ဘိုးဘေးနတ်ဘုရား ခြောက်ယောက်အနက်မှ ရှေးဦး အင်မော်တယ်ဘိုးဘေးနတ်ဘုရား
Vol. 18 Ch. 218-B
ဤမြင်ကွင်းက ယွမ်ရှောင်၏ နှလုံးသားကို ထိခိုက်သွားစေသည်။
"မြန်မြန်။ သူမကို သတ်လိုက်"
ကြယ်ပြာ၏ အသံက အလွန် ထိတ်လန့်တကြားဖြစ်နေဟန်ဖြင့် ရုတ်တရက် ထွက်ပေါ်လာသည်။
"မင်း ဘာပြောလိုက်တာလဲ"
ယွမ်ရှောင်က ကြယ်ပြာကို လှည့်ကြည့်ရင်း ချန်ရီကို ဖမ်းဆွဲထားရန် လက်လှမ်းလိုက်သည်။ ဝဲက သာမန်ထက် ကျော်လွန်သော စွမ်းအားတစ်ခု ထုတ်လွှတ်နေပြီး ယွမ်ရှောင်ကိုပါ သူမနှင့်အတူ စုပ်ယူဆွဲခေါ်နေသည်။
"သူမက ရှေးဦး အင်မော်တယ် ဘိုးဘေးရဲ့ ကပ်ဘေး ကိုယ်ပွားပဲ။ တကယ်လို့ မင်း သူမကို အခု မသတ်ဖြတ်ခဲ့ရင် မင်းရဲ့ အင်မော်တယ် လမ်းကြောင်း ပျက်စီးသွားလိမ့်မယ်။ ဒီဘဝက ချန်ရီရဲ့ အသိစိတ်ကို ထိန်းသိမ်းဖို့ သူမကို သတ်လိုက်။ မဟုတ်ရင် တကယ် ပျောက်ကွယ်သွားပြီး ရှေးဦး ဘိုးဘေးနတ်ဘုရားရဲ့ တာအိုထဲက အတွေးတစ်ခုအဖြစ် ပြောင်းလဲသွားလိမ့်မယ်"
အလွန်အရေးကြီးသော ကိစ္စကြောင့် ကြယ်ပြာက အသံဝင်လုနီးပါး အော်ဟစ်သတိပေးနေခဲ့သည်။
"သတ်လိုက် အစ်ကိုကြီး။ သူမကို အခု သတ်လိုက်"
လနီကလည်း အော်ဟစ်နေစဥ် သူမ၏ ခန္ဓာကိုယ်တစ်ဝက်သည် စွမ်းအင်လေဝဲအတွင်း ရောက်နေပြီဖြစ်သည်။
"ကပ်ဘေး ကိုယ်ပွားဆိုတာ ဘာလဲ။ တာအိုရဲ့ အတွေးဆိုတာ ဘာလဲ။ ဘာတွေ ဖြစ်ကုန်တာလဲ"
ယွမ်ရှောင်၏စိတ်ထဲတွင် ရှုပ်ထွေးနေပြီး ဓားဝိညာဉ်ကို တင်းကျပ်စွာ ဆုပ်ကိုင်ထားရင်း အသိစိတ်မဲ့စွာ ရွတ်ဖတ်နေသော ချန်ရီအား စိုက်ကြည့်နေမိသည်။
"တာအို၏ ရှေးမယ်တော်၊ ဒုက္ခမှ ကယ်တင်ရှင်…"
"ချန်ရီ"
"အစ်ကိုယွမ် ငါ မသေချင်ဘူး"
ယွမ်ရှောင်က လည်ချောင်းမကွဲတတ် အော်ဟစ်လိုက်သောအခါ သူမ၏မျက်လုံးများ ဖြတ်ခနဲ ပွင့်လာ၍ တီးတိုးရေရွတ်ခဲ့သဖြင့် သူ၏ နှလုံးသား ကြေမွသွားသည်။
"သူမကို သတ်လိုက်။ မြန်မြန်သတ်"
