အာနိသင်များ (၂)
Vol. 101 Ch. 1411
လူတိုင်းမှာ သစ်အယ်သီးရောင် အသားအရေ၊ ခုနစ်ရောင်ခြယ် မျက်လုံးများနှင့် ထာဝရနတ်ဘုရားကို ငေးမော နေမိကြ၏။ ထိုပုဂ္ဂိုလ်ကြီးမှာ မဟာစက်ဝန်း ကြယ်ကွင်းပြင် တစ်ခုလုံးတွင် ဒုတိယမြောက် ဂုဏ်သိက္ခာ အရှိဆုံး အဂ္ဂိရတ်ပညာရှင်ပင် ဖြစ်သည်။ သူ့အထက်တွင် ထာဝရ ဧကရာဇ် တစ်ယောက်သာ ရှိပေလိမ့်မည်။
"ဟုတ်ကဲ့ပါ..."
ဧကရီရှောင်ချွမ်းက လှပစွာ ပြုံးလိုက်၏။ ရောင်စဉ်လှိုင်း အဂ္ဂိရတ် အာဏာရှင်၏ မှတ်ချက်ကြောင့် စကားပြတ် မသွားခဲ့ရလျှင်... ၎င်းမှာ သူမ ဆက်လက်၍ ရှင်းပြမည့် အစီအစဉ်ပင် ဖြစ်သည်။
"အာရုဏ်ဦး ဝိညာဉ်ပင်လယ် အသက် ဆေးရည်ရဲ့ ရည်ရွယ်ချက်၊ အသုံးပြုမှုနဲ့ အာနိသင်တွေက အများအပြား ကွဲပြားနေပါတယ်... ဒါက 'အထွတ်အထိပ်အဆင့်' ထုတ်ကုန်တွေတိုင်းမှာ ရှိသင့်တဲ့ အရည်အသွေး တစ်ခုဆိုလည်း မှန်ပါတယ်... ထာဝရနတ်ဘုရား အနေနဲ့ ဒါကို သဘောတူနိုင်ပါသလား"
ထာဝရနတ်ဘုရားက တည်ငြိမ်စွာပင် ခေါင်းညိတ်လိုက်သည်။
"အာနိသင် အများအပြားရှိခြင်း... အထူးသဖြင့် ကျင့်ကြံခြင်း စနစ်နဲ့ ရည်ရွယ်ချက် အမျိုးအစားများစွာ အပေါ် သက်ရောက်မှု ရှိခြင်းက 'အထွတ်အထိပ်' ထုတ်ကုန်တွေရဲ့ ထူးခြားချက်ပဲ ဖြစ်ပါတယ်... ဒါပေမဲ့လည်း အဲဒီ အာနိသင်တွေက အကောင်းဆုံး အဆင့်အတန်းမှာ ရှိရပါမယ်... အမြင့်ဆုံး အဆင့် အထူးပြု ထုတ်ကုန်တွေကိုပါ ယှဉ်နိုင်ရပါမယ်"
ဧကရီနှင့် ထာဝရနတ်ဘုရားတို့ အကြားရှိ စကားဝိုင်းမှ တစ်ဆင့် မရေမတွက်နိုင်သော ကျင့်ကြံသူများ၊ အသိပညာ အနိမ့်ဆုံးလူများပင်လျှင် 'အထွတ်အထိပ်အဆင့်' ထုတ်ကုန်များ၏ နားလည်ရခက်သော သဘောတရားကို အလွယ်တကူ နားလည်လာနိုင်ခဲ့ကြသည်။
