ကောင်းကင်တာအို၏ ခြေလှမ်းများကို ဆန်းစစ်ခြင်း
Vol. 101 Ch. 1414
ဒုတိယ ကောင်းချီး၌ ကျပန်း ရွေးချယ်ခြင်း လုပ်ငန်းစဉ်မှာ နာမည်အတိုင်း လုံးဝကို ကျပန်း ဖြစ်ပေသည်။ ဝေ့ဝူယင်မှာ ထိုအပေါ် မည်သည့် လွှမ်းမိုးမှုမျှ မပြုလုပ်ခဲ့ပဲ ကောင်းကင် တာအို ၏ အစီအစဉ်အတိုင်း သဘာဝ ကျစွာ ဖြစ်ပျက်စေခဲ့ခြင်း ဖြစ်သည်။ ထို့နောက်တွင်တော့ ၎င်တစ်ဆင့် သူက ကောင်းကင် တာအို များ၏ လျှို့ဝှက် နည်းလမ်းများကို ဆန်းစစ်ဖို့ ကြိုးပမ်းခဲ့သည်။
"စိတ်ဝင်စားစရာပဲ...”
ကောင်းကင်တာအို၏ ရွေ့လျားမှုများမှာ သိမ်မွေ့သော်လည်း ၎င်းမှာ ကောင်းချီးခံရသူများကြားတွင် ဦးစားပေးမှု အမျိုးအစားကို ပြသခဲ့သည်။ အထူးစိတ်ဝင်စားစရာကောင်းသည်မှာ... ရွှေရောင် ဂိတ်တံခါး နန်းတော် လူငယ်မျိုးဆက်များ၏ အသေးစား လှည့်ကွက်လေးများ ဖြစ်ပေသည်။
သူတို့မှာ ရောက်ရှိလာချိန်မှစ၍ ကောင်းချီးခံ အားလုံးကို အာရုံစိုက်မှု တစ်စိတ်တစ်ပိုင်းဖြင့် လေ့လာနေခဲ့ကြသော်လည်း ထျန်းရှောင်ချွမ်းက ကျပန်း အခွင့်အလမ်းကို ကြေညာသည်နှင့် ချက်ချင်းပင် စတင် လှုပ်ရှားခဲ့ကြသည်။
သူတို့မှာ သာမန် မျက်စိဖြင့် မမြင်နိုင်သော၊ အလုံးစုံ တည်ရှိနေသည့် အင်အား တစ်ခုနှင့် ဆက်သွယ်ရန် ကြိုးပမ်းသည့် အလား နည်းစနစ် တစ်ချို့ဖြင့် ထူးဆန်းသော မုဒြာဟန်များကို ဖန်ဆင်းခဲ့ကြသည်။ ထိုတောင်းပန် တိုးလျှိုးဟန် ရသော လုပ်ဆောင်ချက်များမှာ အမှန်တကယ်ပင် အလုပ်ဖြစ်ခဲ့ကာ သူတို့ တစ်ဦးချင်းစီကို ဆေးရည် ပုလင်း တစ်ပုလင်းစီ ရရှိစေခဲ့သည်။
တစ်ချိန်တုန်းက ဝမ်မင်ယာက ဝေ့ဝူယင်ကို ရွှေရောင် ဂိတ်တံခါး နန်းတော်မှ ကောင်းကင် ပရောဟိတ်များ၏ သင်ကြား ပြသမှုများမှာ ကွာခြားကြောင်း ပြောပြခဲ့ဖူးသည်။ မဟာ ပုရောဟိတ်က အစစ်အမှန် ကောင်းကင် နိမိတ်ဖတ် ပညာရှင် ဆိုသည်မှာ ကောင်းကင်တာအိုနှင့် ၎င်း၏ လျှို့ဝှက်နက်နဲသော ယန္တရားများကို ကျင့်ကြံခြင်း မဟုတ်ပဲ ကိုယ်ပိုင် ကံကြမ္မာကိုသာ ကျင့်ကြံခြင်း ဖြစ်ကြောင်း မကြာခဏ ညွှန်ကြားလေ့ရှိသည်။ သူတို့က ကျင့်ကြံသူများ ဖြစ်ကြသည်။ ကျွန်များ မဟုတ်ကြချေ။