ချန်ရီမှာ လေဝဲအတွင်း ပျောက်ကွယ်သွားတော့မည်ဖြစ်သောကြောင့် ကြယ်ပြာက အဆက်မပြတ် အော်ဟစ်နေပြီး သူမကို ကယ်တင်ရန်အတွက် ယွမ်ရှောင်က သူမကို သတ်ဖြတ်ရပေလိမ့်မည်။ သူက အံကြိတ်၍ ပြင်းထန်သော ဝေဒနာကို ဖောက်ခွဲထုတ်ရန် အော်ဟစ်ရင်း ဓားဖြင့် သူမ၏ နှလုံးသားကို ထိုးစိုက်လိုက်၏။
"အင့်…"
သူ၏ မျက်လုံးများတွင် သွေးရောင် နီရဲသွားကာ အင်အားများ ကုန်ဆုံး၍ မြေကြီးပေါ် လဲကျသွားစဥ် သူမ၏ မျက်လုံးများ ထာဝရ မှိန်ဖျော့သွားသည်။ စွမ်းအင်ဝဲထံမှ ငိုသံတစ်ချက် ထွက်ပေါ်လာ၍ သစ်ကြားသီးအရွယ် အဖြူရောင် ခေါင်းလောင်းတစ်ခုအဖြစ် ကျုံ့ဝင်သွားပြီး မြေကြီးပေါ်သို့ အလင်းရောင် မှေးမှိန်သွားရင်း ပြုတ်ကျလာသကဲ့သို့ ချန်ရီ၏ အသက်မဲ့ ခန္ဓာကိုယ် လေထဲမှ ကျလာသည်။
ယွမ်ရှောင်က တုန်တုန်ရီရီဖြင့် သူမကို သူ၏ ရင်ခွင်တွင်း ဖမ်းယူလိုက်ရသည်။
"ငါတို့ နောက်တစ်ခါ တွေ့နိုင်ဦးမှာလား…"
နောက်ဆုံး ထွက်သက်တွင် ချန်ရီသည် ယွမ်ရှောင်၏ အဝတ်အစားများကို ဆုပ်ကိုင်၍ မေးလိုက်သော်လည်း သူ မဖြေနိုင်ခင်မှာပင် သွယ်လျသော လက်များ တွဲလျောင်းကျသွား၍ လှပသော မျက်လုံးများ ဖြည်းညှင်းစွာ ပိတ်သွားသည်။
"တွေ့နိုင်တယ်။ ငါတို့ နောက်တစ်ကြိမ် တွေ့ရမှာပါ"
ယွမ်ရှောင်က အစွမ်းရှိသမျှ အော်ဟစ်လိုက်သော်လည်း သူမအနေဖြင့် မကြားနိုင်တော့ပေ။ မိဘများ ကွယ်လွန်သွားကတည်းက ထိုသို့သော စိတ်ပိုင်းဆိုင်ရာ ဒုက္ခမျိုးကို မခံစားခဲ့ဖူးချေ။ ဟွာလျန် သခင်မအပေါ် သူ၏ ခံစားချက်များက အပြစ်ရှိစိတ် နှင့် သနားကြင်နာစိတ်အရသာ ဖြစ်သော်လည်း နောက်ဆုံးတွင် သူမကို အသုံးချခဲ့သည်။ သို့သော် သူ၏ ရင်ခွင်အတွင်းမှ ဤ မိန်းကလေးအပေါ်တွင်မူ ကွဲပြားပေသည်။ သူမ၏ ခန္ဓာကိုယ်က အပြာရောင် မီးခိုးအဖြစ်သို့ ပြောင်းလဲ၍ ပျောက်ကွယ်သွားပြီး နောက်ဆုံးတွင် သူ၏ လက်ထဲ၌ အဖြူရောင် သလင်းကျောက်တစ်ခုအဖြစ်သာ ကျန်ရစ်ခဲ့၏။
"တော်ပါသေးတယ်"
အဖြူရောင် သလင်းကျောက်ကို တွေ့ရသည်နှင့်တပြိုင်နက် ကြယ်ပြာက သက်ပြင်းချပြီး ပျော်ရွှင်စွာ ရယ်မောလိုက်သည်။
"မင်းက ဘာတွေ ရယ်နေတာလဲ"
