သွေးကျွန်
Vol. 18 Ch. 223
မြေအောက် နန်းတော်၌ ရှေးဟောင်း ကြေးခေါင်းတလားအတွင်း ယွမ်ရှောင်သည် ခေါင်းတလား အဖုံးပေါ်မှ ထူးဆန်းသော အပြာရောင် မျက်လုံးများနှင့် စကားဆက်ပြောနေသည်။ ထိုအချိန်၌ လနတ်သားက သူ၏ ခန္ဓာကိုယ်မှ ခွဲထွက်သွားပြီး မလှုပ်မယှက် ရပ်နေသည်။ စစ်မင်းသမီးအတွက် ဤမြင်ကွင်းက အလွန်အမင်း ထူးဆန်းနေပြီး ကိုယ်ပိုင် ခေါင်းတလား ရှိသော လူတစ်ဦး၊ လူသား နှင့် နတ်ဆိုး ပေါင်းစပ်မှု၊ ဓား နှလုံးသားများကို ဝါးမျိုနိုင်သော ဓားဝိညာဉ်တစ်ခု စသည်တို့ကို ဉာဏ်မမီနိုင်ချေ။ ယွမ်ရှောင်၏ ဓားက စစ်မင်းသမီး၏ သားရေဝတ်စုံကို သူမ၏ နှလုံးသားအနီးတွင် ခွဲထုတ်လိုက်ပြီးနောက် အဖြူရောင် အလင်းတန်း နှစ်ခု ခေါင်းတလားအတွင်း ထွန်းလင်းစေ၍ အလွန် တောက်ပနေသည်။ သူမ၏ မျက်နှာက သွေးရောင်ကင်းမဲ့သွားကာ ရင်ဘတ်ကို လက်ဖြင့်ကာ၍ ဒေါသတကြီးဖြင့် စိုက်ကြည့်နေသည်။
"ငါက မြင့်မြတ်တဲ့ မိစ္ဆာတစ်ကောင်။ မင်းလို သာမန် သေမျိုးတစ်ယောက်က ငါ့ကို မစော်ကားသင့်ဘူး"
"မြင့်မြတ်တယ် ဟုတ်လား"
ယွမ်ရှောင်က သူမကို အေးစက်စက် ကြည့်လိုက်သည်။
"မိစ္ဆာတွေက လူသားတွေနဲ့ နတ်ဆိုးတွေကို စားသုံးတယ်၊ ငါတို့က မြင့်မြတ် သာလွန်တဲ့ သတ္တဝါတွေပဲ။ ငါ့အတွက်တော့ မင်းက မွေးမြူရေး ဝက်တစ်ကောင်နဲ့ ဘာမှ မခြားဘူး"
စစ်မင်းသမီး သူမ၏ မျက်လုံးများထဲတွင် ဂုဏ်ယူမှုဖြင့် မောက်မာစွာ ပြန်ပြောသည်။သူမ၏ အတွေးက ရိုးရှင်းပြီး အကယ်၍ ယွမ်ရှောင် စည်းကျော်ခဲ့လျှင် မြင့်မြတ်သော ခန္ဓာကိုယ်ကို ညစ်ညမ်းစေခြင်းထက် သွေးကြောများကို ဖောက်ခွဲပြီး ကိုယ့်ကိုကိုယ် သတ်သေမည်။ ၎င်းက မိစ္ဆာမျိုးနွယ် ဘိုးဘေးများကို ဂုဏ်သိက္ခာ ထိခိုက်စေနိုင်သဖြင့် ယွမ်ရှောင် ယခု ဘာလုပ်မည်ကို သူမ၏စိတ်တွင် ကြောက်ရွံ့မှုဖြင့် တုန်ရီနေသည်။ နီရဲသော နှုတ်ခမ်းများကို ကိုက်၍ သူမက ဦးခေါင်း ငုံ့ထားသည်။
"ငါက အခု မင်းလက်ထဲမှာပဲ။ နတ်ဆိုး မျိုးနွယ်ကို နှင်ထုတ်ရာမှာ ကူညီဖို့ ငါ ကတိပေးတယ်။ ဒါပေမယ့် မင်းက ငါ့ဆံပင်တစ်ချောင်းကို ထိခဲ့ရင်တောင် နတ်ဘုရားတိုက်ကြီးက လူသားအားလုံး ပြန်လမ်းမရှိစေရဘူး"
