ဒုတိယ အကြိမ်မြောက် ကံကောင်းခြင်း
Vol. 101 Ch. 1412
အာရုဏ်ဦး ဝိညာဉ်ပင်လယ် အသက် ဆေးရည် အပေါ် လူများ၏ ကနဦး တုံ့ပြန်မှုများမှာ မျှော်လင့်ထားသည့် အတိုင်းပင် ထိတ်လန့် တုန်လှုပ်ခြင်း၊ အံ့အားသင့်ခြင်းများနှင့် ပြည့်နှက် နေခဲ့သည်။ ထို့နောက်တွင်တော့ လူတို့၏ သဘာဝ အတိုင်း စူးစမ်းလိုစိတ်များ ဖြစ်ပေါ်လာခဲ့သည်။ သို့ဖြစ်လေရာ... 'မေးခွန်းနှင့် အဖြေ' ကဏ္ဍက လိုက်လျော ညီထွေစွာပင် ဖြစ်ပေါ်လာခဲ့သည်။
ဧကရီ ရှောင်ချွမ်းက မေးခွန်းများအတွက် လမ်းဖွင့်ပေးခဲ့ကာ အဂ္ဂိရတ် ပညာ နယ်ပယ်တွင် ဩဇာအာဏာရှိကြသည့် သေမျိုး အာဏာရှင်များနှင့် မြေကြီး ရှန့်ထိုများက အမျိုးမျိုးသော မေးခွန်းများကို မေးမြန်း ခဲ့ကြသည်။ ထိုကဏ္ဍမှာ ဆယ့်လေးနာရီတိုင်အောင် ကြာမြင့်ခဲ့ကာ ဧဒင်ကမ္ဘာကြီး တစ်ခုလုံး အလွန် သက်ဝင်စွာလှုပ်ရှား လာခဲ့သည်။
"ဒီဆေးလုံးကို သန့်စင်ဖို့ အနိမ့်ဆုံး ကျင့်ကြံခြင်း အခြေခံ လိုအပ်ချက်က ဘာလဲ..."
“ရောင်စဉ် ဝိညာဉ်ပင်လယ် ဖြစ်ပေါ်လာပြီးရင် အာရုဏ်ဦး ဝိညာဉ် ပင်လယ် ဆေးရည် မပါပဲ မူလအလင်း စွမ်းအင်တွေကို ပြန်ဖြည့်နိုင်လား"
"အာရုဏ်ဦး ဝိညာဉ် ပင်လယ် ဆေးရည်ရဲ့ အရည်အသွေးမြင့် ဗားရှင်းတွေရဲ့ အာနိသင်တွေက ဘာတွေလဲ"
ထိုကဲ့သို့သော မေးခွန်းများ ထွက်ပေါ်လာခဲ့သည်။
ထျန်းရှောင်ချွမ်းက ၎င်းတို့ အားလုံးကို အံ့သြခြင်း သို့မဟုတ် မတည်မငြိမ်ဖြစ်ခြင်း မရှိဘဲ အများပြည်သူရှေ့တွင် ရှင်းလင်းစွာ ဖြေကြားခဲ့သည်။
"အာရုဏ်ဦး ဝိညာဉ် ပင်လယ် ဆေးရည်ကို သောက်သုံးဖို့ အတွက် ဆိုရင် ကျင့်ကြံသူ အနေနဲ့ သူ့ရဲ့ ချီနှလုံးသားကို ကျင့်ကြံခြင်း ဝိညာဉ် တစ်ခု အဖြစ် ပြောင်းလဲထားပြီး ဖြစ်ရပါမယ်... ဆိုလိုတာက ဆေးရည်ကို စတင် သန့်စင်နိုင်ဖို့ အတွက် အနည်းဆုံး ချီပျစ်ခဲခြင်း အဆင့်ခုနစ်၊ ဝိညာဉ် ဆက်သွယ်ခြင်း အဆင့်ကို ရောက်ရှိနေဖို့ လိုအပ်ပါတယ်”
"ကျင့်ကြံခြင်းဆိုတာက အကန့်အသတ် မရှိပါဘူး... အာရုဏ်ဦး ဝိညာဉ် ပင်လယ် ဆေးရည်မပါပဲ မူလအလင်း စွမ်းအင်တွေကို ပြန်ဖြည့်တင်းနိုင်တဲ့ တခြား နည်းလမ်းတွေလည်း ရှိမှာ သေချာပါတယ်... ဥပမာအားဖြင့် အလင်းစွမ်းအင် ကျင့်ကြံတဲ့ ကျင့်ကြံသူ တစ်ဦး အနေနဲ့ ဆိုရင် သူတို့ရဲ့ အထူးပြု ဝိညာဉ် ကျင့်စဉ်ကို အသုံးပြုပြီး မူလအလင်း စွမ်းအင် တွေကို တိုက်ရိုက် သန့်စင်နိုင်သလို... နောင်အနာဂတ်မှာ ပေါ်လာနိုင်တဲ့ မူလအလင်း စွမ်းအင်ဖြည့် ထုတ်ကုန်တွေနဲ့လည်း ပြန်ဖြည့်တင်းနိုင်ပါတယ်"
