လူသားစစ်တပ် ချီတက်တိုက်ခိုက်ခြင်း
Vol. 18 Ch. 228
"မိစ္ဆာတွေ၊ သူတို့က တကယ်ပဲ သစ္စာဖောက်ခဲ့ကြတာလား"
မျောက်သူတော်စင်က စိတ်ဓာတ်ကျစွာ တီးတိုးရေရွတ်သည်။
"မီးသူတော်စင် သူတို့ကို ရှာတွေ့နိုင်မလား သွားကြည့်လိုက်ပါ၊ မင်း အဖြေတစ်ခု ရလိမ့်မယ်"
လနတ်သားက လေးနက်စွာ ပြောလိုက်ပြီး မကြာမီ မီးသူတော်စင်က ထူးဆန်းသော မျက်နှာထားဖြင့် ပြန်လည် ရောက်ရှိလာသည်။
"ကျုပ် ဘိုးဘေးကျောင်းတော်တစ်ခုလုံးမှာ လိုက်လံ ရှာဖွေခဲ့တယ်၊ အကြိမ်များစွာ အော်ခေါ်ခဲ့တယ်။ ဒါပေမယ့် သူတို့ လုံးဝ ထွက်မလာဘူး"
"အဲ့ဒီ အဆုံးမဲ့ ငရဲပြည်က အကောင်တွေ။"
မျောက်သူတော်စင်၏ မျက်နှာ မည်းနက်သွားကာ 'ကုသိုလ်ကျမ်း' အမည်ရသော စာအုပ်ကို နေရာတွင်ပင် ဆွဲဖြဲပစ်လိုက်သည်။ နတ်ဆိုးသူတော်စင်များအားလုံးက လနတ်သားထံသို့ လှည့်ကြည့်လိုက်ကြပြီး သစ္စာဖောက်မှုအကြောင်း သူ၏ ခန့်မှန်းချက်မှာ ကြောက်စရာကောင်းလောက်အောင် အမှန်တကယ် ဖြစ်လာခဲ့သည်။
"တကယ်လို့ ငါတို့သာ အစကတည်းက မင်းစကားကို နားထောင်ပြီး နတ်ဆိုး စစ်တပ်ကို ပြေးဝင်တိုက်ခိုက်ခိုင်းခဲ့ရင် နတ်ဆိုးတိုက်ကြီး ပျက်စီးသွားလောက်ပြီ"
မီးသူတော်စင်က အံကြိတ်၍ မျောက် သူတော်စင်ကို ငေါက်ငမ်းသည်။
"တော်လောက်ပြီ၊ ဒီအကြောင်း မေ့လိုက်ကြရအောင်။ ငါ ဘာအကြံမှ ထပ်မပေးတော့ဘူး"
မျောက်သူတော်စင်က လုံးဝ စိတ်ဓာတ်ကျနေသည်။
"ကံကောင်းတာက လနတ်သားမှာ ဒီလှည့်ကွက်ကို ထိုးထွင်းသိမြင်နိုင်တဲ့ ဉာဏ်ပညာရှိပြီး နတ်ဆိုးမျိုးနွယ်ကို ကြီးမားတဲ့ ဆုံးရှုံးမှုကနေ ကယ်တင်ခဲ့တယ်"
မီးသူတော်စင်က လနတ်သားကို အာပေါင်အာရင်းသန်သန် ချီးကျူး၍ စိတ်ထဲတွင် ကျေးဇူးတင်မှုများ ပြည့်နှက်နေသည်။
"နတ်ဆိုးဧကရာဇ် နှစ်ပါး"
ခရမ်းရောင်ဧကရာဇ်က ကူ ဧကရာဇ် နှင့် ကြာနီကို အကြံပေးလိုက်သည်။
