ထူးဆန်းသော လောက
Vol. 101 Ch. 1403
ထိုညွှန်ကြားချက်များက ထူးဆန်းသည်ထက် ပိုပေသည်။ သို့သော်လည်း ဤမျှ ဝေးလံစွာ ခရီးသွားလာခဲ့ကြသည်ကို ထည့်သွင်းစဉ်းစားပါက အဘယ်ကြောင့် တုံ့ဆိုင်းရမည်နည်း။ ချက်ချင်း ဆိုသလိုပင် ရဲရင့်သူ အနည်းငယ်မှာ ညွှန်ကြားထားသည့် အတိုင်း လိုက်လံ လုပ်ဆောင်လိုက်၏။
အင်ပါယာ ကလန်၏ ဟင်းလင်းပြင် သင်္ဘောများ ထက်တွင်တော့ ယန်ချောင်ယွီက ပထမဆုံး လိုက်နာခဲ့၏။
ဝှစ်…
ချက်ချင်း ဆိုသလိုပင် ဖီဆန် နေကြယ်ထဲမှ အလင်းတန်းတစ်ခုမှာ ဆင်းသက်လာကာ သူမကို ညင်သာစွာ ဝန်းရံလိုက်၏။ ရောင်စဉ်တန်းများ၏ အောက်တွင် သူမ၏ အလှအပက ပိုမို၍ ထင်ရှား သွားခဲ့သည်။ အခြားသူများမှာ ဤအဖြစ်အပျက်ကြောင့် အံ့အားသင့်သွားကြ၏။ အလင်းတန်းက မည်သည့်နေရာမှ ထွက်ပေါ်လာသည်ကို သူတို့ မဆုံးဖြတ်နိုင်ခဲ့ကြချေ။ သို့သော်လည်း ခန့်မှန်းကြည့်ရလျှင် ၎င်းမှာ အထက် ကောင်းကင်ယံမှ ပေါ်ထွက်လာပုံရသည်။
ဒုတိယမြောက် တစ်ယောက်မှာ ထျန်းလင်းယု ဖြစ်၍ တတိယမြောက်ကတော့ ထျန်းမူယန်ပင်။
ထိုသုံးယောက် မဆိုင်းမတွ လုပ်ဆောင် နေသည်ကို ကြည့်ရင်း အင်ပါယာ မျိုးနွယ်ဝင်များ၏ နှလုံးသားထဲတွင် စိုးရိမ်မှုအချို့ကို ခံစားလိုက်ရသည်။ ဤသည်မှာ ထောင်ချောက်တစ်ခုသာ ဖြစ်နေပါက မည်ကဲ့သို့ လုပ်မည်နည်း။
သူတို့ မဆုံးဖြတ်နိုင်ခင်မှာပင် အာရုဏ်ဦး ကြယ်တာရာနယ်မြေ၏ အလွှာ နှစ်ခုစလုံးတွင် အလင်းတန်းများစွာ လှပစွာ ထွန်းလင်းလာသည်ကို တွေ့ရှိလိုက်ရသည်။ မကြာခင်မှာပင် အာရုဏ်ဦး ကြယ်တာရာနယ်မြေ တစ်လျှောက် ပြန့်ကျဲနေသည့် ဂြိုဟ်များနှင့် လများမှာ လူတိုင်း၏ စိတ်နှလုံးကို ဆွဲဆောင်နိုင်သည့် အလွန် လှပလှသော အလင်းပြပွဲတစ်ခုကို စတင်လာခဲ့တော့သည်။
''လှလိုက်တာ...''