အဆုံးမဲ့ ကြယ်ပဲ့တင်ထပ်ခြင်း ဆေးလုံးမှာ ကျင့်ကြံသူ တစ်ယောက်၏ အခြေခံ အစိတ်အပိုင်းတိုင်းကို မြှင့်တင်ရန် အသုံးပြုနိုင်ပြီး အလွန်တရာ အသုံးဝင်လှသော ဆေးလုံးတစ်ခုဖြစ်သည်။ ထုတ်ကုန်အများစုတွင် ရည်ရွယ်ချက် တစ်ခုတည်းသာ ရှိပြီး၊ ပိုမိုမြင့်မားသော အရည်အသွေးများတွင်သာ ဒုတိယမြောက်နှင့် တတိယမြောက် အာနိသင်များကို ရရှိကြသည်။
လျှို့ဝှက်နယ်မြေထဲတွင်တော့ ဝေ့ဝူယင်မှာ သူ ကိုယ်တိုင် ဖန်တီးထားသည့် အဂ္ဂိရတ် ထုတ်ကုန်ကို ကမ္ဘာလောကသို့ ထုတ်ဖော်ပြသရန် အဆင်သင့်ပင် ဖြစ်သည်။ ၎င်းက ယခင် အာရုဏ်ဦး ဝိညာဉ်ပင်လယ် အသက် ဆေးရည် မဟုတ်ချေ။ ဒုတိယမြောက်စိတ်နှင့် ဧဒင် နန်းတော် စာကြည့်တိုက်တို့ကို အသုံးပြုကာ ထပ်မံ ပြုပြင် ဒီဇိုင်းထုတ်ထားသည့် အဆင့်တစ်ခုဖြစ်သည်။ ၎င်းကို အာရုဏ်ဦး ဝိညာဉ်ပင်လယ် အသက် ဆေးရည်၏ ပြီးပြည့်စုံသော ဗားရှင်းဆိုလျှင် မှားမည် မဟုတ်ချေ။
ဧကရီက ခေါင်းညိတ်ပြလိုက်၏။
"အမှန်ပါပဲ... ဒီဆေးရည်မှာ အာနိသင်လေးမျိုး ရှိပါတယ်..."
“လေးမျိုး...”
လူများ၏ မျက်လုံးများက စိတ်ဝင်စားသည့် အလင်းရောင်များနှင့် တဖျပ်ဖျပ် တောက်ပသွားခဲ့၏။
"ပထမ အာနိသင်ကတော့ ပြန်လည် ဖြည့်တင်းနိုင်စွမ်းပါ... အာရုဏ်ဦး ဝိညာဉ်ပင်လယ် ဆေးရည်ကို သောက်သုံးလိုက်တဲ့ အခါ လူတစ်ဦးရဲ့ မူလအလင်း ရင်းမြစ်ကို ပြန်လည် ဖြည့်တင်း ပေးနိုင်ပါတယ်"
ထိုအာနိသင်သည် အာရုဏ်ဦး ဝိညာဉ်ပင်လယ် ဆေးရည် ပထမဆုံး ဗားရှင်း၏ တစ်ခုတည်းသော အာနိသင်လည်း ဖြစ်ပေသည်။
"ဒါက အနက်ရောင် အလင်း ရင်းမြစ် ကနေ အဖြူရောင် အလင်း အထိ အမျိုးအစား အားလုံးအတွက် အသုံးဝင်ပါတယ်... သုံးစွဲမှုနဲ့ သန့်စင်နိုင်စွမ်းပေါ် မူတည်ပြီး ကွဲပြားမှုတွေ ရှိပေမဲ့ သာမန် အလင်းပြန်ခြင်း အဆင့် ကျင့်ကြံသူ တစ်ယောက်ရဲ့ မူလအလင်း ရင်းမြစ်ကို သုံးမိနစ်အတွင်း အပြည့်အဝ ပြန်လည်ဖြည့်တင်းပေးနိုင်ပါတယ်"
"ဘာကြီး..."
လူအုပ်ကြီး တစ်ခုလုံး ဆူညံပွက်လော ရိုက်သွားခဲ့၏။
သုံးမိနစ်...