"ရန်သူ အင်အားစုတွေက ဘိုးဘေးကျောင်းတော်ဆီ ချီတက်လာပြီး သူတို့ရဲ့ ရည်ရွယ်ချက်အမှန်ကို ထုတ်ဖော်ပြသပြီးပြီ။ ဒါက ပြောင်ပြောင်တင်းတင်း ကြံစည်မှုတစ်ခုပဲ။ တကယ်လို့ တားမြစ်ကံကြမ္မာသာ သူရဲ့ တပ်ဖွဲ့တွေကို ကောင်းကင်နယ်မြေထဲကို ဦးဆောင်မလာဘူးဆိုရင် ငါတို့က ခုခံတိုက်ခိုက်ဖို့ ဂျောင်ပိတ်မိနေပြီ။ ဒါပေမယ့် တကယ်လို့ နတ်ဆိုးစစ်တပ် ဝင်ရောက်ခဲ့ရင်လည်း မိစ္ဆာတွေနဲ့ အရုဏ်တက်နတ်ဧကရီ စီစဥ်ထားတဲ့ ထောင်ချောက်တွေထဲ တည့်တည့်ကြီး ကျရောက်သွားလိမ့်မယ်။ သူတို့ရဲ့ လက်ထဲမှာ ဘယ်လို လှည့်ကွက်တွေ ရှိသေးလဲဆိုတာ ငါတို့ သေချာမသိဘူး။ ငါတို့ ဘာလုပ်သင့်လဲ"
နတ်ဆိုးသူတော်စင်များအားလုံး စိုးရိမ်ပူပန်နေကြပြီး အဓိက အချက်မှာ ကိုးကောင်းကင် အင်မော်တယ် စစ်တပ်သည် လျင်လျင်မြန်မြန် ချီတက်တိုက်ခိုက်လာသောကြောင့် တုံ့ပြန်ရန် အချိန်မမီတော့ပေ။ လူတိုင်း အကြည့်ကို နတ်ဆိုးဧကရာဇ် နှစ်ပါးထံ လှည့်လိုက်ကြသော်လည်း ကူဧကရာဇ် နှင့် ကြာနီက တိတ်ဆိတ်နေဆဲဖြစ်၍ လနတ်ဆိုး ဧကရာဇ် ကျဆုံးသွားကတည်းက စကားတစ်ခွန်းမှ မပြောခဲ့ပေ။ အကြောင်းရင်းတစ်ခုခုကြောင့် လနတ်ဆိုး သူတို့ရှေ့တွင် ဆိုးဆိုးရွားရွား သေဆုံးသွားသည်ကို မြင်ခဲ့ရသောအခါ ကြောက်စိတ်တစ်ခု သူတို့၏ နှလုံးသားများထဲတွင် ဖြစ်တည်လာ၏။ မမြင်ရသော ပိုက်ကွန်တစ်ခုဖြင့် သူတို့၏ မျက်လုံးများကို ဖုံးကွယ်ထားသကဲ့သို့ ခံစားနေရပြီး နတ်ဆိုး မျိုးနွယ် တစ်ခုလုံးကို လှည့်စားနေကာ ၎င်း၏ပိုင်ရှင်မှာ စစ်မင်းသမီးလား အရုဏ်တက်နတ်ဧကရီလား မည်သူမှ မပြောနိုင်ပေ။
"နတ်ဆိုးဧကရာဇ် နှစ်ပါး ကျေးဇူးပြုပြီး ဆုံးဖြတ်ချက်ချပေးပါ"
မီးသူတော်စင်က လေးနက်စွာ တောင်းဆိုလိုက်သော်လည်း သူတို့မှာ တိတ်ဆိတ်နေဆဲဖြစ်ရာ နောက်ဆုံးတွင် လနတ်သား ထွက်ပြောခဲ့သည်။
"တားမြစ်ကံကြမ္မာကို အကြောင်းကြားလိုက်။ သူ ငါတို့ကို ကယ်တင်ဖို့ ရွေးချယ်သည်ဖြစ်စေ၊ မရွေးချယ်သည်ဖြစ်စေ၊ သူရဲ့ ဆုံးဖြတ်ချက်ပဲ။ နောက်ဆုံး ခုခံတိုက်ခိုက်မှုအတွက် အသင့်ပြင်ထား။ တကယ်လို့ ရှေးဦး အစီအရင် အသက်မသွင်းဘူးဆိုရင် ငါတို့ အတင်းအကြပ် ဖွင့်မယ်။ ငါတို့တွေ ဘိုးဘေးကျောင်းတော်ကနေ ထွက်ပြီး နန်းတော်ကို ချီတက်မယ်။ နတ်ဆိုးတိုက်ကြီးရဲ့ အနာဂတ်အတွက် သေရတာ ဘာ ကြောက်စရာ ရှိလို့လဲ"
