တားမြစ်ကံကြမ္မာနှင့် မိစ္ဆာမျိုးနွယ်အကြား ခလောက်ဆန်ခြင်း
Vol. 18 Ch. 220-B
"လူသားမျိုးနွယ်ရဲ့ စစ်တေဗျူဟာတွေ ဖတ်တာ နည်းနည်း လျှော့လိုက်ပါလား။ ထောင်ချောက်တွေနဲ့ ပြည့်နေတာကွ"
"ကောင်းပြီ၊ ငါ ပါးစပ်ပိတ်ထားလိုက်ပါမယ်"
မီးသူတော်စင်၏ လှောင်ရယ်မှုကြောင့် မျောက်သူတော်စင် အံကြိတ်၍ လက်ခံလိုက်ရသည်။ တိုက်ရိုက်ထိုးစစ်ဆင်ရမည်လား သို့မဟုတ် စောင့်ဆိုင်းရမည်လား ဤမေးခွန်းများက နတ်ဆိုးများအကြားတွင် ရှုပ်ထွေးနေပြီး ခရမ်းရောင်ကောင်းကင် အင်မော်တယ်နတ်ပြည်ထောင်၏ စစ်သေနာပတိချုပ် တုတင်ပင် တားမြစ်ကံကြမ္မာဧကရာဇ်၏ အကြံဉာဏ်ကို လာရောက် တောင်းခံရသည်အထိပင်။ ထိုအချိန်တွင် နတ်ဆိုးဧကရာဇ်က လနတ်သားဘက် လှည့်ကာ မေးခွန်းထုတ်ခဲ့၏။
"မြေခွေးမျိုးနွယ်က လိမ္မာပါးနပ်မှုနဲ့ အကင်းပါးတာကြောင့် ကျော်ကြားလို့ စစ်ဗျူဟာမှူးတစ်ဦး ဖြစ်ထိုက်တယ်။ ဒီအခြေအနေအပေါ် မင်းရဲ့ အမြင် သဘောထားက ဘယ်လိုရှိလဲ၊ မြေခွေးလေး"
"နတ်ဆိုးဧကရာဇ်၊ ကျုပ်... ကျုပ်"
လနတ်သားက တွန့်ဆုတ်နေပုံရသည်။
"လွတ်လွတ်လပ်လပ်ပြောပါ"
တားမြစ်ကံကြမ္မာက ခွင့်ပြုလိုက်သောကြောင့် ချီတုံချတုံဖြစ်နေသော လနတ်သားက နောက်ဆုံးတွင် အကြံပေးလာခဲ့၏။
"ရှေ့ဆက်ချီတက်သင့်ပါတယ်"
ထို့နောက် အခေါင်းပေါက်တစ်ခုက တားမြစ်ကံကြမ္မာ၏ ရင်ဘတ်တွင် ပွင့်ထွက်လာပြီး သက်ရှိ သတ္တဝါများကို အသက်ရှူကျပ်စေနိုင်လောက်အောင် ဆိုးရွားသော အနံ့တစ်ခု ထွက်နေသည်။ လနတ်သားက ပျို့အန်ချင်နေသော်လည်း ဟန်ဆောင်၍ ဂုဏ်ယူသော အမူအရာဖြင့် အခေါင်းပေါက်အတွင်း ခြေလှမ်းဝင်ရောက်သွားသည်။
"ကျွန်တော့်စကားတွေက အရမ်း ရဲတင်းလွန်းပြီး အရှင့်ကို စိတ်ဆိုးစေမှာ စိုးရိမ်မိပါတယ်"
လနတ်သားက တဖြည်းဖြည်း ကျဉ်းမြောင်းလာသော အခေါင်းပေါက်အတွင်း၌ ဦးညွှတ်လျက်ရှိနေပြီး အနံ့ဆိုးမှာ သည်းမခံနိုင်စရာဖြစ်ကာ တားမြစ်ကံကြမ္မာ၏ကိုယ်တွင်းတွင် ပုပ်သိုးနေသော အလောင်းများ၊ သွေးများနှင့် မစင်များ ရောနှောနေသည်။ ထိုအချိန်တွင်ကောင်းကင်နယ်မြေ၏ တစ်နေရာတွင် ရှိနေသော ယွမ်ရှောင်သည်လည်း ဤအနံ့ဆိုးကို အံကြိတ်သည်းခံ၍ သူ၏ ကိုယ်ပွားမှတစ်ဆင့် စကားပြောနေခဲ့သည်။
