← Chapters

ကံကြမ္မာများ စုစည်းခြင်း

Vol. 101 Ch. 1401

ကံကြမ္မာများ စုစည်းခြင်း

Vol. 101 Ch. 1401

“မဟာ ပုရောဟိတ်က ဒီတစ်ခေါက် ရွေးချယ်ခံ ဧကရာဇ်ပြိုင်ပွဲမှာ ငါတို့ကို မပါဝင်စေချင်ဘူး ဆိုရင်ရော ငါတို့ ခုလို လုပ်ဖို့ လိုအပ်ဦးမှာလား...”

ဒုတိယ မင်းသမီးက ညည်းညူလိုက်လေ၏။ သူမက အဂ္ဂိရတ် ကုန်စည်ပြပွဲကို တက်ရောက်ဖို့ အတွက်ပင် အလွန် ပျင်းရိနေပုံ ပေါ်လေသည်။

“ငါတို့တွေ ကိုယ့်'ကောင်းချီးခံ' ကို ကိုယ်ရွေးချယ်ပြီး လျှို့ဝှက် အာဏာရှင် အဆင့်ကို တက်လှမ်းဖို့ အခွင့်အလမ်းကို ရှာရမယ်... မဟာ ပုရောဟိတ် က ဒီမျိုးဆက်မှာ ဒဏ္ဍာရီလာ 'ကိုးလောက ကောင်းချီးခံ' ပေါ်ထွက်လိမ့်မယ်လို့ ဟောကိန်းထုတ်ထားတာ ရှိတယ်”

နဝမမြောက် နိုဘယ်က ပြုံးလိုက်သည်။ သို့သော်လည်း သူ့ မျက်ဝန်းများ အတွင်းတွင်တော့ စိတ်လှုပ်ရှားသည့် အငွေ့အသက်များ ရှိနေခဲ့၏။

“သူ့ရဲ့ အကူအညီကို ရယူနိုင်တဲ့ ဘယ်သူမဆို နောက်ထပ် မဟာ သူတော်စင်ဖြစ်လာမှာပဲ”

စတုတ္ထ မင်းသားကလည်း စိတ်အားထက်သန်မှု အပြည့်ဖြင့် ဆိုလိုက်သည်။ ဒုတိယမြောက် မင်းသမီး၏ ပျင်းရိ မှေးစင်းနေသော မျက်လုံးများပင်လျှင် 'ကိုးလောက ကောင်းချီးခံ' ဆိုသည့် နာမည်ကို ကြားသောအခိုက်၌ တဖျပ်ဖျပ် လင်းလက်ကာ အသက်ဝင်လာခဲ့သည်။ ၎င်း၏ နာမည် အပြည့်အစုံမှာ ကိုးလောက ဆယ့်နှစ်ဘဝ ကောင်းချီးခံ ဟူ၍ ဖြစ်သည်။

သို့သော်လည်း... တစ်ခဏ အတွင်းမှာပင် သူမ၏ မျက်လုံးများမှာ ပြန်လည်၍ မှေးစင်း သွားခဲ့၏။

“မဟာ ပုရောဟိတ်က ဘယ်သူဖြစ်နိုင်မယ် ဆိုတဲ့ သဲလွန်စ ပေးခဲ့တာမျိုး မရှိဘူးလား... သူက ဝေ့ဝူယင် ဖြစ်နိုင်လောက်လား...”

သူမက စတုတ္ထမြောက် မင်းသားကို မေးလိုက်၏။ ရွှေရောင် ဂိတ်တံခါး နန်းတော်၏ ဂိတ်တံခါး ကိုးပေါက်ထဲတွင် စတုတ္ထမြောက် မင်းသား၏ အဘွား မဟာ ပုရောဟိတ်မှာ ပြင်ပရေးရာ ကိစ္စများကို ကိုင်တွယ်သူ ဖြစ်လေရာ ကောင်းချီးခံများ နှင့် ပတ်သက်၍ ပိုမိုသိရှိသူ ဖြစ်သည်။

