← Chapters

အဂ္ဂိရတ် ကုန်စည်ပြပွဲ စတင်ခြင်း

Vol. 101 Ch. 1402

အဂ္ဂိရတ် ကုန်စည်ပြပွဲ စတင်ခြင်း

Vol. 101 Ch. 1402

အင်ပါယာ မျိုးနွယ် ၏ ဟင်းလင်းပြင် သင်္ဘောများ ထက်၌...

ယခုတစ်ခေါက်တွင် အင်ပါယာ မျိုးနွယ်မှာ သူတို့၏ ကောင်းကင် ဧကရာဇ်များ၊ အင်ပါယာ ဧကရာဇ်များ၊ အင်ပါယာ မင်းသားများ နှင့် မင်းသမီးများ အပါအဝင် ထူးချွန်ထက်မြက်သူများစွာကို ခေါ်ဆောင်ကာ ရောက်ရှိလာခဲ့သည်။ သူတို့အားလုံးသည် အာရုဏ်ဦး ကြယ်တာရာနယ်မြေ နှင့် အဆုံးမဲ့ ကောင်းကင် ကြယ်တာရာ နယ်မြေတို့ အကြား ဖြစ်ပေါ်နေသော တင်းမာမှုများကြားမှပင် ဤနေရာသို့ ရောက်ရှိလာကြသည်။ ထိုကဲ့သို့ အင်နှင့်အားနှင့် ချီတက်လာခဲ့ခြင်းက မကြာခင် စစ်ပွဲတစ်ခု ဖြစ်ပေါ်လာတော့မည် ဖြစ်ကြောင်း အရိပ်အမြွက်ပြနေသကဲ့သို့ပင်။

...

“ဧကရီ ဘယ်မှာလဲ...”

ကောင်းကင် ဧကရာဇ်ပိုင်က ယန်ချောင်ယွီအား မေးမြန်းစစ်ဆေးသည့် လေသံဖြင့် မျက်မှောင်ကြုတ်လျက် မေးလိုက်၏။ ယန်ချောင်ယွီမှာ ဝေ့ဝူယင် နှင့် သူမ၏ 'ဆက်နွယ်မှု' မှတစ်ဆင့် ဧကရီ ဘေးအန္တရာယ်ကင်းကြောင်း၊ အဂ္ဂိရတ် ကုန်စည်ပြပွဲတွင် ပြန်လည်၍ ပေါ်ထွက်လာမည်ဖြစ်ကြောင်း သူတို့ကို အာမခံထားခဲ့သည်။

သူတို့အနား၌ ထျန်းမူယန် နှင့် ထျန်းလင်းယု တို့ အပါအဝင် အင်ပါယာ ထျန်းမျိုးနွယ်၏ အခြားသော အင်ပါယာ ဧကရာဇ် အချို့လည်း ရှိနေခဲ့ပေသည်။ အင်ပါယာ ကလန်မှာ ဝေ့ဝူယင်၏ ဖိတ်ကြားချက်ကို လက်ခံခဲ့သည်။ သူတို့၏ ရည်ရွယ်ချက်က ပဋိပက္ခများကို ဘေးဖယ်ထားကာ ဧကရီ ကို ပြန်လည် သိမ်းပိုက်ရန်အတွက် ဖြစ်ပေသည်။ ၎င်းသည် အင်ပါယာ အကြံပေး ချမှတ်ထားသည့် သူတို့၏ အဓိက ပန်းတိုင် ဖြစ်ပေသည်။

ယန်ချောင်ယွီက ကောင်းကင် ဧကရာဇ်ပိုင်၏ လေသံ သို့မဟုတ် အခြားသော အင်ပါယာ ဧကရာဇ်များ၏ မျက်ဝန်းများအတွင်းမှ အငွေ့အသက်များကို လုံးဝ စိတ်ပူဟန် မရပဲ ချိုသာစွာ ပြုံးလိုက်သည်။ ဤသည်မှာ အာရုဏ်ဦး ကြယ်တာရာနယ်မြေ ဖြစ်သည်။ တစ်နည်းအားဖြင့် ဝေ့ဝူယင်၏ နယ်မြေ ဖြစ်သည်။ သူမက ဤနေရာတွင် အားသာချက် ရှိကြောင်းကို အမူအရာဖြင့်ပင် ဖုံးကွယ်ရန် မကြိုးစားခဲ့ပေ။

“ရှင်တို့ မကြာခင် ဧကရီကို တွေ့ရပါလိမ့်မယ်...”