"နတ်ဆိုးဧကရာဇ်၊ ကောင်းကင်နယ်မြေရဲ့ ဘိုးဘေးကျောင်းတော်မှာ ကျွန်တော်က မိစ္ဆာ သုံးကောင်နဲ့ တွေ့ဆုံခဲ့ပါတယ်။ သူတို့ရဲ့ စကားလုံးတွေနဲ့ လုပ်ရပ်တွေအရ အဆုံးမဲ့ ငရဲပြည်နဲ့ အရှင့်ရဲ့ မဟာမိတ်ဖွဲ့မှုက အဆင်မပြေဘူးလို့ ခန့်မှန်းမိပါတယ်။ အဲ့ဒီ မိစ္ဆာတွေက တကယ်မောက်မာပြီး ကျုပ်တို့ နတ်ဆိုး မျိုးနွယ်ဘက်ကို လုံးဝ ထည့်မစဉ်းစားပေးဘူး"
"ဒီလိုလား"
တားမြစ်ကံကြမ္မာ၏ အသံက အနည်းငယ် ပြောင်းလဲသွားသောကြောင့် ယွမ်ရှောင်သည် ပစ်မှတ်ကို ထိမှန်ခဲ့ကြောင်း နားလည်လိုက်သည်။ အဆုံးမဲ့ ငရဲက နတ်ဆိုးတိုက်ကြီးထက် ပို၍ အားကောင်းပြီး မိစ္ဆာမျိုးနွယ်သည် မကောင်းဆိုးဝါးသန္ဓေဖြင့် မွေးဖွားလာသူများဖြစ်၍ အခွင့်အလမ်းကိုသာ ဦးစားပေး ရှာဖွေတတ်ကြသည်။
"ဒီမိစ္ဆာတွေရဲ့ တည်ရှိမှုနဲ့ အရုဏ်တက်နတ်ဧကရီက ရှေးအစီအရင်ကို ပိတ်လိုက်တာ ဆက်စပ်မှု ရှိနိုင်မလား"
တားမြစ်ကံကြမ္မာက အတွေးနက်နေပြီး အမြင်သစ်တစ်ခု စတင်ဖြစ်ပေါ်လာကာ
အလောင်း နတ်ဆိုးတစ်ကောင်၏ အနှစ်သာရမှာ နတ်ဆိုး အလောင်းများစွာ၏ စွမ်းအားကို စုစည်းခြင်း ဖြစ်သည်။ စုစည်းခြင်းမှာ ၎င်း၏ စွမ်းရည် ဖြစ်ပြီး စွမ်းအင်ကိုသာမက အလောင်းများ၏ အတွေးအခေါ်များကိုပင် စုပ်ယူဝါးမျိုနိုင်သည်။
"မိစ္ဆာတွေနဲ့ အရုဏ်တက်နတ်ဧကရီ ပူးပေါင်းကြံစည်နေကြတယ်လို့ ကျွန်တော် ထင်ပါတယ်"
လနတ်သားက အံကြိတ်၍ အရဲစွန့် လျှောက်တင်လိုက်ပြန်သည်။ တားမြစ်ကံကြမ္မာသည် အဆုံးမဲ့ ငရဲပြည်မှ ဧည့်သည်များကို မဟာမိတ်များ ဖြစ်ကြောင်း အခိုင်အမာ ပြောဆိုခဲ့သဖြင့် မည်သည့် နတ်ဆိုးမှ သံသယ မဝင်ခဲ့ပေ။
"ပြီးတော့ရော ဆက်ပြောပါ"
တားမြစ်ကံကြမ္မာအနေဖြင့် ဤ ရှုထောင့်မျိုးကို ယခင်က မစဉ်းစားခဲ့ဖူးပေ။
"နတ်ဆိုးမျိုးနွယ်၊ မိစ္ဆာမျိုးနွယ်နဲ့ အရုဏ်တက်နတ်ဧကရီက အင်အားစု သုံးခုကို ကိုယ်စားပြုတယ်"
လနတ်သားက တည်ငြိမ်စွာ ဆက်ပြောသည်။
