ဆရာ့အတွက် လက်စားချေခြင်း
Vol. 18 Ch. 226
"မင်းလို အသုံးမကျတဲ့ မြေခွေး။ လှည့်စားတတ်ပြီး အားနည်းတဲ့ မျိုးနွယ် မင်းက နတ်ဆိုးတွေရဲ့ နှလုံးသားကို လှည့်စားပြီး နတ်ဆိုးတိုက်ကြီးရဲ့ ဧကရာဇ်လို့ ကိုယ့်ကိုယ်ကို ခေါ်ချင်နေတာလား"
လနတ်ဆိုးက ဟိန်းဟောက်၍ မီးသူတော်စင် မည်မျှ ထောက်ခံပါစေ၊ မြေခွေးမျိုးနွယ် အမှုထမ်းခြင်း ခံရသော ကောင်းကင်ဘုံ ခွေးတစ်ကောင်အနေဖြင့် ထိုမျိုးနွယ်အကြောင်း ကောင်းစွာ သိရှိထားသည်။ အနက်ရောင်ဝတ် လူငယ်က မည်းနက်သော ဧရာမ ကောင်းကင်ဘုံ ခွေးအဖြစ် ပြောင်းလဲသွားကာ ခြင်္သေ့ လည်ဆံမွေး၊ ဝံပုလွေကဲ့သို့ ခန္ဓာကိုယ်နှင့် ကြီးမားတုတ်ခိုင်သော ခြေလက်အင်္ဂါများ ရှိသည်။ သူ၏ ပုံစံအစစ်အမှန်က ကောင်းကင်ကို လွှမ်းခြုံပြီး လမ်းမများကို အနက်ရောင် မြူခိုးများဖြင့် ဖုံးလွှမ်းကာ အစွမ်းထက်သော မကောင်းဆိုးဝါး အရှိန်အဝါတစ်ခု ထုတ်လွှတ်နေသည်။ သူ၏ ဟိန်းသံမှ ဖျက်ဆီးရေး စွမ်းအားတစ်ခုတည်းကပင် လမ်းတစ်လျှောက်ရှိ အဆောက်အအုံ တစ်ဒါဇင်ကျော်ကို အမှုန့်ကြိတ်ပစ်ခဲ့၏။ ငွေရောင် အမြီးသုံးချောင်း မြေခွေး၏ အမွေးများ လှိုင်းထနေပြီး ကောင်းကင်ဘုံ ခွေးနှင့် နှိုင်းယှဉ်ရလျှင် သူက ခန့်ညားထည်ဝါမှု နှင့် တစ်ကိုယ်တော် အရှိန်အဝါကို ထုတ်လွှတ်နေသည်။ ကြောက်မက်ဖွယ်အင်အားအရာ၌ ၎င်းသည် ကောင်းကင်ဘုံ ခွေးနှင့် အလွန် ကွာခြားသည်။
"သေစမ်း"
လနတ်ဆိုးက မုန်ယိုနေသော ဆင်တစ်ကောင်ကဲ့သို့ ပြေးဝင်တိုက်ခိုက်လာသဖြင့် ဖြတ်သန်းသွားသမျှ မြေပြင် အက်ကွဲ၍ လေထု တုန်ခါကာ အနက်ရောင် မီးလျှံများ ခန္ဓာကိုယ်အထက်တွင် တောက်လောင်လာပြီး မီတာ တစ်ထောင်နီးပါး မြင့်တက်လာသည်။
"ဆရာ။ ဒီနေ့၊ ကျုပ် ဆရာ့အတွက် လက်စားချေပြီး ဒီနတ်ဆိုးဧကရာဇ်ကို သတ်ပစ်မယ်"
လနတ်သားက သူ၏ နှလုံးသားပုံ နားကပ်ကို ပွတ်သပ်၍ ကြည့်နေသူများ၏ မျက်လုံးတွင် မျက်ရည်များ ဝဲတက်လာစေနိုင်လောက်အောင် လှုပ်ရှားသက်ဝင်သော အမူအရာတစ်ခုဖြင့် ကြုံးဝါးနေခဲ့သည်။