သုံးမိနစ် အတွင်းလော။ သာမန် အလင်းပြန်ခြင်း အဆင့် ကျင့်ကြံသူ တစ်ယောက် ပင်လျှင် သူတို့၏ မူလ အလင်းရင်းမြစ်ကို ထိုအတောအတွင်း ပြန်လည် ဖြည့်တင်းနိုင်သည်လား။
မူလ အလင်းရင်းမြစ်မှာ ပြန်လည် ဖြည့်တင်းဖို့ အခက်ခဲဆုံး စွမ်းအင်တစ်ခု ဖြစ်သည်။ အထူးသဖြင့် တိုက်ပွဲများတွင် ဆိုလျှင် ပိုမို၍ပင် ဆိုးသေးသည်။
ဧကရီက ချိုမြိန်စွာ ပြုံးလိုက်ရင်း ဆက်လက်၍ ပြောလိုက်၏။
"ဒါ့အပြင် သန့်စင်ရတာ လွယ်ကူတဲ့အတွက် တိုက်ပွဲဝင်နေတဲ့ အခြေအနေတွေမှာပါ အသုံးပြုနိုင်ပါတယ်... အဲဒီလို အခြေအနေမျိုးတွေမှာ ဆိုရင် ဖြည့်တင်းနှုန်းက ပိုပြီး နှေးကွေးသွားလိမ့်မယ် ဆိုပေမယ့် စိတ်ပိုင်းဆိုင်ရာ ဖိစီးမှုသိပ်မရှိဘဲ ပြန်လည် ဖြည့်တင်းပေးပါလိမ့်မယ်"
“...”
လူတိုင်းမှာ စိတ်လှုပ်ရှားစွာဖြင့် နားထောင် နေကြ၏။ ရွေ့လျားမှု ကျင့်စဉ်များတွင် မူလအလင်း စွမ်းအင်မှာ ရုပ်ပိုင်းဆိုင်ရာ လှုပ်ရှားမှုအားလုံး၏ အခြေခံဖြစ်သည်။ အာကာသနှင့် သက်ဆိုင်သော ကျင့်စဉ်များအတွက် ပိုမို၍ပင် လိုအပ်သေးသည်။ အကယ်၍ ၎င်းသာ မူလ အလင်းရင်းမြစ်ကို အမှန်တကယ် ပြန်လည် ဖြည့်တင်းပေးနိုင်မည် ဆိုပါက တိုက်ပွဲများ အတွက်သာ မက၊ သေရေးရှင်ရေး ထွက်ပြေးရသည့် အခါမျိုးများတွင်မှာပါ အလွန်တရာ အသုံးဝင်ပေလိမ့်မည်။
ဧကရီက အခြားလူများ၏ တုန့်ပြန်မှုများကို ကြည့်ကာ ကျေနပ် အားရစွာ စိတ်ထဲမှ ပြုံးလိုက်မိ၏။
"ဒုတိယ အာနိသင်က..."
ဒုတိယ အာနိသင်... တိုက်ပွဲများတွင် အသုံးပြုနိုင်သည်က ဒုတိယမြောက် အာနိသင် မဟုတ်သည်လား။
သူတို့၏ အတွေးများက စကားသံ အဖြစ် မထွက်ပေါ်သေးခင်မှာပင် ဧကရီက ဆက်လက်၍ ကြေညာလိုက်လေသည်။
“ဒုတိယ အာနိသင်က... တိုးချဲ့ခြင်းပဲ ဖြစ်ပါတယ်... ဒီဆေးရည်ဟာ ကျင့်ကြံသူတွေရဲ့ မူလအလင်း ရင်းမြစ်ကို တိုးချဲ့ ပေးနိုင်ပါတယ်... ပျမ်းမျှ အရွယ်အစားရှိတဲ့ မူလအလင်း ရင်းမြစ်တွေမှာ အသုံးပြုမယ်ဆိုရင် အရွယ်အစားကို ၁၂% အထိ တိုးမြှင့်နိုင်ပါတယ်... အလင်းပြန်ခြင်း အဆင့် ကနေ မြေကြီးရှန့်ထို အဆင့် အထိ ကျင့်ကြံသူ အားလုံး အတွက် အတူတူနီးပါးပဲ..."