"မှန်တယ်"
"ငါတို့ ရှေ့ဆုံးက ဦးဆောင်ပြီး တားမြစ်ကံကြမ္မာနဲ့ နတ်ဆိုး တပ်ဖွဲ့တွေအတွက် လမ်းတစ်ခု ဖွင့်ပေးနိုင်တယ်"
ထိုအချိန်တွင် နတ်ဆိုးသူတော်စင် ၁၀၈ယောက်လုံး စိတ်ပိုင်းဖြတ်လိုက်ဟန်ဖြင့် သွေးဆူလာကာ ခေါင်းညိတ်ကြသည်။
" သေတဲ့အထိ တိုက်ခိုက်ပြီး ရန်သူရဲ့ လျှို့ဝှက်ချက်တွေကို ဖော်ထုတ်ရမယ်။ ဒါက ငါတို့အတွက် တစ်ခုတည်းသော လမ်းပဲ"
မျောက်သူတော်စင်က လနတ်သားကို ထောက်ခံ၍ ကြေညာသည်။
"တခြား နည်းလမ်းတစ်ခု ရှိသေးတယ်"
ကူဧကရာဇ်က ရုတ်တရက် ကြားဖြတ်ပြောသည်။
"ကျေးဇူးပြုပြီး ပြောပါ"
ခရမ်းရောင်ဧကရာဇ်က တိုက်တွန်းသည်။
"ငါတို့ နတ်ဆိုးတွေကို စွန့်ပစ်ပြီး နတ်ဆိုးသူတော်စင် ၁၀၈ ပါးနဲ့ ခရမ်းရောင်ကောင်းကင်ရဲ့ အရာရှိတွေနဲ့အတူ ထိုးဖောက်ထွက်ခွာကြမည်။ ငါတို့ရဲ့ ထိပ်တန်း တိုက်ခိုက်ရေး အစွမ်းနဲ့ဆိုရင် ကောင်းကင်နယ်မြေကို သန်းနိုင်တယ်။ ကောင်းကင်နယ်မြေရဲ့ တံခါးကို အသက်မသွင်းမချင်း ငါတို့ကို မတားဆီးနိုင်ဘူး။ အသက်သွင်းလိုက်ရင်လည်း တံခါးကို အသုံးမကျအောင် ဖျက်ဆီးနိုင်တယ်"
ထိုအကြံကြောင့် နတ်ဆိုးသူတော်စင်များ ချက်ချင်း တိတ်ဆိတ်သွားကြသည်။
"ရယ်စရာကောင်းလိုက်တာ။ ငါတို့ လွတ်မြောက်ဖို့အတွက် မျိုးနွယ်တူတွေကို စွန့်ပစ်ရမှာလား။ ဒါက နတ်ဆိုးတိုက်ကြီးရဲ့ သူရဲကောင်းတွေ အမူအကျင့် မဟုတ်ဘူး။ ငါ့အတွက် တိုက်ပွဲမှာ သေတာက ယုတ်ညံ့တဲ့ ထွက်ပြေးတာထက် ပိုကောင်းတယ်"
မီးသူတော်စင်က ဒေါသတကြီး ထရပ်လိုက်သည်။
"စိတ်အေးအေးထားပါ"
မျောက်သူတော်စင်က သူ့ကို နှစ်သိမ့်ရန် ကြိုးစားသည်။
"ငါ စိတ်အေးအေးထားပါတယ်။ အားလုံးကို သတိပေးချင်တာက အခုထိ နတ်ဆိုးတိုက်ကြီးနဲ့ ကောင်းကင်နယ်မြေ ထိပ်တိုက် မတွေ့သေးဘူး၊ ဒါပေမယ့် ငါတို့ အကျပ်ရိုက်နေကြတယ်။ တကယ်လို့ ငါတို့လို နတ်ဆိုးတိုက်ကြီးရဲ့ ခေါင်းဆောင်တွေက တိုက်ခိုက်ဖို့ သတ္တိမရှိဘဲ ကောင်းကင်နယ်မြေကနေ ထွက်ပြေးရမယ်ဆိုရင်၊ ငါတို့ မျိုးနွယ်ဝင်တွေ အသတ်ခံရတာကို ကြည့်နေရမယ်ဆိုရင် ငါတို့ရဲ့ အသုံးမကျတဲ့ အသက်တွေက ဘာ အသုံးဝင်လို့လဲ"