နတ်ဆိုးများစွာ၏ အမြင်တွင် နတ်ဆိုး မြေခွေးတစ်ကောင်မှာ အားနည်း၍ ပြိုင်ဘက်များကို ပုံရိပ်ယောင်ဖြင့် လှည့်စားရန်သာတတ်နိုင်သော်လည်း လနတ်သားသည် ပျက်စီးနတ်ခန္ဓာ၏ စွမ်းအားဖြင့် သူ၏ကိုယ်တွင်းမှ ပျက်စီးအဆီအနှစ်ပေါင်းများစွာကို လောင်ကျွမ်းလိုက်သောအခါ လနတ်ဆိုး ဧကရာဇ်နှင့် အင်အားချင်း ညီမျှသော အခြေအနေသို့ ရောက်ရှိသွားသည်။ သူက ထိုနတ်ဆိုးများကို အံ့သြဘနန်း ဖြစ်သွားစေလောက်အောင် အရိုင်းဆန်သော စွမ်းအားတစ်ခု ပြသခဲ့၏။
ကောင်းကင်ဘုံ ခွေးက ကြမ်းကြုတ်သော သားရဲတစ်ကောင်ဖြစ်ကာ ခြင်္သေ့ နှင့် ဝံပုလွေ မျိုးစပ်ဖြင့် တူညီသည်။ အနက်ရောင်နှင့် ငွေရောင် သားရဲ နတ်ဆိုး နှစ်ကောင်သည် မိုးခြိမ်းသံကဲ့သို့ ဝုန်းခနဲ ဝင်ဆောင့်ပစ်လိုက်ရာ စစ်တပ်နှစ်ခု တိုက်ခိုက်နေသည့်ပမာ ထင်မှတ်ရ၏။ နတ်ဆိုးဆန်ဆန် တိုက်ပွဲတွင် တိုက်ကွက်တိုင်းက အသေသတ်နိုင်စွမ်းရှိပြီး လက်သည်းအကြားမှ သွေးများ ယိုစီးနေကာ ကြောက်ရွံ့ခြင်းကင်းပြီး အရိုင်းသက်သက်ပင်။
ကောင်းကင်ဘုံ ခွေးက လနတ်သား၏ လည်ပင်းကို ကိုက်ဖြတ်၍ မြေခွေးခန္ဓာကို ဆွဲဖြဲရန် ကြိုးပမ်းလိုက်သည်။ သူ မသိထားသည်မှာ ထိုမြေခွေး၏ အသွေးအသားက မည်သည့် ရတနာထက်မဆို ပို၍ မာကျောသဖြင့် ချွန်ထက်သော သွားများ ချော်ထွက်သွားခဲ့သည်။ လနတ်သားက ဘေးသို့ ရှောင်တိမ်း၍ သူ၏ လက်သည်းများဖြင့် ကောင်းကင်ဘုံ ခွေး၏ ကိုယ်တွင်းသို့ ထိုးစိုက်ကာ သွေးစွန်းဒဏ်ရာ ငါးခု ချန်ရစ်ခဲ့သည်။ ပျက်စီးခြင်းနတ်ခန္ဓာ၏ ပြင်းထန်သော စွမ်းအားက လနတ်ဆိုး ဧကရာဇ်၏ ခန္ဓာကိုယ်အတွင်း တိုးဝင်လာသဖြင့်
ဘုန်းခနဲ သွေးများ ပန်းထွက်လာစဥ် လနတ်သား၏ အမြှီး သုံးချောင်းသည် ကောင်းကင်ဘုံ ခွေး၏ လည်ပင်းပတ်ပတ်လည်တွင် သံမဏိ ကြာပွတ်များကဲ့သို့ ရစ်ပတ်လိုက်သည်။ သူက နောက်ကျွမ်းထိုး၍ ခုန်ထွက်ကာ ကောင်းကင်ဘုံ ခွေး၏ ကျောပေါ်သို့ ဆင်းသက်၍ ခေါင်းကို ဆွဲလှန်ပစ်ခဲ့၏။
ဘုန်း