ဤသဘောတရားကို နားလည်မှသာ ကောင်းကင် နိမိတ်ဖတ် ပညာရှင် တစ်ယောက်၏ စစ်မှန်သော အဓိပ္ပာယ်ကို နားလည်နိုင်လိမ့်မည် ဖြစ်သည်။
ရွှေရောင် ဂိတ်တံခါး နန်းတော်၏ လူငယ်လေးများ ကံကြမ္မာအား ကျင့်ကြံနေသည်ကို ကြည့်ရင်း ကောင်းကင် နိမိတ်ဖတ် ပညာရှင် တစ်ယောက်၏ အစစ်အမှန် ခွန်အား အပိုင်းအစ တစ်ခုကို ဝေ့ဝူယင် မှန်းဆ မိခဲ့သည်။ သူ ချက်ချင်းပင် ဝမ်မင်ယာကို ရှာဖွေခဲ့သည်။ သူမမှာ ရွှေရောင် ဂိတ်တံခါး နန်းတော်၏ သာမန် အဖွဲ့ဝင်များ ကြားတွင် ရှိနေခဲ့ကာ မဟာပုရောဟိတ်၏ ညွှန်ကြားချက်များအတိုင်း လုပ်ဆောင် နေခဲ့သည်။ ဝေ့ဝူယင် အာရုံစိုက် လိုက်သည်နှင့် သူမက ခေါင်းကို အနည်းငယ် မော့လိုက်၏။ ထို့နောက် ပြုံးပြလိုက်သည်။
ဝေ့ဝူယင်၏ နှလုံးသားမှာ ထူးဆန်းစွာဖြင့် နွေးထွေး နှစ်သိမ့်မှုကို ခံစားလိုက်ရသည်။ မိန်းကလေးမှာ ပေးထားသည့် ကတိတစ်ခုကို ပြည့်စုံစေရန် သူ၏ အသက်ကိုပင် ပေးဆပ်ဖို့ ဝန်မလေးခဲ့သူ ဖြစ်သည်။ ထိုအရာကပင် သံမဏိစိတ်ဓာတ် ပိုင်ရှင် ထိုမိန်းကလေး အပေါ် ဝေ့ဝူယင်၏ ခံစားချက်များကို ပိုမိုခိုင်မာစေခဲ့သည်။
ဝမ်မင်ယာက ခေါင်းကို ပြန်လည် ငုံ့လိုက်ရင်း အပြန်အလှန် ချိတ်ဆက်ထားသော ကျင့်စဉ်များမှတစ်ဆင့် ရွှေရောင် ဂိတ်တံခါး နန်းတော်၏ ရွေးချယ်ခံ တော်ဝင် မျိုးနွယ်များကို ကူညီဖို့ ပြန်လည် လုပ်ဆောင်ခဲ့သည်။ သူမနှင့် မင်ရှုဖုန်းတို့ ကဲ့သို့သော လူငယ်များမှာ စုစုပေါင်း ၉၉ ဦး ရှိပြီး အဖွဲ့သုံးဖွဲ့ ခွဲခြားထားသည်။ ဝမ်မင်ယာနှင့် မင်ရှုဖုန်းတို့ နှစ်ယောက်က စတုတ္ထ မင်းသားအား ကူညီရသည့် အဖွဲ့ထဲတွင် ပါဝင်နေပေသည်။