"ဘယ်လို အဆင့်ကိုး အထွတ်အထိပ် အဆင့် အဂ္ဂိရတ် ထုတ်ကုန်တွေမှာပဲ ဖြစ်ဖြစ်... အရည်အသွေး အထွတ်အထိပ် အဆင့်မှာ ရရှိလာမယ့် အာနိသင်က အဆင့်နိမ့် အရည်အသွေးရဲ့ ပိုပြီး အားကောင်းတဲ့ အာနိသင်တစ်ခုသာပဲ ဖြစ်ပါတယ်..."
မေးခွန်းများအားလုံးက သဘောရိုးဖြင့် ထွက်ပေါ်လာခြင်းတော့ မဟုတ်ပေ။ အဂ္ဂိရတ် အဖွဲ့အစည်း အသီးသီးမှ အချို့သောသူများသည် ထုတ်ကုန် အပေါ် မေးခွန်းများ ပစ်ထည့်ကာ သြဇာညောင်းဖို့ ကြိုးစားခြင်း၊ သို့မဟုတ်... ဆေးညွှန်း အတွက် စကားနှိုက်ခြင်းများ ပြုလုပ်ခဲ့ကြသည်။
အလင်းပြန်ခြင်း အဆင့် မတိုင်မီ အလင်းစွမ်းအင် ရင်းမြစ် ပိုင်ဆိုင်ခြင်း၏ အကျိုးကျေးဇူးများမှာ ငြင်းပယ်၍ မရနိုင်လောက်အောင်ပင် များပြားလှပေသည်။ အလင်းစွမ်းအင်များမှာ ကျင့်ကြံသူများကို ကြောက်မက်ဖွယ် အမြန်နှုန်း တစ်ခု ချီးမြှင့်ပေးနိုင်ကာ အဆင့်နိမ့် ကျင့်ကြံသူများနှင့် မနှိုင်းယှဉ်သာအောင် လုပ်ဆောင်ပေးသည်။ ထိုမျှသာမက အလင်းစွမ်းအင်မှာ စွမ်းအင် လည်ပတ်မှုကို သိသာစွာ မြှင့်တင်ပေးနိုင်ကာ ထိုအထဲ၌ အာရုံခံနိုင်စွမ်းနှင့် တိုက်ခိုက်နိုင်စွမ်းများလည်း ပါဝင်သည်။
ကျင့်ကြံသူနှစ်ဦးမှာ အလင်းစွမ်းအင် ရင်းမြစ်မှ လွဲ၍ အခြားအချက်များအားလုံးကို တူညီစွာ ပိုင်ဆိုင်ထားသည် ဆိုပါစို့...။ သူတို့ နှစ်ဦး တိုက်ခိုက်ပါက အနိုင်ရရှိသူကို ဘယ်နှစ်ကြိမ်ပင် ဖြစ်စေကာမူ အလွယ်တကူ ဆုံးဖြတ်နိုင်ပေသည်။
ပိုမို၍ အရေးကြီးသည့် အရာကတော့ အလင်းစွမ်းအင်များမှာ အခြား စွမ်းအင်များကို သန့်စင်ရာတွင်လည်း ကူညီပေးနိုင်ခြင်း ဖြစ်သည်။ ၎င်းက ကျင့်ကြံခြင်း အမြန်နှုန်းကို အဆင့်ပေါင်း များစွာ တိုးတက်စေကာ၊ တူညီသည့် ပါရမီ ရှိသူများ အကြားတွင်ပင် ကျော်လွှား၍ မရနိုင် ချောက်ကြီး တစ်ခုကို ဖန်တီးပေးနိုင်သည်။ ၎င်းအား ကောင်းကင်ကိုပင် စိန်ခေါ်နိုင်သည့် ဖြစ်တည်မှု အဖြစ် တင်စားရပါက မည်သူမှ ငြင်းနိုင်လိမ့်မည် မထင်ချေ။
"ဒီထုတ်ကုန်ဟာ အာရုဏ်ဦး နေမီးတောက် ဆေးလုံး မတိုင်ခင် ပေါ်လာခဲ့မယ်ဆိုရင် မဟာစက်ဝန်း ရှန့်ထို ညီလာခံက ဒီဆေးရည်အတွက် ဖြစ်ပေါ်လာမှာ အသေအချာပဲ"
စန်းလော့ယန်က စန်းယွန်းလီဘက်ကို လှည့်ကာ ပြောလိုက်၏။ သူ၏ မျက်လုံးများက အပြင်ပန်းတွင် တည်ငြိမ်နေသော်လည်း နှလုံးသားကတော့ မိုးကြိုးပစ်သကဲ့သို့ တုန်ရီနေသည်။
"အစဉ်အလာတွေကို ချိုးဖောက်နိုင်တဲ့ အဂ္ဂိရတ် ထုတ်ကုန် နှစ်ခု..."