"ဘယ်လို..."
ဧဒင်ကမ္ဘာ တစ်ခုလုံး အာမေဍိတ်သံများဖြင့် ပေါက်ကွဲထွက်ပေါ်လာချိန်တွင် ထာဝရနတ်ဘုရား၏ မျက်လုံးများမှာ သိသိသာသာပင် ကျဉ်းသွားခဲ့သည်။ မူလအလင်း ရင်းမြစ်ကို တိုးမြှင့်ခြင်းမှာ မဟာစက်ဝန်း ကြယ်ကွင်းပြင်၏ လက်ရှိ အကန့်အသတ်များဖြင့် မဖြစ်နိုင်သော အရာ တစ်ခု ဖြစ်ပေသည်။ ဈေးကွက်အတွင်း၌ အလားတူ လုပ်ဆောင်နိုင်သည့် အဂ္ဂိရတ် ထုတ်ကုန်တစ်ခုမျှ မရှိခဲ့ပေ။ ၎င်းက သူ့အတွက် ယုံကြည်ရန် ခက်ခဲလှသည်။
အဘယ်ကြောင့်နည်း။ ထိုအတွက် သူ နှစ်ထောင်ပေါင်းများစွာ ကြိုးစားခဲ့သောကြောင့် ဖြစ်သည်။ ၎င်းက သူ လက်ရှိ ဆောင်ရွက်နေဆဲ စီမံကိန်းဖြစ်သည်။ ထာဝရ နတ်ဘုရား၏ သမိုင်းကြောင်းကို ကြီးကျယ် ခမ်းနားအောင် ချန်ရစ်ထားခဲ့လိုသည့် အဂ္ဂိရတ် အမွေအနှစ်လည်း ဖြစ်သည်။ ၎င်းက သူ၏ ပန်းတိုင်လည်း ဖြစ်ကာ အနာဂတ် ချိပ်ပိတ်နယ်မြေ၏ သမိုင်းတွင် ထာဝရ ဧကရာဇ်နှင့် သူ့ကို ခွဲခြားပေးပေလိမ့်မည်။
စန်းလော့ယန် ထာဝရ နတ်ဘုရားဘက်ကို လှည့်ကြည့်လိုက်မိ၏။ အမွေအနှစ် တစ်ခု အတွက် နှစ်ထောင်ပေါင်းများစွာ ရင်းနှီး မြှုပ်နှံပြီးနောက် အခြားလူတစ်ဦးက လွယ်လင့်တကူ လွှမ်းမိုးသွားသည့် အဓိပ္ပာယ်ကို သူ နားလည်ပေသည်။ ထိုပျက်စီးဆုံးရှုံးမှုကား တိုင်းတာ၍မရနိုင်ပေ။
ထာဝရနတ်ဘုရားမှာ လက်သီးများကို တင်းတင်းကြပ်ကြပ် ဆုပ်ထားခဲ့၏။ ထိုအခိုက်၌ သူ ကိုယ့်ကိုယ်ကို လုံးဝ ထိန်းချုပ်နိုင်စွမ်း မရှိခဲ့ချေ။ ကံကောင်းထောက်မတာ တစ်ခုက မည်သူမျှ သူ့ကို ဂရုမစိုက်ကြခြင်း ဖြစ်သည်။ သို့သော်လည်း ထိုကဲ့သို့ တစ်ကိုယ်တည်း တိတ်ဆိတ်စွာ ပွက်လောရိုက်နေသည့် ခံစားချက်မျိုးက သူ၏ မတည်သော စိတ်ခံစားမှုများကို ပိုမိုနက်ရှိုင်းစေခဲ့သည်။
သို့သော်လည်း ဧကရီ၏ စကားက မပြီးဆုံးပါသေးချေ။
"တတိယမြောက် အာနိသင်ကတော့ မြှင့်တင်ခြင်းပါပဲ... ရှင်တို့ အနေနဲ့ အနက်ရောင် မူလအလင်းရင်းမြစ်နဲ့ မွေးဖွားလာခဲ့မယ် ဆိုရင်တောင် အာရုဏ်ဦး ဝိညာဉ်ပင်လယ် အသက် ဆေးရည်ကို ဆက်တိုက် သန့်စင်မယ် ဆိုရင် အပြစ်အနာအဆာရှိတဲ့ အခြေခံ မွေးရာပါ အားနည်းချက်ကိုပါ ပြုပြင်နိုင်ပါလိမ့်မယ်... တကယ်လို့ လုံလုံလောက်လောက် သုံးစွဲမယ် ဆိုရင် အဖြူရောင် မူလအလင်း ရင်းမြစ် အဆင့်အထိ မြှင့်တင်နိုင်ပါလိမ့်မယ်... လိုအပ်တဲ့ ပမာဏကတော့ ကျင့်ကြံသူရဲ့ ပါရမီပေါ် မူတည်ပြီး ကွာခြားလိမ့်မယ် ဆိုပေမဲ့ အာနိသင်ကတော့ အကန့်အသတ် မရှိပါဘူး”
"အဲဒီလောက်တောင်လား..."