ထိုသိမ်မွေ့ ညင်သာသည့် လုပ်ဆောင်ချက်များကို ကြည့်ရင်း ဝေ့ဝူယင် တစ်ယောက် ရွှေရောင် ဂိတ်တံခါး နန်းတော်၏ အတွင်းပိုင်း လုပ်ဆောင်ပုံများကို ခန့်မှန်း လာနိုင်ခဲ့သည်။ အထူးသဖြင့် ကံကြမ္မာ ပိုင်ရှင် လူငယ်များ ကျင့်ကြံနေသည့် နည်းလမ်းများက သူ့မျက်လုံးကို ပွင့်စေသည်။
"ဆိုတော့... ဂိတ်ကိုးပါး ကံကြမ္မာ နည်းလမ်းက ရွှေရောင် ဂိတ်တံခါး နန်းတော် ရဲ့ အဓိက နည်းလမ်း မဟုတ်ဘူးပေါ့"
ဝေ့ဝူယင် စိတ်ထဲမှ မှတ်ချက်ချ လိုက်မိ၏။ ကံကြမ္မာ ပိုင်ရှင် တော်ဝင် မျိုးနွယ် လူငယ်လေးများမှာ ဝမ်မင်ယာ အပါအဝင် အခြားသူများနှင့် ကွဲပြားသော နည်းလမ်းကို ကျင့်ကြံကြကာ ထိုနည်းလမ်းများမှာလည်း အလွန်နက်ရှိုင်းပြီး လျှို့ဝှက်ဆန်းကြယ်ကြပုံ ပေါ်သည်။
ဝမ်မင်ယာနှင့် မင်ရှုဖုန်းတို့ကတော့ ထိုလူငယ်များ၏ ကျင့်ကြံခြင်းကို ချောမွေ့စွာ အပြန်အလှန် အထောက်အကူပြုနိုင်မည့် နည်းလမ်းများကိုသာ ကျင့်ကြံကြပုံရသည်။
"ငါ သူ့ အတွက် ပိုကောင်းတဲ့ နည်းလမ်းတစ်ခု ရှာဖို့ လိုလိမ့်မယ်..."
ဝမ်မင်ယာ အတွက် ဒုတိယအဆင့် မဟုတ်သော ထိပ်တန်း နည်းစနစ်တစ်ခုကို ရှာဖွေဖို့ ဝေ့ဝူယင် ဆုံးဖြတ်လိုက်သည်။ ထိုအတွက် ဝမ်မင်ယာနှင့် သူ အသေးစိတ် ဆွေးနွေးရပေလိမ့်မည်။
...
နားချိန် စတင်သည်နှင့် အမျှ မရေမတွက်နိုင်သော လူပေါင်းများစွာမှာ စိတ်လှုပ်ရှားမှုဖြင့် ရူးသွပ်သွားကြလေတော့သည်။
အစပိုင်းတွင် အချို့သောသူများသည် ကျင့်ကြံခြင်း စံနှုန်းများကို ဒုတိယအကြိမ် ပြောင်းလဲနိုင်ဖွယ်ရှိသည့် အာရုဏ်ဦး ဝိညာဉ်ပင်လယ် ဆေးရည်ကို မရရှိခဲ့သည့်အတွက် စိတ်ပျက်ခဲ့ကြသည်။ ရွေးချယ်ခံ ဧကရာဇ် ပြိုင်ပွဲ နီးကပ်လာခြင်းနှင့် အတူ ခေတ်သစ် တစ်ခုမှာ ဖြည်းညင်းစွ စတင်နေသည်ဟု သူတို့ ပြင်းထန်စွာ ယုံကြည်ထားကြသည်။ ယခု သူတို့ ကြုံတွေ့နေရသမျှ အရာအားလုံးမှာ ကြီးကျယ် ခမ်းနားမှုများ၏ နိဒါန်းမျှသာ ဖြစ်သည်ဟု မှတ်ယူထားသောကြောင့် ကျင့်ကြံသူ အများစုမှာ စံနှုန်းများ ထပ်မံပြောင်းလဲသွားမည်ကို မြင်တွေ့ခွင့်ရရန် စိတ်လှုပ်ရှားနေကြသည်။