အနက်ရောင် ကောင်းကင်ခွေးက ဖိနှိပ်ခံလိုက်ရပြီး မြေကြီးအတွင်း ဝပ်ကျသွားကာ ပတ်ဝန်းကျင် မီတာ တစ်ထောင်အထိ အက်ကွဲသွားစေသည်။ အမြှီးများက သူ၏ လည်ပင်းကို ချုပ်နှောင်ထား၍ လက်သည်းများ ကိုယ်ထဲတွင် စိုက်ဝင်နေကာ မြေခွေးသွားများသည် လနတ်ဆိုး ဧကရာဇ်၏ ဦးခေါင်းကို ကိုက်ဖြဲနေ၏။ လနတ်သားက သူ၏ နားတစ်ဖက်ကို ကိုက်ဖြတ်ပြီး နတ်ဆိုးအုပ်ရှေ့တွင် ထွေးထုတ်လိုက်ရာ အနက်ရောင် မီးလျှံများ တောက်လောင်နေဆဲဖြစ်သည်။
"အား"
ရက်စက်ကြမ်းကြုတ်ပြီး အရိုင်းဆန်သော တိုက်ခိုက်ပုံက ခန့်ညားထည်ဝါ လှပသော မြေခွေး နတ်ဆိုးတစ်ကောင်နှင့် မလျော်ညီပေ။ နူးညံ့သိမ်မွေ့သော လူတစ်ဦးအဖြစ် ဟန်ဆောင်နေသော လူရမ်းကားတစ်ဦးနှင့် ပို၍ ဆင်တူပြီး မြေခွေးတစ်ကောင်က သူ၏ ရုပ်ပိုင်းဆိုင်ရာ အင်အားကိုသာ အသုံးပြု၍ လနတ်ဆိုး ဧကရာဇ်နှင့်တိုက်ပွဲတွင် လွှမ်းမိုးနိုင်ခဲ့သည်။ ရှိနေသော နတ်ဆိုးအားလုံး မင်သက်သွားကြပြီး သူတို့၏ စိတ်များ ဗလာကျင်းနေသည်။
"ဒါက ဘယ်လိုစွမ်းအားကြီးလဲ"
မျောက် သူတော်စင် ပါးစပ်အဟောင်းသားဖြစ်နေပြီး လနတ်ဆိုးဧကရာဇ် ရိုက်နှက်ခဲ့သော နာကျင်မှုကိုပင် မေ့လျော့သွားသည်။
"ရူးလောက်အောင် သန်မာတာပဲ"
မီးသူတော်စင်က ကျေနပ်ပျော်ရွှင်နေပြီး လနတ်သား၏ ခွန်အားမှာ နတ်ဆိုးဧကရာဇ်တစ်ပါးနှင့် တန်းတူကြောင်း ပို၍ ယုံကြည်လာခဲ့သည်။ အရူးတစ်ယောက်သာ လူသားမျိုးနွယ်ကို အမှုထမ်းရန်အတွက် ကိုယ့်ကိုကိုယ် နှိမ့်ချပေလိမ့်မည်။ ခြင်္သေ့တစ်ကောင် သူ၏အုပ်စုကို သတ်ဖြတ်ပြီး ယုန်တစ်ကောင်ရှေ့မှာ ဒူးထောက်ခြင်းမှာ ယုံကြည်စရာ မရှိချေ။
ဘုန်း ဘုန်း ဘုန်း
အဆောက်အအုံများက နတ်ဆိုး နှစ်ကောင်၏ ပြင်းထန်သော တိုက်ပွဲကြောင့် အပျက်အစီးများအဖြစ် ပြိုကျသွားသည်။
"အသုံးမကျတဲ့ ခွေးကောင်၊ မင်းရဲ့ညီမကို ငါ ကိုယ်တိုင် သတ်ခဲ့တာပဲ။ ငါက သူမကို လှည့်စားခဲ့ပြီး သဘောကျတယ်လို့ အယုံသွင်းခဲ့တယ်။ မျှော်လင့်မထားတဲ့အချိန်မှာ ငါက သူမရဲ့ ခွေးခေါင်းကို ကိုက်ဖြတ်ခဲ့တယ်။ မင်း အခု သိသွားရင်တောင် မင်း ငါ့ကို ဘာလုပ်နိုင်မှာလဲ"
လနတ်သားက ကောင်းကင်ခွေးကို ရေကန်တစ်ခုအတွင်း ဆွဲနှစ်ရင်း တီးတိုးရေရွတ်၍ ရန်စနေခဲ့သည်။
"မင်း"
ဒေါသထွက်နေသော ဧရာမခွေးနက်သည် သွေးများ စိုစွတ်နေသော်လည်း ဆက်တိုက် ဟိန်းဟောက်နေပြီး သတ်ဖြတ်လိုစိတ်မှာ ကောင်းကင်အထိ မြင့်တက်နေသည်။