ဧဒင်ကမ္ဘာတစ်ခုလုံး ဆူညံ ပွက်လောရိုက် နေခဲ့ပြီ ဖြစ်သည်။
“ခဏလေး နေကြပါဦး...”
သို့သော်လည်း ဧကရီက သူတို့ကို လက်ကာကာ တားဆီးလိုက်၏။
"ဒီအဂ္ဂိရတ် ထုတ်ကုန်မှာ နောက်ဆုံး အာနိသင် တစ်ခု ရှိပါသေးတယ်... အဲဒါကတော့ ပါရမီ ပြုပြင်ပြောင်းလဲခြင်းပါပဲ... အာရုဏ်ဦး ဝိညာဉ်ပင်လယ် ဆေးရည်ကို သောက်သုံးခြင်းအားဖြင့် ရှင်တို့ရဲ့ ခန္ဓာကိုယ်တွေက အလင်းစွမ်းအင်တွေနဲ့ ယဉ်ပါးလာပြီး လိုက်လျောညီထွေ နေနိုင်စွမ်းကိုပါ အဆပေါင်းများစွာ တိုးမြှင့်နိုင်ပါတယ်..."
ပါရမီ ပြုပြင် ပြောင်းလဲခြင်း...
ထိုဝေါဟာရက အဂ္ဂိရတ် ပညာရှင်များကြားတွင် ဒဏ္ဍာရီဆန်ဆန် ဝေါဟာရ တစ်ခု ဖြစ်သည်။ ၎င်းကား သင့်အနေဖြင့် ပိုမို မြင့်မားသည့် ကျင့်ကြံခြင်း အဆင့်များသို့ ရောက်ရှိသွားလျှင်ပင် ၎င်းက ဆက်လက်၍ ကူညီနေနိုင်သေးသည်ဟု ဆိုလိုပေသည်။
"မူလအလင်းရင်းမြစ်ကို ပိုင်ဆိုင်ထားခြင်း မရှိသေးတဲ့ အလင်းပြန်ခြင်း အဆင့်အောက် ကျင့်ကြံသူတွေ အတွက်လည်း အာရုဏ်ဦး ဝိညာဉ် ပင်လယ် ဆေးရည်က သူတို့ရဲ့ ကျင့်ကြံခြင်းဝိညာဉ်တွေထဲမှာ ရောင်စဉ် ဝိညာဉ်ပင်လယ် လို့ခေါ်တဲ့ မူလအလင်း ရင်းမြစ် သိုက်ငယ်လေး တစ်ခုကိုပါ ဖန်တီးပေးပါတယ်... အဲဒီ ရောင်စဉ်ပင်လယ် သိုက်ငယ်က ဆေးရည်ထဲမှာ ပါရှိတဲ့ မူလအလင်း စွမ်းအင်တွေကို သိုလှောင် ထားပေးပါလိမ့်မယ်...”
