← Chapters

အဂ္ဂိရတ် ကုန်စည်ပြပွဲ တရားဝင် စတင်ခြင်း

Vol. 101 Ch. 1408

အဂ္ဂိရတ် ကုန်စည်ပြပွဲ တရားဝင် စတင်ခြင်း

Vol. 101 Ch. 1408

တစ်နာရီကြာပြီးနောက်...

ဟူး... ဟူး...

အရုဏ်ဦး မြူခိုးများမှာ ပြန်လည် ကျုံ့ဝင်သွားခဲ့၏။ မရေမတွက်နိုင်သော လူများမှာ ကောင်းကင် ဆုလာဒ်များ သူတို့ထံမှ ပြန်လည် ထွက်ခွာသွားသည်ကို ကြည့်ရင်း စိတ်ထဲ၊ နှလုံးသားများထဲမှ ငိုကြွေး လိုက်မိကြသည်။

“နောက်ထပ် စက္ကန့် နည်းနည်းလောက် ထပ်မပေးနိုင်ဘူးလား...”

“ငါ ချီအမတေ ၉၉ ခုကို ရောက်ဖို့ အရမ်းကို နီးကပ်နေပြီလေ”

လွန်ခဲ့သည့် တစ်နာရီခန့်လောက် အကြာက ယန်ဖွံ့ဖြိုးခြင်းအဆင့်တွင်သာ ရှိနေခဲ့သေးသော ချီပျစ်ခဲခြင်း အဆင့်ကိုး ကျင့်ကြံသူတစ်ဦးက စိတ်နှလုံး ကြေကွဲစွာ အော်ဟစ်လိုက်၏။

တစ်နာရီ အတွင်းမှာပင် သူက ချီပျစ်ခဲခြင်း အဆင့်ငါးမှ အဆင့်ကိုးထိ ခုန်တက်သွားခဲ့ခြင်း ဖြစ်သည်။ ထို့အပြင် အခြေခံအုတ်မြစ်၏ ကန့်သတ်ချက်များကိုပင် ချိုးဖျက်နိုင်လုနီးပါး အထိ ရောက်ရှိခဲ့သည်။ ၎င်းကား မကြုံစဖူး ကိစ္စ တစ်ရပ် ဖြစ်ပေသည်။

သို့သော်လည်း... သူ တစ်ယောက်တည်းသာလျှင် အလားတူ တိုးတက်မှုများကို ကြုံတွေ့ခဲ့ရခြင်း မဟုတ်ချေ။ ကြယ်တာရာ ကပ်ဘေးများနှင့်ပင် ရင်ဆိုင်နေရသည့် ကျင့်ကြံသူများ ရှိကာ သူတို့မှာ ဧဒင်ကမ္ဘာမှ ခဏတာ ပျောက်ကွယ် သွားခဲ့ကြသည်။

ကပ်ဘေးများအား ရင်ဆိုင်နေစဉ် အတွင်းတွင်ပင် အရုဏ်ဦး မြူခိုးများမှာ ပျောက်ကွယ် မသွားပဲ သူတို့အား သွယ်ဝိုက်သော နည်းလမ်းဖြင့် ကူညီပေးနေသည်ကို တွေ့ရှိခဲ့ကြရသည်။ ပါရမီ မြင့်မားသည့် ကျင့်ကြံသူ တစ်ချို့ ဆိုလျှင် ကြယ်တာရာ အမြုတေ အဆင့်တစ်မှ အဆင့်လေး အထိ တစ်ခါတည်း ခုန်တက်သွားခဲ့ကြသည်။ ထို့အပြင် သူတို့မှာ အနည်းဆုံး အာကာသ ပဲ့တင်သံလှိုင်း ခုနစ်လှိုင်း အထိကို ရရှိခဲ့ကြသည်။

တစ်နာရီလေး...

ထိုအရာက တစ်နာရီလေးသာ ရှိပေသေးသည်။ ထိုတစ်နာရီလေး အတွင်းမှာပင် သူတို့မှာ မရေမတွက်နိုင်သည့် ကောင်းချီးများ ရရှိခဲ့သည်။

လူအုပ်ကြီးမှာ ပိုမို၍ ဆူညံ ပွက်လောရိုက်လာကာ မျှော်လင့်ချက်များဖြင့် ပြည့်နှက်လာခဲ့ကြသည်။ ဤသည်မှာ အာရုဏ်ဦး အဂ္ဂိရတ် ကုန်စည်ပြပွဲလော။ အခြား မည်သည့် အရာများ ရှိဦးမည်နည်း။

“ဒါက အရမ်းကို များလွန်းနေပြီ မလား...”

