ဒုတိယ အကြိမ်မြောက် ကံကောင်းခြင်း (၂)
Vol. 101 Ch. 1413
နောက်ဆုံး၌ ဧကရီ ထျန်းရှောင်ချွမ်းမှာ နောက်ထပ် ကြေညာချက်ကို ပြုလုပ်ရန် အတွက် စင်မြင့်၏ အလယ်ဗဟိုသို့ ပြန်လည် တက်လှမ်း လာခဲ့သည်။
"အခု ဆက်လက်ပြီး အာရုဏ်ဦး ဝိညာဉ်ပင်လယ် အသက် ဆေးရည် ထုတ်ဖော်ပြသမှုကို ဂုဏ်ယူတဲ့ အနေနဲ့ အာရုဏ်ဦး အဂ္ဂိရတ် အာဏာရှင်က ချီပျစ်ခဲခြင်း အဆင့်ခုနစ်၊ အဆင့်ရှစ်နဲ့ အဆင့်ကိုး အသီးသီးမှာ ရှိကြတဲ့ ကျင့်ကြံသူ တစ်သောင်းစီ၊ ကြယ်တာရာ အမြုတေအဆင့် အဆင့် တစ်ဆင့်ချင်းစီက ကျင့်ကြံသူ တစ်ထောင်စီနဲ့ လျှို့ဝှက် အာဏာရှင် ပထမ အဆင့်ကနေ တတိယ အဆင့် အထိ ကျင့်ကြံသူ တစ်ရာစီ... လျှို့ဝှက် အာဏာရှင် စတုတ္ထ အဆင့်က ကျင့်ကြံသူ ဆယ်ဦးစီကို အရည်အသွေးနိမ့် ဆေးရည် တစ်ခွက်စီ ပေးဖို့ ကျပန်း ရွေးချယ်မှာပဲ ဖြစ်ပါတယ်"
“...”
"ကျပန်း ပေးတာလား"
စန်းယွန်းလီက မျက်မှောင်ကြုတ်လိုက်၏။ တကယ်ပဲ ကျပန်းလား။
"ခဏလေး..."
မိန်းကလေး နည်းတူပင် ထျန်းမူယန်မှာ ထိုကြေညာချက်ကို ပထမဆုံး သတိပြုမိသူများထဲမှ တစ်ဦး ဖြစ်လေသည်။
"သူက အဆင့်ကိုး အထွတ်အထိပ် အဆင့် အဂ္ဂိရတ် ထုတ်ကုန် ၃၉,၃၁၀ ခုကို ဒီအတိုင်း ကျပန်း ရွေးချယ်ပြီး ပေးမှာလား"
“...”
တစ်ယောက်ပြီး တစ်ယောက် ဆိုသလိုပင်... များလှစွာသော ကျင့်ကြံသူများမှာ ကျပန်း ရွေးပေးမည် ဆိုသည့် စကားလုံး၏ နောက်ကွယ်မှ ကြောက်မက်ဖွယ်ရာ အဓိပ္ပာယ်ကို နားလည် သဘောပေါက် လာခဲ့ကြသည်။
ထိုအရာက မည်ကဲ့သို့ အခြေအနေမျိုးနည်း။ မည်ကဲ့သို့ ဖြစ်နိုင်မည်နည်း။ ဝေ့ဝူယင်က ထိုထုတ်ကုန် ၄၀,၀၀၀ နီးပါးကို အခမဲ့ ပေးဝေပေးမည်ဟု ဆိုလိုက်သည်လား။
ထိုအရာက ကံကောင်းခြင်းသက်သက် မဟုတ်တော့ချေ။ ရူးသွပ်ဖွယ်ရာ ကံကြမ္မာ တစ်ခု ဖြစ်နေခဲ့ပြီ ဖြစ်သည်။ ဆေးရည်၏ ဈေးနှုန်းကို မသတ်မှတ်ရသေးသည့်တိုင် အဆင့်ကိုး အထွတ်အထိပ် အဆင့် အဂ္ဂိရတ် ထုတ်ကုန်များကို ဖော်စပ်ရသည်မှာ ဘယ်တုန်းက လွယ်ကူခဲ့လို့နည်း။ ရရှိဖို့ ဆိုလျှင် ပို၍ပင် ဝေးပေသေးသည်။
“ဟား... ဟား...”