မီးသူတော်စင်က ခပ်ပြင်းပြင်း အသက်ရှူ၍ ကျယ်လောင်စွာ ပြောသည်။
"မင်း ပြောချင်တာကို ငါတို့အားလုံး နားလည်တယ်"
ခရမ်းရောင်ဧကရာဇ်က အကုန်လုံးကို ဖြောင်းဖြရန် ရှေ့တက်လာပြီး တစ်ချက်တွေး၍ လေးနက်စွာ စကားစလိုက်၏။
"ဒါပေမယ့် ငါတို့အားလုံး မေ့နေတဲ့ အချက်တစ်ခု ရှိတယ်။ စိတ်ဓာတ်က စစ်ပွဲတစ်ခုမှာ အဓိကပဲ။ ငါတို့မှာ အစွမ်းထက်တဲ့ အင်အားစုတစ်ခု ရှိနှင့်ပြီးပြီ။ ဒီတိုက်ပွဲကို မဖြစ်မနေ တိုက်ခိုက်ရမယ်။ မဟုတ်ရင်၊ တခြား အင်မော်တယ်နတ်ပြည်ထောင် လေးခုရဲ့ အမြင်မှာ နတ်ဆိုးတိုက်ကြီး ယိမ်းယိုင်နေတာကို မြင်ရင် နတ်ဆိုးမျိုးနွယ်ရဲ့ မဟာမိတ်တွေကို နှိမ်နင်းဖို့ အခွင့်အရေးကို အရယူလိမ့်မယ်။ တခြား အင်မော်တယ်နတ်ပြည်ထောင် လေးခုလည်း စစ်ပွဲထဲ ဝင်လာရင် ငါတို့ရဲ့ အားသာချက်ကို လုံးဝဆုံးရှုံးသွားလိမ့်မယ်"
"မင်းပြောတာ မှန်တယ်"
ခရမ်းရောင်ဧကရာဇ်၏ စကားကို လနတ်သားက ထောက်ခံ၍ သူသေကိုယ်သေတိုက်ခိုက်ရန် လိုလားနေကြပြီး နတ်ဆိုးသူတော်စင် ၁၀၈ ပါးလည်း တိုက်ပွဲ ဝင်စိတ်ဓာတ် တက်ကြွနေသည်။ သူတို့က တိုက်ခိုက်လိုစိတ်ကို အချိန်အကြာကြီး ထိန်းချုပ်ခံထားရပြီး အစွမ်းအစ ရှိသော်လည်း ကူဧကရာဇ် သတိထားလွန်းနေသဖြင့် စိတ်မရှည် ဖြစ်လာကြသည်။ လက်ရှိအခြေအနေကြောင့် ကူဧကရာဇ် နှင့် ကြာနီ ပို၍ တိတ်ဆိတ်သွားကြပြီး သူတို့ပင် လွှမ်းမိုးမရနိုင်သော ခံစားချက်တစ်ခု ဖြစ်တည်စပြုလာ၏။
"တားမြစ်ကံကြမ္မာကို အကြောင်းကြားပြီး တိုက်ပွဲအတွက် ပြင်ဆင်ကြ"
ကြာနီက အေးစက်စက် အမိန့်ပေး၍ ထရပ်လိုက်ပြီး သူမ၏ အသံမှာ အတန်ငယ် အားအင်ကုန်ခမ်းနေသည်။ ခရမ်းရောင်ဧကရာဇ် နှင့် လနတ်သား၏ မျက်လုံးများ အလင်းရောင်ဖြင့် တောက်ပနေပြီး ခုခံတိုက်ခိုက်ရန် ရပ်တည်ချက်ကို ခိုင်ခိုင်မာမာ ဆွဲကိုင်ထားကြသည်။