သို့ဖြစ်လေရာ... သူမက သွေးသား တော်စပ်သည့် စတုတ္ထမြောက် မင်းသားထံ ကိုးလောက ကောင်းချီးခံ ဖြစ်နိုင်သူ အကြောင်း အရိပ်အမြွက်များ ပေးကောင်း ပေးနိုင်ပေသည်။ ၎င်းမှာ တရားမျှတမှု မရှိသည့် ဘက်လိုက်မှု ဖြစ်သော်လည်း ကောင်းကင် ပုရောဟိတ်များ အနေဖြင့် ဤကမ္ဘာ လောကတွင် တရားမျှတမှု မရှိကြောင်း သူတို့ သိရှိကြသည်။

စတုတ္ထမြောက် မင်းသား၏ မျက်နှာအမူအရာက အနည်းငယ် ပြောင်းလဲသွားသော်လည်း သူ ခေါင်းကို ခါယမ်းရင်း သက်ပြင်းတစ်ချက် ချလိုက်သည်။

“မဟာ ပုရောဟိတ် ပြောတာက ရှင်းတယ်... ငါတို့လို ငယ်ရွယ်ပြီး ကံကြမ္မာပါတဲ့သူတွေပဲ ကိုးလောက ကောင်းချီးခံ ဆိုတဲ့ ကံကောင်းခြင်းကို ရရှိလိမ့်မယ်... တခြားသူတွေ... အထူးသဖြင့် သူတို့လို သက်ကြီးရွယ်အိုတွေ ဝင်စွက်ဖက်မယ် ဆိုရင် ဘေးဥပဒ် ဖြစ်စေတဲ့ ကမ္မ ဆက်နွယ်မှုတွေ ဖန်တီးတာနဲ့ အတူတူပဲ တဲ့”

သူက ထိုကဲ့သို့ ပြောလိုက်သော်လည်း ဒုတိယမြောက် မင်းသမီး နှင့် နဝမ နိုဘယ်တို့ထဲမှ မည်သူမျှ သူ့ကို မယုံကြည်ခဲ့ကြပေ။

မဟာ ပုရောဟိတ်မှာ ဂုဏ်သိက္ခာရှိသော ပုဂ္ဂိုလ် တစ်ယောက် ဖြစ်သော်လည်း မျိုးချစ်စိတ် ပြင်းထန်သူ တစ်ယောက် အဖြစ်လည်း ကျော်ကြားသည်။ သူမမှာ လက်ရှိမျိုးဆက် ကောင်းချီးခံများ၏ ကံကြမ္မာကို ပွင့်ပွင့်လင်းလင်း ဝင်ရောက်စွက်ဖက်မှုကြောင့်ပင် မဟာ သူတော်စင်၏ ပြစ်တင်ဆုံးမခြင်းကိုပင် ခံခဲ့ရသေးသည်။

တကယ်တမ်း ဆိုရပါက လင်းမင်နှင့် လင်းရှန်းရှဲ့တို့ အကြားရှိ ဆက်ဆံရေး တဖြည်းဖြည်း ပြိုကွဲလာခြင်း၏ တရားခံမှာလည်း သူမသာ ဖြစ်သည်။ မဟာ ပုရောဟိတ်မှာ လင်းရှန်းရှဲ့၏ စိတ်အတွင်း သံသယ တစ်ချို့ကို ထည့်သွင်းခဲ့ကာ ရေစက်လမ်းကြောင်း တစ်ချို့ကို ပြင်ဆင်ခဲ့သည်။ အကယ်၍ လင်းမင်သာ ထိုအကြောင်းကို သိပါက သူ အစွမ်းထက်လာသည့် တစ်နေ့တွင် ရွှေရောင် ဂိတ်တံခါး နန်းတော်ကို သွေးဖြင့် ဆေးကြောပစ်လိမ့်မည် ဖြစ်ပေသည်။