"အဲ့ဒီနေ့က အင်မော်တယ်စစ်ပွဲအတွင်းမှာ၊ ငါက ယွမ်ရှောင်နဲ့ ပူးပေါင်းပြီး မင်းတို့ နတ်ဆိုးတိုက်ကြီးရဲ့ ပါရမီရှင်တွေကို သတ်ခဲ့တယ်။ မင်း ငါ့ကို ဘာလုပ်နိုင်လို့လဲ။ ဘယ်သူမှ မင်းကို ယုံကြည်မှာ မဟုတ်ဘူး။ အသုံးမကျတဲ့ ခွေးကောင်"
လနတ်သားက တရစပ် လှောင်ပြောင်ရယ်မောသည်။
"မင်းက သာမန် နတ်ဆိုးသားရဲတစ်ကောင်သက်သက်ပဲ။ ငါနဲ့ တိုက်ခိုက်ရဲတယ်ပေါ့"
"ယုတ်မာတဲ့ မြေခွေး"
လနတ်ဆိုး၏ မျက်လုံးများက ဒေါသကြောင့် ပြူးထွက်နေပြီး အစွမ်းအားလုံးကို စုစည်းကာ အချင်းမီတာသုံးရာ နီးပါး ရှိသော အနက်ရောင် လတစ်စင်း ဖန်တီးလိုက်၏။ ၎င်းက တွင်းနက်တစ်ခုကဲ့သို့ လမ်းကြောင်းရှိ အရာအားလုံးကို ဝါးမျိုကာ နတ်ဆိုးမြေခွေးထံ တိုက်ရိုက် တိုးဝင်လာကာ ဖမ်းမိပြီး ၎င်းအတွင်း ဆွဲယူခံလိုက်ရသည်။ ကြောက်မက်ဖွယ် နတ်ဆိုးစွမ်းရည်၊ ကောင်းကင်ခွေး လကို ဝါးမျိုခြင်း ဖြစ်၍ နတ်ဘုရားတိုက်ကြီးတွင် အလွန်ကြောက်ရွံ့ကြပြီး ထာဝရ ပျော်ရွှင်ခြင်း နတ်ဆိုးဧကရာဇ်၏ တစ္ဆေတစ်ရာ ညချီတက်ပွဲထက် ပို၍ အားကောင်းကာ အရာအားလုံးကို ဝါးမျိုနိုင်သော အနက်ရောင် လတစ်စင်းပင်။
ဘုန်း
ခွေးနက်က လအတွင်း မြေခွေးကို လိုက်လံတိုက်ခိုက်နေသည်။
"နတ်ဆိုးစွမ်းရည်လား။ ငါလည်း လုပ်နိုင်တယ်လေ"
လနတ်သားက အေးစက်စက် ပြုံး၍ ခဏအတွင်း ပုံရိပ်ယောင်တစ်ခု ဖြစ်တည်လာကာ အနက်ရောင်ဝတ် မိန်းကလေးတစ်ဦး ဧရာမ ခွေးနက်ကြီးရှေ့တွင် ထွက်လာသည်။
"အစ်ကို။ ညီမလေးကို မသတ်ပါနဲ့"
အနက်ရောင်ဝတ် မိန်းကလေးက ဆိုးဆိုးရွားရွား ငိုညည်းသည်။
"လုအာ"
လနတ်ဆိုး၏ နှလုံးသား တုန်ခါပြီး ဝမ်းနည်းပူဆွေးမှုကြောင့် မျက်လုံးများ အသက်မဲ့သွားကာ နတ်ဆိုးစွမ်းရည်ကို ချက်ချင်း လမ်းကြောင်းလွှဲခဲ့ရသည်။
ဘုန်း
အနက်ရောင် လက ထျန်းလုမှ လနတ်သားထံ ပြောင်းလဲသွားသော်လည်း ပုံရိပ်ယောင် ပြိုကွဲသွားသောခဏတွင် အစစ်အမှန် ထိမှန်ခံလိုက်ရသော ဘိုးဘေးကျောင်းတော်မှာ ပေါက်ကွဲပြိုကျသွားခဲ့သည်။
"အားးးးး"