ဤရက်ရောသော ကမ်းလှမ်းချက်ကို လက်ခံမည်ဟု ထင်ခဲ့သော်လည်း ယွမ်ရှောင်က သူမ၏ တောင်းဆိုချက်ကို အသိအမှတ်ပင် မပြုခဲ့ပေ။ သူက လျင်မြန်စွာ လှုပ်ရှား၍ ကြောက်လန့်တကြား နောက်ဆုတ်နေသော စစ်မင်းသမီးထံ ကိုင်းညွှတ်လိုက်သည်။ သူမက ရင်ဘတ်ကို ကာကွယ်ထားသော်လည်း သူသည် မြေကြီးပေါ်မှ သိုလှောင်အိတ် အနည်းငယ်ကိုသာ ကောက်ယူနေခဲ့ပြီး မိစ္ဆာ သွေးရုန်းများဖြင့် စီရင်ထားသည့် စစ်မင်းသမီး၏ ပိုင်ဆိုင်မှုများ ဖြစ်၏။ သူ၏ အစောပိုင်းဓားချက်မှာ တိုက်ခိုက်မှုတစ်ခု မဟုတ်ဘဲ ထိုပစ္စည်းများကို အရယူရန် လှည့်ကွက်တစ်ခုသာ ဖြစ်သည်။
အိတ်အများစုကို စစ်ဆေးပြီးနောက် သူက ကျေနပ်သွားဟန်ဖြင့် ၎င်းတို့ကို သိမ်းဆည်းလိုက်သည်။ ထို့နောက် အိတ်တစ်လုံးအတွင်းမှ သူက အနက်ရောင် မီးလျှံများဖြင့် တောက်လောင်နေသော ပုတီးတစ်လုံး ထုတ်ယူပြီး မေးသည်။
"ဒါက ဘာလဲ"
"ပျက်စီး အမြုတေ"
စစ်မင်းသမီး၏ နှလုံးက ပြင်းထန်စွာ ခုန်နေပြီး သူမ၏ အရေပြား နီမြန်းနေကာ မိစ္ဆာ ကျင့်ကြံမှု၏ လက္ခဏာတစ်ခု ဖြစ်သည်။ မည်သည့် ပြင်းထန်သော စိတ်ခံစားမှုမဆို စိုးရိမ်ပူပန်မှု၊ စိတ်လှုပ်ရှားမှု၊ ဒေါသ စသည်တို့က သွေး လည်ပတ်မှုကို ပို၍ လျင်မြန်စေပြီး အရေပြားကို နီမြန်းသော အရောင်အဖြစ်သို့ ပြောင်းလဲစေပြီး အထူးသဖြင့် ပါးပြင်များပေါ်တွင် သိသာကာ သူမ အရက်မူးနေသကဲ့သို့ ထင်မှတ်ရ၏။
"ဒါက ပျက်စီး ချပ်ဝတ်ထက် ပျက်စီး စွမ်းအားကို ထိန်းသိမ်းရာမှာ ပို အစွမ်းထက်တယ်"
သိုလှောင်အိတ်အတွင်းရှိ နဂါးငွေ့တန်းအဆင့် ပျက်စီး အဆီအနှစ် အများအပြား ရေတွက်နေစဉ် ယွမ်ရှောင်က ရေရွတ်လိုက်၏။ မိစ္ဆာများက နတ်ဆိုးများကဲ့သို့ ရုပ်ခန္ဓာများကို ပျက်စီး အဆီအနှစ်ဖြင့် ကျင့်ကြံကြသော်လည်း သူတို့၏ လိုအပ်ချက်မှာ နတ်ဆိုးမျိုးနွယ်ကဲ့သို့ မကြီးမားပေ။ သူက အိတ်ကို ကိုယ်ပွားထံသို့ ပစ်ပေးလိုက်သောအခါ လနတ်သားသည် တုံ့ဆိုင်းခြင်း မရှိဘဲ ပျက်စီး အမြုတေကို မျိုချ၍ ပျက်စီး အဆီအနှစ်များကို သန့်စင်ပစ်လိုက်၏။
"သူက ပျက်စီးအမြုတေကို အစိမ်းလိုက် စားနေတာလား။ သူ့ရဲ့ အတွင်းအင်္ဂါတွေ ပျက်စီးမှာကို မကြောက်ဘူးလား"