အင်ပါယာ မင်းသမီး တစ်ဦးက ပါးစပ် အဟောင်းသားဖြင့် ရေရွတ်လိုက်၏။ သူမ၏ လှပသော မျက်ဝန်းများက မျက်ရည်များဖြင့် ဝေဝါးလာခဲ့သည်။
နောက်ဆုံးတွင် သူမမှာ ဧကရီ ညွှန်ကြားသည့် စကားလုံးများကို စဉ်းစားလိုက်ပြီး သူမ၏ ခန္ဓာကိုယ်မှာလည်း ငွေရောင် ဝိညာဉ် အလင်းတန်းများဖြင့် ဝန်းရံလာခဲ့ တော့သည်။ သူမ၏ မျက်ဝန်းများ၊ အထူးသဖြင့် မျက်ဆံများမှာ ဝေ့ဝူယင် နှင့် ဆင်တူစွာ ငွေရောင် ဖြစ်သွားခဲ့၏။
မိနစ်အနည်းငယ် အတွင်းမှာပင်… အာရုဏ်ဦး အဂ္ဂိရတ် ကုန်စည်ပြပွဲတွင် ပါဝင်ရန် ရောက်ရှိလာသော ကျင့်ကြံသူ သန်းသိန်းပေါင်း များစွာမှာ ညင်သာသော အလင်းဖြင့် ဝန်းရံခံလိုက်ရသည်။
သို့သော်လည်း… စိုးရိမ် ပူပန်နေသည့် ကျင့်ကြံသူ တစ်ချို့ ရှိနေဆဲဖြစ်ပြီး သူတို့က ညွှန်ကြားထားသည့် အတိုင်း လိုက်မလုပ်ခင် ရုတ်တရက် ဖြစ်ပေါ်လာနိုင်သည့် ကျူးကျော်မှုများ၊ ထိခိုက်မှုများကို ကာကွယ်ရန် အတွက် ဝိညာဉ် အကာအကွယ်များကိုပင် ထုတ်ဖော် ထားကြသည်။
သို့သော်လည်း နောက်ဆုံးတွင်တော့ သူတို့ အားလုံးမှာ အခြာလူများ နည်းတူပင် ထိုစကားလုံးကို စဉ်းစားလိုက်ကြကာ အလင်းများ၏ ဝန်းရံမှုကို ခံလိုက်ကြလေတော့သည်။
အင်ပါယာ ကလန်၏ သင်္ဘောထက်၌…
အင်ပါယာ ဧကရာဇ် ထျန်းရှန်းယန် တစ်ယောက်တည်းသာလျှင် ကျန်ရစ်ခဲ့ပေသည်။ ငွေရောင် အလင်းများ ဝန်းရံနေသည့် မဟာမိတ်များ၏ အခြေအနေများကို ကြည့်ရှုရင်း သူ၏ မျက်လုံးများက သံသယ၊ ကြောက်ရွံ့မှုများနှင့် ပြည့်နှက်နေသည်။
ထျန်းရှန်းယန် တစ်ယောက် ယန်ချောင်ယွီ အနားသို့ သွားကာ သူမအား ဝန်းရံထားသည့် အလင်းကို ထိတွေ့ဖို့ ကြိုးစားခဲ့သည်။ သို့သော်လည်း ရုတ်ချည်းပင် အလွန်တရာ ပြင်းထန်ကာ ကြောက်မက်ဖွယ်ကောင်းသည့် သတိပေးချက် တစ်ခုကို သူ အသိစိတ် ပင်လယ် အတွင်းမှ ခံစားလိုက်ရသည်။ အကယ်၍ ရှေ့ဆက်တိုးမည် ဆိုပါက အသက် အန္တရာယ်ကို အာမမခံနိုင်ကြောင်း ၎င်းက သတိပေးနေသလိုပင်။
ထိုသတိပေးချက်က ရှင်းလင်းပေသည်။ သူတို့ အားလုံးမှာ အာရုဏ်ဦး ဧကရာဇ် ၏ အကာအကွယ်အောက်တွင် ရောက်ရှိနေခဲ့ပြီ ဖြစ်သည်။ သူတို့ကို တစ်ခုခု လုပ်ရန် ကြိုးပမ်းခြင်းမှာ အာရုဏ်ဦး အာဏာရှင် ဧကရာဇ်ကို စော်ကားခြင်းနှင့် အတူတူပင် ဖြစ်လေသည်။ နောက်ဆုံး၌ ထျန်းရှန်းယန်မှာ အံကို တင်းတင်းကြိတ်ကာ အဆိပ်သင့် သစ်သားအား ကိုက်ရန်သာ ဆုံးဖြတ်လိုက် လေတော့သည်။
