ပထမဆုံး အဂ္ဂိရတ် ထုတ်ကုန်
Vol. 101 Ch. 1409
အာရုဏ်ဦး အဂ္ဂိရတ် ကုန်စည်ပြပွဲ၏ ပထမဆုံးသော ‘တရားမဝင်’ တစ်နာရီမှာ ဤပြပွဲက ထူးခြား ဆန်းကြယ်လိမ့်မည် ဖြစ်ကြောင်း ကျင့်ကြံသူပေါင်း မြောက်များစွာ၏ ယုံကြည်ချက်များကို အတည်ပြုပေးခဲ့သည်။
ထိုတစ်နာရီတွင် ဝေ့ဝူယင်သည် သူတို့ ယခင်က တစ်ခါမှ မကြားခဲ့ဖူးသော အာရုဏ်ဦး မြူခိုးဆိုသည့် ရင်းမြစ်ကို မိတ်ဆက်ပေးခဲ့သည်။ ၎င်းမှာ အံ့ဖွယ်ကောင်းလောက်အောင် အစွမ်းထက်သည့် ရင်းမြစ် တစ်ခု ဖြစ်ကာ ခဏတာမျှသာ ကျင့်ကြံခဲ့ရသော်လည်း သူတို့ အတွက် အံ့သြဖွယ်ရလဒ်များကို ဆောင်ကြဉ်းပေးခဲ့သည်။
အချို့သော ကျင့်ကြံသူများမှာ သူတို့၏ ကျင့်ကြံခြင်း အခြေခံများတွင် သိသိသာသာ တိုးတက်မှုများ ကြုံတွေ့ခဲ့ရပြီး အချို့မှာလည်း နိုးထပြီးသော ရည်ရွယ်ချက် အမျိုးမျိုးကို ရရှိခဲ့ကြသည်။ အဂ္ဂိရတ် ကုန်စည်ပြပွဲကို တက်ရောက်လာသည့် ထရီလျံပေါင်း များစွာသော လူများထဲတွင် ကျင့်ကြံသူ အများအပြားမှာ သူတို့၏ ပါရမီ၊ နားလည်နိုင်စွမ်းနှင့် ရင်းမြစ် ရရှိမှုနိုင်မှု အကန့်အသတ်များကြောင့် မူလ ကျင့်ကြံခြင်းအဆင့်တွင်သာ ရပ်တန့်နေခဲ့ကြကာ အာရုဏ်ဦး မြူခိုးမှာ သူတို့ကို အဆိုပါ ငရဲကဲ့သို့သော အခြေအနေမှ လွတ်မြောက်အောင် ကူညီပေးခဲ့သည်။ သူတို့မှာ ဆယ်စုနှစ်၊ ရာစုနှစ် သို့မဟုတ် ထောင်စုနှစ်ပေါင်း များစွာကြာအောင် ဆုံးရှုံးခဲ့ရသော တိုးတက်မှုများကို ပြန်လည်ရရှိခဲ့ကြသည်။
လင်းမင်မှာ လင်းရှန်းရှဲ့ နံဘေးတွင် တင်ပျဉ်ချိတ်၍ ထိုင်နေခဲ့၏။ ခန္ဓာကိုယ် အတွင်းရှိ ပါရမီ ပြောင်းလဲမှုများကို စစ်ဆေးကြည့်ရင်း သူ၏ မျက်လုံးများက စိတ်လှုပ်ရှားမှု အလင်းရောင်များဖြင့် တဟုန်ထိုး တောက်ပနေသည်။
"ဧကရီ လိမ်မပြောခဲ့ဘူး..."