စစ်မင်းသမီး မင်သက်သွားကာ သူမ စိတ်ကူးကြည့်နိုင်သည်ထက် ကျော်လွန်သော မြင်ကွင်းတစ်ခုကို မြင်တွေ့နေရပြီး ဤနှစ်ယောက်မှာ မည်သို့သော မိစ္ဆာကောင်ဖြစ်ကြောင်း စဥ်းစားမရပေ။
"ကြယ်ပြာ၊ ဒီသွေးအခြေခံက ကိုယ်ပွားတစ်ခု တိုက်ရိုက် ဖန်တီးတာနဲ့ ယှဉ်ရင် ဘယ်လောက် ထိရောက်မှု ရှိသလဲ။ အားသာချက်တွေနဲ့ အားနည်းချက်တွေက ဘာတွေလဲ"
"ဘာတွေလဲ"
ယွမ်ရှောင်နှင့် ခေါင်းတလား၏ စကားများကြောင့် စစ်မင်းသမီး၏ မျက်နှာအထက်တွင် ဒေါသနှင့် ကြောက်စိတ်များ ပိုမို ထွက်ပေါ်လာကာ လုံးဝလျစ်လျူရှုခံထားရသည်။
"ဒါတွေက ယေဘူယျ ကွဲပြားပေမယ့် လက်တွေ့မှာတော့ သိပ်မကွာဘူး။ ကိုယ်ပွားတစ်ခုက ပိုရိုးရှင်းတယ်၊ ရှုပ်ထွေးမှု နည်းတယ်"
ကြယ်ပြာက ပြန်ဖြေလိုက်သည်။
"သွေး အခြေခံအကြောင်း ပြောကွာ။ မြန်မြန်လုပ်၊ ငါတို့မှာ အချိန်မရှိဘူး"
"သွေးအခြေခံက သူမရဲ့ ခန္ဓာကိုယ်ကို ကျင့်ကြံမှုအတွက် အသုံးပြုတာပဲ။ သူမကို မင်းရဲ့ သွေး ကျွန်အဖြစ် ပြောင်းလဲပစ်ရမယ်။ သွေးအခြေခံကို သူမရဲ့ကိုယ်တွင်းမှာ အောင်မြင်စွာ ဖန်တီးပြီးရင် မင်းက ဒါကို ထုတ်ယူနိုင်တယ်။ သူမရဲ့ ဖန်ဆင်းရှင် မျိုးစေ့နဲ့အတူ မင်းရဲ့ ခန္ဓာကိုယ်ထဲကို ပေါင်းစပ်ထည့်သွင်းနိုင်တယ်။ မင်းအတွက် နောက်ထပ် ကျင့်ကြံရေး လမ်းကြောင်းတစ်ခု ရတာပေါ့"
ကြယ်ပြာက လျင်မြန်စွာ ရှင်းပြသည်။
"သူမရဲ့ ခန္ဓာကိုယ်ကို ကျင့်ကြံမှုအတွက် အသုံးပြုရမှာလား။ ဘယ်လိုလုပ်ရမှာလဲ"
ယွမ်ရှောင် နားမလည်နိုင် ဖြစ်နေသည်။
"မင်း...မင်း ဘာတွေ ပြောနေတာလဲ"
စစ်မင်းသမီးက နားမလည်နိုင်သောကြောင့် ကြောက်စိတ်များ တစ်ကိုယ်လုံး စိမ့်တက်လာသည်။
"သော့ချက်က မိစ္ဆာ မျိုးစေ့မှာ ရှိတယ်။ မင်းရဲ့ ဝိညာဉ်အစိတ်အပိုင်းကို သူမရဲ့ နှလုံးသွေးနဲ့ ရောနှောပြီး တခြား ဘိုးဘေး နတ်ဘုရားတစ်ပါးရဲ့ မိစ္ဆာ ကျင့်စဉ်၊ သွေးကပ်ဘေးကို အသုံးပြုလို့ မိစ္ဆာ မျိုးစေ့တစ်ခု ဖန်တီးပြီး နှလုံးသားထဲမှာ ထည့်သွင်းရမယ်။ ဒါကြောင့် မင်းရဲ့ ဝိညာဉ်အစိတ်အပိုင်းက သူမရဲ့ ခန္ဓာကိုယ်ကို မထိန်းချုပ်နိုင်ပေမယ့် ကျင့်ကြံခြင်းကို ထိန်းချုပ်နိုင်တယ်။ နှလုံးသား၊ သွေးကြောနဲ့ သွေးလည်ပတ်မှု စနစ်တွေ အကုန်လုံး မင်းရဲ့ ထိန်းချုပ်မှုအောက် ရောက်သွားလိမ့်မယ်။ မိစ္ဆာမျိုးစေ့က ထိန်းချုပ်တဲ့ သွေး စနစ်ကို သွေးအခြေခံလို့ ခေါ်တယ်"
