ကျောက်စိမ်းမြို့တော်တွင် အန္တရာယ်များ ကိန်းဝပ်နေသည့်အပြင် လေအေးများ၊ လေပူများ နေရာအနှံ့ တိုက်ခတ်နေ၏။ သူ၏အသိစိတ်အလျဉ်မှာ မကြာမီ အစိတ်စိတ်အမြွှာမြွှာ ကွဲကြေသွားတော့သည်။

ချင်မူက လေပေါ် ခုန်တက်လိုက်ပြီး ရွှေသင်္ဘောက သူ၏မျက်ခုံးနှစ်ဖက်ကြားမှ ပျံထွက်လာသည်။ ၎င်းသည် တဝှီဝှီ မြည်လျက် ကြီးမားလာနေပြီး ချင်မူက သင်္ဘောဦးအပေါ် ဆင်းသက်လိုက်၏။ လောကပေါင်းကူးရွှေသင်္ဘောကြီးက ကျောက်စိမ်းမြို့တော်တစ်လျှောက် မွှေနှောက်ဖြတ်သန်းနေစဉ် ချင်မူသည် သင်္ဘောဦး၌ ရပ်လျက် ပတ်ဝန်းကျင်အား စနည်းနာနေတော့သည်။

ရွှေသင်္ဘောကြီးက ကျောက်စိမ်းမြို့တော်အတွင်းရှိ လေပူလေအေးများနှင့် ဆန်းဆန်းပြားပြား အရာတို့အား အဖက်ပင် မလုပ်ဘဲ လမ်း၌ ရှိသမျှအရာအားလုံး တိုက်ချသွားသည်။ သင်္ဘောပေါ်ရှိ ချင်မူသည်လည်း မထိခိုက်ပေ။ မည်မျှဆန်းပြားနေသည့် အရာဖြစ်စေ၊ ရွှေသင်္ဘောကြီးအား ရှောင်မရချေ။

အဝေးတွင် ထိုက်ကျိရှေးဟောင်းနတ်ဘုရားနှစ်ပါးက တာအိုသစ်ပင်ကို တရွတ်တိုက် ဆွဲလျက် မြို့အပြင်သို့ ခပ်သုတ်သုတ် ထွက်နေကြသည်။ သူတို့ နောက်လှည့်ကြည့်လိုက်သည့်အခါ ကျောက်စိမ်းမြို့တော်ကို ထိုးခွင်းလျက် ရွက်လွှင့်လာနေသော သင်္ဘောကြီးအား မြင်လိုက်ကြရ၏။ သင်္ဘောကြီး၏ ဝမ်းဗိုက်က မိုးထိအောင် မြင့်မားလှသော ခန်းမတစ်ခုအပေါ်မှ ဖြတ်ကျော်သွားရင်း အမိုးကို ချိတ်သွားသဖြင့် အမိုးကြီးပါ လန်ထွက်သွားလေသည်။

“ကြမ်းချက်ပဲ”

ရှေးဟောင်းနတ်ဘုရားနှစ်ပါးမှာ ထိတ်လန့်လာကြသည်။ သူတို့က အလျင်အမြန် အားကုန်ထုတ်ကာ တာအိုသစ်ပင်အား ဆွဲတော့သည်။

သူတို့၏အနောက်မှ ပြင်းထန်အားကောင်းသော လှိုင်းလုံးကြီး လိမ့်ဆင်းလာနေချေပြီ။ ရှေးဟောင်းနတ်ဘုရားယင် လှည့်ကြည့်လိုက်ရာတွင် ရွှေသင်္ဘောကြီးသည် သစ်တောထဲ ဝင်ရောက်သွားကြောင်း မြင်လိုက်ရ၏။ သစ်တောထဲရှိ တာအိုသစ်ပင်များက သစ်မိစ္ဆာများသဖွယ် ၎င်းတို့၏ အကိုင်းအခက်များကို လွှဲယမ်းလိုက်ကြသဖြင့် သစ်ကိုင်းသစ်ခက်တို့သည် ရေဘဝဲ လက်တံကြီးပမာ ဆန့်ထွက်လာကြပြီး လေထဲရှိ ရွှေသင်္ဘောကြီးအား ရစ်ပတ်လိုက်ကြ၏။