''အာဏာရှင် အင်ပါယာ ဝေ့…”
ထျန်းရှန်းယန် စိတ်ထဲမှ အော်ဟစ်လိုက်၏။ ချက်ချင်းဆိုသလိုပင် ရေတံခွန်ကဲ့သို့ အလင်းတန်း တစ်ခု အပေါ်တည့်တည့်မှ သူ၏ ခန္ဓာကိုယ်ပေါ်သို့ ကျဆင်းလာသည်ကို မြင်လိုက်ရသည်။ သူ မျက်စိမှိတ်လိုက်မိ၏။ ထိုအတွေ့အကြုံက အနည်းငယ် ကြောက်မက်ဖွယ်ကောင်းလွန်းလှသည်။
သို့သော်လည်း ထျန်းရှန်းယန် သူ့ စိတ်ကို တည်ငြိမ်အောင် ထိန်းသိမ်းလိုက်ကာ ဝိညာဉ်နှင့် စိတ်ကို ကာကွယ်ရင်း မိမိကိုယ် မိမိ အဆင်သင့် ပြင်ဆင်လိုက်သည်။
သို့သော်လည်း မျှော်လင့် မထားစွာပင် မည်သည့် ကြောက်မက်ဖွယ် အတွေ့အကြုံကိုမှ သူ ရင်မဆိုင်ခဲ့ရပါချေ။ ညင်သာသော အလင်းမှာ မိခင်၏ ပွေ့ဖက်မှုကဲ့သို့ နွေးထွေးကာ၊ ဖခင်၏ သွန်သင် ဆုံးမမှုများကဲ့သို့ လမ်းညွှန်ပေးပေသည်။
ဘာလုပ်ရမှန်းမသိသော်လည်း… ထျန်းရှန်းယန် သူ၏ ဝိညာဉ် အင်အား ကို အလိုလို ထုတ်ဖော်လိုက်မိရာ အချိန်နှင့် နေရာအနှံ့ 'ပျံသန်းနေသကဲ့သို့' အလွန် အံ့ဩဖွယ် ကောင်းလှသည့် ခံစားချက်ကို ခံစားလိုက်ရသည်။
ထိုအတွေ့အကြုံက သူ၏ အသိစိတ် ပင်လယ်ကို ထူးခြားသော စွမ်းအင်တစ်မျိုးဖြင့် လွှမ်းခြုံသွားစေခဲ့ကာ သူ၏ တွေးတောနိုင်စွမ်းနှင့် စိတ်ပိုင်းဆိုင်ရာ အင်အားများပင် လျင်မြန်စွာ တိုးပွားလာခဲ့သည်။ နှစ်ပေါင်း ထောင်ချီ နေထိုင်ခဲ့သည့် ကောင်းကင် ဧကရာဇ် တစ်ဦးအနေဖြင့် ထိုအရာက သူ့ကို တုန်လှုပ်စေခဲ့သည်။
အဘယ်ကြောင့်နည်း…။ သူ၏ စိတ်ပိုင်းဆိုင်ရာ စွမ်းအင်များမှာ လွန်ခဲ့သော ရာစုနှစ်အချို့ အတွင်း သိသိသာသာ တိုးတက် ပြောင်းလဲမှု တစ်ခုကိုမှ မခံစား ခဲ့ရသောကြောင့်ပင်။
ရုတ်တရက် ထျန်းရှန်းယန် ဝိညာဉ် ထံမှ ဝမ်းမြောက်စွာ အော်ဟစ်သံ တစ်ခုကို ခံစားလိုက်ရပြီး သူ၏ ခန္ဓာကိုယ်မှာလာ်း ပျော်ရွှင်သည့် ခံစားချက်ကို ခံစားရသည်။ ထိုအတွေ့အကြုံတစ်ခုလုံးမှာ အလွန် စွဲလမ်းဖွယ် ကောင်းကာ ပိုမိုလိုချင်စိတ်ကို ဖြစ်ပေါ်စေသည်။
ကံမကောင်းစွာပင်… ကောင်းမွန်သော အရာအားလုံး၌ အဆုံးသတ်ရှိစမြဲ ဖြစ်သည်။
ထျန်းရှန်းယန် ပတ်ဝန်းကျင်ကို ပြန်လည် သတိထားမိသော အခိုက်၌ ပထမဆုံး မြင်လိုက်ရကား…
“ဘုရားရေ…”