စတုတ္ထမင်းသားမှာ ငြိမ်သက်သွားကာ သူ့ အဖွား ပေးခဲ့သော သဲလွန်စများကို ပြန်လည် စဉ်းစားနေခဲ့သည်။ အကယ်၍ သူသာ ထိုအရာများကို အသုံးချနိုင်ခဲ့ပါက လျှို့ဝှက် အာဏာရှင် အဆင့်လွန် နယ်ပယ်ကို ရောက်ရှိရန် အခွင့်အလမ်းမှာ အမြင့်ဆုံးအထိ တိုးမြင့် လာလိမ့်မည်ဖြစ်သည်။ ချိပ်ပိတ်နယ်မြေပင်လျှင် သူ့ကို တားဆီးနိုင်တော့မည် မဟုတ်ပါချေ။

...

ဘုန်း... ဘုန်း...

အဆုံးမဲ့ ခရီးသွား နယ်မြေတွင် ဟင်းလင်းပြင် လေပွေကြီးမှာ စိုးရိမ်ဖွယ်ရာ ပမာဏအထိ လျှင်မြန်စွာ ကြီးထွားလာနေခဲ့လေသည်။ လောကရှန့်ထိုမျာ၏ ကြိုးပမ်း အားထုတ်မှုများ အောက်တွင် အလွှာကြားက လောကမှာ ပြိုကွဲတော့မည့် လက္ခဏာများ ဖြစ်ပေါ်လာနေခဲ့လေသည်။

လျူယင်လန်းမှာ ထိုအရာအားလုံးကို ငြိမ်သက်စွာ ကြည့်ရှုနေခဲ့၏။

“အများဆုံး ရှစ်နှစ်ပဲ...”

သူမ၏ မျက်လုံးများက စိတ်လှုပ်ရှားမှုများနှင့် လင်းလက်နေခဲ့သည်။

....

ကြယ်တာရာ အသိုက်၏ ရေခဲကဲ့သို့ မျက်နှာပြင်မှာ လှပစွာ ကခုန်နေသော ငွေရောင် နေအလင်းတန်းများဖြင့် တောက်ပနေခဲ့သည်။ အေးစက်မှုက စက္ကန့်တိုင်း၌ လျော့ပါးလာနေကာ တစ်စုံတစ်ခုက ဖောက်ထွက်ရန် ကြိုးပမ်း နေသကဲ့သို့ မိုးခြိမ်းသံများဖြင့် ပြည့်နှက် နေလေ၏။

ဘုန်း... ဘုန်း...

အဆက်မပြတ် ပြင်းထန်သော ပေါက်ကွဲမှုများနှင့် အတူ ကြယ်တာရာမိုး အသိုက်၏ မျက်နှာပြင်ထက်တွင် တစ်မီလီမီတာ၏ ငါးပုံတစ်ပုံမျှသာ ရှိသော အက်ကွဲကြောင်းငယ်လေးတစ်ခု ဖြစ်ပေါ်လာခဲ့သည်။

“သိပ်မလိုတော့ဘူး...”

...

လောကများ၊ ရည်မှန်းချက်များနှင့် ကံကြမ္မာများ စုစည်းမှုများမှာ မဟာစက်ဝန်း ရှန့်ထို ညီလာခံ နောက်ပိုင်းတွင် ကျင်းပမည့် အကြီးကျယ်ဆုံး ပွဲတော် အတွက်တော့ နိဒါန်းမျှသာ ဖြစ်သည်။ ညဦးယံက လျှင်မြန်စွာပင် ကုန်လွန်သွားခဲ့ကာ လူပေါင်းများစွာ မျှော်လင့်နေကြသော နေ့ရက်မှာလည်း ရောက်ရှိလာခဲ့ပြီ ဖြစ်လေသည်။