သို့သော် ၎င်းက သူတို့ ရူးသွပ်သွားလောက်အောင် စိတ်လှုပ်ရှားစရာ ကောင်းသည့် အကြောင်းရင်း မဟုတ်ပါချေ။ ဤသို့ဆိုလျှင် အဘယ်ကြောင့်နည်း။ အရင်းအမြစ်များနှင့် အစားအသောက်များ ဖြန့်ဖြူးခြင်းကြောင့်ပင် ဖြစ်သည်။
ဧဒင်ကမ္ဘာမှာ ဥပဒေများသနှင့် နက်နဲသော အခြေခံမူများဖြင့် ထောက်ပံ့ထားသည့် ဝိညာဉ် ကွန်ရက် တစ်ခုမျှသာ ဖြစ်သည်။ ကိုယ်ပွားများမှာလည်း သူတို့ ကိုယ်တိုင်၏ ချဲ့ထွင်မှုမျှသာ ဖြစ်သည်။
နားချိန်သို့ ရောက်သောအခါ ထျန်းရှောင်ချွမ်းက ဧဒင်လောက၏ ချိတ်ဆက်မှုကို ခွဲခြား၍ မရနိုင်ကြောင်းနှင့် အဂ္ဂိရတ် ကုန်စည်ပြပွဲ ကျင်းပနေစဉ် အတောအတွင်း သူတို့ကို အမြဲတမ်း အကာအကွယ်ပေးနေမည် ဖြစ်ကြောင်း ရှင်းပြခဲ့သည်။
သို့သော်လည်း ကိုယ်ပွားများနှင့် ကိုယ်ခန္ဓာအစစ်မတို့ အကြား စိတ်ဝိညာဉ် ပြောင်းလဲနိုင်သည့် နည်းလမ်းတစ်ခုကို သူတို့ ရရှိခဲ့ကြသည်။ ထိုနည်းစနစ်ကို ရရှိသည်နှင့် လူပေါင်းများစွာမှာ ဧဒင်ကမ္ဘာမှ ထွက်ခွာခဲ့ကာ သူတို့၏ ကိုယ်ခန္ဓာအစစ်များကို ပြန်လည် ထိန်းချုပ်ဖို့ ကြိုးစားခဲ့ကြသည်။
ထိုအခါ သူတို့၏ မူလ ခန္ဓာကိုယ်များ အနားတွင် ကလေး လက်ဖဝါးအရွယ် ငွေရောင်သေတ္တာငယ်လေးများ ကို တွေ့ရှိခဲ့ကြသည်။ ၎င်းတို့မှာ အလွန်သေးငယ်သော်လည်း အတွင်းပိုင်း၌ ယာယီ နေရာလွတ်များ ပါဝင်နေပေသည်။
တစ်ချိန်တည်း၌ သူတို့၏ ခန္ဓာကိုယ်များပေါ်သို့ ကျဆင်းနေသည့် ငွေရောင်အလင်းမှာ မသိသာတော့သည့်အထိ မှေးမှိန်သွားခဲ့သော်လည်း အနည်းငယ် ကျန်ရှိနေသေးသည့် မှိန်ဖျော့ဖျော့ အလင်းရောင်က ချိတ်ဆက်မှုမှာ ဆက်လက်ရှိနေသေးသည်ကို ပြသနေခဲ့သည်။
အချို့သော လူများမှာ ဧဒင်ကမ္ဘာမှ ထွက်ခွာခြင်းနှင့် ဝင်ရောက်ခြင်းတို့ကို စမ်းသပ်ခဲ့ကြရာ အလွန် လျှို့ဝှက်ဆန်းကြယ်နေသည်ကို တွေ့ရှိခဲ့ကြရသည်။ အနည်းဆုံး နှစ်ကြိမ်မျှ ဆော့ကစား ကြပြီးနောက် သူတို့မှာ ထျန်းရှောင်ချွမ်းထံမှ ကြိုတင်မှတ်တမ်းတင်ထားသော သတိပေးချက်များကို လက်ခံရရှိခဲ့ကြသည်။