ကြယ်ပြာ၏ စကားကို ကြားသောအခါ စစ်မင်းသမီးမှာ အဓိပ္ပါယ်မရှိဟု ခံစားနေရပြီး မယုံကြည်နိုင် ဖြစ်နေသော်လည်း မည်သူမှ ဂရုစိုက်မနေခဲ့ပေ။
"ဒါဆို ငါ့ဝိညာဉ်ရဲ့ အစိတ်အပိုင်းတစ်ခု ခွဲထုတ်ရဦးမှာပေါ့"
" မဟုတ်ရင် မင်းက သူမကို အဝေးကနေ ဘယ်လို ထိန်းချုပ်မှာလဲ။ တကယ်လို့ မင်းသာ ခေါင်းမာတဲ့ ယောက်ျားမာနစိတ် မရှိခဲ့ရင် မင်းအနေနဲ့ ကိုယ်ပွားတစ်ခု အဖြစ် သူမကို တိုက်ရိုက် ထိန်းချုပ်နိုင်မှာပဲ။ ဘာလို့ ဒီလောက် အလုပ်ရှုပ်ခံနေရတာလဲ"
ကြယ်ပြာက နှာခေါင်းရှုံ့လိုက်သည်။
"ဒါပေမယ့် သွေး အခြေခံတစ်ခု ဖန်တီးတာမှာလည်း အကျိုးကျေးဇူးတွေ ရှိတယ်။ ဒါကို ဖွဲ့စည်းပြီးတာနဲ့ မင်းက သူမရဲ့ နှလုံးသားနဲ့ သွေးကြောတွေကို ထုတ်ယူပြီး ခန္ဓာကိုယ်တစ်ခုတည်းမှာ ထာဝရ ပေါင်းစပ်နိုင်တယ်"
"ဒါဆိုရင် သူမက ငါ့ကိုယ်ပွား မဟုတ်ပေမယ့် ငါက သူမရဲ့ စိတ်ဆန္ဒကို ထိန်းချုပ်နိုင်တာလား။ ငါ ဘာပဲ ခိုင်းခိုင်း ဒီမိစ္ဆာမက လုပ်ရမှာလား"
ယွမ်ရှောင်က အေးစက်စက် မေးသည်။
"မှန်တယ်။ မိစ္ဆာ မျိုးစေ့ ထည့်သွင်းပြီးတာနဲ့ တပြိုင်နက် သူမရဲ့ စွမ်းအားက မင်းအပိုင် ဖြစ်သွားပြီ။ မင်းရဲ့ ခွင့်ပြုချက် မရှိဘဲ သူမက ပုရွက်ဆိတ်တစ်ကောင်တောင် မသတ်နိုင်ဘူး။ ပြီးတော့ မင်းရဲ့ ဝိညာဉ် ခန္ဓာကိုယ်ထဲမှာ ရှိနေရင် ကိုယ်ပွားတစ်ယောက်လိုပဲ။ ဒါပေမယ့် မင်းက သူမနဲ့ ပေါင်းဖက်ခဲ့ရင်တော့ ယောက်ျားနဲ့ မိန်းမ နှစ်ကိုယ်တူ သာယာမှုကို မခံစားနိုင်ဘူး"
ကြယ်ပြာက အသေးစိတ် ရှင်းပြသည်။
" မြန်မြန် ဆုံးဖြတ်လိုက်တော့၊ ဒီကောင်မက ကြောက်လန့်ပြီး ကိုယ့်ကိုကိုယ် သတ်သေသွားလို့ ဖန်ဆင်းရှင် မျိုးစေ့ အလဟဿ ဖြစ်သွားလိမ့်မယ်"
"မင်းက ငါ့ကို အရူးလို့ ထင်နေတာလား။ ဒီ မယုံနိုင်လောက်စရာ နည်းလမ်းတွေနဲ့ ငါ့ကို တစ်သက်လုံး အမှုထမ်းခိုင်းဖို့ ခြိမ်းခြောက်နိုင်မယ်လို့ ထင်နေတာလား"