ကောင်းကင်နယ်မြေ၏ စည်ကားသော လမ်းများမှာ တစ်ချိန်က သက်ဝင်လှုပ်ရှားပြီး နွေးထွေးခဲ့သော်လည်း ယခု အေးစက်ခြောက်ကပ်နေသည်။ မရေမတွက်နိုင်သော ကိုးကောင်းကင် အင်မော်တယ် စစ်တပ်၏ စစ်သည်များ စုရုံးနေကြပြီး ဘိုးဘေးကျောင်းတော်ထံ နဂါး ကိုးကောင်ကဲ့သို့ အင်အားစု ကိုးခုအဖြစ် ခွဲထွက်၍ ချီတက်လာကြ၏။ သူတို့၏ စည်းကမ်းမှာ သံမဏိကဲ့သို့ မာကျောပြီး တိုက်ပွဲဝင် စိတ်ဓာတ် မယိမ်းမယိုင်ဖြင့် နှလုံးသားများတွင် ခိုင်မာသော ယုံကြည်ချက်များ ရှိသည်။ နှစ်ပေါင်းများစွာ လေ့ကျင့်မှု နှင့် စည်းကမ်းသေဝပ်သော ဤစစ်တပ်သည် ဘိုးဘေးကျောင်းတော်ရှိ နတ်ဆိုးများ၏ အုပ်စုနှင့်ယှဥ်လျှင် သိသိသာသာ ကွာခြားလှသည်။ စစ်သည်များအပြင် ကောင်းကင်နယ်မြေမှ ကျင့်ကြံသူ သန်းပေါင်းများစွာလည်း ပါဝင်ပြီး အများစုမှာ သန်မာကြံ့ခိုင်သော လူငယ်များ ဖြစ်ကြ၏။ လွန်ခဲ့သော နှစ်ရက်အတွင်း စစ်သေနာပတိချုပ် ချန်ရှောင်သည် သူတို့ကို ပြန်လည် ဖွဲ့စည်း၍ လေ့ကျင့်ပေးထားသောကြောင့် တိုက်ပွဲဝင်စွမ်းရည်၌ ထက်မြက်ကြောင်း ရှင်းလင်းနေသည်။
အရုဏ်တက်နတ် ဧကရီ၏ စစ်ကြေညာချက်ဖြစ်စေ၊ ယနေ့ စီစဥ်ထားသော တိုက်ခိုက်မှုဖြစ်စေ အံ့ဩဖွယ် ရဲရင့်သော လုပ်ရပ်များ ဖြစ်သည်။ တစ်ချိန်က ကြောက်ရွံ့တတ်သော လူသားများကို ရဲရင့်စေခဲ့ပြီး ရှေးဦးအစီအရင် အသက်မသွင်းထားသည့်တိုင်အောင် ဘိုးဘေးကျောင်းတော်ဆီ ကြောက်ရွံ့ခြင်းမရှိဘဲ ချီတက်လာကြသည်။ ရှေးဦး အစီအရင် အမှန်တကယ် ပျောက်ကွယ်သွားသော်လည်း တိုက်ပွဲဝင်စိတ်ဓာတ်က ရှေးဦးအစီအရင် အသစ်တစ်ခုအဖြစ် သူတို့၏ နှလုံးသားများတွင် ဖြစ်တည်လာခဲ့၏။
"စစ်သေနာပတိချုပ် အရှင်မရော ဒီနေ့တိုက်ပွဲမှာ ပါဝင်မှာလား"
စစ်တပ်၏ ရှေ့တန်းတွင် ဓားသူတော်စင် စွန်း ရှိနေပြီး မေးခွန်းထုတ်ခဲ့သည်။
"ဟုတ်တယ်၊ မဟုတ်ရင် နတ်ဆိုးဧကရာဇ်တွေကို ဘယ်သူ ကိုင်တွယ်ဖြေရှင်းမှာလဲ"
ကျားဖြူချပ်ဝတ် ဝတ်ဆင်ထားသော စစ်သေနာပတိချုပ်က ခေါင်းညိတ်၍ သားရဲတွင်းမှ ထွက်လာသော ကျားတစ်ကောင်ပမာ ရပ်နေသဖြင့် ကိုးကောင်းကင် အင်မော်တယ် စစ်တပ်အတွက် အားတက်စေသည်။
"ဒီနေ့အတွက် ငါ အချိန်အကြာကြီး စောင့်ခဲ့ရတယ်"