"မိစ္ဆာတွေက အသစ်ရောက်လာသူတွေဖြစ်ပြီး နတ်ဘုရားတိုက်ကြီးနဲ့ နတ်ဆိုးတိုက်ကြီး နှစ်ခုလုံးရဲ့ နယ်မြေတွေကို သေချာပေါက် လောဘတက်ကြလိမ့်မယ်။ နတ်ဆိုးတွေက လူသားတွေထက် ပိုအားကောင်းတဲ့အတွက် မိစ္ဆာတွေက တံငါသည်တစ်ယောက်လိုမျိုး ကစားနေကြတာ ဖြစ်နိုင်တယ်။ ကျုပ်တို့ကို အားနည်းအောင် လုပ်ဖို့ အရင်ကြိုးစားကြမှာဖြစ်လို့ သူတို့ရဲ့ အကူအညီက ဟန်ဆောင်မှုတစ်ခုသက်သက်ပဲ။ အရုဏ်တက်နတ်ဧကရီနဲ့ သူတို့ရဲ့ မဟာမိတ်ကလည်း အတုအယောင်ဆိုပေမယ့် နတ်ဆိုးမျိုးနွယ်က သူတို့အတွက် အန္တရာယ်ပေးနိုင်စွမ်း ပိုကြီးမားတယ်။ တကယ်လို့ ကျုပ်တို့သာ ပထမဆုံး တိုက်ပွဲမှာ သူတို့ရဲ့ ထောင်ချောက်ထဲ ကျသွားခဲ့ရင် အကြီးအကျယ် ဒုက္ခရောက်လိမ့်မယ်"
တားမြစ်ကံကြမ္မာက မည်သူ့ထက်မဆို မိစ္ဆာမျိုးနွယ်၏ စစ်မှန်သော ရည်ရွယ်ချက်ကို နားလည်သူဖြစ်၏။ ယွမ်ရှောင်အနေဖြင့် ထိုမဟာမိတ်က လိမ်လည်လှည့်ဖြားမှုများဖြင့် ပြည့်နှက်နေကြောင်း သံသယဝင်ခဲ့ပြီး တစ်ဖက်နဲ့တစ်ဖက် အပြန်အလှန် ကြံစည်နေကြရန် ရာနှုန်းပြည့် သေချာ၍ သွေးထိုးနေခြင်းပင်။
"ဒါဆို ပြောစမ်းပါ၊ မြေခွေးလေး။ကောင်းကင်နယ်မြေရဲ့ တံခါးနဲ့ ရှေးဦး အစီအရင်ကို ဖွင့်ထားတဲ့အချိန်မှာ ငါက သံသယ မရှိဘဲ တန်းတန်းမတ်မတ် ပြေးဝင်တိုက်ခိုက်ခဲ့ရင် ဘာဖြစ်သွားမလဲ"
တားမြစ်ကံကြမ္မာက ခေါင်းတစ်ချက်ညိတ်၍ မေးလိုက်ခြင်းပင်။
"လူသားမျိုးနွယ်ရဲ့ အဓိက ကာကွယ်ရေး နှစ်ခုဖြစ်တဲ့ ကောင်းကင်နယ်မြေရဲ့ တံခါးနဲ့ ရှေးဦး အစီအရင်ကို စိတ်တိုင်းကျ အသက်သွင်းနိုင်သလို ပိတ်ထားနိုင်တယ်။ တံခါးကို ချိုးဖျက်နိုင်ပေမယ့် အစီအရင်ကိုတော့ ရှေ့တန်းကနေ တိုက်ခိုက်ပြီး အရုဏ်တက်နတ်ဧကရီကို သတ်ဖြတ်နိုင်မှသာ ဖျက်ဆီးနိုင်တယ်။ အခုလို တံခါးဖွင့်ထားတဲ့အချိန်မှာတောင် ကျုပ်တို့က အစီအရင်ကို မဖျက်ဆီးနိုင်ဘူး။ တကယ်လို့ ကျုပ်တို့တွေ ကောင်းကင်နယ်မြေကို ဝင်ရောက်ပြီးတဲ့အချိန်မှာ သူတို့က ကာကွယ်ရေး နှစ်ခုလုံးကို အသက်သွင်းလိုက်ရင် ပိတ်မိနေလိမ့်မယ်။ ပြီးရင် မိစ္ဆာတွေနဲ့ အရုဏ်တက်နတ်ဧကရီက အတူတူ တိုက်ခိုက်လာခဲ့ရင် အင်အားချင်းတူညီတဲ့ တိုက်ပွဲတစ်ခုအဖြစ် ပြောင်းလဲသွားနိုင်တယ်။ အချိန်အကြာကြီး ချီတက်လာရတဲ့ နတ်ဆိုးစစ်တပ်ရဲ့ စစ်ပန်းနေမှုနဲ့ လူသားတွေရဲ့ မြင့်မားတဲ့ တိုက်ပွဲဝင် စိတ်ဓာတ်ကို ထည့်စဉ်းစားလိုက်ရင် ဆုံးရှုံးမှုတွေ အများအပြား ဖြစ်လာနိုင်ပါတယ်"