ယွမ်ရှောင်က ထိုကျောက်တုံးကို အနီးကပ် စစ်ဆေးရင်း တစ်ချက်ငေါက်လိုက်၏။
"မင်း ချန်ရီကို မသေစေချင်ဘူး၊ ဟုတ်တယ်မလား။ ကောင်းပြီ၊ ဒီအတိုင်းဆိုရင် သူမ မသေတော့ဘူး"
ကြယ်ပြာက တစ်ချက်ပြုံး၍ ပြောသည်။
"မသေဘူး ဟုတ်လား။ သူမက ကျောက်တုံးတစ်ခုအဖြစ် ပြောင်းလဲသွားပြီလေ"
ယွမ်ရှောင်၏ မျက်လုံးများက ခံစားချက်ကြောင့် နီရဲနေသည်။
" ဒါက သူမ အသက်ရှင်နေသေးတယ်လို့ ဆိုလိုတယ်"
ကြယ်ပြာက တိကျသေချာစွာ ပြောနေသဖြင့် ယွမ်ရှောင်ကို နားမလည်နိုင် ဖြစ်သွားစေပြီး အသက်ပြင်းပြင်းရှူ၍ နဂါးပလ္လင်ရှေ့မှ လှေကားထစ်များအပေါ်တွင် ထိုင်ချလိုက်သည်။ စစ်သေနာပတိချုပ် နှင့် အခြားသူများက အပြင်ဘက်တွင် ရှိနေဆဲဖြစ်ပြီး အတွင်း၌ မည်သို့ဖြစ်ပျက်ခဲ့သည်ကို မသိရှိကြသော်လည်း အတွင်းသို့ အခွင့်မရှိဘဲ ဝင်မလာခဲ့ကြပေ။ ယွမ်ရှောင်က သူတို့ကို စောင့်ဆိုင်းပေးရန် တောင်းဆို၍ စိတ်ခံစားချက်များကို တည်ငြိမ်အောင် ပြုလုပ်ကာ အဖြူရောင် သလင်းကျောက်ကို ဂရုတစိုက် ဆုပ်ကိုင်ထားရင်း ကြယ်ပြာကို မေးခွန်းထုတ်ခဲ့သည်။
"ဘာဖြစ်သွားတာလဲ။ ငါ့ကို သေချာ ရှင်းပြစမ်း"
"သူမက ရှေးဦး အင်မော်တယ် ဘိုးဘေးရဲ့ ကပ်ဘေးကိုယ်ပွား ဖြစ်လိမ့်မယ်လို့ ငါ မမျှော်လင့်ထားဘူး။ ငါ့စိတ်ထဲမှာ သူမကို ရှေးဦး အင်မော်တယ် ဘိုးဘေးရဲ့ သင်ကြားမှုတစ်ခု ရရှိခဲ့တဲ့ ကံကောင်းသူတစ်ယောက်လို့ပဲ ထင်ခဲ့တာ…"
ကြယ်ပြာ မယုံကြည်နိုင်ဟန်ဖြင့် သက်ပြင်းချလိုက်၏။
"ကပ်ဘေးကိုယ်ပွားဆိုတာ ဘာလဲ"
"ဒါ ပဋိသန္ဓေတည်ခြင်းလိုပဲ။ မင်းအနေနဲ့ သူမကို ရှေးဦး အင်မော်တယ် ဘိုးဘေးလို့ ပြောနိုင်တယ်၊ သူမရဲ့ အစိတ်အပိုင်းတစ်ခုပေါ့"
ကြယ်ပြာက ရှင်းပြသည်။
"သူမက ရှေးဦး အင်မော်တယ် ဘိုးဘေးလား"
ယွမ်ရှောင် အနည်းငယ် စိတ်အေးသွားပြီး အကယ်၍ သူမသာ ဘိုးဘေးနတ်ဘုရားတစ်ယောက်ဆိုလျှင် သေမည် မဟုတ်ပေ။