ဘိုးဘေးကျောင်းတော်သို့ စုရုံးရောက်ရှိလာခဲ့သော အင်းဆက် နှင့် မြွေ နတ်ဆိုး နှစ်သိန်းခန့်မှာ အနက်ရောင် လကြောင့် သေဆုံးကုန်ပြီး ဘိုးဘေးကျောင်းတော်၏ နန်းတော်များ နှင့် ပြဿာဒ်များစွာ ပေါက်ကွဲသွားသည်။
"လနတ်ဆိုး၊ မင်း ရူးသွားပြီလား။ ငါ့ကို မသတ်နိုင်တော့ ကူဧကရာဇ်ရဲ့ အင်းဆက် မျိုးနွယ်ကို တိုက်ခိုက်တာလား"
လနတ်သားက ဘေးဘက်တွင် ထွက်ပေါ်လာကာ လနတ်ဆိုး ဧကရာဇ်ကို မထီတရီ စိုက်ကြည့်နေသည်။
"ဘာ"
လနတ်ဆိုးသည် ပုံရိပ်ယောင်ထဲမှ လွတ်မြောက်၍ သတိပြန်ဝင်လာသောအခါ သူ၏ ညီမ နှင့် အင်းဆက် နတ်ဆိုး နှစ်သိန်း ပျောက်ကွယ်သွားသည်ကိုသာ တွေ့ရှိလိုက်ရပြီး ကူဧကရာဇ်၏ မျက်နှာလည်း မည်းနက်သွားသည်။
"မင်း"
လနတ်ဆိုး ဧကရာဇ်က မြေခွေးကို နောက်တစ်ကြိမ် မြင်သောအခါ သူ၏ လှပခန့်ညားသော အသွင်အပြင်အောက်မှ ကောက်ကျစ်သော သရုပ်မှန်ကြောင့် ကျောရိုးတစ်လျှောက် အေးစိမ့်သွားသည်။ အဖြစ်မှန်ကို သိခဲ့ရသော်လည်း အလွန်နောက်ကျသွားပြီဖြစ်ကာ လနတ်သား လနတ်ဆိုးရှေ့သို့ ရုတ်တရက် ရောက်လာပြီး မျက်လုံးတစ်လုံးကို ရက်ရက်စက်စက် ကလော်ထုတ်ပစ်ခဲ့သည်။ လနတ်ဆိုး၏ မျက်နှာက နာကျင်မှုကြောင့် ရှုံ့မဲ့၍ ဟိန်းဟောက်နေစဥ် လနတ်သားသည် လည်ပင်းကို မညှာမတာကိုက်၍ မြေပြင်နှင့် ခန္ဓာကိုယ်အား တဘုန်းဘုန်း ဆောင့်ရိုက်နေခဲ့၏။ ဝမ်းဗိုက်ပေါက်သွားအောင် ကိုက်ဖြဲ၍ အူများ ဆွဲထုတ်ခံလိုက်ရသောအခါ သွေးများ ရေပန်းပမာ စီးထွက်လာခဲ့သည်။
"လနတ်သား"
လနတ်ဆိုး၏ ဟိန်းသံတွင် ဒေါသ နှင့် ကြောက်စိတ် ရောနှောနေပြီး နတ်ဆိုးအုပ်တစ်ခုလုံးကို မင်သက်စေ၍ တောင့်တင်းကုန်သည်။ ရက်စက်ကြမ်းကြုတ်လှသော မြေခွေးမျိုးကို သူတို့ တစ်သက်တွင် ပထမဆုံးအကြိမ် မြင်ဖူးခြင်းဖြစ်ပြီး လနတ်သားအတွက် နာမည်တစ်ခု ရစေခဲ့သော တိုက်ပွဲ ဖြစ်လာသည်။ လက်ရှိအချိန်အထိ ယွမ်ရှောင်၏ လက်အောက်တွင် ဆက်တိုက် ရှုံးနိမ့်မှုများကြောင့် သူက နတ်ဆိုးများကို စိတ်ပျက်အားငယ်စေပြီး ဂုဏ်ပျက်စေခဲ့သည်မဟုတ်ပါလော။
ဘုန်း