ဓားသူတော်စင်စွန်းက သူ၏ လည်ပင်းမှ ပယင်း လည်ဆွဲကို ပွတ်သပ်ရင်း မျက်လုံးများ တောက်လောင်နေသည်။ ပုလဲ တစ်ဆယ့်နှစ်လုံးတွင် သေဆုံးသွားသော မိသားစု၏ နောက်ဆုံး အမှတ်တရများဖြစ်သည့် ဆံပင်တစ်မျှင်စီ ပါဝင်သည်။ သူ၏ နတ်ဆိုးများအပေါ် အမုန်းတရားက နက်ရှိုင်းလှသည်။ မျိုးဆက်ပေါင်းများစွာတိုင်အောင် လူသားမျိုးသည် နတ်ဆိုးများကို အသွေးအသားထဲက မုန်းတီးခဲ့ကြပြီး အမြဲတမ်း ခေါင်းငုံ့ပေးခဲ့ရသောကြောင့် နတ်ဆိုးများလက်ချက်ဖြင့် သေဆုံးသွားသူများစွာ နတ်ဘုရားတိုက်ကြီး၏ မြေအောက်တွင် မြှုပ်နှံခံထားရသည်။
ဓား သူတော်စင် စွန်း နှင့် သူ၏ ဓားဝိညာဥ်က တစ်ခုချင်းစီကို မှတ်မိနေပြီး အသတ်ခံခဲ့ရသော လူသားများအတွက် နတ်ဆိုးမျိုးနွယ်အပေါ် သနားညှာတာစရာ အကြောင်းမရှိချေ။
"ဒီနေ့၊ ငါတို့ အောင်ပွဲအတွက် တိုက်ခိုက်ရမယ်။ တကယ်လို့ ငါတို့ ရှုံးနိမ့်ခဲ့ရင် ကောင်းကင်နယ်မြေရဲ့ လူသား သန်းပေါင်းများစွာ သေရလိမ့်မယ်။ နတ်ဘုရားတိုက်ကြီးက နှစ်ဘီလီယံပေါင်းများစွာ ဘယ်တော့မှ ငြိမ်းချမ်းမှုကို ပြန်လည် မြင်တွေ့ရတော့မှာ မဟုတ်ဘူး"
စစ်သေနာပတိချုပ်က စစ်သည် သန်းပေါင်းများစွာကို မိန့်ခွန်းချွေလိုက်သည်။
"ငါတို့ လက်ထဲမှာ၊ ငါတို့ရဲ့ ပခုံးပေါ်မှာ လူသားမျိုးနွယ်ရဲ့ ငြိမ်းချမ်းမှုနဲ့ ကံကြမ္မာကို ပိုင်ဆိုင်ထားကြတယ်။ လူတိုင်း သေရမှာ မှန်ပေမယ့် ငါတို့က နိုင်ငံနဲ့ လူမျိုးအတွက် အသက်ကို ရင်းမယ်"
လူသားမျိုးနွယ် ဘိုးဘေးများ၏ အမုန်းတရားက နတ်ဆိုးများအပေါ် ခွင့်လွှတ်နိုင်စရာ မရှိချေ။ လက်ရှိတွင် ကိုးကောင်းကင် အင်မော်တယ် စစ်တပ်သည် လူသား ဘီလီယံပေါင်းများစွာ၏ မျှော်လင့်ချက်များ အပ်နှင်းခံထားရသူများဖြစ်ကာ ချပ်ဝတ်တန်ဆာ ဝတ်ဆင်၍ လက်နက်များ ကိုင်စွဲထားသဖြင့် တိုက်ပွဲ၌ သတ်ဖြတ်ခြင်းကိုသာ ထမ်းဆောင်ကြပေလိမ့်မည်။
"ငါတို့ ဘိုးဘေးတွေက တာအို ဂါထာတွေကို လက်ဆင့်ကမ်းပေးခဲ့တယ်။ ကြီးမြတ်တဲ့ အစီအရင်တွေ တည်ဆောက်ခဲ့တယ်။ အမွေအနှစ်တွေ ဖန်တီးခဲ့တယ်။ ငါတို့တွေ ဒီနေ့လိုမျိုး ဖြစ်လာအောင် ဖန်တီးခဲ့တယ်။ ငါတို့အသက်တွေကို ငါတို့ မပိုင်ဘူး။ လူသားဘိုးဘေးတွေနဲ့ လူသားမျိုးနွယ်ရဲ့ ဂုဏ်သိက္ခာက ဒီတိုက်ပွဲအပေါ်မှာ မူတည်နေတယ်"