လူသန်းသိန်းပေါင်းများစွာတို့၏ နှလုံးသားများမှာ စိတ်လှုပ်ရှားမှုနှင့် ပြင်းပြစွာ ပြည့်နှက်နေသော်လည်း အဂ္ဂိရတ် ကုန်စည်ပြပွဲ ကျင်းပမည့်နေရာကို ယခုတိုင် မသိရှိရသေးလေရာ မေးခွန်းများ ရှုပ်ထွေးစွာ ထွက်ပေါ်လာခဲ့သည်။ ယခင် ကျင်းပခဲ့သော ပွဲများအားလုံးတွင် အလွန်တရာ ကြီးမားလှသည့် ကွင်းကြီးများ ရှိခဲ့ကြသော်လည်း တက်ရောက်သူဦးရေမှာ သောင်းဂဏန်းထက် ပိုမများခဲ့ကြချေ။ ပုံမှန်အားဖြင့် ပွဲသို့ တက်ရောက်လာသူ အများစုမှာ ထိပ်တန်းပုဂ္ဂိုလ်များနှင့် ပွဲသို့ တက်ရောက်ရန် လုံလောက်သည့် အဆင့်အတန်း၊ ခွန်အားနှင့် ကြွယ်ဝမှုရှိသူများသာ ဖြစ်သည်။

ချိပ်ပိတ် နယ်မြေ၏ သမိုင်းတွင် အဂ္ဂိရတ် ကုန်စည်ပြပွဲ တစ်ခုကို ဤမျှ များပြားလှသော ဧည့်သည်များအား ဖိတ်ခေါ်ခြင်းမှာ ပထမဆုံးအကြိမ် ဖြစ်သည်။ ကျားမ၊ မျိုနွယ်နှင့် ကျင့်ကြံခြင်း အဆင့်အတန်း မျိုးစုံ ပါဝင်နေသည့် လူသန်းသိန်းပေါင်းများစွာကို တစ်ပြိုင်နက်တည်း လက်ခံနိုင်သည့် ပွဲကြည့်ကွင်းပြင် ရှိနိုင်ပါမည်လား။ ၎င်းက လုံးဝ မဖြစ်နိုင်ပုံရသည်။

ထို့အပြင် အဂ္ဂိရတ် အာဏာရှင်ဝေ့ဘက်မှလည်း မည်သည့် လျှို့ဝှက် နယ်မြေ၊ လောက နယ်မြေ၊ ဂြိုလ်နှင့် လတို့ထက်တွင်မှ လှုပ်ရှားမှု တစ်ခုမျှ မရှိကြောင်း အစီရင်ခံစာများနှင့် ဆက်သွယ်မှုများ ဆက်လက် ပျံ့နှံ့နေခဲ့သည်။

“မြင်လား... ငါ ပြောခဲ့သလိုပဲ... အဂ္ဂိရတ် အာဏာရှင်ဝေ့က သုံးလလောက်ပဲ အချိန်ယူခဲ့ပြီးတော့ အဂ္ဂိရတ် ကုန်စည်ပြပွဲ တစ်ခုရဲ့ တာဝန်ကို လျှော့တွက်ခဲ့တယ်... ခု နှောင့်နှေးတော့မှာ အသေအချာပဲ... ဒါက သူ့ရဲ့ အတွေ့အကြုံမရှိမှုနဲ့ ထိတ်လန့်မှုတွေကို ပြသနေတယ်...”

မြေကြီးရစ်ခွေ ကြယ်တာရာ နယ်မြေ၏ ဦးဆောင် အဂ္ဂိရတ် အဖွဲ့အစည်း ဖြစ်သော ကောင်းကင်ဝတ်ရည် အစည်းအရုံး၏ တရားဝင် သေမျိုး အရှင် အဂ္ဂိရတ်ပညာရှင် တစ်ဦးက သူ၏ အပေါင်းအဖော်များအား ပြောလိုက်၏။