"ဟုတ်တော့ ဟုတ်ပါတယ်၊ ဒါပေမယ့် အတိအကျတော့ မဟုတ်ဘူး။ ပွင့်ပွင့်လင်းလင်း ပြောရရင် ရှေးဦး အင်မော်တယ် ဘိုးဘေးရဲ့ ကပ်ဘေးကိုယ်ပွားတစ်ယောက်က သာမန်လောကရဲ့ အချစ်ရေးမှာ နစ်မွန်းတာ ဒါမှမဟုတ် နှစ်ယောက်အတူ ကံကြမ္မာ ဖန်တီးတာမျိုး မဖြစ်သင့်ဘူး။ ဒါကြောင့် ငါ အစောပိုင်းက အဲ့ဒီလို မတွေးမိခဲ့တာပဲ။ ဖြစ်နိုင်တာ မင်းက ဖန်ဆင်းရှင် အင်မော်တယ် ဖြစ်နေလို့ သူမရဲ့ မသိစိတ်ကနေ စည်းမျဥ်းတွေကို ဖောက်ဖျက်မိသွားတာနေမယ်"
ကြယ်ပြာက တစ်ချက်တွေး၍ ဆက်ပြောခဲ့သည်။
"မင်းက တကယ် ထူးခြားတာပဲ။ အစ်ကိုကြီး။ သူမဟာ တစ်ချိန်က ဖန်ဆင်းရှင်အင်မော်တယ်ရဲ့တံခါးအပြင်ဘက်မှာ ခေတ်အဆက်ဆက် စောင့်ဆိုင်းခဲ့ဖူးတယ်။ မင်းက သူမကို လျစ်လျူရှုခဲ့တယ်။ အခု မင်းက ဘဝသစ်မှာ ပြန်လည်မွေးဖွားပြီးပြီးချင်း သူမနဲ့ ပေါင်းသင်းခဲ့တယ်။ အဲ့ဒီတုန်းက မင်းကို ချစ်လွန်းလို့ သူမက မင်းကို 'အစ်ကို' လို့ ခေါ်ချင်ခဲ့တယ်။ ဒါပေမယ့် မင်းကတော့ 'သခင်' လို့ ခေါ်ခိုင်းခဲ့တယ်။ အတော်ဆိုးတာပဲ"
လနီက ဖြတ်ပြော၍ ခပ်ညစ်ညစ် ရယ်လိုက်သဖြင့် ယွမ်ရှောင် ဆွံ့အသွားကာ သူ၏ နှလုံးသား နာကျင်နေသည့်တိုင်အောင် ဤအကောင်သည် စနောက်နေဆဲပင်။
" ဒီကပ်ဘေးကိုယ်ပွားအကြောင်း သေချာပြောစမ်းပါ"
ယွမ်ရှောင်က သူ၏ လက်ထဲမှ သလင်းကျောက်ကို စိုက်ကြည့်လိုက်သည်။
"အင်း… ဒါကို ရိုးရှင်းတဲ့ နည်းလမ်းနဲ့ ဘယ်လို ရှင်းပြရမလဲ"
ကြယ်ပြာက ဦးခေါင်းကုတ်လျက် ဆက်ပြောသည်။
"မင်းအနေနဲ့ သာမန် ဧကရာဇ်တစ်ပါး ဖြစ်ခဲ့တုန်းက လောကကြီးက ကြောက်မက်ဖွယ် ခြိမ်းခြောက်မှုနဲ့ ရင်ဆိုင်ရတဲ့အခါ သူရဲကောင်း ဒါမှမဟုတ် ရွေးချယ်ခံပေါ်ထွက်လာတဲ့ ဇာတ်လမ်းတွေ အကြောင်း ဖတ်ဖူးတယ်မလား။ သူမရဲ့ အဖြစ်ကလည်း အဲ့ဒီလိုပဲ"
"ရှေးဦး အင်မော်တယ် ဘိုးဘေးက လူသားမျိုးနွယ်ရဲ့ ဘိုးဘေးပဲ။ ဒါကြောင့် သူမက မွေးရာပါသဘာဝအတိုင်း လူသားမျိုးနွယ်အားလုံးကို ကာကွယ်တယ်။ သူမ ရွတ်ဖတ်ခဲ့တဲ့ စကားလုံးတွေအတိုင်း လူသားတွေ ပြင်ပ ခြိမ်းခြောက်မှုတွေကနေ ကပ်ဘေးနဲ့ ရင်ဆိုင်ရတဲ့အခါ ကောင်းကင်ကျိန်စာကို