“ဒါတင်မကသေးဘူး... ကျင့်ကြံသူဟာ အလင်းပြန်ခြင်း အဆင့် ကိုရောက်တဲ့အခါ ရောင်စဉ်ပင်လယ် သိုင်ငယ်က သူတို့ရဲ့ မူလအလင်း ရင်းမြစ်နဲ့ ပေါင်းစပ်သွားမှာဖြစ်ပြီး.... တကယ်လို့ အဖြူရောင် မူလအလင်းရင်းမြစ်ရဲ့ အောက်ကို ရောက်နေမယ် ဆိုရင် မြှင့်တင်ပေးတဲ့ နေရာမှာ အထောက်အကူပြု သွားမှာဖြစ်ပါတယ်...နောက်ပြီး မူလအလင်း ရင်းမြစ်ကိုပါ တစ်ခါတည်း တိုးချဲ့ပေးပါ လိမ့်မယ်..."
"..."
အဆိုပါ ကြေညာချက်များကို ထုတ်ပြန်ပြီးချိန်၌ ဧကရီ၏ အသက်ရှူနှုန်းမှာ အနည်းငယ်ပင် မမှန်မကန် ဖြစ်နေခဲ့သည်။ သူမမှာ အသက်ကို ခပ်ပြင်းပြင်း ရှူသွင်းနေရလေရာ ရင်ဘတ်မှာ ဖောင်းလိုက်ပိန်လိုက် ဖြစ်နေခဲ့၏။ ၎င်းကပင် သူမ၏ အလှကို နောက်တစ်ဆင့်သို့ ပိုမို၍ မြင့်တက် သွားစေခဲ့သည်။
သူမ မည်ကဲ့သို့ မတုန်လှုပ်ပဲ နေနိုင်ပါမည်နည်း။ ဤသည်မှာ အာရုဏ်ဦး ဝိညာဉ်ပင်လယ် အသက် ဆေးရည် ဖြစ်သည်။ အာရုဏ်ဦး အဂ္ဂိရတ် အာဏာရှင်၏ အဆင့်ကိုး၊ အထွတ်အထိပ် အဆင့် ထုတ်ကုန် တစ်ခု ဖြစ်သည်။
"ဒါက... ကောင်းကင်ကိုတောင် စိန်ခေါ်နိုင်တာပဲ..."
ရောင်စဉ်လှိုင်း အဂ္ဂိရတ် အာဏာရှင်က ခပ်တိုးတိုးလေး အော်ဟစ်လိုက်၏။ သို့သော်လည်း... သူ၏ စိတ်မပါ့တပါ စကားလုံးများက ဧဒင်ကမ္ဘာ တစ်ခုလုံးရှိ လူတိုင်း၏ နားစည်များထဲသို့ ရောက်ရှိသွားခဲ့လေသည်။ ထာဝရ အစည်းအရုံးမှ သေမျိုး အဂ္ဂိရတ် အာဏာရှင် တစ်ဦးကပင်လျှင် ကောင်းကင်ကို စိန်ခေါ်နိုင်သည်ဟု ပြောဆိုနေခဲ့ပြီ ဖြစ်သည်။
ဝေ့ဝူယင် ပြုံးလိုက်မိ၏။ အာရုဏ်ဦး နေမီးတောက် ဆေးလုံးမှာ ကျင့်ကြံသူ တစ်ယောက်ကို လောကသခင် အဆင့် မတိုင်မီ လောကနယ်မြေတစ်ခု ပိုင်ဆိုင်နိုင်အောင် ကူညီပေးနိုင်သည် ဆိုလျှင် အာရုဏ်ဦး ဝိညာဉ် ပင်လယ် အသက် ဆေးရည်မှာ အလင်းပြန်ခြင်း အဆင့် မတိုင်မီ အလင်း စွမ်းရည်များကို ကြိုတင်ပေးအပ်နိုင်စွမ်း ရှိပေလိမ့်မည် ဖြစ်သည်။
***