စိတ်ထဲမှ မှတ်ချက်ချလိုက်ရင်း လင်းမင်၏ နှလုံးသားမှာ ပြင်းထန်စွာ တုန်ရီနေ၏။ သူ ပိုင်ဆိုင်ထားသည့် သန့်စင်မှုနှုန်းထားမှာ ယခင်ကနှင့် ယှဉ်လျှင် အဆင့်အနည်းငယ် မြင့်တက်လာသည်ဟု ခံစားမိသည်။
လင်းရှန်းရှဲ့၏ လှပသော ရွှေရောင်မျက်လုံးများကလည်း ပျော်ရွှင်မှုတို့နှင့် ပြည့်နှက်နေသည်။ နူးညံ့စွာ ပြုံးလိုက်သော အခိုက်၌ ဧဒင်ကမ္ဘာ အတွင်းတွင် သူမ၏ အံ့သြဖွယ် ကောင်းသော အလှတရားမှာ ထင်ရှားစွာ ပေါ်လွင် လာခဲ့သည်။ သို့သော်လည်း ဘေးနားရှိ လင်းမင်၏ တွေဝေနေသော အမူအရာကို မြင်လိုက်ရသော အခိုက်၌ သူမ၏ နှုတ်ခမ်းထက်ရှိ အပြုံးက တဖြည်းဖြည်း မှေးမှိန်သွားကာ အမူအရာမှာလည်း ပြန်လည် တည်ငြိမ်သွားခဲ့သည်။
“ဒါ ပထမဆုံး ကံကောင်းခြင်းပဲ ရှိသေးတယ်... အဂ္ဂိရတ် ကုန်စည်ပြပွဲ တွေမှာ စုစုပေါင်း ကောင်းချီး ခုနစ်ခု ရှိတယ်ဆိုတာ မှတ်ထားပါ... ဒါပေမယ့် အဲဒီ ကောင်းချီးတွေကို ဒီတစ်ခါလိုမျိုး လူတိုင်း ရနိုင်တာ မဟုတ်ဘူး"
လင်းရှန်းရှဲ့က ထိုင်ရာမှ ထရပ်ရင်း ရှင်းပြလိုက်၏။
"လူတိုင်း မရနိုင်ဘူးဆိုတာ ဘာကိုဆိုလိုတာလဲ... အမလင်း..."
လင်းမင်က လင်းရှန်းရှဲ့၏ နံဘေးတွင် လိုက်လံ ရပ်လိုက်သည်။ အဂ္ဂိရတ် ကုန်စည်ပြပွဲ ကျင်းပမည် ဖြစ်ကြောင်း စတင် ကြေညာခဲ့သည့် နေ့ကတည်းက 'ကောင်းချီး' ဆိုသော အရာမှာ သေချာပေါက် ရှိနေလိမ့်မည် ဖြစ်ကြောင်း အကြီးအကဲပေါင်းများစွာ ပြောကြားသည်ကို သူ ကြားခဲ့ရသည်။
ပုံမှန်အားဖြင့် အဂ္ဂိရတ် ကုန်စည်ပြပွဲ သို့ ဖိတ်ကြားခံရခြင်းမှာ လူအများစု မရရှိနိုင်သည့် အဖိုးတန် သီးသန့် အခွင့်အရေးတစ်ခု ဖြစ်သည်။ ထို့ကြောင့်ပင် ရွေးချယ်ခံရပြီး ကံကောင်းသော လူအနည်းငယ်သာလျှင် အဆိုပါ ကောင်းချီးများနှင့် ပတ်သက်သော အသေးစိတ်အချက်အလက်များကို သိရှိကြပေသည်။
လင်းရှန်းရှဲ့က လင်းမင်၏ မေးခွန်းကို ကြားဟန် မရပဲ မိခင်ဖြစ်သူကိုသာ အနီးကပ် ချိတ်ဆက်မှု အသုံးပြုု၍ ရှာဖွေလိုက်သည်။
"ရှဲ့အာ... ကုန်စည်ပြပွဲ ပြီးရင် အမေ သမီးကို လာရှာမယ်..."
ရုတ်တရက်... နားအတွင်း ပဲ့တင်ထပ်လာသည့် မိခင်ဖြစ်သူ၏ အသံကို ကြားလိုက်ရလေရာ လင်းရှန်းရှဲ့ မှာ အနည်းငယ် တုန်ယင်သွားခဲ့၏။
မိခင်ဖြစ်သူမှာ အလွန်နီးကပ် နေသကဲ့သို့ ထင်ရသောလည်း တစ်ချိန်တည်း၌ မဖြစ်နိုင်လောက်အောင် ဝေးကွာလွန်းလှလေရာ မိန်းကလေး၏ စိတ်ထဲတွင် သွေဖည်မှုနှင့် ရှုပ်ထွေးမှု လက္ခဏာများ ပေါ်ပေါက် လာခဲ့သည်။ ထိုအခိုက်တွင်ပင် မညီညွတ်မှုသော ခံစားချက်များကို ရှင်းလင်းပေးသည့် နဂါးဟောက်သံ သဲ့သဲ့လေး ပဲ့တင်ထပ်လာခဲ့သည်။
"အမလင်း..."