ဧရာမ ကောင်းကင်ဘုံ ခွေးနက်ကြီးသည် စုရုံးနေသော နတ်ဆိုးများရှေ့မှောက်တွင် ရိုက်ချခံလိုက်ရပြီး တစ်ကိုယ်လုံး သွေးစွန်း၍ လက်သည်းရာများ ပြည့်နှက်နေသည့်အပြင် မျက်လုံးနှစ်လုံး ကျွတ်ထွက်ပြီး ကိုယ်တွင်းအင်္ဂါများ ထွက်ကျနေကာ အဆုံးထိ လျှာကို ဆွဲထုတ်ခံထားရ၏။
"ကူ ဧကရာဇ်၊ ကြာနီ ငါ့ကို ကယ်ပါဦး"
တစ်သက်တာလုံး ရက်စက်ကြမ်းကြုတ်ခဲ့သူမှာ လက်ရှိတွင် သနားစရာကောင်းလောက်အောင် ငိုညည်းနေရပြီး ကြောက်ရွံ့တုန်လှုပ်ရင်း အော်ဟစ်နေသည်။ သို့သော် ကူ ဧကရာဇ် နှင့် ကြာနီသည် မသိစိတ်အရ နောက်ဆုတ်သွားကြပြီး တုံ့ဆိုင်းနေဟန်ဖြင့် ဝင်ကူသင့်မကူသင့် ချီတုံချတုံ ဖြစ်သွားကြသည်။ လနတ်ဆိုးက မမြင်နိုင်ခဲ့သော်လည်း သက်ပြင်းချသံများ ကြားနေရသဖြင့် သဘောပေါက်သွားခဲ့ပြီး သူကြားဖူးသမျှတွင် စိတ်ပျက်အားငယ်စရာအကောင်းဆုံးပင်။
"လနတ်သား၊ သားရဲနတ်ဆိုးဘုရင်၊ နတ်ဆိုးတိုက်ကြီးရဲ့ အနာဂတ်"
မီးသူတော်စင်က ရုတ်တရက် ဦးဆောင်ကြွေးကျော်လိုက်သောအခါ ဘိုးဘေးကျောင်းတော်အတွင်း ရှိနေသည့် နတ်ဆိုး များစွာသည် 'လနတ်သား' ဟူသော အမည်ကို စိတ်အားထက်သန်စွာ အော်ဟစ်ကုန်သည်။ လနတ်ဆိုးက ပြင်းထန်သော နာကျင်မှု ဝေဒနာ ခံစားနေရပြီး သေဆုံးခြင်းထက် ပို၍ဆိုးရွားသော အဆုံးမရှိသည့် စိတ်ပျက်အားငယ်မှု နှင့် မတရားမှုကို ရင်ဆိုင်နေရ၏။ နောက်ဆုံးတွင် သစ္စာဖောက်ခဲ့သည်မှာ သူကိုယ်တိုင် ချစ်လှစွာသော နတ်ဆိုးမျိုးနွယ် ဖြစ်၍ ဤလောကတွင် ၎င်းထက် ပို၍ စိတ်ပျက်အားငယ်စရာ မရှိတော့ပေ။
ဘုန်း
ထို့နောက် အမြီးသုံးချောင်း နတ်ဆိုး မြေခွေးက ခွေးနက်ကြီး၏ ဦးခေါင်းအပေါ်
ဖိနှိပ်၍ နှလုံးသားကို ဆွဲထုတ်ပြီး ကိုက်ချလိုက်သည်။
"သူက သစ္စာဖောက်တစ်ယောက်ပဲ။ သူ့ကို မယုံကြနဲ့။ မယုံကြနဲ့…"
လနတ်ဆိုးက နောက်ဆုံးထွက်သက်တွင် သားရဲနတ်ဆိုးမျိုးနွယ်ကို အော်ဟစ်သတိပေးရင်း နှလုံးသား ချေမွခံလိုက်ရသောအခါ ကူဧကရာဇ် နှင့် ကြာနီကို တစ်ကိုယ်လုံး သွေးများ စိုစွတ်သွားစေသည်။ ရုန်းကန်နေသော ကောင်းကင်ဘုံ ခွေးနက်က ညည်းတွားရင်း လဲကျသွားပြီး ဗလာမျက်ဝန်းများဖြင့် နတ်ဆိုးသန်းပေါင်းများစွာရှေ့တွင် သေဆုံးသွားသည်။
"ကောင်းလိုက်တာ…"