လနတ်သားက လေးနက်စွာ ပြောလိုက်သည်။
"ဒါဆိုရင် မင်းက ဒီပြဿနာကို ဘယ်လိုဖြေရှင်းမှာလဲ"
တားမြစ်ကံကြမ္မာက အေးစက်စွာ မေးသည်။
" မိစ္ဆာတွေရဲ့ ရည်ရွယ်ချက်တွေကတော့ ကျွန်တော့်ရဲ့ ခန့်မှန်းချက်သက်သက်ပဲ။ သူတို့ရဲ့ ရည်ရွယ်ချက်အစစ်အမှန်ကို ဖော်ထုတ်ဖို့ကတော့ အရှင့်အပေါ်မှာပဲ မူတည်တယ်။ ကျွန်တော်က ကောင်းကင်နယ်မြေကို ဝန်းရံပြီး မတိုက်ခိုက်သေးဘဲ သူတို့ရဲ့ လောကကို အချိန်တစ်ခုကြာ ပိတ်ဆို့ထားဖို့ အကြံပြုပါတယ်။ သူတို့ရဲ့ စစ်ကြေညာချက်ကြောင့် တက်ကြွနေတဲ့ စိတ်ဓာတ်ကို ရိုက်ချိုးပြီး စိတ်ဓာတ်ကျလာတဲ့အထိ စောင့်ဆိုင်းပြီး ပြတ်ပြတ်သားသား အစွမ်းကုန် တိုက်ခိုက်ရပါမယ်"
"နယ်မြေကို ဝိုင်းထားပြီး ထွက်ပေါက်ကို ပိတ်ဆို့တာလား"
"မှန်ပါတယ် အရှင်။ တကယ်လို့ မိစ္ဆာမျိုးနွယ်ရဲ့ ရည်ရွယ်ချက်ကို ဖော်ထုတ်နိုင်ခဲ့ရင်၊ လူသားတွေ လွယ်လွယ်ကူကူ ပြိုလဲသွားလိမ့်မယ်။ ကောင်းကင်နယ်မြေရဲ့ လူသားအများစုက တိုက်ခိုက်လိုစိတ် မရှိကြဘဲ အရုဏ်တက်နတ်ဧကရီကိုသာ အားကိုးနေကြတယ်။ သူတို့အနေနဲ့ အချိန်အကြာကြီး မခံနိုင်ကြဘူး။ အခုက တံခါးရော အစီအရင်ရော ဖွင့်ထားတဲ့အတွက် နတ်ဆိုးစစ်တပ်က ဆုတ်ခွာပြီး ဆယ်ရက်ကြာအောင် ဝန်းရံပိတ်ဆို့မယ်ဆိုတဲ့ ကောလာဟလသတင်းတွေ ဖြန့်ဝေကြရမယ်။ ဒါဆိုရင် စိတ်ဓာတ်ပျော့ညံ့သူတွေကို ထွက်ပြေးစေပြီး သူတို့ရဲ့ တိုက်ပွဲဝင် စိတ်ဓာတ်ကို တုန်လှုပ်သွားစေလိမ့်မယ်။ အရုဏ်တက်နတ်ဧကရီက ထွက်ပြေးသူတွေကို တားဆီးဖို့ တံခါးကို အသက်သွင်းနိုင်ချေရှိတယ်။ တံခါးကို ဖျက်ဆီးနိုင်ရင် နတ်ဆိုးစစ်တပ် ဆုတ်ခွာဖို့အတွက် လမ်းကြောင်းလည်း ရှိလာပြီး လူသားတွေနဲ့ မိစ္ဆာတွေအကြား ပိတ်မိမှာကို စိုးရိမ်စရာမလိုဘဲ စိတ်တိုင်းကျ တိုက်ခိုက်နိုင်ပါလိမ့်မယ်"