အင်ပါယာ မျိုးနွယ်ဝင် မင်းသား တစ်ယောက်က တအံ့တဩဖြင့် ထျန်းလင်းယုကို မေးခွန်းထုတ်လိုက်၏။ အရုဏ်ဦး မြူခိုးမှာ ထိပ်တန်း အင်အားစုများပင်လျှင် ဘယ်တော့မှ မဖြုန်းတီးသည့် အဆင့်မြင့် ရင်းမြစ် တစ်ခု ဖြစ်သည်။ သို့သော်လည်း ယခုတွင်တော့ ၎င်းမှာ လူထရီလျံပေါင်းများစွာကို ချီးမြှင့်ခဲ့သည့် အာရုဏ်ဦး အဂ္ဂိရတ် ကုန်စည်ပြပွဲ၏ ပထမဆုံး ကောင်းချီးမျှသာ ဖြစ်နေခဲ့သည်။

“အဂ္ဂိရတ် ကုန်စည်ပြပွဲတွေဟာ အဂ္ဂိရတ်ပညာရှင်တွေရဲ့ မာနပြိုင်ပွဲ တွေပဲလေ... သူတို့ရဲ့ စွမ်းရည်တွေ၊ နည်းလမ်းတွေနဲ့ သူတို့ ပိုင်ဆိုင်ထားတဲ့ တောက်ပတဲ့ အနာဂတ်တွေကို ပြသဖို့ အခွင့်အရေးပဲ...”

ကောင်းကင် ဧကရာဇ်ပိုင်က ဆိုလိုက်၏။ သူ့ အနေဖြင့် အချိန် သင်္ကေတကို ရရှိရန် အလွန် နီးကပ်နေပြီဟု ခံစားရသည်။ ရက်အနည်းငယ်သာ လိုပေတော့သည်။

“အမှန်ပဲ... သူတို့အတွက် ဘယ်တော့မှ များတယ်ဆိုတာ မရှိဘူး”

ထျန်းရှန်းယန်ကလည်း ထပ်လောင်း ပြောကြားလိုက်၏။ သူ၏ မျက်နှာက အနည်းငယ် မကျေမနပ် ဖြစ်သည့် အငွေ့အသက်များနှင့် ပြည့်နှက် နေခဲ့သည်။ အဘယ်ကြောင့်နည်း။ အခြားလူများကို အံ့သြစွာ ကြည့်ရှုခြင်းဖြင့် အချိန် တစ်မိနစ်ခန့် ဖြုန်းတီးခဲ့ရသောကြောင့် ဖြစ်သည်။ ထိုတစ်မိနစ်ကို သူ ဘယ်တော့မှ ပြန်လည်ရရှိ နိုင်တော့မည် မဟုတ်ချေ။

...

ဧဒင်ကမ္ဘာ အတွင်းရှိ လျှို့ဝှက် နေရာတစ်ခုတွင်တော့...

ဝေ့ဝူယင်မှာ အရုဏ်ဦး မြူခိုးအား သန့်စင်နေသည့် ကျင့်ကြံသူပေါင်းများစွာကို စောင့်ကြည့်နေခဲ့သည်။ သူ၏ ငွေရောင်မျက်လုံးများမှာ တွက်ချက်မှု အလင်းရောင်များဖြင့် တဖျပ်ဖျပ် တောက်ပနေခဲ့လေ၏။ သူ၏ နံဘေးတွင်တော့ ချောင်စွေ့ဖုန်း ရှိနေခဲ့သည်။

“ရှင် ဖြေရှင်းပြီးပြီလား...”