ယန်ချောင်ယွီက ကျယ်လောင်စွာ အော်ဟစ် ရယ်မောလိုက်၏။ သူမက ထာဝရ အစည်းအရုံး အဖွဲ့ထံ လှမ်းကြည့်လိုက်ရာ သူတို့ အားလုံး၏ အမူအရာများက ရုပ်ပျက်ဆင်းပျက် ဖြစ်နေသည်ကို တွေ့မြင်လိုက်ရသည်။
အဂ္ဂိရတ် ရှန့်ထို တစ်ဦးပင်လျှင် ထိုကဲ့သို့ အရည်အသွေးမြင့် ထုတ်ကုန်များကို ပေါ့ပေါ့ပါးပါး ပေးဝေနိုင်မည် မဟုတ်သလို ရွှေရောင် အသက် နန်းတော်သည်လည်း ထိုအရေမတွက်ကို အလွယ်တကူ ပံ့ပိုးပေးနိုင်မည် မဟုတ်ပေ။ သို့သော်လည်း ဝေ့ဝူယင်က လုပ်ဆောင်ခဲ့သည်။ ထိုအရာက ထာဝရ အစည်းအရုံး အတွက် ကပ်ဘေး လက္ခဏာပင် ဖြစ်လေသည်။
၎င်းကို ငြင်းချက်ထုတ်နိုင်ပေသည်။ မှန်ပေသည်။ ဝေ့ဝူယင်မှာ ထာဝရ အစည်းအရုံးကို သိမ်းပိုက်ရန် ကြိုးပမ်းနေခြင်း မရှိသလို ထာဝရ ဧကရာဇ်၏ အမွေအနှစ်များကိုလည်း ဖျက်ဆီးရန် ကြိုးစားနေခြင်း မရှိချေ။ မဟုတ်ဘူး။ သူက သူ့ကိုယ်ပိုင် အဖွဲ့အစည်းကို အခြေခံမှ စတင်၍ တည်ထောင်နေခြင်းဖြစ်သည်။ သူ့ကိုယ်ပိုင် အဂ္ဂိရတ် ထုတ်ကုန်များကိုသာ ထုတ်ဖော် ပြသနေခြင်း ဖြစ်သည်။
သို့သော်လည်း... အကျိုးဆက်ကတော့ ထာဝရ အစည်းအရုံးကို တိုက်ရိုက် ရိုက်ခတ်လိမ့်မည် ဖြစ်သည်။ သူတို့က မကြာခင်မှာပင် ချိပ်ပိတ်နယ်မြေ၏ နံပတ်တစ် အဂ္ဂိရတ် အဖွဲ့အစည်းဖွဲ့ကို လက်လွှတ်ရပေလိမ့်မည်။
ရောင်စဉ်လှိုင်း အဂ္ဂိရတ် အာဏာရှင်က စန်းလော့ယန် ဘက်သို့ လှည့်ကြည့်လိုက်၏။ ထိုအခါ သုံးလွှာ အဂ္ဂိရတ် ရှန့်ထို၏ မျက်လုံးများမှာ ပြင်းပြသော စိတ်ခံစားမှုများဖြင့် လှိုင်းထနေသည်ကို တွေ့မြင် လိုက်ရသည်။
"သူက ဒါတွေကို ဆယ်စုနှစ်... မဟုတ်သေးဘူး... ရာစုနှစ်နဲ့ချီပြီး ပြင်ဆင်နေခဲ့တာ ဖြစ်ရမယ်... သေချာတယ်... လုံးဝ သေချာတယ်... ဟုတ်တယ်မလား... ”
ထာဝရ အစည်းအရုံးမှ တရားဝင် သေမျိုး အဂ္ဂိရတ် အာဏာရှင် တစ်ဦးက ထိတ်လန့် တုန်လှုပ်စွာဖြင့် ရေရွတ် လိုက်လေသည်။
"..."