လနတ်သား၏ စကားကြောင့် တားမြစ်ကံကြမ္မာက ရယ်မောလိုက်သဖြင့် သူ့အပေါ် အသားတစ်များ ပြုတ်ကျလာ၍ စက်ဆုပ်ရွံရှာစရာကောင်းလှသည်။ သူက ဤနတ်ဆိုးဧကရာဇ်ကို လှည့်ဖျားနိုင်ရန် အစွမ်းကုန် ကြိုးပမ်းအားထုတ်နေခဲ့သည်။
"တော်တော် စိတ်ဝင်စားစရာကောင်းတယ်၊ မြေခွေးလေး။"
တားမြစ်ကံကြမ္မာက အားရပါးရ ရယ်မောနေခဲ့သည်။
"သာမန်အတွေးတချို့ပါပဲ။ ကျွန်တော်က အရှင့်ရဲ့ ရှေ့မှောက်မှာ ကိုယ့်ကိုယ်ကို အရူးမဖြစ်စေခဲ့ဖို့ မျှော်လင့်ပါတယ်"
"မဟုတ်ပါဘူး။ မင်းက တော်တော်လေး ဉာဏ်ကောင်းတယ်"
တားမြစ်ကံကြမ္မာက တစ်ချက်ပြုံး၍ ပြောလိုက်သည်။
"ဒါဆိုရင်"
"မင်း အကြံပြုတဲ့အတိုင်း ငါတို့ လုပ်ကြတာပေါ့။ ပထမဆုံး၊ ငါတို့က ကောင်းကင်နယ်မြေကို ဝန်းရံပိတ်ဆို့ထားပြီး လူသားတွေကို ထွက်ပြေးစေရမယ်။ သူတို့ရဲ့ တိုက်ပွဲဝင် စိတ်ဓာတ်ကို ရိုက်ချိုးပစ်ဖို့ ဆယ်ရက်ကြာအောင် ဝန်းရံပိတ်ဆို့မယ်ဆိုတဲ့ ကောလာဟလတွေလည်း သတင်းဖြန့်မယ်။ တစ်ချိန်တည်းမှာ မင်းက ကူ နတ်ဆိုးဧကရာဇ်ကို ဒီလိုလုပ်ဆောင်ဖို့ ညွှန်ကြားပါ။ ရှေးဦးအစီအရင် အသက်မဝင်သေးတဲ့အတွက် သူ့ရဲ့ သေးငယ်တဲ့ ပိုးကောင်တွေက လူသတ်နိုင်ပြီး နန်းတော်ထဲအထိတောင် စိမ့်ဝင်နိုင်တယ်။ သူနဲ့နတ်ဆိုးတွေက ကောင်းကင်နယ်မြေကို ပရမ်းပတာဖြစ်အောင် မွှေနှောက်ဖို့ လုပ်ခိုင်းလိုက်"
နတ်ဆိုးဧကရာဇ်က တစ်လုံးချင်း အမိန့်ပေးလိုက်သည်။
"အမိန့်တော်အတိုင်းပါ"
ရှေးဦး အစီအရင်မရှိလျှင် နတ်ဆိုးစစ်တပ်ကို တန်ပြန်ရန် အင်အားမရှိသောကြောင့် ယွမ်ရှောင်သည် လနတ်သားအဖြစ် ဟန်ဆောင်၍ အစွမ်းကုန် စွန့်စားခဲ့ရသော်လည်း ကံကောင်းစွာဖြင့် ရလဒ်ကောင်း ထွက်လာပုံပေါ်သည်။ အနည်းဆုံး နတ်ဆိုး စစ်တပ်က ကောင်းကင်နယ်မြေသို့ ချက်ချင်း တိုက်ခိုက်မည်မဟုတ်ရာ အဖိုးတန်သော အချိန်အချို့ ဆွဲထားနိုင်ခဲ့သည်။
"မင်းရဲ့ အစီအစဉ်က ကောင်းပါတယ်။ ဒါပေမယ့် ငါ နည်းနည်း ထပ်ထည့်စရာ ရှိသေးတယ်"
"အရှင့်မှာ နောက်ထပ် ဘာအကြံအစည်များ ရှိပါသလဲ"
တားမြစ်ကံကြမ္မာ၏ စကားကြောင့် လနတ်သား၏ နှလုံးက တစ်ချက်ခုန်သွားသည်။