စန်းယွန်းလီ၏ မျက်လုံးများက ပိုမို၍ တည်ကြည်လာခဲ့၏။ ဝေ့ဝူယင်က သူ၏ အတိတ်ဘဝတွင် မည်သည့် အရာများကို ကြုံတွေ့ခဲ့ရသနည်း။ သူက သူမနှင့် တူညီသည့် အချိန်လမ်းကြောင်းမှ လာခဲ့တာရော ဟုတ်ပါ၏လော။ အကယ်၍ လာခဲ့တာ ဆိုလျှင် သူက မည်သည့် နေရာတွင် ပျောက်ကွယ် နေခဲ့သနည်း။ သို့တည်းမဟုတ်... သူက နှစ်ပေါင်း သန်းချီ သက်တမ်းရှိသည့် အဂ္ဂိရတ် ပညာရှင် လူအိုကြီး တစ်ယောက် ပြန်လည် ဝင်စားခဲ့သူလော။
ဝေ့ဝူယင်မှာ အခြားလူများ ဖန်တီးထားသည့် အဂ္ဂိရတ် ထုတ်ကုန် ဆေးညွှန်းများကို ခိုးယူကာ သူ့ ကိုယ်ပိုင်အဖြစ် တံဆိပ်ကပ်နေသည်ဟု သူမ သံသယရှိခဲ့သည်။ ထိုလုပ်ရပ်က စက်ဆုပ်ဖွယ်ကောင်းသော်လည်း သူမ ကိုယ်တိုင်မျ အချိန်ကို ပြန်လည် ဖြတ်ကျော်ခြင်းမှာ မည်မျှ အံ့သြဖွယ်ကောင်းကြောင်း မည်သူ သိပါမည်နည်း။ ၎င်းက ဘုရားသခင်တစ်ပါး ကဲ့သို့ ခံစားချက် ဖြစ်သည်။
အားလုံးမှာ ငြိမ်သက်စွာပင် စောင့်ကြည့် နေကြ၏။ ထုတ်ကုန်၏ အာနိသင်များကို ငြင်းပယ်ဖို့ ကြိုးစားရလောက်အောင် မည်သူမှ မိုက်မဲခြင်း မရှိကြချေ။ မည်သို့ပင် ဆိုစေ... အရည်အသွေးနိမ့် ဆေးရည် တစ်ပန်းကန်မှာ သူတို့ရှေ့ရှိ ပန်းကန်လုံးထဲတွင် ရောက်ရှိနေခဲ့ပြီ ဖြစ်သည်။ ထို့အပြင် ဤသည်က ပထမဆုံး ထုတ်ကုန် မဟုတ်သည်မှာ သေချာသည်။ အာရုဏ်ဦး အဂ္ဂိရတ် အာဏာရှင်မှာ ၁၂% ဆိုသည့် နံပါတ်ကို တိတိကျကျပင် ပေးခဲ့လေရာ များပြားသော စမ်းသပ်မှုများကို ပြုလုပ်ခဲ့ဖွယ် ရှိသည်။
မေးခွန်းနှင့် အဖြေ ကဏ္ဍ ပြီးဆုံးပြီးနောက် ဒုတိယပိုင်းကို စတင်ရန် အချိန်ကျပြီ ဖြစ်သည်။
“...”