ထိုအထဲ၌ ချိတ်ဆက်မှုကို အလွဲသုံးစား မပြုလုပ်ရန်နှင့် ထိုကဲ့သို့သာ ဆက်လက် ပြုလုပ်နေမည် ဆိုပါက အာရုဏ်ဦး အဂ္ဂိရတ် ကုန်စည်ပြပွဲတွင် ပါဝင်ခွင့် ဆုံးရှုံးရမည် ဖြစ်ကြောင်း ပါဝင်ပေသည်။ ထိုသို့ကဲ့ ဖြစ်ရပ်မျိုး ဖြစ်ပေါ်ခဲ့ပါက ကျွမ်းကျင် ပညာရှင်များမှာ သူတို့ကို အာရုဏ်ဦး အဂ္ဂိရတ် ကုန်စည်ပြပွဲ မပြီးခင် အထိ တစ်နေရာတွင် ထိန်းသိမ်းထားမည်ဖြစ်ပြီး သူတို့ ရရှိထားသော အရင်းအမြစ်များ အားလုံးကိုလည်း ဆုံးရှုံးစေမည်ဖြစ်သည်။
အနှစ်ချုပ်အားဖြင့် ဆိုရသော်... သူတို့မှာ အခြားတစ်နေရာတွင် အကျဉ်းချခံရမည်ဖြစ်သည်။
သို့သော်လည်း... ထိုသတိပေးချက်က ပါဝင်သူ အားလုံးကို လိုက်နာစေဖို့ လုံလောက်ခဲ့သည်။ မည်သူမျှ ဤပွဲကို လွဲချော်ချင်ကြခြင်း မရှိကြချေ။
"ဟမ်..."
ထျန်းရှန်းယန် တစ်ယောက် ငွေရောင်သေတ္တာကို ကိုင်ဆောင်ထားရင်း မယုံနိုင်လောက်အောင် ပြူးကျယ်သည့် မျက်လုံးများဖြင့် စိုက်ကြည့် နေခဲ့၏။ သူ၏ လက်များက အနည်းငယ် တုန်ရီ၍ နေသည်။ အထဲ၌ ပါဝင်နေသည့် ပစ္စည်းများကို စစ်ဆေးကြည့်ရှုရင်း သူ၏ တည်ငြိမ်မှုများက ပျောက်ဆုံး သွားခဲ့ပြီ ဖြစ်သည်။
"ဒါ... ဒါက အရမ်း ရက်ရောလွန်းရာ မကျဘူးလား
"ရှင်က အသိပညာမရှိတဲ့ လူတစ်ယောက်လို ဖြစ်နေပြီ... အင်ပါယာ ဧကရာဇ် ရှန်းယန်..."
ယန်ချောင်ယွီက ရက်စက်စွာပင် မှတ်ချက်ပေးလိုက်၏။ ထို့နောက် သူမ ထိုင်ချကာ အဆင့်နိမ့် လျှို့ဝှက် မြေကြီး အဆင့် ဆေးလုံး တစ်လုံးကို ထုတ်ယူလိုက်သည်။
လူတိုင်း၏ အရှေ့တွင်ပင် သူမက ၎င်းကို ပေါ့ပေါ့ပါးပါး ပါးစပ် အတွင်း ပစ်ထည့်လိုက်၏။ ထိုလုပ်ရပ်က သေမျိုး အဂ္ဂိရတ် အာဏာရှင်များ၊ ကောင်းကင် ဧကရာဇ်များနှင့် အင်ပါယာ ဧကရာဇ်များကိုပင် အံ့အားသင့် သွားစေခဲ့သည်။
ထိုအရာက လျှို့ဝှက် မြေကြီး အဆင့် အဂ္ဂိရတ် ထုတ်ကုန် တစ်ခုလော။
***