"အရုဏ်တက်နတ်ဧကရီက ငါနဲ့ စိတ်ပိုင်းဆိုင်ရာ လှည့်ကွက်တွေ ကစားနိုင်မယ်လို့ ထင်နေတာလား။ ငါလည်း ပြန်လုပ်ပေးရသေးတာပေါ့။ ခရမ်းရောင်ကောင်းကင် အင်မော်တယ်နတ်ပြည်ထောင်ရဲ့ စစ်တပ်ကို ချက်ချင်း အမိန့်ပေးပြီး အရုဏ်တက်အင်မော်တယ် နတ်ပြည်ထောင်ရဲ့ အောက်နယ်မြေ ကိုးဆယ့်ကိုးခုလုံးမှာ တိုက်ခိုက် သတ်ဖြတ်ခိုင်းမယ်။ မရေမတွက်နိုင်အောင် လူသားတွေ လမ်းတွေပေါ်မှာ သေဆုံးနေပြီး လူသားမျိုးနွယ်အချင်းချင်း တိုက်ခိုက်နေတာက အတော်ကြည့်ကောင်းမှာပဲ။ ဘယ်သူက အရင်ဆုံး စိတ်ပျက်သွားမလဲ ငါ သိချင်မိတယ်။ ဟား ဟား"
ထို့နောက် တားမြစ်ကံကြမ္မာ နတ်ဆိုးဧကရာဇ်က ခရမ်းရောင်ကောင်းကင်၏ စစ်သေနာပတိချုပ် တုတင်ကို ဆင့်ခေါ်ပြီး အေးစက်စက် အမိန့်ထုတ်လိုက်၏။
"ဒါက.."
တုတင်က သူ၏ ဦးခေါင်းကို ငုံ့ထားသော်လည်း စိတ်ရှုပ်သွားပုံပေါ်သည်။
"ဘာဖြစ်တာလဲ။ ခရမ်းရောင်ကောင်းကင်က နတ်ဘုရားတိုက်ကြီးရဲ့ ဘုရင် ဖြစ်ချင်တာ မဟုတ်ဘူးလား"
တားမြစ်ကံကြမ္မာက နှာခေါင်းရှုံ့ကာ မေးခွန်းထုတ်လိုက်သောအခါ တုတင်က အလျင်အမြန် ခေါင်းခါ၍ ဒူးထောက်ချပြီး ကြွေးကြော်လိုက်သည်။
"ငါတို့က အရှင့်ရဲ့ အမိန့်ကို နာခံပါတယ်"
သူက ခရမ်းရောင်ကောင်းကင် အင်မော်တယ်စစ်တပ်ထံ ချက်ချင်း ပြန်သွားပြီး အရေအတွက်ဆယ်သန်းကို ဦးဆောင်ချီတက်သွားခဲ့သည်။ အင်မော်တယ် သွေးကြော နယ်ပယ် ကျင့်ကြံသူများပင် ချီစွမ်းအားကို အသုံးပြု၍ လေထဲတွင် ပျံသန်းရန် အချိန် အကန့်အသတ်ရှိသောကြောင့် ကြီးမားသော ခရမ်းရောင်ကောင်းကင် စစ်တပ်သည် စစ်သင်္ဘော ထောင်ပေါင်းများစွာဖြင့် ရောက်ရှိလာခဲ့ပြီးသင်္ဘောတစ်စင်းစီတွင် စစ်သည် တစ်သောင်းခန့် သယ်ဆောင်ထားသည်။
နတ်ဆိုးများကမူ နတ်ဆိုး တိမ်တိုက်များကို စုစည်း၍ တပ်သားအားလုံးကို လေထဲတွင် ချည်နှောင်ထားနိုင်သဖြင့် စစ်သင်္ဘောများ မလိုအပ်ပေ။ စစ်သင်္ဘောများပေါ်တွင်ဖြစ်စေ၊ နတ်ဆိုး တိမ်တိုက်များပေါ်တွင်ဖြစ်စေ၊ မြင့်မားလွန်းသောကြောင့် လုံလောက်သော စွမ်းအားမရှိလျှင် မတော်တဆမှုတစ်ခု ဖြစ်ပွားခဲ့ပါက သေချာပေါက် သေဆုံးရပေလိမ့်မည်။ တုတင်သည် ခရမ်းရောင်ကောင်းကင်၏ စစ်သင်္ဘော ထောင်ချီကို ဦးတည်ချက် ပြောင်းရန် အမိန့်ပေးခဲ့သော်လညိး သူ၏ အင်အားစုများကို ခွဲမထုတ်ခဲ့ပေ။