ကြီးမားလှသည့် သင်္ဘောကြီးမှာ ကောင်းကင်မှ ဆွဲချခံလိုက်ရပြီး သစ်တောအုပ်ထဲသို့ ပြတ်ကျပေတော့မည်။

ရှေးဟောင်းနတ်ဘုရားနှစ်ပါး သက်ပြင်းချနိုင်တော့မည့်အချိန် ရွှေသင်္ဘောကြီးသည် ရုတ်တရက် တောအုပ်ထဲ ဝင်ရောက်ပြီး တာအိုသစ်ပင်များအပေါ် ဖိချလိုက်၏။ သစ်ပင်များမှာ အပိုင်းပိုင်း ကျိုးပြတ်ကုန်ကာ ပြားပြားဝပ်ကုန်တော့သည်။

တာအိုသစ်ပင်များအပေါ်ရှိ ခြောက်ကပ်နေသော တာအိုသစ်သီးတချို့မှာလည်း ပိကြေကုန်သည်။ အမှန်တကယ်ပင် ကြောက်စရာကောင်းပေသည်။

သင်္ဘောကြီး ပြန်လည်မြောက်တက်လာသည်ကို မြင်လျှင် ရှေးဟောင်းနတ်ဘုရားနှစ်ပါးမှာ အသက်ရှူကြပ်သွားကြသည်။ သင်္ဘောကြီးကား ကျောက်စိမ်းမြို့တော်ထဲရှိ မည်သည့်အရာကိုမဆို တိုက်ချရင်း သူတို့ဆီ ပြေးဝင်လာချေပြီ။

“ကောင်းကင်နတ်အရှင်မူ ဘယ်မြစ်ထဲကနေ ဒီလိုသင်္ဘောတစ်စင်း ရလာတာလဲ မသိဘူး... အစွမ်းထက်ချက်ပဲ”

သူတို့မှာ မြို့ထဲမှ ချက်ချင်း လွတ်မြောက်ရန် အလို့ငှာ တာအိုသစ်ပင်ကို အသားကုန် ဆွဲကြတော့သည်။ သို့သော် မြို့ထဲတွင် အန္တရာယ်များစွာ ကိန်းအောင်းနေသည့်အတွက် ခြေချော်လက်ချော် တစ်ခုမှားသွားလျှင် သူတို့ သေကြရလိမ့်မည်။ ထို့အပြင် ထွက်ပြေးရန်လည်း အိုနေကြချေပြီ။

ရုတ်တရက် သူတို့အနောက်ရှိ တာအိုသစ်ပင်မှ ခပ်တိုးတိုး အက်ကွဲသံတစ်သံ ထွက်လာသည်။ ရှေးဟောင်းနတ်ဘုရားနှစ်ပါးမှာ ရင်ထဲ ဒိန်းခနဲ ခုန်သွားကြပြီး လှည့်ကြည့်လိုက်ကြသည့်အခါ တာအိုသစ်ပင်ထက်ရှိ ပိုးအိမ်ကြီး အက်ကွဲသွားခဲ့သည်ကို မြင်လိုက်ကြရ၏။

ပြစ်မျိုးမှဲ့မထင် လှပသော အမျိုးသမီးတစ်ဦးသည် ပိုးအိမ်ထဲတွင် ထိုင်လျက် ပိုးအိမ်ကို ဖက်ထားပြီး ကိုက်စားနေသည်။ ပိုးအိမ်အား အလင်းရောင်ဖြင့် ဖွဲ့တည်ထားသော်လည်း အမျိုးသမီးကား တစ်ဝက်နီးပါး စားပြီးနေသည်။