လင်းမင် က ခေါ်လိုက်၏။ ထိုကဲ့သို့ သွေဖီမှုများ၊ မညီညွှတ်မှုများနှင့် ရင်ဆိုင်နေရသည်က လင်းရှန်းရှဲ့ တစ်ယောက်တည်းသာ မဟုတ်ချေ။ သို့သော်လည်း... ကမ္ဘာလောကကို စောင့်ရှောက်နေသည့် နဂါးမျာ်မှာ ထိုလက္ခဏာအားလုံးကို သတိထားမိကာ ဖြေရှင်း ပေးနေကြစမြဲ ဖြစ်သည်။
နောက်ဆုံး၌... စိတ်သက်သာရာရမှု လှိုင်းတစ်ခုက နှလုံးသား အတွင်း ပြန်လည် စီးဆင်းဝင်ရောက်လာကာ လင်းရှန်းရှဲ့ တစ်ယောက် ကိုယ့်ကိုယ်ကို ပြန်လည် ထိန်းချုပ်လာနိုင်ခဲ့သည်။ ထိုအခါတွင်မှ သူမမှာ လင်းမင်၏ မေးခွန်းကို သတိရသွားခဲ့၏။
"အဂ္ဂိရတ် ကုန်စည်ပြပွဲရဲ့ ကံကောင်းခြင်း ဒါမှမဟုတ် ကောင်းချီးကို ခုနစ်ပိုင်း ခွဲခြားထားတယ်... ဒါပေမယ့် ပုံမှန် အဂ္ဂိရတ် ကုန်စည်ပြပွဲ အများစုမှာ အာရုဏ်ဦး မြူခိုးလို ကံကောင်းခြင်းတွေကို ဒီအတိုင်း လူတိုင်းကို ပေးလိုက်တာ မဟုတ်ဘူး... ယှဉ်ပြိုင်လုရတဲ့ ပြိုင်ပွဲ တစ်ခု ပုံစံမျိုး ပါတယ်... ဒါကြောင့်မလို့ အကြီးအကဲ တုဟန်က ရလာသမျှ အခွင့်အရေးတိုင်းကို ဖမ်းဆုပ်ဖို့ နင့်ကို အစောကတည်း ညွှန်ကြားခဲ့တာ..."
"နားလည်ပြီ..."
လင်းမင် ခေါင်းညိတ်လိုက်၏။ နောက်ဆုံး၌ လူငယ်မျိုးဆက်များ အဂ္ဂိရတ် ကုန်စည်ပြပွဲ အတွက် အဘယ်ကြောင့် ဤမျှ စိတ်လှုပ်ရှားနေကြသည်ကို သူ သဘောပေါက် သွားခဲ့ပြီ ဖြစ်သည်။
"ဒါနဲ့... အမ... အဲဒီလို ပြိုင်ပွဲတွေက လူငယ်မျိုးဆက်တွေ အတွက်ပဲ ကန့်သတ်ထားတာလား..."
"အဂ္ဂိရတ်ပညာရှင် အပေါ် မူတည်တယ်... ပုံမှန်ဆိုရင် ပထမဆုံး ပေးတဲ့ ကောင်းချီးက နောက်ထပ် ဘာတွေ ဆက်ဖြစ်မယ်ဆိုတာကို အခြေခံ အုတ်မြစ်ကို ချလေ့ရှိကြတယ်... ပထမဆုံး တစ်ခုက လူငယ်မျိုးဆက်တွေ ဆိုရင် နောက်ထပ် ခြောက်ပွဲကလည်း လူငယ်မျိုးဆက်တွေအတွက်ပဲ ကန့်သတ်ထားတဲ့ သဘော သက်ရောက်လိမ့်မယ်... အကြီးအကဲ မျိုးဆက်တွေ အတွက်၊ အဂ္ဂိရတ်ပညာရှင်တွေ အတွက် ဒါမှမဟုတ်လည်း တစ်ခါတစ်လေမှာ ကျင့်ကြံခြင်း နည်းလမ်းနဲ့ ကန့်သတ်ထားတာမျိုးတွေလည်း ရှိတယ်"
"ဒါဆို ဒီတစ်ကြိမ်ကရော ဘယ်သူ့အတွက် ရည်ရွယ်တာလဲ... အမ"
လင်းမင်က မေးလိုက်၏။ လင်းရှန်းရှဲ့က ခေါင်းခါလိုက်သည်။ သူမ ကိုယ်တိုင်လည်း ထိုမေးခွန်းကို အဖြေရှာရန် မိခင်အား ဆက်သွယ်ဖို့ ကြိုးပမ်းခဲ့ပေသေးသည်။ ကံမကောင်းစွာပင် သူမ ကျရှုံးခဲ့သည်။
"ငါ သေချာ မပြောနိုင်ဘူး... ဒါပေမယ့် ငါ့အထင် ပြောရရင် ကျင့်ကြံသူတိုင်း အတွက် ကောင်းချီးကို ရရှိဖို့ အခွင့်အရေး ရှိလိမ့်မယ် ထင်တယ်..."