စစ်မင်းသမီးက ဒေါသထွက်ပြီး မကျေမနပ်ဖြင့် ယွမ်ရှောင်ကို စိုက်ကြည့်နေသည်။
"မင်းက ကိုယ့်ကိုကိုယ် သတ်သေရဲလို့လား"
ယွမ်ရှောင်က တည်ငြိမ်စွာ မေးသည်။
"ယွမ်ရှောင်၊ အမှန်အတိုင်း ပြောရရင်၊ ငါတို့အကြားမှာ နက်ရှိုင်းတဲ့ အမုန်းတရား မရှိပါဘူး။ ငါတို့ရဲ့ ဘုံရန်သူက နတ်ဆိုးတွေပဲ။ ငါတို့ ပူးပေါင်းဆောင်ရွက်ဖို့ အကြံပေးချင်တယ်"
"ကောင်းပြီ"
ယွမ်ရှောင်က ခေါင်းညိတ်သဘောတူလိုက်သော်လည်း နှလုံးသားကို ဓားဖြင့် ရုတ်တရက် ထိုးစိုက်ပစ်လိုက်၏။ စစ်မင်းသမီးက နာကျင်စွာ အော်ဟစ်၍ အောက်သို့ ငုံ့ကြည့်လိုက်ရာ သေစေနိုင်လောက်သော ဒဏ်ရာ မဟုတ်သော်လည်း နာကျင်မှု ပြင်းထန်လှသည်။ သူမ မတုံ့ပြန်နိုင်ခင် ယွမ်ရှောင်က နှလုံးသွေး တစ်စက်ကို လျင်မြန်စွာ ထုတ်ယူ၍ သူ၏နှလုံးသားကို သံမဏိ အပ်တစ်ချောင်းဖြင့် ထိုးဖောက်ကာ သွေး တစ်စက် ထုတ်ယူလိုက်ပြန်သည်။ လူသားနှလုံး နှင့် မိစ္ဆာ နှလုံး၏ သွေးစက်များ အတူတကွ ရောနှောသွားသောအခါ.ဝိညာဥ်အစိတ်အပိုင်းတစ်ခု ပေါင်းစပ်လိုက်သဖြင့် လူသားသွေးက အားနည်းသော်လည်း သူ့အနေဖြင့် ထိန်းချုပ်အမိန့်ပေးနိုင်စွမ်း ရရှိသွားသည်။
"သွေး ကပ်ဘေး ကျင့်စဉ်ကို အသုံးပြုပြီး မိစ္ဆာ မျိုးစေ့ ဖန်တီးရမယ်"
ကြယ်ပြာ၏ ညွှန်ကြားချက်နှင့်အတူ သွေး ကပ်ဘေး ကျင့်စဉ်က ခေါင်းတလား အထက်တွင် ဖြစ်တည်လာကာ ရှေးဟောင်းဟင်းလင်းပြင် ကျင့်စဥ်၊ ပျက်စီး နတ်ခန္ဓာနှင့်အတူ ဘိုးဘေး နတ်ဘုရား သုံးပါး၏ ကြီးမြတ်သော ကျင့်စဉ် သုံးခုမှာ ယွမ်ရှောင်အပိုင် ဖြစ်လာခဲ့၏။
သို့သော် သူ၏ ကျင့်ကြံမှု နည်းလမ်းများက ဘိုးဘေး နတ်ဘုရားများထက်ပင် ကျော်လွန်နေကာ ကြောက်မက်ဖွယ် အနက်ရောင် နှင့် အနီရောင် ရောနှောနေသော မိစ္ဆာသွေးတစ်စက် သူ၏ လက်ဖဝါးထဲတွင် တည်ရှိနေပြီး သွေးကပ်ဘေး ကျင့်စဥ်ကို အသုံးပြုလိုက်သောအခါ ထိုသွေးစက်ပေါ်တွင် မျက်နှာတစ်ခု ပေါ်ထွက်လာသည်။ ယွမ်ရှောင်၏ မျက်နှာ ဖြစ်သော်လည်း အနက်ရောင်နှင့် အနီရောင် အစင်းကြောင်းများ ရောယှက်နေသဖြင့် ကြောက်စရာကောင်းနေ၏။
"ဒီမိစ္ဆာ စွမ်းအားက ပျက်စီးနတ်ခန္ဓာထက်တောင် ပိုဆိုးတယ်၊ အရှိန်အဝါ ပြင်းထန်တယ်၊ မှောင်မိုက်တယ်၊ ရက်စက်ကြမ်းကြုတ်တယ်"