မီးသူတော်စင်က လက်ခုပ်တီးအားပေးရင်း မျောက် သူတော်စင်ကို ပူးပေါင်းရန် လက်ယပ်ခေါ်လိုက်သည်။
"ဘာတွေ စောင့်နေတာလဲ။ သားရဲနတ်ဆိုး မျိုးနွယ်တွေကို ဧကရာဇ်သစ်ရှေ့မှာ အရိုအသေပေးဖို့ ခေါ်ဆောင်ခဲ့"
"ဟုတ်ကဲ့…"
မျောက်သူတော်စင်၏ လည်ချောင်းက ကြောက်စိတ်ကြောင့် ခြောက်သွေ့နေပြီး ခန္ဓာကိုယ် တုန်တုန်ရီရီနှင့် ဒူးထောက်လိုက်သောအခါ သားရဲ နတ်ဆိုးများလည်း တစ်ယောက်ပြီးတစ်ယောက် အရိုအသေပေးခဲ့ကြ၏။
"လနတ်သား နတ်ဆိုးဧကရာဇ်"
သူတို့၏ ရူးသွပ်သော အော်ဟစ်အားပေးသံက ဘိုးဘေးကျောင်းတော်တစ်ခွင် ပဲ့တင်ထပ်သွားပြီး ဤအခိုက်အတန့်တွင် အမြီးသုံးချောင်း နတ်ဆိုး မြေခွေးသည် အနက်ရောင် ကောင်းကင်ဘုံ ခွေး၏ အလောင်းပေါ်မှ ခုန်ဆင်း၍ ငွေရောင် ဆံပင် လူငယ်အဖြစ် ပြောင်းလဲသွားသည်။
"လူတိုင်း၊ ငါက အရုဏ်တက်နတ်ဧကရီနဲ့ ယွမ်ရှောင်ကို သတ်ဖြတ်ပြီး အပြစ်ကင်းစင်မှုကို သက်သေပြမယ်လို့ သစ္စာဆိုပါတယ်။ မလုပ်နိုင်ရင် ဒီနေရာမှာ ငါကိုယ့်ငါ အဆုံးသတ်မယ်"
လနတ်သားက ဖြောင့်မတ်မှန်ကန်ဟန်ဖြင့် ကြေညာခဲ့သည်။
"ဒီလိုသစ္စာဆိုစရာ မလိုပါဘူး။ မင်းက ကိုယ့်ကိုယ်ကို သက်သေပြပြီးပြီ။ မင်းက နတ်ဆိုးတိုက်ကြီးရဲ့ အကြီးမြတ်ဆုံး နတ်ဆိုးပါရမီရှင် ဖြစ်တယ်။ အရည်အချင်းမရှိသူတွေက မနာလိုဖြစ်ကြတာ ပုံမှန်ပါပဲ။ သားရဲနတ်ဆိုး မျိုးနွယ်ကို လူသားတွေကို ချေမှုန်းရာမှာ ဦးဆောင်ပါ။ မင်းအနေနဲ့ တခြား ဘာမှ သက်သေပြစရာ မလိုတော့ဘူး"
မီးသူတော်စင်က ခေါင်းယမ်းပြလိုက်၏။
"မှန်တယ်။ နောက်ထပ် အပုပ်ချရဲတဲ့သူ ဘယ်သူမဆို အသုံးမကျတဲ့ ခွေးကောင်လိုမျိုး သေစေရမယ်"
မျောက်သူတော်စင်က ချက်ချင်း ထောက်ခံလိုက်၏။
"ခင်ဗျားတို့ရဲ့ ယုံကြည်မှုအတွက် ကျေးဇူးတင်ပါတယ်"
မျက်လုံးများအတွင်း မျက်ရည်များဖြင့်၊ လနတ်သားက လနတ်ဆိုး ဧကရာဇ်၏ အလောင်းအထက်တွင် ရပ်နေပြီး နှလုံးသားပုံ နားကပ်တစ်ခုကို မြှောက်ကိုင်ရင်း ဝမ်းနည်းပူဆွေးစွာ ရေရွတ်ခဲ့လေသည်။
"ပြုစုပျိုးထောင်ပေးတဲ့ ကျေးဇူးကို ဘဝတစ်ရာဆပ်ရင်တောင် မကျေနိုင်ပါဘူး။ ဆရာ၊ ကျုပ် နောက်ဆုံးတော့ ဆရာ့အတွက် လက်စားချေနိုင်ခဲ့ပြီ…"