အသုံးပြုပြီး ခန္ဓာကိုယ်ကို ခွဲထုတ်တယ်။ ခြိမ်းခြောက်ခံနေရတဲ့ လောကမှာ ကပ်ဘေးကို ရင်ဆိုင်ဖို့ ပဋိသန္ဓေတည်တယ်။ ကံဆိုးမှုတွေကို ဖယ်ရှားပြီး လူသားမျိုးနွယ်ကို ကာကွယ်ဖို့အတွက် သာမန်လောကကို ဆင်းသက်လာတယ်။ ဒီ မိန်းကလေးက သူမနဲ့ အရမ်း တူနေတာ ထူးဆန်းတယ်လို့ ငါ ထင်ခဲ့တာ မမှားဘူး။ တကယ်တော့ သူမက ကပ်ဘေးကိုယ်ပွား ဖြစ်နေတာပေါ့လေ"
"ဒါကြီးက ဖြစ်နိုင်လို့လား"
ယွမ်ရှောင်က နားမလည်နိုင် ဖြစ်နေသည်။
"သိပ်များများစားစားတော့ မသိဘူး။ ဒါပေမယ့် ကပ်ဘေးကိုယ်ပွားလည်း ငါတို့ မျက်စိအောက်ကနေ မလွတ်မြောက်နိုင်ဘူး"
"ဒါက ကောင်းတယ်မလား။ ငါနဲ့ ဘယ်လိုကြောင့် ပြဿနာ ဖြစ်သွားတာလဲ။ ငါလည်း လူသားမျိုးနွယ်အတွက် တိုက်ခိုက်နေတာပဲလေ"
ယွမ်ရှောင်က ရှေးဦး အင်မော်တယ် ဘိုးဘေးအပေါ် အငြိုးအတေး မရှိခဲ့သည့်အပြင် လူသားမျိုးနွယ်၏ ဘိုးဘေး နတ်ဘုရားဖြစ်သော သူမသည် လူသားများကို ကာကွယ်ရန် မိမိကိုယ်ကို ခွဲထုတ်၍ ပဋိသန္ဓေတည်ခဲ့ကြောင်း သိလိုက်ရသဖြင့် လေးစားစိတ်ပင် ဖြစ်တည်လာခဲ့၏။
" မင်းနဲ့ အကြီးအကျယ် ပြဿနာရှိတာပေါ့ဟ။ မင်းက သူမရဲ့ စွမ်းအားကို စုပ်ယူပြီး ကောင်းကင်ကျိန်စာကို ချိုးဖျက်၊ သူမရဲ့ ကံကြမ္မာကို ဖျက်ဆီးတော့မှာလေ။ ပုံမှန်ဆိုရင် ကပ်ဘေးကိုယ်ပွား ပြန်လည် စုပ်ယူခံရပြီး ရှေးဦး အင်မော်တယ် ဘိုးဘေးက မင်းရဲ့ တည်ရှိမှုကို သိရှိသွားလိမ့်မယ်။ မင်းကို သေချာပေါက် လာသတ်မှာမို့လို့ ဖန်ဆင်းရှင် အင်မော်တယ် ဖြစ်လာဖို့ မေ့လိုက်တော့။ ကိုယ်ပွားက ပြန်လည် စုပ်ယူခံလိုက်ရတာနဲ့ အသိစိတ်ဟာ ရှေးဦး အင်မော်တယ် ဘိုးဘေးရဲ့ ကိုယ်ပွားအသိစိတ် သန်းပေါင်းများစွာအနက် တစ်ခု ဖြစ်လာလိမ့်မယ်။ အဲ့ဒီအခါကျရင် ချန်ရီက တကယ် ပျောက်ကွယ်သွားလိမ့်မယ်"
ကြယ်ပြာက တည်ငြိမ်စွာ ရှင်းပြပြီး
ချန်ရီအနေဖြင့် ရှေးဦး အင်မော်တယ် ဘိုးဘေးထံ ပြန်ရောက်သွားခြင်းမှာ သေဆုံးခြင်းနှင့် တူညီသည်။