မိန်းကလေးက ဧဒင်ကမ္ဘာ တစ်ခုလုံးကို လှည့်ပတ် ကြည့်ရှုလိုက်၏။ လျှို့ဝှက် အာဏာရှင် အဆင့်များပင်လျှင် အာရုဏ်ဦး မြူခိုးထံမှ ကောင်းချီးကို ခံစားခဲ့ရသည်။ ၎င်းက မကြုံစဖူး ကိစ္စတစ်ရပ် ဖြစ်ပေသည်။
“အဂ္ဂိရတ် ကုန်စည်ပြပွဲတွေမှာ အဂ္ဂိရတ် ပညာရှင်က သူ ဖော်စပ်ထားတဲ့ ထုတ်ကုန် အသစ်ကို မိတ်ဆက်ပြသတာမျိုးတွေလည်း ရှိတယ်မလား... အမ… အဲဒါတွေကရော ကောင်းချီးထဲမှာ ပါလား”
လင်းမင်က မေးလိုက်၏။ ဝေ့ဝူယင်မှာ သေမျိုးအဆင့်နှင့် လျှို့ဝှက်အာဏာရှင် အဆင့်များ အပါအဝင် ကျင့်ကြံသူတိုင်း ထိရောက်စွာ အသုံးပြုနိုင်မည့် အဂ္ဂိရတ် ထုတ်ကုန်တစ်ခုကို ထုတ်ဖော်ပြသဖို့ ကြိုးပမ်းနေသည် ဟုပင် သူ တွေးလိုက်မိသည်။ လင်းမင်၏ စကားကြောင့် လင်းရှန်းရှဲ့၏ မျက်လုံးများမှာ တောက်ပသွားခဲ့၏။
"ဟုတ်တယ်…. အဂ္ဂိရတ် ကုန်စည်ပြပွဲ ရဲ့ အဓိက ကံကောင်းခြင်းတွေထဲက တစ်ခုက ပရိသတ်အားလုံးရဲ့ ရှေ့မှာ အဂ္ဂိရတ် ပညာရှင် ဖော်ပြလာတဲ့ ထုတ်ကုန်ကို သန့်စင်ပိုင်ခွင့်ပဲ... ရွှေလေလံပွဲတုန်းကလို ပုံစံမျိုးနဲ့ အရမ်းတူတယ်”
အာရုဏ်ဦး အဂ္ဂိရတ် ကုန်စည်ပြပွဲ၏ ဖြစ်နိုင်ခြေရှိသည့် အလားအလာများကို ဆွေးနွေးနေသည်က လင်းမင်နှင့် လင်းရှန်းရှဲ့တို့ နှစ်ယောက်တည်း မဟုတ်ချေ။ အာရုဏ်ဦး မြူခိုးများကို အစုလိုက် အပြုံလိုက် ထုတ်လွှတ်ပေးခဲ့သည့် ဝေ့ဝူယင်၏ လုပ်ရပ်မှာ ဧဒင်ကမ္ဘာထဲမှ ကျင့်ကြံသူပေါင်းများစွာ၏ စိတ်လှုပ်ရှားမှုများကို မြှင့်တင်ပေးခဲ့သည့် အပြင် အဂ္ဂိရတ် ကုန်စည်ပြပွဲ အတွက် ဝေ့ဝူယင် မည်ကဲ့သို့ ထုတ်ကုန်မျိုးကို ထုတ်ဖော်ပြမည် ဖြစ်ကြောင်း မှန်းဆ နေကြပြီ ဖြစ်လေသည်။
"အားလုံးပဲ..."