လျှို့ဝှက် အဖွဲ့အစည်းများတွင် အုပ်စုနှစ်စု ရှိပြီး သူတို့ကို အာရုဏ်ဦး ကြယ်တာရာနယ်မြေထံ ရောက်ရှိသည့် အချိန်ကာလပေါ်မူတည်၍ ခွဲခြားထားသည်။ အချို့မှာ ပွဲကျင်းပမည့် ညနေခင်းတွင်မှ ရောက်ရှိလာခဲ့ကြသည်။ ထိုအထဲ၌ အင်ပါယာ မျိုးနွယ်၊ ထာဝရ အစည်းအရုံး၊ ကျန်းမျိုးနွယ်စု၊ တွယ်ရာမဲ့ နှလုံးသား ဂိုဏ်း နှင့် ၎င်းတို့၏ မဟာမိတ်များ ဖြစ်ကြသည်။ သူတို့မှာ ဝေ့ဝူယင် ထောင်ချောက်ဆင်ထားမှာကို ကြောက်ရွံ့ကြလေရာ မပြောဘဲ နားလည်နိုင်သည့် သဘောတူညီမှုများနှင့် အတူ အတူတကွ ရောက်ရှိလာခဲ့ကြခြင်း ဖြစ်သည်။

အခြားတစ်ဖွဲ့ကတော့ ပိုမိုစော၍ ရောက်ရှိလာသူများ ဖြစ်ကြသည်။ သူတို့မှာ ကနဦးတွင် လောကအာရုဏ်ဦး၏ နယ်ပယ် အသီးသီး၌ နေရာချထား ခံရသော်လည်း မကြာမီမှာပင် မဟာမိတ်များ၊ အသိမိတ်ဆွေများနှင့် ပြန်လည် တွေ့ဆုံရန် အတွက် တူရာတူရာ စုစည်းလာကြသည်။

ကောင်းကင်ဝတ်ရည် အစည်းအရုံး၏ အဂ္ဂိရတ်ပညာရှင်မှာ ဒုတိယမြောက် အဖွဲ့ တွင် ပါဝင်ကာ အခြား သေမျိုး အဂ္ဂိရတ် အာဏာရှင် သုံးဆယ်ခန့်နှင့်အတူ ရှိနေခဲ့ခြင်း ဖြစ်သည်။

“အမှန်ပဲ... သုံးလနဲ့ ဒီလို လူဦးရေ ပမာဏမျိုးကို ဝင်ဆံ့နိုင်မယ့် နေရာဆောက်ဖို့ ဆိုတာ အင်မတန် ခက်ခဲတယ်... လုံးဝ မဖြစ်နိုင်ဘူးလို့တောင် ပြောလို့ရတယ်... ဂြိုလ်ကြီး တစ်ခုလုံးတောင်မှ လူပေါင်း သန်းသိန်းနဲ့ချီကို ဆံ့မှာ မဟုတ်ဘူး”

စိမ်းလန်းသော ကောင်းကင် ကြယ်တာရာ နယ်မြေ၏ ထိပ်တန်း အဂ္ဂိရတ် အဖွဲ့အစည်း ဖြစ်သော မြစိမ်းရောင် ဆေးအစည်းအရုံးမှ အဂ္ဂိရတ် အရှင် တစ်ဦးကလည်း ထပ်လောင်းပြောဆိုခဲ့သည်။

“အား... ဒါက တကယ့်ကို ရှက်စရာပဲ”

အမျိုးသမီး အဂ္ဂိရတ် အာဏာရှင် တစ်ဦးက သူမ၏ မျက်နှာကို လက်ဖြင့်အုပ်ရင်း သနား ကြင်နာသည့် အလင်းရောင်များ တောက်ပနေသော မျက်လုံးများဖြင့် ပြောလိုက်၏။

ကောင်းကင်ဘုံ၏ ကောင်းချီးကို ရရှိထားသည့်၊ အလွန်တရာ ချောမောကာ ထူးချွန်သည့် လူငယ် အနေဖြင့် ယခုလို အခက်အခဲမျိုးနှင့် ကြုံတွေ့ရခြင်းက သူ၏ ဂုဏ်သတင်းကို ပိုမို ဆိုးရွား စေနိုင်သည်။ အချိန်မှီ အဆင်ပြေပါစေဟု ကြိတ်၍ ဆုတောင်းဖို့သာ တတ်နိုင်ပေသည်။

***

All Chapters