ယန်ချောင်ယွီက ပေါ့ပေါ့ဆဆပင် ဆိုလိုက်၏။ အင်ပါယာ ဧကရာဇ် တစ်ဦးဖြစ်သည့် ထျန်းရှန်းယန်က ယန်ချောင်ယွီ ကို စူးစူးဝါးဝါး ကြည့်လိုက်၏။ သူက အရပ်ရှည်ရှည် ပိန်ပိန်နှင့် ဖြစ်ကာ ထူလပျစ် မုတ်ဆိတ်မွေးများကို ပိုင်ဆိုင်ထားသည်။ သူက ထျန်းမူယန် နှင့် ထျန်းတိုက်ကျုံး တို့၏ မြေးဝမ်းကွဲ တော်စပ်ပေသည်။

အင်ပါယာ ထျန်းမျိုးနွယ်၏ ဆွေစဉ်မျိုးဆက်များကို ရေတွက်ရန်မှာ ခက်ခဲလှသည်။ အမျိုးသမီး ကျင့်ကြံသူများ၏ ရှည်လျားသော သက်တမ်းနှင့် သားသမီးရနိုင်သည့် ကာလရှည်ကြာခြင်းတို့မှာ ထျန်းမျိုးနွယ် အတွက် အလွန်တရာ များပြားလှသော မျိုးနွယ်ဝင်များကို ဖန်တီးပေးခဲ့သည်။ ထိုအထဲမှ အချို့မှာ စောစီးစွာ ကြွေလွင့်ခဲ့ရသလို အချို့မှာလည်း လူကြီးမျိုးဆက်များနှင်ပင် ယှဉ်နိုင်သည့် ကျင့်ကြံခြင်း အဆင့်သို့ ရောက်ရှိခဲ့ကြသည်။

ယန်ချောင်ယွီက ထျန်းရှန်းယန်၏ အကြည့်ကို မည်ကဲ့သို့ တုံ့ပြန်မှုမှ မပြုပဲ သူမ၏ ခရမ်းရောင် ဆံပင်များကို ပေါ့ပေါ့ပါးပါး သပ်နေခဲ့၏။ သူမက တစ်စုံတစ်ရာကို စောင့်ဆိုင်းနေသည့်ပုံ ရသည်။

ထျန်းရှန်းယန် တစ်ယောက် လက်သီးများကို ကျစ်ကျစ်ပါအောင် ဆုပ်လိုက်မိ၏။ တစ်ချိန်က ဤအမျိုးသမီးမှာ သူ လေးစားခဲ့ရသူ တစ်ယောက် ဖြစ်ကာ အကြိမ်များစွာ သူမထံမှ အကြံဉာဏ်နှင့် လမ်းညွှန်မှုများကို ခံယူခဲ့သည်။ ယခုတွင်မူ သူမမှာ အင်ပါယာ မျိုးနွယ် ကို တာဝန်အရသာ အစေခံသည့် လူတစ်ယောက်လို ပြုမူနေသည်။ သို့သော်လည်း သူမ၏ ခွန်အားက သူ့ထက် အဆပေါင်းများစွာ သာလွန်နေဆဲ ဖြစ်လေရာ ဘာလုပ်ဝံ့မည်နည်း။

ထျန်းလင်းယုက ယန်ချောင်ယွီ ကို ကြည့်လိုက်သည်။ မြွေမြွေချင်း ခြေမြင်သည်ဟု ဆိုရမည်လား မသိ။ သူမ၏ နှလုံးသားထဲတွင် ထိုမိန်းကလေး အပေါ် သဲ့သဲ့လေး နားလည်မှုတစ်ခု ရှိနေသည်။ ထိုအကြောင်းကို စဉ်းစားလိုက်မိသော အခိုက်၌ သူမ၏ မျက်နှာက ခပ်ဖျော့ဖျော့ နီရဲလာခဲ့သည်။

ကောင်းကင် ဧကရာဇ်ပိုင် စိတ်ထဲတွင်သာ သက်ပြင်းတစ်ချက် ချလိုက်မိ၏။ အင်ပါယာ မျိုးနွယ်၏ အတွင်းပိုင်းတွင် ဝေ့ဝူယင် နှင့် ပတ်သက်၍ သဘောထား ကွဲလွဲမှု များစွာ ရှိနေခဲ့သည်။ အကယ်၍ စစ်ပွဲတစ်ခု ဖြစ်ပွားခဲ့ပါက မည်သည့် ကောင်းကျိုး ရှိနိုင်မည်နည်း။

ထျန်းမူယန်၊ ထျန်းလင်းယု၊ ယန်ချောင်ယွီ တို့ အပါအဝင် အင်ပါယာ ဧကရာဇ်၊ ကောင်းကင် ဧကရာဇ် အချို့မှာ ဝေ့ဝူယင် ဘက်သို့ ယိမ်းသည့် လက္ခဏာများ ရှိနေခဲ့သည်။ သူတို့မှာ လွန်ဆန်ရန် ခက်ခဲသည့် အကျိုးကျေးဇူးများ ရရှိထားကြောင်း ရှင်းလင်းပေသည်။

“ဒါနဲ့ သူက ပြိုင်ပွဲကို ဘယ်နေရာမှာ ကျင်းပမှာလဲ...”