ဧကရီ ရှောင်ချွမ်း၏ ပုံရိပ်က နောက်တစ်ကြိမ် ပြန်လည်၍ ပေါ်ထွက်လာခဲ့၏။ ကျင့်ကြံခြင်း၌ နစ်မြုပ်နေဆဲ ဖြစ်သူများမှာ ဧဒင်ကမ္ဘာ၏ အာနိသင်များဖြင့် ညင်သာစွာ နိုးထလာခဲ့ကြကာ ကျင့်ကြံမှု သွေဖီခြင်းမှ ကင်းဝေးစေခဲ့သည်။ ဝေ့ဝူယင်မှာ ဤဧဒင်ကမ္ဘာကို စနစ်တကျ စီစဉ်မှုများ၊ ဂရုစိုက်မှုများနှင့် ဖန်တီး ထားခဲ့ကြောင်း လူတိုင်း သိရှိနိုင်ပေသည်။
"ဒီအချိန်က စတင်ပြီးတော့ အာရုဏ်ဦး အဂ္ဂိရတ် ကုန်စည်ပြပွဲကို တရားဝင် စတင်လိုက်ပြီ ဖြစ်တဲ့ အကြောင်း တရားဝင် ကြေညာလိုက်ပါတယ်... ကျွန်မ ထျန်းရှောင်ချွမ်းက လူကြီးမင်းတို့ အားလုံးကို ကြိုဆိုပြီး ကောင်းမွန်တဲ့ ကံကြမ္မာနဲ့ ခံစားမှုတွေ ရရှိဖို့ ဆုတောင်းလိုက်ပါတယ်"
အဆုံးမဲ့ ကောင်းကင် ကြယ်တာရာ နယ်မြေ နံပါတ်တစ် အလှမယ်၏ အသံက လူတိုင်း၏ အာရုံများကို ဖမ်းစားထားခဲ့၏။ အမျိုးသားရော၊ အမျိုးသမီးရော... ကျင့်ကြံသူပေါင်းများစွာမှာ သူမကို မျှော်လင့်ချက် ကင်းမဲ့စွာဖြင့် နှစ်သက်မြတ်နိုး နေခဲ့ကြပြီ ဖြစ်သည်။
"အဂ္ဂိရတ် ကုန်စည်ပြပွဲရဲ့ နောက်တစ်ဆင့်ကို မိတ်ဆက်ပေးဖို့ အတွက် ကျွန်မ ကိုယ်တိုင်တောင် စိတ်လှုပ်ရှားနေပါပြီ... အခု ကျွန်မတို့ရဲ့ ပထမဆုံး ထုတ်ကုန်ကို ထုတ်ဖော်ပြသပါတော့မယ်... အဲ... အဲဒီ မတိုင်ခင် ကြေညာချင်တာလေး တစ်ခု ရှိပါတယ်... အာရုဏ်ဦး အဂ္ဂိရတ် ကုန်စည်ပြပွဲ မှာ စုစုပေါင်း အဂ္ဂိရတ် ထုတ်ကုန် ငါးခုကို ထုတ်ဖော်ပြသ သွားမှာ ဖြစ်ပါတယ်... ဟုတ်ပါတယ်... ရှင်တို့ နားကြား မလွဲပါဘူး... ငါးခုတိတိပါပဲ... အဲဒီ ငါးခုစလုံးကို အဂ္ဂိရတ် အာဏာရှင်ဝေ့ ကိုယ်တိုင် တီထွင်ဖန်တီးထားခဲ့တာ ဖြစ်ပါတယ်”
ငါးခု...