ချန် မျိုးနွယ်သည် မျိုးရိုးစဥ်ဆက် စစ်သည်များ မွေးဖွားပေးခဲ့ပြီး သူတို့၏ တိုက်ပွဲဝင်စိတ်ဓာတ်က ကြီးကျယ်ခမ်းနား၍ အရုဏ်တက်နတ်ဧကရီ၏ စိတ်ထားမှာလည်း သူမ၏ ဖခင်၊ ချန်ရှောင်၏ လွှမ်းမိုးမှုရှိကြောင်း သိသာပေသည်။ ရဲရင့်သော မိန့်ခွန်းသည် ကိုးကောင်းကင် အင်မော်တယ် စစ်တပ်ကို သေသည်အထိ တိုက်ခိုက်ရန် စိတ်ဓာတ်တက်ကြွစေခဲ့ပြီး အရုဏ်တက်နတ် ဧကရီ၏ စစ်ကြေညာချက်နှင့်အတူ သူတို့ နဂါး ကိုးကောင်ကဲ့သို့ ဘိုးဘေးကျောင်းတော်ထံ တဝုန်းဝုန်း ချီတက်လာကြ၏။
" ငါ့အမိန့်ကို လိုက်နာပြီး ဘိုးဘေးကျောင်းတော်ကို ဖြိုခွင်းကြ"
အမိန့်သံအဆုံးတွင် နတ်ဘုရားအစောင့် ကိုးယောက်၊ စစ်သေနာပတိချုပ်၊ ဓား သူတော်စင်စွန်း၊ နန်းကုန်းရှု၊ နှင့် အင်မော်တယ်နတ်ပြည်ထောင် ငါးခုမှ ကျင့်ကြံသူများ ဦးဆောင်၍ စစ်ကြောင်းကိုးခု ခွဲ၍ ဘိုးဘေးကျောင်းတော်ထံ ပြေးဝင်တိုက်ခိုက်ခဲ့ကြသည်။ ချောင်ပိတ်နေသော နတ်ဆိုးများကလည်း အသက်နှင့်ရင်းကာ တန်ပြန်တိုက်ခိုက်ခဲ့ကြပြီး ခဏအတွင်း ဘိုးဘေးကျောင်းတော်တစ်ခုလုံး ဝုန်းဒိုင်းကြဲနေသည်။ စစ်တိုက်ရာတွင် စနစ်မကျသော နတ်ဆိုးများကို ရင်ဆိုင်ရသောအခါ ယမ်းပုံမီးကျ ဒေါသထွက်နေသော်လည်း ကိုးကောင်းကင် အင်မော်တယ် စစ်တပ်က စည်းကမ်းတကျ တိုက်ခိုက်ရင်း ရှေ့တက်နေသည်။
တပ်ကြပ်များ၊ ဗိုလ်များ၊ တပ်မှူးများနှင့် ဗိုလ်ချုပ်များ စသဖြင့် ကောင်းမွန်စွာ စီစဉ်ထားသော လူသား စစ်တပ်၏ အင်အားသည် တိုက်ပွဲ စတင်သည်နှင့် တပြိုင်နက် မရေမတွက်နိုင်သော အုပ်စုလိုက် တိုက်ခိုက်ရေး ဂါထာများ စေလွှတ်ကာ မုန်တိုင်းပမာ နတ်ဆိုးအုပ်ကြီးထံ တဖွဲဖွဲ ကျဆင်းစေသည်။
"ကာကွယ်ထားကြ။ နတ်ဆိုးတွေနဲ့ တိုက်ခိုက်ရင် လက်နက်သုံးကြ"
"ခြေဖဝါးအောက်က မြွေတွေနဲ့ ကောင်းကင်က ငှက်တွေကို သတိထားကြ"
"စစ်ချီတက်ပုံ မပျက်စေနဲ့။ တန်းစီကြ"