ယန်ချောင်ယွီ အပေါ် ဒေါသထွက်လို့ မရသည့် အဆုံးတွင် ထျန်းရှန်းယန်မှာ သူ၏ မကျေနပ်မှုများနှင့် စိတ်ပျက် အားငယ်မှုအားလုံးကို ဝေ့ဝူယင် ဘက်သို့ လှည့်လိုက်၏။

“ကိုယ့်ရဲ့ ကိုယ်ပိုင် အဂ္ဂိရတ် ကုန်စည်ပြပွဲ အတွက်တောင် မစီစဉ်နိုင်လောက်အောင် ဘယ်လောက်တောင် အရည်အချင်းမရှိလိုက်သလဲ... ရယ်စရာကောင်းလိုက်တာ...”

“...”

ကောင်းကင် ဧကရာဇ်တိုင်း၊ အင်ပါယာ ဧကရာဇ်တိုင်း နှင့် အင်ပါယာမျိုးနွယ်၏ လူငယ်မျိုးဆက်မှ အစ တိုက်ရိုက် ဆွေမျိုးများ အဆုံး အားလုံးမှာ ထူးဆန်းစွာ တိတ်ဆိတ်သွားခဲ့ကြသည်။ အချို့မှာ သူနှင့် ဝေးရာသို့ပင် မသိစိတ်ထဲမှ ရှောင်ဖယ်သွားခဲ့ကြ၏။

အထူးသဖြင့် ယန်ချောင်ယွီ နှင့် ထျန်းလင်းယု တို့တွင် ပို၍ ထင်ရှား၏။ ဟွမ်ရီကောင်း တစ်ယောက် မည်ကဲ့သို့ သေဆုံးသွားခဲ့ရသည်ကို သူတို့ ထင်ရှားစွာ တွေ့မြင်ခဲ့ပြီး ဖြစ်သည်။ ယခုတစ်ဖန် ထျန်းရှန်းယန်က ထိုလမ်းစဉ်ကို လိုက်လိုနေသည်လား။

“...”

အခြားလူများထံမှ ရရှိခဲ့သည့် တုံ့ပြန်မှုများကို ကြည့်ကာ ထျန်းရှန်းယန် တစ်ယောက် အံ့အားသင့်သွားခဲ့၏။ ဝိုင်းဝန်း ထောက်ခံ သဘောတူညီမှုများ ရရှိဖို့ မျှော်လင့်ထားသော်လည်း တစ်စုံတစ်ရာက မှားယွင်းနေသည်ဟု သူ ခံစားလိုက်ရသည်။ ရုတ်တရက် သူ့ ကျောရိုးတစ်ခုလုံး အေးစက်သွားသလို ထျန်းရှန်းယန် ခံစားလိုက်ရလေ၏။

“ဘာဖြစ်လို့လဲ...”

သူသည် စိတ်ကို တည်ငြိမ်စွာ ထိန်းရင်း မေးမြန်းလိုက်၏။ အံ့အားသင့်ဖွယ်ရာပင် ဘာဆို ဘာမှ မဖြစ်ခဲ့ပါချေေ ထျန်းရှန်းယန် ဟိုဟိုဒီဒီ အလျင်စလို ရှာဖွေလိုက်ကာ နောက်ကျောဘက်ကိုပင် လှည့်ကြည့်လိုက်သော်လည်း ဘာဆိုဘာမှမှ မရှိလေရာ စိတ်ရှုပ်ထွေးသွားခဲ့သည်။