"စစ်သေနာပတိချုပ် တု။ နတ်ဆိုးတွေက ကောင်းကင်နယ်မြေကို ဝန်းရံပိတ်ဆို့ထားကြပေမယ့် ငါတို့ကိုကျတော့ အောက်နယ်မြေမှာ လူဆိုး လုပ်ဖို့ စေလွှတ်လိုက်တယ်။ နတ်ဘုရားတိုက်ကြီးရဲ့ လူသားမျိုးနွယ် တစ်ခုလုံး ငါတို့ကို မုန်းတီးသွားနိုင်တယ်။ ခရမ်းရောင်ကောင်းကင် နတ်ပြည်ထောင် အတွင်းမှာတောင် ပုန်ကန်မှုတွေ ဖြစ်လာနိုင်တယ်"
" ခရမ်းရောင်ကောင်းကင် အင်မော်တယ်စစ်တပ်၊ နတ်ဘုရားတိုက်ကြီးရဲ့ နံပါတ်တစ် စစ်တပ်က ကောင်းကင်နယ်မြေကို မတိုက်ခိုက်ဘဲ အကာအကွယ်မဲ့ အရပ်သားတွေကို ပစ်မှတ်ထားရမှာလား"
ရယ်စရာကောင်းသည်မှာ သူတို့က နတ်ဆိုးများနှင့် ပူးပေါင်းနေသော်လည်း လူသားမျိုးနွယ်၏ ဘုရင်အဖြစ် ကိုယ့်ကိုကိုယ် ဂုဏ်ယူကြသည်။ မူလ အစီအစဉ်မှာ နတ်ဆိုးစစ်တပ်က ကောင်းကင်နယ်မြေကို ထိုးစစ်ဆင်ရာတွင် ဦးဆောင်ပြီး ခရမ်းရောင်ကောင်းကင် အင်မော်တယ်စစ်တပ်မှာ ပံ့ပိုးပေးရုံဖြင့် တိတ်တဆိတ် အကျိုးအမြတ် ရယူရန် ဖြစ်သည်။ လက်ရှိတွင် သူတို့က အဓိက တိုက်ခိုက်သူများ ဖြစ်လာကြသည့်အပြင် လူသားမျိုးနွယ်အပေါ် ရက်စက်ကြမ်းကြုတ်သော ပြစ်မှုများ ကျူးလွန်ရန် တာဝန်ပေးခံခဲ့ရသည်။ နတ်ဆိုးများဘက်မှာ လူသားများကို မျိုးနွယ်တူအချင်းချင်း သတ်ဖြတ်ရန် လှုံ့ဆော်နေကြပြီး စစ်ပွဲရလဒ် မည်သို့ပင်ဖြစ်ပါစေ ၊ ခရမ်းရောင်ကောင်းကင် အင်မော်တယ်စစ်တပ်၏ ပြစ်မှုသည် နတ်ဘုရားတိုက်ကြီး၏ လူသားမျိုးနွယ်အတွက် သမိုင်းဝင် ဝမ်းနည်းဖွယ်ရာ ဖြစ်ရပ်တစ်ခု ဖြစ်လာပေလိမ့်မည်။
တုတင်သည် တားမြစ်ကံကြမ္မာ နတ်ဆိုးဧကရာဇ်၏ အမိန့်ကို မလွန်ဆန်ရဲသောကြောင့် အံကြိတ်လိုက်မိသည်။ ခရမ်းရောင်ကောင်းကင် အင်မော်တယ် နတ်ပြည်ထောင်သည် လက်ရှိတွင် နတ်ဆိုးတိုက်ကြီးနှင့် ပူးပေါင်းထားပြီး တားမြစ်ကံကြမ္မာက ခရမ်းရောင်ဧကရာဇ်အစား သူ့ကို ရက်စက်သော တိုက်ရိုက်အမိန့် ပေးအပ်လာသောအခါ သာမန်စစ်သည်များအနေဖြင့် အချိန်မရွေး စွန့်ပစ်ခံရနိုင်ကြောင်း ရှင်းလင်းနေသည်။ သို့သော် ၎င်းက နတ်ဆိုးများနှင့် ပူးပေါင်းခြင်း၏ ရလဒ်ဖြစ်သောကြောင့် ရွေးချယ်စရာ မရှိပေ။ သူက အောက်နယ်မြေများကို ငေးကြည့်ရင်း စိတ်ပျက်အားငယ်နေပုံပေါ်ကာ ခရမ်းရောင်ဧကရာဇ်ထံ အကြောင်းကြားရန် ဆုံးဖြတ်ခဲ့သည်။