"အစ်ကိုကြီး၊ သူမက ဘာကြောင့် အမြဲတမ်း သေချင်နေခဲ့တာလဲဆိုတာ မင်း နားလည်ပြီလား။ ဒါက ကောင်းကင်ကျိန်စာနဲ့ ချည်နှောင်ထားတဲ့ ကံကြမ္မာပဲ။ ရှေးဦး အင်မော်တယ် ဘိုးဘေးရဲ့ ကိုယ်ပွားအားလုံးဟာ သူတို့ရဲ့ တာဝန် ပြီးမြောက်ပြီးရင် အကြောင်းအရင်းမျိုးစုံ ရှာဖွေပြီး ဘဝကို အဆုံးသတ်လို့ မူလပြန်သွားကြလိမ့်မယ်။ လူသားမျိုးနွယ် ရင်ဆိုင်နေရတဲ့ ကပ်ဘေးကို ဖြေရှင်းပြီးသွားရင် ချန်ရီက ကိုယ့်ကိုကိုယ် သတ်သေလိမ့်မယ်။ မင်းလည်း မတားနိုင်ဘူး"
တစ်စုံတစ်ယောက်က ချန်ရီကို လုံးဝ ဖမ်းချုပ်ပြီး မလှုပ်နိုင်အောင် စောင့်ကြည့်နေခြင်းမရှိလျှင် ကံကြမ္မာပါလာသူတစ်ယောက်၏ သေခြင်းတရားကို တားဆီးရန် မဖြစ်နိုင်ပေ။
"အခုကော ဘယ်လိုဖြစ်သွားပြီလဲ"
ယွမ်ရှောင်က အဖြူရောင် သလင်းကျောက်ကို တင်းကြပ်စွာကိုင်ထားရင်း ဆက်မေးသည်။
"ကောင်းကင် ကျိန်စာ ကျိုးပေါက်သွားပြီ။ လူသားမျိုးနွယ် ရင်ဆိုင်နေရတဲ့ ကပ်ဘေးကို မဖြေရှင်းခင် မင်းက သူမကို သတ်ဖြတ်ခဲ့တယ်။ ဒီကိုယ်ပွားရဲ့ တာဝန်ကျရှုံးသွားပြီး ရှေးဦး အင်မော်တယ် ဘိုးဘေးအတွက် ဒါမျိုးက ရံဖန်ရံခါ ဖြစ်တတ်တယ်။ သူမက နောက်တစ်ကြိမ် ပဋိသန္ဓေတည်ရင်တောင် အရုဏ်တက်နတ်ဧကရီအသစ် မွေးလာဖို့ အနည်းဆုံး ဆယ့်ငါးနှစ် ကြာလိမ့်မယ်။ ပြီးတော့ မင်းက ဒီလောကရဲ့ ကပ်ဘေးကို ဖြေရှင်းလိုက်ပြီဆိုရင် ရှေးဦးအင်မော်တယ်ဘိုးဘေးက ဝင်စွက်နိုင်တော့မှာ မဟုတ်ဘူး။ သူမမှာ ကိုယ်ပွားတွေ အများကြီးရှိပြီး အားလုံးက အလိုအလျောက် တာဝန်ထမ်းဆောင်နေကြတယ်။ နားလည်လား"
ကြယ်ပြာက ရှင်းပြသည်။
"ချန်ရီကို အသက်ပြန်သွင်းဖို့ ဘယ်လိုလုပ်ရမှာလဲ"
"ဒါက လွယ်ပါတယ်။ ဒါကို ကပ်ဘေး သလင်းကျောက်လို့ ခေါ်တယ်။ သူမရဲ့ မှတ်ဉာဏ် သိုလှောင်ခန်းပေါ့။ မင်းအတေနဲ့ နောက်ထပ် ကိုယ်ပွားတစ်ခု ရှာဖို့ပဲ လိုတယ်။ ငါက ဒီသလင်းကျောက်ကို အဲ့ဒီကိုယ်ပွားထဲ ထည့်သွင်းပြီး သူမရဲ့ အသိစိတ်ကို အသက်သွင်းပေးနိုင်တယ်"
ကြယ်ပြာက ပြုံး၍ ရဲရဲကြီး အာမခံခဲ့သည်။