ချက်ချင်းပင် ဧဒင်ကမ္ဘာ အတွင်းရှိ လေထု၏ အခြေအနေမှာ တဖြည်းဖြည်းချင်း ပိုမို တင်းကြပ်လာခဲ့၏။ ဝိညာဉ်ပွား ချိတ်ဆက်မှုနှင့် အနီးကပ် ချိတ်ဆက်မှု တို့ကြောင့် ဧဒင်ကမ္ဘာ အတွင်းတွင် သတင်းအချက်အလက် ဖလှယ်မှုမှာ ဗိုင်းရပ်စ်ကဲ့သို့ အလွန် လျှင်မြန်စွာ ဖြစ်ပွား နေခဲ့သည်။ ထို့ကြောင့်ပင် ထုတ်ကုန်ကို ထုတ်ဖော်ပြသပြီးနောက် ပုံမှန်အားဖြင့် ကံကောင်းခြင်း လိုက်ပါလာသည်ကို လူတိုင်း နားလည်ထားကြသည်။
"ဒုတိယမြောက် ကံကောင်းခြင်း လာတော့မယ်..."
လင်းရှန်းရှဲ့က လင်းမင်ကို အလျင်အမြန် သတိပေးလိုက်၏။ လင်းမင်မှာ သူ့စိတ်ထဲရှိ အသံနှင့် စကားပြောဆို နေရာမှ ရုန်းထွက်လိုက်ကာ မျက်မှောင်ကြုတ်လိုက်သည်။
"ဒီအဂ္ဂိရတ် ထုတ်ကုန် အတွက် ပြိုင်ပွဲတစ်ခု လာတော့မယ် မလား အမ... အာရုဏ်ဦး ဝိညာဉ် ပင်လယ် ဆေးရည်က အံ့သြစရာကောင်းပေမယ့် ကျွန်တော်က အစစ်အမှန် မူလ အလင်းကို ရပြီးပြီလေ..."
အစစ်အမှန် မူလ အလင်းမှာ အဖြူရောင် အလင်း နှင့် ဝိညာဉ် အလင်းကြားတွင် ရှိသည့် အဆင့် တစ်ခု ဖြစ်သည်။ သို့သော်လည်း ၎င်းမှာ မဟာစက်ဝန်း ကြယ်ကွင်းပြင် အတွင်းရှိ ကျင့်ကြံသူများ သိရှိထားသည့် အမြင့်ဆုံး စံနှုန်း တစ်ခု ဖြစ်ကာ ၎င်းကို ပိုင်ဆိုင်ထားခြင်းက နတ်ဆိုးအဆင့် ပါရမီရှင် တစ်ဦး၏ လက္ခဏာလည်း ဖြစ်သည်။
လင်းရှန်းရှဲ့က လင်းမင်ကို လှည့်ကြည့်လိုက်ရင်း မျက်မှောင်ကြုတ်လိုက်၏။
"နင် နားပင်းနေလား... ဒီဆေးရည်က နင့်ရဲ့ မူလအလင်းရင်းမြစ်ကိုလည်း တိုးမြှင့်ပေးနိုင်တယ်..."
“ဟီး ဟီး... ဟုတ်သားပဲ...”