သို့သော်လည်း... အခြားသူများ၏ အမူအရာများက ဆက်လက်၍ ထူးဆန်းနေဆဲ ဖြစ်လေရာ စိုးရိမ် ထိတ်လန့်စိတ်ကို သူ ခံစားလိုက်ရသည်။ မည်သည့် အရာများ ဖြစ်ပျက်နေကြောင်း သူ မသိခဲ့ပေ။ သူ့အတွက် ကံကောင်းတာက ဝေ့ဝူယင်မှာ ထိုကဲ့သို့ စော်ကားမှုများကို ဂရုမစိုက်ခြင်း ဖြစ်သည်။ ၎င်းက သဘာဝကျသည့် လူတို့၏ တုံ့ပြန်မှုတစ်ခုသာ ဖြစ်သည်။ ဟွမ်ရီကောင်းကို သူ သတ်ခဲ့ခြင်းမှာ ထိုလူအိုကြီးက သူ့အကျိုး ပျက်စီးရေးကို အကြိမ်ပေါင်းများစွာ ကြံစည် အကောင်အထည်ဖော်ခဲ့သောကြောင့်သာ ဖြစ်သည်။

သို့သော်လည်း... လူတိုင်းမှာ ဝေ့ဝူယင်၏ အယူအဆကို မည်ကဲ့သို့ သိရှိထားမည်နည်း။ ချက်ချင်း ဆိုသလိုပင် ထျန်းရှန်းယန်မှာ သင်္ဘောထက်၌ လိုက်ပါလာသည့် အင်ပါယာ ဧကရာဇ်၊ ကောင်းကင် ဧကရာဇ်များ အကြားတွင် အပယ်ခံလို ဖြစ်သွားခဲ့သည်။ သူတို့မှာ ကံကောင်းခြင်းများနှင့် အဂ္ဂိရတ် ကုန်စည်ပြပွဲ အတွက် ဤနေရာသို့ ရောက်ရှိလာခြင်းဖြစ်သည်။ ဝေ့ဝူယင် ကို စော်ကားရန် မဟုတ်ပေ။ ထို့အပြင် ဝေ့ဝူယင်က သူတို့ကို စောင့်ကြည့်နေခြင်း မရှိဟု မည်သူ ပြောနိုင်မည်နည်း။ ထို့အပြင် ယန်ချောင်ယွီ မှာ ဤနေရာတွင် ရှိနေခဲ့သည်။ အကယ်၍ သူမသာ သတင်းပေးခဲ့ပါက...

မကြာခင်မှာပင် ထျန်းရှန်းယန်မှာ အကြောင်းတရားကို ရှာဖွေ သိရှိသွားခဲ့၏။ သို့သော်လည်း သူက ကိုယ်ပိုင် ဂုဏ်သိက္ခာ အတွက် နှာခေါင်းတစ်ချက် ရှုံ့ကာ လျစ်လျူလိုက်သည်။ စိတ်ထဲတွင်တော့ သူ နောင်တရစ ပြုလာခဲ့၏။ သို့သော်လည်း ဝေ့ဝူယင်ကို ကြောက်သောကြောင့် မဟုတ်ချေ။ အကယ်၍ စစ်ပွဲတစ်ခု ဖြစ်ပွားပါက ဝေ့ဝူယင်ကို စော်ကားခဲ့မိသည့် သူ၏ စကားလုံးများကြောင့် ဟူသော အကျိုးဆက်ကို ထိတ်လန့်၍ ဖြစ်သည်။

“အဂ္ဂိရတ် ကုန်စည်ပြပွဲ စပြီ...”

ယန်ချောင်ယွီက ထျန်းရှန်းယန် ကို လျစ်လျူရှုကာ သူမ၏ ဟင်းလင်းပြင် လက်စွပ်ကို စစ်ဆေးရင်း ပြောလိုက်၏။ ထိုလက်စွပ်မှာ သိသိသာသာပင် ဝိညာဉ်အလင်းများဖြင့် မှိတ်တုတ်မှိတ်တုတ် လင်းလက် နေခဲ့သည်။

ချက်ချင်းပင် အားလုံးမှာ စိတ်ဝင်စား သွားကြ၏။ အာရုဏ်ဦး အဂ္ဂိရတ် ကုန်စည်ပြပွဲမှာ စတင်နေခဲ့ပြီလော...။

...

ရုတ်တရက် အမှောင် ဟင်းလင်းပြင် တစ်ခုလုံး တိတ်ဆိတ် ငြိမ်သက်သွားခဲ့၏။

ထူးဆန်းလာသည့် လေထုက လူတိုင်းကို သတိ အနေအထားသို့ ရောက်ရှိသွားစေခဲ့သည်။ ချီပျစ်ခဲခြင်း အဆင့်မှသည် မြေကြီးရှန့်ထို အဆင့်အထိ ကျင့်ကြံသူ အားလုံး၏ စိတ်ခံစားချက်များက တဖြည်းဖြည်းချင်း တိတ်ဆိတ်သွားခဲ့သည်။ စိတ်ဝိညာဉ်များမှာ နေရာတစ်ခုသို့ ဆွဲဆောင်ခံနေရ သလိုမျိုး သူတို့ အားလုံး၏ မျက်လုံးများက ထူးဆန်းစွာ ရွေ့လျားသွားခဲ့သည်။ထိုဖြစ်ရပ်မှာ ထူးဆန်းသည်ထက် ပိုသည်။