"ဒါဆိုရင် မင်းလည်း ရှေးဦး အင်မော်တယ် ဘိုးဘေးရဲ့ ကိုယ်ပွားနဲ့ တိတ်တခိုး ချစ်သူလုပ်တမ်း ဆက်ကစားလို့ ရပြီ၊ ဖန်ဆင်းရှင်"
လနီက ဖြတ်ပြောလိုက်ပြန်သည်။
"ဒီကိစ္စက တော်တော်ရှုပ်တယ်"
ယွမ်ရှောင်က စိတ်လေးနေပြီး နောက်ထပ် ကပ်ဘေး ကိုယ်ပွားတစ်ခု မည့်သည့်အချိန်မှ တွေ့ကြုံရမည်ကို စဥ်းစားမရနိုင်ပေ။
"ဒါက ချန်ရီ အသက်ရှင်နိုင်ဖို့ တစ်ခုတည်းသော အခွင့်အရေးပဲ"
ကြယ်ပြာက သက်ပြင်းချလိုက်သည်။
"မင်းက သူမနဲ့ စိတ်ပိုင်းဆိုင်ရာ ဆက်နွယ်မှု ဖြစ်သွားခဲ့တော့ ဖန်ဆင်းရှင် အင်မော်တယ်အနေနဲ့ မင်းရဲ့ လမ်းကြောင်းမှာ ရှေးဦး အင်မော်တယ် ဘိုးဘေးနဲ့ ရှုပ်ထွေးလာဦးမှာ သေချာတယ်"
ယွမ်ရှောင်က အတွေးနက်ရင်း တိတ်ဆိတ်နေသည်။
"ကံကြမ္မာကို လက်ခံလိုက်ပါ။ တစ်ချိန်မှာ မင်းရဲ့ဇနီးကို ကိုယ်တိုင် သတ်ရလိမ့်မယ်"
ကြယ်ပြာက သူ၏ ပခုံးကို တစ်ချက်ပုတ်၍ အားပေးနှစ်သိမ့်ရင်း လေးနက်စွာ ပြောလိုက်သည်။
"ဖန်ဆင်းရှင် အင်မော်တယ် ပြန်ဖြစ်လာဖို့ မင်းအနေနဲ့ ရှေးဦး အင်မော်တယ် ဘိုးဘေးကို ဝါးမျိုဖို့ လိုအပ်တယ်။ ကျင့်ကြံခြင်းက ရက်စက်ကြမ်းကြုတ်တယ်။ ငါ ပြောပြမယ်၊ သူမက သေဆုံးဖို့ ကံကြမ္မာပါလာပြီးသားပဲ။ ဘာလို့လဲဆိုတော့ သူမက သစ္စာဖောက်တစ်ယောက် ဖြစ်နေလို့ပဲ။ ရှေးဦးဘိုးဘေးနတ်ဘုရားက မင်းကို လုပ်ကြံဖို့ အစီအစဉ်ကို စတင်ခဲ့တဲ့ ကြိုးကိုင်သူပဲ"
ကြယ်ပြာက အမှန်တရားကို အေးစက်စက်
ထုတ်ပြလိုက်၏။
"ဆိုးညစ်တယ်။ ယုတ်မာတယ်။ လှည့်ဖြားတတ်တဲ့ မိန်းမ။ ဒေါသတကြီးလည်း တုံ့ပြန်တယ်။ ဖန်ဆင်းရှင်၊ တကယ်လို့ မင်းသာ သူမကို အရင်ဘဝမှာ လက်ခံခဲ့မယ်ဆိုရင် ဒီအခြေအနေအထိ ရောက်လာမှာ မဟုတ်ဘူး"
လနီက ရေရွတ်လိုက်သော်လည်း ယွမ်ရှောင်မှာ တုံ့ပြန်ခြင်း မရှိခဲ့ဘဲ အချိန်ကြာမြင့်စွာ တိတ်ဆိတ်နေသည်။
"မင်း ဘာတွေ စဉ်းစားနေတာလဲ"
"ငါ မေးခွန်းတစ်ခု တွေးနေမိတယ်"
"အဲ့ဒါက ဘာလဲ"
ကြယ်ပြာ နှင့် လနီက စပ်စုလိုက်သောအခါ