ယွမ်ရှောင်သည် ၎င်း၏ ပြင်းထန်သော စွမ်းအားကို ချက်ချင်း ခံစားလိုက်ရပြီး ပျက်စီးနတ်ခန္ဓာမှာ ရိုင်းစိုင်းမှု၊ ဆိုးညစ်မှု၊ နှင့် ပြင်းထန်မှုကို ကိုယ်စားပြု၍ သွေးကပ်ဘေးကျင့်စဥ်မှာ အမိုက်အမှောင်၊ သွေးထွက်သံယိုဖြစ်မှု နှင့် ဖိနှိပ်ချုပ်ချယ်မှုကို ကိုယ်စားပြုသည်။ ဖန်ဆင်းရှင်က အင်မော်တယ် လောက၏ ဖန်ဆင်းရှင် ဖြစ်သကဲ့သို့ သူက လောက၏ မိစ္ဆာ ဖြစ်သောကြောင့် တစ်နည်းအားဖြင့် မော်တယ် မြေမှုန် မိစ္ဆာဟု လူသိများသော တတိယ ဘိုးဘေး နတ်ဘုရားနှင့် ဆင်တူ ဖြစ်လာသည်။
ကြယ်ပြာအနေဖြင့် မိစ္ဆာ ဘိုးဘေး နတ်ဘုရားကို ဘိုးဘေး နတ်ဘုရား ခြောက်ပါးအကြား တိုက်ခိုက်ရေး စွမ်းရည် ထိပ်ဆုံး အဆင့် သတ်မှတ်ထားကြောင်း ရှင်းပြသည်။ သူက လောက၏ မကောင်းဆိုးဝါး အတွေးအခေါ်များမှ မွေးဖွားလာခဲ့ပြီး သက်ရှိများ ပေါက်ဖွားလာသည်နှင့်အမျှ များလာသော မကောင်းဆိုးဝါး အတွေးများမှာ မိစ္ဆာစွမ်းအားကို အဆမတန် တိုးတက်စေခဲ့ပြီးဖန်ဆင်းရှင် အင်မော်တယ် ဒုက္ခရောက်ခဲ့သော အကြောင်းရင်းများအနက် တစ်ခုလည်း ဖြစ်သည်။
"တိုတိုပြောရရင် တခြား ဘိုးဘေး နတ်ဘုရားတွေက ဖန်ဆင်းရှင် အင်မော်တယ်နဲ့ ကံကြမ္မာအရ ဆက်နွယ်နေကြတယ်။ ဒါပေမယ့် မော်တယ် မြေမှုန် မိစ္ဆာနတ်ဘုရားက သန့်စင်ပြီး မွေးရာပါ မကောင်းဆိုးဝါးပဲ"
ကြယ်ပြာက သူ၏ စကားကို နိဂုံးချုပ်လိုက်ပြီး ယွမ်ရှောင်သည် မိစ္ဆာ မျိုးစေ့ကို ဆုပ်ကိုင်လိုက်သောအခါ မျက်ဝန်းများ သွေးရောင်တောက်လာခဲ့သည်။
"ငါ့နှလုံးသားရဲ့ အနက်ပိုင်းမှာ အဆုံးမရှိတဲ့ အမျက်ဒေါသကို ခံစားရတယ်"
မိစ္ဆာ မျိုးစေ့ကို ဆုပ်ကိုင်လျက် ယွမ်ရှောင်က စစ်မင်းသမီးရှေ့တွင် ရပ်နေသည်။
"မင်း ကိုယ့်ကိုယ်ကို သတ်သေချင်သလား။ အခု မင်းကို အခွင့်အရေးတစ်ခု ပေးမယ်"
"မင်း... မင်း... ငါ့ကို ခြောက်လှန့်နိုင်မယ်လို့ မထင်နဲ့"