သို့သော်လည်း.. သူ၏ ကျိုးကြောင်းဆီလျော်သော ရှင်းပြချက်ကို မည်သူမျှ မထောက်ခံခဲ့ကြချေ။ အဘယ်ကြောင့်နည်း။
ဝေ့ဝူယင်က ထိုထုတ်ကုန်ကို သူ ဖန်တီးခဲ့ခြင်းဟု ပွင့်ပွင့်လင်းလင်း ဝန်ခံ ပြောဆိုနေသောကြောင့် ဖြစ်သည်။ အဂ္ဂိရတ် ကုန်စည်ပြပွဲများတွင် တခြားသူ တစ်ယောက်၏ လက်ရာကို ကိုယ်ပိုင် အဖြစ် ပြောဆိုခြင်းအား တင်းကြပ်စွာ တားမြစ်ထားသည်။ အကယ်၍ ပြောဆိုခဲ့လျှင်ပင် ကောင်းကင် ပရောဟိတ်များက အလွယ်တကူ သိမြင် ဖော်ထုတ် နိုင်ကြသည်။
လောကရှိ အရာအားလုံးမှာ ကမ္မ နှောင်ကြိုးများနှင့် ချိတ်ဆက်နေကြသည်။ အထူးသဖြင့် အဂ္ဂိရတ် တာအို ထုတ်ကုန်များတွင် ပိုမို၍ပင် ရှင်းလင်းပေသည်။ တခြားသူ တစ်ဦးတစ်ယောက်၏ အဂ္ဂိရတ် ထုတ်ကုန်များကို မိမိကိုယ်ပိုင် ပစ္စည်းအဖြစ် ပြောဆိုခြင်းက အဂ္ဂိရတ် တာအို၏ ဥပဒေသများကို ဆန့်ကျင်ခြင်းပင် ဖြစ်လေသည်။
ထာဝရ ဧကရာဇ် ကဲ့သို့သော ပုဂ္ဂိုလ်များပင် သူ့ဘဝ တစ်လျှောက် ထုတ်ကုန် အမျိုးမျိုးကို ရှာဖွေတွေ့ရှိကာ တီထွင်ခဲ့ကြသော်လည်း ထိုအထဲမှ တစ်ခုမှာ လွန်ခဲ့သော နှစ်ပေါင်း သန်းပေါင်းများစွာ အကြာက ဝေးလံသော ကမ္ဘာတစ်ခုတွင် ပထမဆုံး ဖန်တီးခံခဲ့ရသည် ဆိုလျှင်ပင် မူယင်း ဖန်တီးသူ ပေးထားသော နာမည်ကို အသိအမှတ်ပြုရမည် ဖြစ်သည်။ ထာဝရ ဧကရာဇ် ထုတ်ဖော်ပြသခဲ့ပြီး 'တီထွင်ခဲ့သည်' ဟုဆိုသော ထုတ်ကုန်များစွာတွင် 'ထာဝရ' ဟူသော တံဆိပ်မပါရှိခြင်းမှာ ၎င်းတို့၏ အမည်များကို ဟိုးယခင် ကာလများတည်းက သတ်မှတ်ထားပြီး ဖြစ်သောကြောင့်ပင် ဖြစ်သည်။
ဝေ့ဝူယင်မှာ အဆိုပါ ထုတ်ကုန်ကို သူ ကိုယ်တိုင် တီထွင်ခဲ့သည်ဟု ဆိုလေရာ ၎င်းက သူ အမှန်တကယ် တီထွင်ခဲ့ခြင်း ဖြစ်သည်ဟု ဆိုလိုခြင်း ဖြစ်သည်။
သို့သော်လည်း အားလုံး၏ စိတ်ထဲ၌ ဝေခွဲ၍ မရနိုင်သည့် သံသယ တစ်ခု ရှိပေသည်။ ၎င်းကို အသက်တစ်ရာအောက်ရှိ အဂ္ဂိရတ်ပညာရှင်တစ်ဦးက တီထွင်ခဲ့သည် ဆိုလျှင် ရာစုနှစ်များစွာ ကာလအတွင်း ထိုထုတ်ကုန် ၄၀,၀၀၀ ခန့်ကို မည်ကဲ့သို့ ပြင်ဆင်နိုင်မည်နည်း။ ထို့ကြောင့်ပင် မည်သူမျှ မတုန့်ပြန်ခဲ့ခြင်း ဖြစ်သည်။
တစ်ခုတည်းသော အကြောင်းပြချက်ကား...