ယွမ်ရှောင်သည် နန်းတော် တံခါးများဘက်သို့ ငေးကြည့်ရင်း အဖြေပေးလိုက်၏။
"တာအို လောကလို့ ခေါ်တဲ့ အဆုံးမရှိ စကြဝဠာထဲမှာ မျိုးနွယ်စုတွေ အများကြီးက စည်းမျဉ်းစည်းကမ်းတွေအောက်မှာ အတူတကွ နေထိုင်ကြတယ်။ လူသားမျိုးနွယ်ရဲ့ ဘိုးဘေးနတ်ဘုရား ကိုယ်တိုင် ပဋိသန္ဓေတည်ပြီး ငါတို့ကို ကာကွယ်စောင့်ရှောက်တယ်၊ ကောင်းချီးပေးတယ်။ ဒီလောကဟာ အခုအတိုင်းဆိုရင်ရော မကောင်းဘူးလား။ ဒါတွေက ငါနဲ့ ဘာဆိုင်လို့လဲ။ ငါက ဘာကြောင့် ဖန်ဆင်းရှင် အင်မော်တယ်အဖြစ် ပြန်လည်ကျင့်ကြံရမှာလဲ။ ဘိုးဘေး နတ်ဘုရား ခြောက်ပါးလုံးကို သတ်ဖြတ်ပြီး လောကအသစ်ကို ပြန်လည်တည်ဆောက်ဖို့လား။ အရာအားလုံး ကောင်းနေတဲ့အခါ ပြန်လည်တည်ဆောက်ဖို့ လိုအပ်သေးလို့လား"
ယွမ်ရှောင်၏ စိတ်က အလွန်တရာ ရှုပ်ထွေးနေသကဲ့သို့ ကြယ်ပြာ နှင့် လနီလည်း အတွေးနက်ရင်း တိတ်ဆိတ်ကုန်သည်။
"မင်းတို့ရော ဘယ်လို ထင်ကြလဲ"
"အစ်ကိုကြီး"
ကြယ်ပြာက အပြင်ဘက်သို့ ညွှန်ပြရင်း သတိပေးလိုက်၏။
"အရုဏ်တက်နတ်ဧကရီ ပျောက်ကွယ်သွားလို့ ရှေးအစီအရင်လည်း ပျက်စီးသွားပြီ။ မင်းက စွမ်းအား အများကြီး မစုပ်ယူနိုင်ခဲ့ဘူး။ နတ်ဘုရားတိုက်ကြီးနဲ့ နတ်ဆိုးတိုက်ကြီး စစ်ဖြစ်နေတဲ့အချိန်မှာ မင်းရဲ့ ပြည်သူတွေကို ဘယ်လို ကာကွယ်ရမလဲဆိုတာ အရင်ဆုံး စဉ်းစားသင့်တယ်"
"ရှေးဦး အစီအရင် ပျောက်ကွယ်သွားပြီလား"
ယွမ်ရှောင်က မှိန်ဖျော့နေသော အဖြူရောင် ခေါင်းလောင်းကို ကောက်ယူလိုက်သည်။
"ဒီအရာတွေဟာ ကပ်ဘေးကိုယ်ပွားနဲ့ ဆက်နွယ်နေတယ်။ မင်းက ကိန်းရှင်တစ်ခုသာ ဖြစ်ပြီး ကယ်တင်ရှင်တစ်ယောက် မဟုတ်ဘူးဆိုတာ သိသင့်တယ်"
ကြယ်ပြာ၏ စကားကို ကြားသောအခါ ယွမ်ရှောင်သည် သားရဲလေးကို အင်္ကျီရင်ဘတ်အတွင်း ကောက်ထည့်၍ ဓားကိုင်ရင်း ပရမ်းပတာဖြစ်နေသည့် လောကကြီးထံ နန်းတော်အတွင်းမှ ထွက်ခွာသွားလေသည်။
"ဒီမေးခွန်းအကြောင်း နောက်မှ စဥ်းစားကြတာပေါ့။ အချိန်တစ်ခုရောက်ရင် အဖြေတွေ့လာမှာပါ။ လောလောဆယ်တော့ ပြဿနာကို အရင်ရှင်းရအောင်"