စစ်မင်းသမီးအနေဖြင့် သူတစ်ပါး၏ ခန္ဓာကိုယ်ဖြင့် ကျင့်ကြံနိုင်ခြင်းကို မယုံကြည်ပေ။ သို့သော် ယွမ်ရှောင်က သူမ၏ ပါးစပ်ကို ဆုပ်ကိုင်ပြီး မိစ္ဆာ မျိုးစေ့ကို အတင်းအကြပ် ထည့်သွင်းပစ်လိုက်သည်။ သူ၏ အသားအရေက လူသေကဲ့သို့ ဖြူဖျော့သွားပြီး ရင်ဘတ်ကို လက်နှစ်ဖက်ဖြင့် ဆုပ်ကိုင်ရင်း မြေကြီးပေါ်တွင် လူးလိမ့်နေသည်။ ခြေထောက်များ ကွေးကောက်နေသည်။ ခန္ဓာကိုယ်၌ ချွေး နှင့် သွေးများဖြင့် စိုစွတ်၍ ပြင်းထန်စွာ တုန်ခါနေကာ ထိန်းမနိုင်သိမ်းမရဖြင့် ကြောက်မက်ဖွယ် အော်သံတစ်ခု ထွက်ပေါ်လာသည်။
"အခု မင်း ယုံပြီလား"
ယွမ်ရှောင်က သူမကို အေးစက်စွာ စောင့်ကြည့်နေသည်။
"ငါ့ကိုယ်ငါ သတ်သေပစ်မယ်"
အခြေအနေကို သဘောပေါက်သွားသောအခါ သူမ သတ်သေရန် သတ္တိရှိသည့်အတွက် သူက အနည်းငယ် အံ့ဩသွားသည်။ သို့သော် အလွန် နောက်ကျသွားပြီဖြစ်ရာ မိစ္ဆာ မျိုးစေ့သည် စစ်မင်းသမီး၏ နှလုံးသားတွင် အမြစ်တွယ်ပြီး သူ၏ဝိညာဉ်မှ ထိန်းချုပ်နိုင်လာသဖြင့် သွေးကပ်ဘေးကျင့်စဥ်ကို အသက်သွင်းလိုက်ရုံဖြင့် ကျင့်ကြံမှုမှာ သူမ၏ ထိန်းချုပ်မှုအောက်တွင် မရှိတော့ဘဲ သွေးကြောများကို မဖောက်ခွဲနိုင်တော့ပေ။
သွေးက အသက်၏ အနှစ်သာရဖြစ်၍ သွေးကပ်ဘေးကျင့်စဥ်အရ သွေးကြောများအတွင်း ထပ်ခါထပ်ခါ ကျဆင်းလာမည့် ကပ်ဘေးများမှတစ်ဆင့် သွေးကြောများ၏ စွမ်းအားကို မြှင့်တင်ပေးသည်။ သွေး ကပ်ဘေး၏ စွမ်းအားက စစ်မင်းသမီးကိုယ်တွင်း၌ တည်ရှိနေပြီး လနတ်သား၏ ပျက်စီးနတ်ခန္ဓာကဲ့သို့ဖြစ်ကာ သီးခြား ကျင့်ကြံနိုင်သော်လည်း နောက်ဆုံးတွင် အရာအားလုံး မူလကိုယ် ယွမ်ရှောင်ထံ ပြန်လည် ရောက်ရှိသွားပေ လိမ့်မည်။
"လနတ်သားတောင် လူသား နဲ့ နတ်ဆိုးအကြား လှည့်လည်သွားလာနိုင်ပြီး အကွင်ချနိုင်လို့ စစ်မင်းသမီးရဲ့ မြင့်မြတ်တဲ့ အဆင့်အတန်းနဲ့ဆိုရင် ဟား ဟား ဟား"
"အား၊ အားးး။ အားးးး…"
စစ်မင်းသမီးက နာကျင်စွာ အော်ဟစ်နေပြီး ကျင့်ကြံမှု စနစ်ကို သိမ်းပိုက်ခြင်းမှာ သွေးကြောများ၊ သွေးလည်ပတ်မှု စနစ်၊ နှင့် နှလုံးသားကို ခန္ဓာကိုယ်မှ ဆွဲထုတ်ခြင်းနှင့် ဆင်တူသည်။ ပြောမပြနိုင်လောက်အောင် ပြင်းထန်သော နာကျင်မှုဝေဒနာကို ခံစားခဲ့ရပြီး ဘယ်တော့မှ မေ့ပျောက်နိုင်ဖွယ်မရှိသော အတွေ့အကြုံတစ်ခု ဖြစ်သည်။ သူမ၏ ခန္ဓာကိုယ်က သာမန် ခွက်တစ်ခုသာသာ ဖြစ်သွား၍ သွေး ကပ်ဘေး စွမ်းအားမှ အကျိုးကျေးဇူး ရရှိပြီး ရုပ်ခန္ဓာ အားကောင်းစေသော်လည်း ယွမ်ရှောင်မှ သွေး အခြေခံကို ဖယ်ရှားလိုက်သည်နှင့်တပြိုင်နက် ကျန်ရစ်ခဲ့မည်မှာ တန်ဖိုးမရှိသော အလောင်းတစ်ခုသာ။