"ဒီကိစ္စက အရမ်း အရေးကြီးတယ်။ အရှင် ခရမ်းရောင်ဧကရာဇ်ကို အမြန်ဆုံး အကြောင်းကြားလိုက်။ သူ ဆုံးဖြတ်ပါစေ။ ငါတို့က စစ်ချီတက်ရာမှာ ဖြည်းဖြည်းပဲသွားပြီး အရှင်ရဲ့အမိန့်အရ လိုအပ်သလို တပ်ဆုတ်ကြမယ်"
"နားလည်ပါပြီ"
နတ်ဆိုး စစ်တပ်သည် ကောင်းကင်နယ်မြေ၏ ဝင်ပေါက်ကို ပိတ်ဆို့ဝန်းရံထားသော်လည်း ချက်ချင်း မတိုက်ခိုက်ဘဲ သူတို့၏ ဆယ်ရက်အကြာတွင် ချေမှုန်းပစ်မည်ဟူသော ခြိမ်းခြောက်သတင်းသည် ကောင်းကင်နယ်မြေတစ်ခွင်ရှိ သာမန်လူများကို ကြောက်ရွံ့သွားစေသည်။ နိုင်ငံအတွက် သေဆုံးရန် စိတ်ပိုင်းဖြတ်ထားပြီးဖြစ်သော စစ်သည်များနှင့် ကျင့်ကြံသူများအတွက်မူ ဤခြိမ်းခြောက်မှုသည် အသက်စွန့်တိုက်ခိုက်ရန် စိတ်ဓာတ်ကိုသာ ပို၍ခိုင်မာစေခဲ့သည်။ သို့သော် လူ့သဘာဝမှာ ကြိုတင်ခန့်မှန်းမရနိုင်ဘဲ နတ်ဆိုးစစ်တပ်၏ ဖိအားအပြင် ရှေးဦး အစီအရင် ပျောက်ကွယ်သွားခြင်း နှင့် ကောင်းကင်နယ်မြေ၏ တံခါး ပတ်ဝန်းကျင်မှ ပရမ်းပတာ အခြေအနေကို အခွင့်ကောင်းယူပြီး လူသားအချို့ ထွက်ပြေးခဲ့ကြ၍ အံ့ဩစရာကောင်းလောက်အောင် နတ်ဆိုးစစ်တပ်က သူတို့ကို လွှတ်ပေးခဲ့ကြသည်။
ကောင်းကင်နယ်မြေတွင် ခေါင်းမာစွာ နေထိုင်ပြီး သေသည်အထိ တိုက်ခိုက်ရန် သို့မဟုတ် အသက်ရှင်ရန် အခွင့်အလမ်းအတွက် ထွက်ပြေးရန် ရွေးချယ်စရာနှစ်ခုအကြားတွင် ကောင်းကင်နယ်မြေရှိ လူသားတိုင်း စဥ်းစားရခက်နေကြသည်။ ထွက်ပြေးရန် ရွေးချယ်ခဲ့သူများကြောင့် တိုက်ပွဲဝင်လိုသူများ၏ ဆုံးဖြတ်ချက် ပို၍ ခိုင်မာလာကြသည်။ ဤစိတ်ပိုင်းဆိုင်ရာ စစ်ဗျူဟာသည် နတ်ဆိုးတိုက်ကြီးအတွက် အမှန်တကယ် ထိရောက်ခဲ့ပုံပေါ်ပြီး သို့မဟုတ်လျှင် လနတ်သား၏ အကြံကို တားမြစ်ကံကြမ္မာ နတ်ဆိုးဧကရာဇ်မှ လက်ခံမည် မဟုတ်ပေ။ အခြေအနေက မုန်တိုင်းထန်နေပြီး တင်းမာသော ပတ်ဝန်းကျင်အောက်တွင် ကောင်းကင်နယ်မြေတစ်ခုလုံး မွန်းကြပ်နေခဲ့လေသည်။