ဝေ့ဝူယင်ထံတွင် အဂ္ဂိရတ် အဖွဲ့အစည်း တစ်ခု ရှိပေသည်။
"အနည်းဆုံးတော့ သူက ထာဝရ ဧကရာဇ် ရဲ့ လမ်းကြောင်းကို မလိုက်ခဲ့တာ ကံကောင်းတယ်"
ဆည်းဆာ အဂ္ဂိရတ် အာဏာရှင် မူယုယက စိတ်လှုပ်ရှားစွာဖြင့် ပြောလိုက်သည်။ တစ်ချိန်တုန်းက ထာဝရ ဧကရာဇ်မှာ ဆေးနတ်ဘုရား အစည်းအရုံးကို တိုက်ရိုက် သိမ်းပိုက်ကာ သူ့ကိုယ်ပိုင် အမှတ်တံဆိပ်အဖြစ် ပြန်လည် ပြောင်းလဲခဲ့သည်။ သို့သော်လည်း ဝေ့ဝူယင်ကတော့ ထိုကဲ့သို့ မလုပ်ခဲ့ပါချေ။
မကြာခင်မှာပင် ၃၉,၃၁၀ ဦးသော ပညာရှင်များကို ရွေးချယ် ပြီးစီး သွားခဲ့ပြီ ဖြစ်သည်။ သူတို့ တစ်ခုချင်းစီပေါ်သို့ လှပသည့် နေရောင်ခြည် အလင်းတန်းများမှာ ဖြာကာ ကျဆင်း နေခဲ့သည်။
"ကံထူးသူတွေ အနေနဲ့ အခုပဲ စတင် သန့်စင်နိုင်ပါတယ်... ဒါမှမဟုတ် တခြားသူ တစ်ဦး တစ်ယောက်ကို ပေးမယ် ဆိုလည်း ပေးနိုင်ပါတယ်... ကျွန်မတို့ သုံးပတ်တိတိ နားပါ့မယ်... ဒီကာလအတွင်းမှာ ကျွန်မတို့ဘက်ကနေ တက်ရောက်သူ တစ်ဦးချင်းစီကို ကျင့်ကြံခြင်း အဆင့်နဲ့ အဖွဲ့ဝင် အရေအတွက် အလိုက် အစားအသောက်နဲ့ အခြေခံ ကျင့်ကြံခြင်း ရင်းမြစ်တွေကို ပို့ဆောင်ပေးပါ့မယ်...”
ထျန်းရှောင်ချွမ်းက ထိုကဲ့သို့ ကြေညာချက်ဖြင့် အဆုံးသတ်လိုက်လေရာ ကျင့်ကြံသူပေါင်း မြောက်များစွာမှာ စိတ်လှုပ်ရှားသွားခဲ့ကြ၏။
အခမဲ့ ကျင့်ကြံခြင်း ရင်းမြစ်များ ရရှိဦးလော။ ၎င်းက သူတို့ အတွက်တော့ တတိယမြောက် ကံကောင်းခြင်းပင် ဖြစ်ပေသည်။
...
"ဒီတစ်ကြိမ် ကျပန်းပဲ ပေးတာ နှမြောစရာပဲ"
လင်းမင်က လက်ထဲရှိ အာရုဏ်ဦး ဝိညာဉ်ပင်လယ် အသက် ဆေးရည် ပုလင်းကို ကြည့်ရင်း မကျေမနပ် ပြောလိုက်သည်။ ဒုတိယ အကြိမ်မြောက် ကံကောင်းခြင်း၌ သူ ရွေးချယ်ခံခဲ့ရသော်လည်း လင်းရှန်းရှဲ့ကတော့ ကံဆိုးခဲ့ပေသည်။
သို့သော်လည်း မိန်းကလေးကတော့ စိတ်ပျက်ဟန် မရချေ။ ထို့အစား မျက်နှာထက်တွင် အပြုံးတစ်ပွင့်ပင် လင်းလက် နေခဲ့သည်။ အဘယ်ကြောင့်နည်း။ မိခင်ဖြစ်သူက သူမ အတွက် အရည်အသွေး အထွတ်အထိပ် အဆင့် ဆေးရည် တစ်ပုလင်းကို သိမ်းဆည်းထားကြောင်း ဝိညာဉ် ဆက်သွယ်မှုမှ တစ်ဆင့် သတင်းပို့ခဲ့ခြင်းကြောင့် ဖြစ်သည်။
"ရတယ်... အမေက ငါ့အတွက် တစ်ပုလင်း ပြင်ပေးထားတယ်"
“...”
လင်းမင် အံ့အားသင့်သွားခဲ့၏။ ထို့နောက် လင်းရှန်းရှန်းမှာ ဝေ့ဝူယင် ၏ အစေခံ ဖြစ်ကြောင်း သူ ပြန်လည် သတိရလိုက်သည်။ ထိုအတွက် သူမထံတွင် ဝေ့ဝူယင် ပေးအပ်သည့် အကျိုးကျေးဇူးအချို့ ရရှိမည်မှာ ကျိန်းသေပေသည်။
***