မြေကြီးရှန့်ထို တစ်ဦးအနေဖြင့် ထျန်းရှန်းယန်မှာ အဆုံးမဲ့ ပျက်စီးခြင်းများ၊ မမျှော်လင့်သော အဖြစ်အပျက်များ ပြည့်နှက်နေသည့် ထူးဆန်းသော ခေတ်ပေါင်းများကို ဖြတ်သန်းခဲ့ပြီး ဖြစ်သည်။ မျိုးဆက်ပေါင်းများစွာ၏ ထွန်းကားခြင်းနှင့် ပျက်စီးခြင်းများကို သူ မျက်မြင်ကိုယ်တွေ့ ကြုံ တွေ့ခဲ့ရပြီး ဖြစ်ကာ… နှစ်ပေါင်း တစ်သောင်းလျှင် တစ်ကြိမ်သာ ဖြစ်ပေါ်တတ်သည့် နက်ရှိုင်းသော ဖြစ်ရပ်များကိုလည်း မြင်တွေ့ခဲ့ရပြီး ဖြစ်သည်။ ထို့အပြင် အမျိုးမျိုးသော ကြယ်တာရာ နယ်မြေများထံသို့ သွားရောက်ခဲ့ဖူးသူ တစ်ဦးလည်း ဖြစ်သည်။ ထို့ကြောင့်ပင် သူ၏ စိတ်ကို တုန်လှုပ်အောင် လုပ်နိုင်သည့် ကိစ္စ မရှိတော့ဟု လွန်ခဲ့သော ကာလများစွာကပင် သူ ယုံကြည်ခဲ့သည်။
သို့သော် ယနေ့တွင်မူ… ထိုယုံကြည်ချက်မှာ မြစ်ဝသို့ ရောက်သည့် ကြမ်းရှသော သဲများကဲ့သို့ ပြိုလဲပျက်စီးသွားခဲ့ပြီ ဖြစ်သည်။ ၎င်းသည် ခါးသီးစွာ ချိုမြိန်သည့် အရသာရှိကာ၊ ကောင်းကင်ဘုံကို ကျော်လွန်၍ ကြယ်တာရာများကို ပထမဆုံးအကြိမ် တွေ့မြင်ဖူးသော ကလေးငယ် တစ်ဦး၏ အဖြစ်နှင့် တူညီသည်။
ထျန်းရှန်းယန်၏ မျက်စိရှေ့တွင် ရှိသော ကမ္ဘာတစ်ခုလုံးမှာ အံ့သြဖွယ် ကောင်းလောက်အောင် ပြောင်းလဲ သွားခဲ့သည်။ သူ အပါအဝင် ထိုနေရာသို့ ရောက်ရှိလာသူတိုင်း ပထမဆုံး သတိပြုမိသည်မှာ… လောက၏ အစွန်အဖျား တစ်နေရာတွင် ရှိနေသည့် အလွန်တရာ ကြီးမားလှသော အကြေးခွံနှင့် အတောင်ပံပါ သတ္တဝါကြီးများပင် ဖြစ်သည်။ ၎င်းတို့မှာ ခန့်ညား ထည်ဝါလှသော အမူအရာ၊ ရင်သပ် ရှုမောဖွယ် ကောင်းအောင် လှပလှသည့် ပုံသဏ္ဌာန်နှင့် ကောင်းကင်ဘုံအား ထိုးဖောက်နိုင်အောင် တောက်ပလှသည့် အရောင်အဝါများကို ပိုင်ဆိုင်ထားကြသည်။
၎င်းတို့မှာ ကိုယ်ပိုင် ကျင်လည်ရာ နေရာများတွင် လှုပ်ရှားသွားလာနေကြ၏။ အချို့မှာ ရေကူးနေကြကာ၊ အချို့မှာ ပျံသန်းနေကြသည်။ အချို့မှာ သိမ်မွေ့စွာ ရွေ့လျားနေကြပြီး အချို့မှာလည်း ကမ္ဘာဦး သားရဲများကဲ့သို့ မာန်မာန ကြီးမားစွာဖြင့် ငြိမ်သက် နေကြသည်။
နဂါးများ…
မှန်၏။ ၎င်းတို့မှာ နဂါးများ ဖြစ်ကာ စုစုပေါင်း ခုနစ်ကောင် အထိ ရှိသည်။ အဂ္ဂိရတ်ပညာရှင် တိုင်း သတိပြုမိမည့် ထူးခြား အချက် တစ်ခုကား ၎င်းတို့၏ အရောင်များပင် ဖြစ်သည်။ ၎င်းတို့ တစ်ကောင်ချင်းစီမှာ အဂ္ဂိရတ်တာအိုကို ကိုယ်စားပြုသည့် ခြားနားသော အရောင် တစ်ခုချင်းစီကို ပိုင်ဆိုင် ထားကြပေသည်။
နဂါးများမှာ တက်ရောက်လာသူများကို စောင့်ကြည့်နေကြကာ ၎င်းတို့၏ မျက်လုံးများ လှည့်လည်သွားသည့် မည်သည့်နေရာတွင်မဆို… ကျင့်ကြံသူများမှာ အသိစိတ် ပင်လယ် လျင်မြန်စွာ ပြောင်းလဲ တိုးတက်မှုနှင့် စိတ်ပိုင်းဆိုင်ရာ မြင့်တက်မှုများကို သိသိသာသာ ရရှိခဲ့သည်။