အမျိုးသမီး၏ ပုံပန်းသွင်ပြင်က ကောင်းကင်နတ်ဧကရီ၏ ပုံပန်းသွင်ပြင် ဖြစ်သည်။

ထိုက်ကျိရှေးဟောင်းနတ်ဘုရားနှစ်ပါးက ရပ်လိုက်ကြကာ ကောင်းကင်နတ်ဧကရီ၏ မျက်ခုံးနှစ်ဖက်ကြားသို့ ကြည့်လိုက်ကြသည်။ ကောင်းကင်နတ်ဧကရီနှင့် သခင်မယွမ်မုသည် ချွတ်စွပ်တူသော်လည်း မျက်ခုံးနှစ်ဖက်ကြားတွင် ကွဲပြား၏။

ကောင်းကင်နတ်ဧကရီ၏ မျက်ခုံးနှစ်ဖက်ကြားတွင် အနီရောင်မှဲ့ ရှိပြီး သခင်မယွမ်မုကတော့ အနက်ရောင်မှဲ့ကို ပိုင်ဆိုင်ထားသည််။

ရှေးဟောင်းနတ်ဘုရားနှစ်ပါးမှာ ပိုးအိမ်ထဲရှိ အမျိုးသမီး၏ မျက်ခုံးနှစ်ဖက်အကြားတွင် အနီရောင်မှဲ့ကို မြင်သောအခါမှ စိတ်သက်သာရာရသွားကြသည်။ သူတို့က ပြိုင်တူ ဂုဏ်ပြုလိုက်ကြသည်။ “ဂုဏ်ယူဝမ်းမြောက်မိပါတယ် တာအိုရောင်ရင်း”

ကောင်းကင်နတ်ဧကရီက ပိုးအိမ်ကို အလျင်အမြန် စားပြီးနောက် ပြုံးတော်မူသည်။ “တာအိုရောင်ရင်းတို့ကိုသာ ကျေးဇူးတင်ရမှာပါ... ရှင်တို့ အကူအညီမပါရင် ကျွန်မအနေနဲ့ ဟိုအပျက်မလေးကို ဘယ်လိုလုပ် စုပ်ယူနိုင်ပါ့မလဲ... သူ့ခန္ဓာကိုယ်နဲ့ ဘယ်လိုလုပ် ပေါင်းစည်းနိုင်ပါ့မလဲ”

သူမအနောက်၌ ကောင်းကင်နန်းဆောင်များ ထွက်ပေါ်လာကာ ကောင်းကင်နတ်ဘုံအဖြစ် ဖွဲ့တည်လိုက်သည်။ ကောင်းကင်နန်းဆောင် ၃၆ ဆောင်အထိ ရှိနေလေသည်။

“ကျွန်မ အဲဒီခွေးမလေးကိုရော၊ ကောင်းကင်နတ်အရှင်ဟောင်၊ ကောင်းကင်နတ်အရှင်ရှောင်၊ ကောင်းကင်နတ်အရှင်ဟုန်တို့ရဲ့ ကျင့်စဉ်တွေကိုရော ... သူ့မှာ ရှိသမျှ အရာတွေအားလုံး စုပ်ယူပြီးပြီ... သိပ်အရသာ ရှိတယ်... ကျွန်မညီမက တော်တော် အရသာ ရှိတာ... သူ့ကို တစ်နှစ်ကြော် အချိန်ပေးပြီး အစာချေနေခဲ့ရတယ်...”

သူမမှာ တာအိုသစ်ပင်ထက်၌ ထိုင်နေရင်း တစ်စုံတစ်ခု ခံစားလိုက်ရသဖြင့် ငေါက်ခနဲ ထရပ်ပြီး လှည့်ကြည့်လိုက်ရာ ပြိုင်ဘက်ကင်းအောင် လှပသော ရွှေသင်္ဘောတစ်စင်း ခမ်းခမ်းနားနား ပျံသန်းလာနေသည်ကို မြင်တွေ့လိုက်ရသည်။