မိန်းကလေးက မျှော်လင့်တကြီး မေးလိုက်၏။ ဝေ့ဝူယင်က ခေါင်းညိတ် ပြလိုက်သည်။

“အများကြီး ကြိုးစားလိုက်ရတယ်... အရင်းအမြစ်တွေ ဆိုတာလည်း ကုန်ကျလိုက်တာကို”

အခြားသူများ မည်ကဲ့သို့ပင် ထင်မြင်နေသည် ဖြစ်စေ... ဝေ့ဝူယင်မှာ ကုန်ကျစရိတ်ကြောင့် နှလုံးသားထဲတွင် နာကျင်မှုကို ခံစားနေခဲ့ရသည်။

“ဘာပဲဖြစ်ဖြစ်လေ... ဒါက မြန်နှုန်းမြင့် စမ်းသပ်မှုရဲ့ တန်ဖိုးပဲပေါ့...”

ဝေ့ဝူယင် ပခုံးတွန့်လိုက်သည်ကို ကြည့်ရင်း ချောင်စွေ့ဖုန်း တစ်ယောက် ပြုံးလိုက်မိ၏။ ဝေ့ဝူယင် တစ်ဦးတည်းသာလျှင် ထိုမျှ များပြားလှသော အစမ်းသပ်ခံ စေတနာ့ ဝန်ထမ်းများနှင့် သူ့ စမ်းသပ်မှုများကို လုပ်ဆောင်ရန် ရဲဝံ့ပေလိမ့်မည်။

“ကျွန်မ ကြည့်ပါရစေဦး...”

သူမက တောင်းဆိုလိုက်၏။ ဝေ့ဝူယင် သူ၏ လက်ဖဝါးကို မြှောက်ကာ ကောင်းကင်ဘက်သို့ မျက်နှာမူလိုက်သည်။

ဝှစ်....

ချက်ချင်းပင် ခရမ်းရွှေရောင် မြူခိုးလုံးကြီးတစ်လုံး ပေါ်ထွက်လာခဲ့၏။ မြူခိုးလုံးမှာ သူ၏ လက်ဖဝါးအတွင်း တည်ငြိမ်စွာ လွင့်မျောနေကာ အနည်းငယ် လှည့်ပတ်ရင်း ခပ်သဲ့သဲ့ ငွေရောင် တောက်ပမှုတစ်ခုကို ထုတ်လွှတ်နေခဲ့သည်။ ခရမ်းရွှေရောင် မြူခိုးများကို ကြည့်ရင်း ချောင်စွေ့ဖုန်း၏ မျက်လုံးများက လင်းလက်လာခဲ့၏။

“ဒါက တည်ငြိမ်သွားပြီလား...”

သူမက မေးလိုက်သည်။ ဝေ့ဝူယင် အလေးအနက် အမူအရာဖြင့် ခေါင်းညိတ်ပြလိုက်၏။

“အင်း... ဒါက အရုဏ်ဦး မြူခိုးရဲ့ ပြီးပြည့်စုံတဲ့ အခြေအနေပဲ... ကျုပ် ကိုယ်တိုင် သီအိုရီ ထုတ်ထားတဲ့ လျှို့ဝှက် မြေကြီးအဆင့် အဂ္ဂိရတ် ထုတ်ကုန် အတွက် အဓိက ပါဝင်ပစ္စည်း ဖြစ်လာလိမ့်မယ်... အဲဒီ ထုတ်ကုန်က သေမျိုးနယ်ပယ် သုံးခု၊ လျှို့ဝှက် အာဏာရှင် အဆင့် လေးဆင့်နဲ့ ပြီးပြည့်စုံအောင် သဟဇာတ ဖြစ်လိမ့်မယ်”

ချောင်စွေ့ဖုန်း၏ လက်များ အနည်းငယ် တုန်ရီ သွားခဲ့၏။

“ဒါပေမယ့် တကယ်ပဲ အဆင်ပြေပါ့မလား...”