"အရင်ဆုံး နှလုံးသား၊ သွေးလွှတ်ကြောနဲ့ သွေးပြန်ကြောကို သွေး အခြေခံတစ်ခုအဖြစ် ဖန်တီးရမယ်။ ဒုတိယ၊ သူမရဲ့ နိုးထလာတဲ့ ဧကရာဇ် နယ်ပယ် မြင့်မြတ်ချီစွမ်းအားနဲ့ သွေးအားလုံးကို မိစ္ဆာ သွေးအဖြစ်သို့ ပြောင်းလဲလိုက်ရင် အစောပိုင်းအဆင့် ဧကရာဇ် နယ်ပယ် ဖြစ်နေရင်တောင် အနည်းဆုံး တိုက်ခိုက်ရေး အစွမ်း နှစ်ဆ တိုးတက်လာလိမ့်မယ်။ မိစ္ဆာသွေးကြောင့် သွေးကြောနဲ့ နှလုံးသားရဲ့ ဒဏ်ရာတွေလည်း မြန်မြန်ပျောက်ကင်းသွားမှာပဲ"
ကြယ်ပြာ၏ လမ်းညွှန်ချက်အတိုင်း
ယွမ်ရှောင်က အပိုစကားမဆိုဘဲ စနစ်တကျ ဆက်လက် လုပ်ဆောင်သည်။ စစ်မင်းသမီးသည် ပြင်းထန်သော ဝေဒနာကြောင့် သူမ အသက်ရှင်နေသည်ကိုပင် နောင်တရခဲ့ပြီး ဝိညာဉ် လုံးဝ ကြေမွသွားခဲ့သည်။ သို့တိုင် ခဏအကြာတွင် ဘာမှလုပ်စရာမလိုဘဲ နှလုံးသား၊ သွေးကြော နှင့် စွမ်းအားများ ပြောင်းလဲသွားသည်ကို ထိုင်ကြည့်နေရ၏။ ထိုသွေးစက်သည် သူမ၏ ခန္ဓာကိုယ် နှင့် ဝိညာဉ်ကို အကျိုးပြုခဲ့၍ တစ်ကိုယ်လုံး စကားဖြင့် ဖော်ပြမရနိုင်လောက်သော သက်သောင့်သက်သာ ခံစားချက်တစ်ခု ဆောင်ကြဉ်းပေးခဲ့သဖြင့် လုံးဝ နားမလည်နိုင် ဖြစ်နေသည်။
"ဒါ ဘယ်လို မိစ္ဆာကောင်မျိုးလဲ…"
စစ်မင်းသမီးက ကြောင်တောင်တောင်ဖြင့် တီးတိုးရေရွတ်ရင်း ဝက်တစ်ကောင်ကဲ့သို့ သွေးမွေးမြူရေး သတ္တဝါဖြစ်လာခဲ့သော အချိန်တွင်မှ လနတ်သားသည်လည်း ယွမ်ရှောင်၏ ကိုယ်ပွားတစ်ခုဖြစ်ကြောင်း နားလည်သွားကာ နတ်ဆိုး ကိုယ်ပွား ဖြစ်ပေသည်။ ထိုမကောင်းဆိုးဝါးက မိန်းမတစ်ယောက် မဖြစ်လိုသောကြောင့် သူမအနေဖြင့် ယာယီအသက်ရှင်နိုင်ခဲ့ပြီး မိစ္ဆာမျိုးစေ့နှင့် သွေးကပ်ဘေးကျင့်စဥ် ဟူသော မရင်းနှီးသည့် စကားလုံးများ စိတ်ထဲ မြည်ဟီးနေ၏။ နာကျင်မှု သက်သာသွားသောအခါ သူမက မတ်တပ်ရပ်၍ ယွမ်ရှောင်ဆိုသော မကောင်းဆိုးဝါးကို ဗလာမျက်ဝန်းများဖြင့် ကြောက်အားလန့်အား စိုက်ကြည့်နေခဲ့မိလေသည်။