လူအုပ်ကြီး တစ်ခုလုံး ဆူညံပွက်လောရိုက် သွားကြ၏။ ဤသည်မှာ မကြုံစဖူး ထူးခြားလွန်းလှသော ကိစ္စရပ်တစ်ခု ဖြစ်ပေသည်။ ဝေ့ဝူယင်မှာ အသက်တစ်ရာပင် မပြည့်သေးသည့် သေမျိုး လူငယ် တစ်ဦးသာ ဖြစ်သည်။ ထို့ကြောင့် ထုတ်ကုန်တစ်ခု တီထွင်နိုင်ခြင်းသည်ပင် ထူးခြားဆန်းပြား နေခဲ့ပြီ ဖြစ်သည်။
ထို့အပြင် လူအများစုမှာ အာရုဏ်ဦး နေမီးတောက် ဆေးလုံးကို ဝေ့ဝူယင် တီထွင်ခဲ့သည်ဟု မယုံကြည်ကြသေးချေ။ ၎င်းကို သူ့နောက်ကွယ်ရှိ အင်အားစုကသာ တီထွင်ခဲ့သည်ဟု ယူဆနေကြသည်။ ထို့ကြောင့်ပင် မတူညီသော အဂ္ဂိရတ် ထုတ်ကုန် ငါးမျိုးကို အတူတကွ ထုတ်ဖော်ပြသလာခြင်းက အတော်လေး အံ့အားသင့်စရာ ကောင်းလွန်းလှသည်။
ဧကရီ ရှောင်ချွမ်းတွင်လည်း အလားတူ သံသယများ ရှိနေသည့်တိုင် တစ်ခုကိုမှ နှုတ်မှ ထုတ်ဖော် ပြောကြားခြင်း မပြုခဲ့သလို အပြင်ပန်း အမူအရာဖြင့် ဖော်ပြခြင်း မပြုခဲ့ပေ။ ဧကရီ တစ်ဦး ဖြစ်သည့်တိုင် သူ၏ အလုပ်အပေါ် သဘောထားမှာ အလွန် အထင်ကြီးစရာ ကောင်းလှသည်။
"ကဲ... အချိန်ကျပြီ ဖြစ်တဲ့ အတွက် ကျွန်မတို့ရဲ့ ပထမဆုံး အဂ္ဂိရတ် ထုတ်ကုန်ကို စတင်ယူဆောင်လာတော့မှာ ဖြစ်ပါတယ်..."
သူမက ကြေညာလိုက်ရင်း စင်မြင့်ထက်ရှိ နေရာတစ်ခုထံသို့ လက်ညှိုး ညွှန်ပြလိုက်သည်။
ဟူး... ဟူး...
ချက်ချင်းပင် နေရာလွတ် စွမ်းအင် ဝဲဂယက်တစ်ခု ဖြစ်ပေါ်လာခဲ့၏။
"အဲဒီစင်မြင့်က တကယ် ရှိနေတာလား"
ထိုအခါမှသာ ပရိသတ်များမှာ သူတို့ မြင်နေရသည့် ကြေးမုံ မျက်နှာပြင်မှာ ကမ္ဘာ့အစစ်ကို ရောင်ပြန်ဟပ်နေခြင်း ဖြစ်နိုင်ကြောင်း သဘောပေါက်လာကြသည်။ ဆိုလိုသည်က အဆိုပါ စင်မြင့်မှာ ကမ္ဘာ့အစစ် တစ်နေရာရာတွင် တည်ရှိ နေပေလိမ့်မည်။ ဧဒင်ကမ္ဘာကဲ့သို့ ဝိညာဉ်ကွန်ရက်တစ်ခုထဲကို အဂ္ဂိရတ် ထုတ်ကုန် တစ်ခု ယူဆောင် လာဖို့ မဖြစ်နိုင်လေရာ ၎င်းသည် အဓိပ္ပာယ်ရှိပေသည်။
ဟူး... ဟူး...