''ကြိုဆိုပါတယ်…''

ရုတ်တရက်… လူတိုင်း၏ နှလုံးသား၊ စိတ်နှင့် ဝိညာဉ်များကို နှစ်သိမ့်ပေးနိုင်သည့် ချစ်စဖွယ် အသံတစ်ခု ထွက်ပေါ်လာသည်။ ၎င်းမှာ နွေးထွေးမှု၊ ဆွဲဆောင်မှုရှိမှု၊ နူးညံ့မှု စသည်တို့ အားလုံးကို တစ်ပြိုင်နက်တည်း ပြီးပြည့်စုံစွာ ထိန်းသိမ်းထားခဲ့၏။ အာရုဏ်ဦး ကြယ်တာရာနယ်မြေ အတွင်း ရောက်ရှိနေကြသော လူသားများ ဖြစ်စေ၊ သားရဲ မျိုးနွယ်စုများ ဖြစ်စေ၊ ရှု့ရန်နှင့် အယ်ဗန်များ ဖြစ်စေ… အားလုံးမှာ တိတ်ဆိတ် ငြိမ်သက်သွားခဲ့ကြသည်။

“ဧကရီ…''

ကောင်းကင် ဧကရာဇ်ပိုင်နှင့် အခြားသူများမှာ ထိုအသံကြောင့် ချက်ချင်းပင် အံ့အားသင့် သွားကြ၏။ ခါတိုင်းလို အာဏာရှင်ဆန်သည့် လေသံကို ဖုံးကွယ်ထားသော နူးညံ့မှုများ ရှိနေသော်လည်း ၎င်းမှာ ဧကရီ ၏ အသံဖြစ်ကြောင်း မမှားနိုင်အောင် သိသာလှသည်။

''...''

အင်ပါယာ မျိုးနွယ် တစ်ဖွဲ့လုံး တုန်လှုပ် သွားခဲ့ကြ၏။

''အာရုဏ်ဦး အဂ္ဂိရတ် ကုန်စည်ပြပွဲကနေ ကြိုဆိုပါတယ်…''

ဧကရီ၏ အသံ ဆက်လက်ထွက်ပေါ်လာကာ လူတိုင်း၏ အာရုံစိုက်မှုကို အပြည့်အဝ ဆွဲဆောင် သွားခဲ့သည်။ အာရုဏ်ဦး ကြယ်တာရာနယ်မြေ အတွင်း ရှိနေသမျှ ကာလပတ်လုံး သင့် အနေဖြင့် လျှို့ဝှက် နယ်မြေအတွင်း သီးခြားနေထိုင်နေသည်ဖြစ်စေ၊ အဆင့်မြင့် ဝင်္ကပါ ဒါဇင်ပေါင်းများစွာဖြင့် ဖုံးကွယ်ထားသည် ဖြစ်စေ၊ သို့မဟုတ် ဟင်းလင်းပြင် သင်္ဘောများထက်၌ ရှိသည်ဖြစ်စေ… ထိုအသံမှ သင် လွတ်မြောက်နိုင်မည် မဟုတ်ချေ။

''ပြပွဲကို မကြာခင် အချိန် အတွင်းမှာ ကျွန်မတို့ စတင်တော့မှာ ဖြစ်ပါတယ်… ဒါပေမယ့် မစတင်ခင်မှာ ပါဝင်လိုတဲ့ လူတိုင်း 'အာဏာရှင် အင်ပါယာ ဝေ့' ဆိုတဲ့ နာမည်ကို ကျယ်ကျယ်လောင်လောင် 'တွေး' ပေးဖို့ မေတ္တာ ရပ်ခံပါတယ်… ဒါကို ရှင်တို့ရဲ့ ပါဝင်မှု အတည်ပြုချက် အတွက် ပွဲဝင်ခွင့်လက်မှတ် အဖြစ် အသုံးပြုမှာ ဖြစ်ပါတယ်… အကယ်၍ ပါဝင်လိုခြင်း မရှိဘူး ဆိုရင်လည်း လုပ်ဆောင်စရာ မလိုပါဘူး… ရှင်တို့ကို အကုန်အကျ မရှိဘဲ ကိုယ့်အိမ်ကိုယ် ပြန်လိုက်ပို့ပေးပါလိမ့်မယ်…”

''...''

''...”

''...''

***

All Chapters