ထိုအခါတွင်မှ လင်းမင်မှာ သတိရသွားကာ ချစ်စရာကောင်းသော အပြုံးတစ်ခုကို ပြုံးပြလိုက်သည်။ လင်းရှန်းရှဲ့ ခေါင်းခါလိုက်မိ၏။ လင်းမင်မှာ မာန်မာန ထောင်လွှားတတ်သည့် လူတစ်ယောက် ဖြစ်ကြောင်း သူမ အစောတည်းက သိပေသည်။ ၎င်းက သူ့ ကိုယ်ရည်ကိုယ်သွေးတွင် ချို့ယွင်းချက်တစ်ခု ဖြစ်ပေသည်။ သို့သော်လည်း လင်းမင် ဖြတ်သန်းခဲ့ရသည့် ဘဝ ဇာတ်ကြောင်းကို ခရေစေ့ တွင်းကျ သိရှိထားလေရာ ထိုအလေ့အကျင့် အပေါ် အပြစ်မတင်ခဲ့ပါချေ။ သူမ သက်ပြင်းတစ်ချင် ချလိုက်ရင်း သူ့ကို စိုက်ကြည့်ကာ မေးလိုက်၏။
"နင် အစစ်အမှန် မူလ အလင်းကို ရပြီးပြီလား"
မိန်းကလေးထံမှ မျှော်လင့်ထားသည့် တုံ့ပြန်မှုကို မြင်လိုက်ရသော အခိုက်၌ လင်းမင်က စိတ်ကျေနပ်စွာဖြင့် တောက်ပစွာ ပြုံးလိုက်၏။ သို့သော်လည်း လင်းရှန်းရှဲ့၏ နောက်ဆက်တွဲ စကားလုံးများကတော့ သူ မျှော်လင့်ထားသည်နှင့် ခြားနားလှပေသည်။
"ကြယ်ကိုးပွင့် ကြယ်တာရာ နယ်မြေရဲ့ ဝိညာဉ် ရှန့်ထို ဧကရာဇ်ကလည်း အစစ်အမှန် မူလ အလင်း အဆင့်ကို ရောက်သွားပြီလို့ ပြောကြတယ်... ဒါကြောင့် ပေါ့ပေါ့ဆဆ မနေနဲ့... နားလည်လား"
မိန်းကလေးက သတိပေးလိုက်၏။ လင်းမင်၏ အမူအရာက ချက်ချင်းပင် တည်ကြည်လာကာ ခေါင်းညိတ် လိုက်သည်။
ဝိညာဉ် ရှန့်ထို ဧကရာဇ်မှာ မဟာစက်ဝန်း ကြယ်ကွင်းပြင် တစ်ခုလုံးတွင် အစွမ်း အထက်ဆုံးသော အလင်း ကျင့်ကြံသူ တစ်ဦးဖြစ်သည်။ စိတ်ထဲမှ အသံပိုင်ရှင်ကလည်း ထိုအကြောင်းကို သူ့အား ပြောပြခဲ့ဖူးသည်။ ထို့ကြောင့်ပင် သူ့ အနေနဖြင့် ရောင့်ရဲ တင်းတိမ်နေ၍ မရကြောင်း လင်းမင် သိပေသည်။
လင်းမင်၏ တုန့်ပြန်ပုံကို ကြည့်ကာ လင်းရှန်းရှဲ့ တစ်ယောက် စိတ်သက်သာရာ ရသွားခဲ့၏။
"ဒါပေမဲ့ ပြောရရင်... နင့်ရဲ့ လက်ရှိ အဆင့်၊ လက်ရှိ အသက်အရွယ်နဲ့ အစစ်အမှန် အလင်း အဆင့်ကို ရောက်တာက တကယ်ပဲ ထူးခြားပါတယ်... နင့်ရဲ့ အသက်အရွယ်နဲ့ အဲဒီအဆင့်ကို ရောက်တဲ့လူမျိုးကို လက်မ၊ လက်ညိုး နှစ်ချောင်းတည်းနဲ့ ရေတွက်လို့ရမယ်လို့ ထင်တယ်"
သူမက ထပ်လောင်း ပြောကြားလိုက်၏။ လင်းမင်မှာ မိန်းကလေး၏ စကားများကြောင့် စိတ်သက်သာရာ ရသွားခဲ့၏။
ဝိညာဉ် ရှန့်ထို ဧကရာဇ်မှာ ထိပ်တန်း အဆင့် မြေကြီးရှန့်ထို တစ်ဦး ဖြစ်ကာ လျှို့ဝှက် အာဏာရှင် တစ်ဦး အနေဖြင့်ပင် နှစ်ထောင်ပေါင်းများစွာ ကျင့်ကြံခဲ့သူ ဖြစ်သည်။ ထို့ကြောင့်ပင် လင်းမင်၏ လက်ရှိ အသက်အရွယ်နှင့် ထိုအဆင့်ကို ရောက်ရှိခြင်းက ပေါ့ပေါ့တန်တန် ကိစ္စ တစ်ရပ်တော့ မဟုတ်ပါချေ။ အကယ်၍ ထိုအချက်အလက်သာ ပျံ့နှံ့သွားပါက တစ်လောကလုံးက သူ့ကို နတ်ဆိုး ပါရမီရှင် တစ်ဦး အဖြစ် ခိုင်းနှိုင်းကြလိမ့်မည် ဖြစ်ပေသည်။
***