ဝဲဂယက်မှ မိန်းကလေး နှစ်ဦး ထွက်ပေါ်လာခဲ့၏။ သူတို့၏ မျက်နှာသွင်ပြင်များက အလွန် ဆင်တူလေရာ ညီအမများ ဖြစ်ကြကြောင်း ထင်ရှားပေသည်။ သူတို့ နှစ်ဦးမှာ ထူးခြားသော အော်ရာများ ရစ်သိုင်းနေသည့် တွန်းလှည်းတစ်စီးကို တွန်းရင်း ထွက်ပေါ်လာကြခြင်း ဖြစ်သည်။ သူတို့က ဧကရီ ရှေ့သို့ ရောက်ရှိလာကာ တွန်းလှည်းကို ထိုနေရာတွင် ထားခဲ့ရင်း နောက်ဘက်သို့ သွား၍ ရိုသေစွာ ရပ်လိုက်ကြသည်။
ဧကရီက ချိုသာစွာ ပြုံးလိုက်ရင်း တွန်းလှည်းပေါ်သို့ လက်ဟန် ပြလိုက်သည်။ ထိုလှည်းပေါ်တွင် တာရာလျှို့ဝှက် သတ္တုရိုင်း အပါအဝင် အဆင့်မြင် ပစ္စည်းများနှင့် ပြုလုပ်ထားသော ထောင့်မှန် ကျောက်စိမ်း သေတ္တာကြီးတစ်လုံး ရှိနေခဲ့၏။ ချက်ချင်းပင် လူတိုင်း၏ အကြည့်များမှာ ထိုသေတ္တာကြီးပေါ်သို့ စုစည်း ကျရောက် သွားခဲ့လေ၏။
"ကျွန်မတို့ရဲ့ ပထမဆုံး အဂ္ဂိရတ် ထုတ်ကုန်ကို အထူးအခွင့်အရေးတစ်ခုနဲ့အတူ တင်ဆက် ပြသသွားမှာ ဖြစ်ပါတယ်”
ဧကရီက ကြေညာရင်း ကျောက်စိမ်းသေတ္တာ၏ ထိပ်ကို လက်ဖြင့် ထိကာ ဝိညာဉ် အစီအရင်များကို ဖြည်းညင်းစွာ ဖယ်ရှားလိုက်သည်။ အစီအရင် တစ်ခုကို ရှင်းထုတ်လိုက်တိုင်း လှပသော ဝိညာဉ် အလင်းတန်းများမှာ ပွင့်ထွက်လာခဲ့၏။ ထိုအလင်းပြပွဲ တစ်ခုတည်းပင်လျှင် ကြည့်ရှုသူများ အတွက် မျက်စိကျိန်းစရာ ကောင်းလောက်အောင် အလွန်အမင်း တောက်ပနေပေသည်။
အစီအရင် အားလုံးကို ဖယ်ရှားလိုက်ပြီးနောက် ဧကရီက စိတ်လှုပ်ရှားစွာဖြင့် သေတ္တာ၏ အဖုံးကို စတင်ကာ ဖွင့်လိုက်သည်။ ထရီလျံပေါင်း များစွာသေ ကျင့်ကြံသူများမှာ ပုံရိပ်ပွား ချိတ်ဆက်မှုကို အသုံးပြုကာ ပိုမို ကောင်းမွန်သော မြင်ကွင်းကို ရရှိဖို့ ကြိုးစားလိုက်ကြသည်။
တက်ရောက်လာသမျှ ပရိသတ်များထဲ၌ အထူး သီးသန့် မြင်ကွင်းမျိုး ရရှိခဲ့သူ တစ်ဦးတစ်ယောက်မှ မရှိခဲ့ချေ။ မိသားစုနှင့် အတူ ပါလာသော သေမျိုး ကလေးမလေးမှ အစ မြေကြီးရှန့်ထို အဆင့်များ အထိ လူတိုင်းမှာ တူညီသော အခွင့်အရေးများကို ရရှိခဲ့ကြသည်။ အာရုဏ်ဦး အဂ္ဂိရတ် ကုန်စည်ပြပွဲတွင် အားလုံး တန်းတူ ဖြစ်ကြပေသည်။
"ပထမဆုံး အနေနဲ့ လူကြီးမင်းတို့ကို တင်ဆက်ပြချင်တဲ့ အဂ္ဂိရတ် ထုတ်ကုန်ကတော့ အာရုဏ်ဦး ဝိညာဉ်ပင်လယ် အသက် ဆေးရည်ပဲ ဖြစ်ပါတယ်”
ဧကရီ ရှောင်ချွမ်း တစ်ယောက် ကမ္ဘာ တစ်ခုလုံးအား တုန်လှုပ်စေမည့် ဝေ့ဝူယင်၏ အဂ္ဂိရတ် ထုတ်ကုန် ငါးမျိုးထဲမှ ပထမဆုံး တစ်ခုကို ထုတ်ဖော်ပြသတော့မည် ဖြစ်လေတော့သည်။
***