နဂါးများ ဝန်းရံထားသည့် အလယ်တွင်တော့ သန်းသိန်း ပေါင်းများစွာသော ပုံရိပ်များ ရှိနေခဲ့သည်။ သူတို့ တည်ရှိနေသော ကမ္ဘာမှာ ဘဲဥပုံသဏ္ဌာန်ရှိကာ ပုံရိပ်များမှာ ၎င်း၏ မျက်နှာပြင်ထက်တွက် စုစည်းနေကြောင်း ဖြစ်ကြောင်း သိသာလှသည်။ သို့သော်လည်း အပေါ်၊ အောက်၊ ဘယ်၊ ညာ… မည်သည့် နေရာကို ကြည့်ကြည့် မြင်တွေ့ရသူတိုင်းမှာ တူညီသော အဆင့် တစ်ခုတွင် ရှိနေသကဲ့သို့ ခံစားကြရသည်။ ထို့အပြင် ထူးဆန်းစွာပင် သူတို့၏ အမြင် အာရုံများမှာ ဧရိယာ မည်မျှပင် ဝေးကွာစေကာမူ ရှင်းလင်း ပြတ်သားစွာ မြင်တွေ့ နေရသည်။
ကြယ်တာရာ အမြုတေ တတိယအဆင့်တွင် ရှိသော အမျိုးသမီး အပ်ချုပ်သမတစ်ဦးမှာ သူမ၏ ဘယ်ဘက်ကို အနည်းငယ် ငုံ့ကြည့်လိုက်ရာ မိသားစု လေးဦး စုဝေးနေသည်ကို တွေ့ရှိ လိုက်ရ၏။
မိခင်၊ ဖခင်နှင့် သမီးနှစ်ဦးတို့ပင်။ သူတို့မှာ ကြီးကျယ် ခမ်းနားလှသော နဂါးများကို ပါးစပ် အဟောင်းသားဖြင့် ကြည့်ရင်း အချင်းချင်း တီးတိုး ပြောဆို နေကြ၏။
''ကြည့်စမ်းပါဦး… မေမေ… အဲ့ဒါ နဂါးတွေလား”
“…”
ဝိညာဉ်ဆင်းတု အဆင့် အပ်ချုပ်သမသမှာ မိမိကိုယ်ကို လုံးဝ မယုံကြည်နိုင် ဖြစ်သွားခဲ့၏။ ထိုမိသားစုမှာ ဤလူအုပ်ကြီးထဲတွင် မပေါ်မလွင် ရှိနေခြင်း ဖြစ်သည်။ သို့သော်လည်း သူမမှာ သူတို့၏ နံဘေးတွင် ကပ်၍ ရှိနေသကဲ့သို့ မြင်တွေ့နေရကာ ကလေးမလေး၏ သိလိုစိတ်ပြင်းပြသော အသံကိုကို ကြားနေရသည်။
သူမ တစ်ခြား အရပ်မျက်နှာများကိုလည်း လှည့်ကြည့်လိုက်၏။ စောနက မိသားစုလေးကို တွေ့မြင်ရသည်နှင့် ခြားနားခြင်း မရှိပါချေ။ ထိုခံစားချက်က ထူးဆန်းကာ စိတ်ကူးယဉ်ဆန်ပေသည်။
အမြင်အာရုံနှင့် အကြား အာရုံများကိုပင် ထိန်းချုပ်နိုင်ခြင်းမှာ အပြစ်အနာအဆာ မရှိလောက်အောင် အံ့သြဖွယ်ကောင်းလှသည်။ မိန်းကလေးက စောစောပိုင်းက မိသားစုကို ပြန်ရှာရန် ဆုံးဖြတ်လိုက်ရာ ချက်ချင်းပင် သူမမှာ သူတို့၏ နံဘေးတွင် ရောက်ရှိနေသလို ခံစားလိုက်ရသည်။
အမျိုးသမီးငယ်၏ နှလုံးသားမှာ တုန်လှုပ်သွားခဲ့၏။ အဘယ်ကြောင့်ဆိုသော် တစ်ချိန်လုံး တိတ်ဆိတ်နေသည့် ကလေးမလေးမှာ သူမဘက်သို့ လှည့်ကြည့်လာခဲ့သောကြောင့်ပင်။
“ဟိုင်း…”
ရုတ်တရက် ကလေးမလေးက အပြစ်ကင်းစွာ ပြုံးလျက် လက်ဝှေ့ယမ်း နှုတ်ဆက်လိုက်လေ၏။
***