စစ်တပ်၏ အဆင့်ဆင့် ထိန်းချုပ်မှုအောက်တွင် ကိုးကောင်းကင် အင်မော်တယ် စစ်တပ်သည် ယန္တရားကြီးတစ်ခုအလား ဘိုးဘေးကျောင်းတော် အတွင်းပိုင်းသို့ ချီတက်ဝင်ရောက်သွား၏။ ၎င်းကသူတို့၏ အိမ်ကွင်း၊ ကောင်းကင်နယ်မြေ ဖြစ်ကာ လူသားများအနေဖြင့် ထိုအဆောက်အအုံများ၏ ဗိသုကာလက်ရာကို ခရေစေ့တွင်းကျ သိရှိထား၍ ရင်းနှီးကျွမ်းဝင်သော စစ်မြေပြင်အားသာချက် ရယူထားနိုင်သည်။ လွန်ခဲ့သော နှစ်ရက်အတွင်း၊ သူတို့က ဘိုးဘေးကျောင်းတော်၏ တည်ဆောက်ပုံကို အကြိမ်ပေါင်းများစွာ မှတ်သားထားခဲ့ပြီး စစ်ဗျူဟာကို လေ့ကျင့်ခဲ့ကြသည်။ ဤပြင်ဆင်မှုအားလုံးသည် မျိုးရိုးအဆက်ဆက် ခံစားခဲ့ရသည်များအတွက် လက်စားချေရန် ဖြစ်ပေသည်။
"အခွင့်အရေးက တစ်ကြိမ်ပဲ ရှိတယ်။ တကယ်လို့ ငါတို့သာ ဘိုးဘေးကျောင်းတော်ကို မသိမ်းပိုက်နိုင်ခဲ့ရင် နတ်ဘုရားတိုက်ကြီးက ပြည်သူတွေအတွက် မျှော်လင့်ချက် မရှိတော့ဘူး"
ဖောင်ဖျက်တိုက်ပွဲ ဖြစ်သောကြောင့် လူသား စစ်သည်တိုင်း၏ မျက်လုံးများ သွေးနီရောင်သန်းနေပြီး နတ်ဆိုးများ၏ ပြင်းထန်သော တိုက်ခိုက်မှုကို ရင်ဆိုင်နေရသော်လည်း နောက်မတွန့်ကြပေ။ ဤယုံကြည်ချက်၏ အရင်းအမြစ်မှာ အရုဏ်တက်နတ် ဧကရီ ဖြစ်သည်။
"အရှင်မက တိုက်ပွဲမှာ ရောက်နေပြီလား"
မရေမတွက်နိုင်သော လူသား ကျင့်ကြံသူများက မျှော်လင့်တကြီး စောင့်စားနေကြပြီး ကျင့်ကြံသူများ၏တိုက်ပွဲတွင် ထိပ်တန်းကျင့်ကြံသူများ၏ အင်အားက အဓိက အပြောင်းအလဲပင်။ အရေးအကြီးဆုံးအချိန်တွင် ကောင်းကင်၌ သွေးရောင်မိုးကြိုးများ တဝုန်းဝုန်း တဒိုင်းဒိုင်း ဖြစ်ပေါ်လာကာ ဘိုးဘေးကျောင်းတော်အထက်မှ ကောင်းကင်တွင် လျှပ်စီးကွန်ရက်များ ယှက်နွယ်နေ၏။ မိုးချုန်းသံများအကြားတွင် ရွှေရောင် နဂါး ဝတ်ရုံ နှင့် သရဖူ ဝတ်ဆင်ထားသော ပုံရိပ်တစ်ခုသည် တိမ်တိုက်များအတွင်းမှ ဆင်းသက်လာကာ ဘိုးဘေးကျောင်းတော်အထက်၌ ရပ်တည်ထွက်ပေါ်လာသဖြင့် လူသားစစ်တပ်တစ်ခုလုံး တိုက်ခိုက်ရာ၌ ရူးသွပ်ကုန်လေသည်။
"ငါတို့ ဧကရီက ကောင်းကင်အောက်မှာ ရှုံးနိမ့်ခြင်းမရှိ ပြိုင်ဘက်ကင်းပဲ။ ထာဝရ အသက် ရှည်ပါစေ"