ဝေ့ဝူယင်က ယုံကြည်ချက် အပြည့်ဖြင့် ပြုံးလိုက်သည်။

“ဒါပေါ့... ဒီထုတ်ကုန်က လျှို့ဝှက် မြေကြီးအဆင့် အဂ္ဂိရတ် ထုတ်ကုန်တွေထဲမှာ သေမျိုးကျင့်ကြံသူတွေ သန့်စင်နိုင်မယ့် ပထမဆုံး ထုတ်ကုန် ဖြစ်လာလိမ့်မယ်”

ဝေ့ဝူယင်က သူ၏ နောက်ထပ် အတွေးကိုတော့ ချောင်စွေ့ဖုန်းထံ ထုတ်ဖော် ပြောကြားခြင်း မပြုခဲ့ပါချေ။

“နောက်ပြီ‌ ဒါက ငါ့ဘဝမှာ ကြယ်တာရာ အမြုတေ အဆင့်ရဲ့ ထိပ်ဆုံးကို ရောက်ဖို့ အတွက် တစ်ခုတည်းသော အခွင့်အရေးပဲ။”

ကြယ်အမြုတေ အဆင့်ကို ရောက်ရှိ ပြီးနောက် ဝေ့ဝူယင်မှာ ကျင့်ကြံမှု အတွက် လျှို့ဝှက် မြေကြီးအဆင့် အဂ္ဂိရတ် ထုတ်ကုန်များကို သန့်စင်နိုင်စွမ်း ရှိလာခဲ့သော်လည်း... ၎င်းတို့မှာ လျှို့ဝှက် ရည်ရွယ်ချက်ကို နားလည်စေခြင်း၊ လျှို့ဝှက် အမတေများကို လျှို့ဝှက် မျိုးစေ့များ အတွင်း စုပ်ယူခြင်းမှလွဲ၍ အခြား မည်သည့်အရာ အတွက်မျှ အလွန်အမင်း ထိရောက်မှု မရှိကြောင်း နားလည်လာခဲ့သည်။ သူ၏ အခြေခံ အုတ်မြစ်က သိသိသာသာ မြင့်တက်လာခဲ့ခြင်း မရှိပါချေ။

ထို့ကြောင့်ပင် ကျင့်ကြံခြင်း အခြေခံ မြှင့်တင်ရာတွင် သူ ခါတိုင်း အသုံးပြုသည့် ကြယ်တာရာ ပဲ့တင်ထပ်ခြင်းလို ဆေးမျိုးကို သာမန် အဆင့်ထက် အဆပေါင်းများစွာ ပိုမို မြှင့်တင်ဖို့ လိုအပ်လာခဲ့သည်။ ကံဆိုးစွာပင် ထိုကဲ့သို့ လုပ်ဆောင်နိုင်သည်မှာလည်း လျှို့ဝှက် တာအိုသာ ရှိပေသည်။ ထို့ကြောင့်ပင် လျှို့ဝှက်တာအိုနှင့် သေမျိုးတာအိုတို့ အကြား ပြီးပြည့်စုံစွာ ပေါင်းကူးပေးနိုင်မည့် တံတား တစ်စင်းကို သူ လိုအပ်လာခဲ့သည်။ အဆိုပါ သဟဇာတ ဖြစ်မှုကို ဖန်တီးရန် အတွက် အာရုဏ်ဦး အဂ္ဂိရတ် ကုန်စည်ပြပွဲ တက်ရောက်လာခဲ့သည့် အလွှာပေါင်းစုံသော လူများအား စမ်းသပ်ခံ အဖြစ် အသုံးပြုခြင်းမှ အပ အခြား ရွေးချယ်စရာ မရှိခဲ့ပါချေ။

“ရှင် အဆင်သင့် ဖြစ်ပြီလား...”

ချောင်စွေ့ဖုန်းက မေးလိုက်၏။ သီအိုရီ ထုတ်ထားသည့် အဂ္ဂိရတ် ထုတ်ကုန်အတွက် အဓိက ပါဝင်ပစ္စည်းကို အောင်မြင်စွာ ဖန်တီးနိုင်ခဲ့သည့် အတွက် စိတ်သက်သာရာ ရမိသော်လည်း ဝေ့ဝူယင်ထံတွင် အခြား လုပ်ဆောင်စရာ များစွာ ကျန်နေသေးသည်။

“ဒါပေါ့...”

ပြီးပြည့်စုံသည့် အရုဏ်ဦး မြူခိုးကို သိမ်းဆည်းလိုက်ပြီးနောက် ဝေ့ဝူယင်က ဧဒင်ကမ္ဘာ အတွင်းရှိ ထရီလျံပေါင်း များစွာသော လူများဘက်သို့ လှည့်ကြည့်လိုက်သည်။

“အချိန်ကျပြီ... စလိုက်ကြတာပေါ့...”

***

All Chapters