ထိုက်ကျိရှေးဟောင်းနတ်ဘုရားနှစ်ပါးမှာ စိတ်သက်သာရာရသွားကြသည်။ သို့သော် ကောင်းကင်နတ်ဧကရီ နောက်သို့ လှည့်ကြည့်လိုက်သည့်အချိန်... လေကြောင့် လှပသော ဆံနွယ်လေးများ လှုပ်ခတ်သွားသည့်အချိန်... ရှေးဟောင်းနတ်ဘုရားနှစ်ပါးမှာ ကျောက်ရုပ်ပမာ တောင့်တင်းသွားကြသည်။

လေထဲတွင် လွင့်ခတ်နေသော ကောင်းကင်နတ်ဧကရီ၏ လှပသော ဆံပင်များထဲတွင် ... နောက်စေ့ ရှိမနေပေ။

နောက်စေ့ ရှိသင့်သည့် နေရာ၌ မျက်နှာတစ်ခု ပေါက်နေ၏။

ထိုမျက်နှာကား ကောင်းကင်နတ်ဧကရီနှင့် တစ်ထေရာတည်း တူသည်။

မတူသည့် အရာကား မျက်ခုံးနှစ်ဖက်ကြားက မှဲ့ပင်။

ထိုမျက်နှာသည် ချစ်စဖွယ်ကောင်းစွာ ပြုံးနေပြီး သူတို့အား လျှာထုတ်ပြ၏။

ရှေးဟောင်းနတ်ဘုရားနှစ်ပါးမှာ ကြက်သီးတဖြန်းဖြန်း ထကုန်တော့သည်။ “သခင်မယွမ်မု”

ကောင်းကင်နတ်ဧကရီကား သခင်မယွမ်မုကို မစုပ်ယူခဲ့ဘဲ... သူမနှင့် တစ်ကိုယ်တည်း ဖြစ်သွားခဲ့ချေပြီ။

ရှေးဟောင်းနတ်ဘုရားနှစ်ပါးမှာ တစ်ယောက်ကို တစ်ယောက်ကြည့်ကာ တုန်လှုပ်သွားကြပြီး မြို့အပြင်သို့ ချက်ချင်း ထွက်ပြေးကြတော့သည်။

‘သူတို့နှစ်ယောက်က တစ်ကိုယ်တည်း ဖြစ်သွားပေမယ့် ... တစ်သားတည်း ဖြစ်သွားတာ မဟုတ်ဘူး... ကောင်းကင်နတ်ဧကရီနဲ့ သခင်မယွမ်မုလို ထူးဆန်းတဲ့ အကျင့်စရိုက်တွေနဲ့ဆို ကမ္ဘာလောကကြီးဟာ ဗြောင်းဆန်တော့မှာ မဟုတ်ပေလား’

ဘုန်း

သူတို့အနောက်မှ ပြင်းပြင်းထန်ထန် ဝင်တိုက်သွားသံကြီး ထွက်ပေါ်လာသည်။ ရှေးဟောင်နတ်ဘုရားနှစ်ပါး လှည့်ကြည့်လိုက်သည့်အခါ ကောင်းကင်နတ်ဧကရီမှာ ရွှေသင်္ဘောကြီးအောက်၌ ရက်ရက်စက်စက် အဖိခံထားရသဖြင့် ဖွေးဥနေသော ပေါင်တံလေးများသာ ပေါ်နေ၏။

သင်္ဘောဦးရှိ ချင်မူက ဓားကို ဆွဲထုတ်ကာ ရှေးဟောင်းနတ်ဘုရားနှစ်ပါးအား သတ်ဖြတ်လိုစိတ်အပြည့်ဖြင့် ချိန်ရွယ်လိုက်သည်။ သူက အေးစက်နေသည့် လေသံဖြင့် မေးလိုက်၏။ “တာအိုအစ်ကိုတော်၊ အစ်မတော်... ကောင်းကင်နတ်ဧကရီကို ဘယ်မှာ ဖွက်ထားလဲ... သူ့ကို ပေးရင် မိတ်ဆွေအဖြစ် ဆက်ရှိပေးမယ်”

“နင် ကန်းနေလားဟဲ့” ကောင်းကင်နတ်ဧကရီက သင်္ဘောအောက်မှ လှမ်းဆဲလေသည်။

All Chapters