အခန်း (၃၉၃)
Vol. 27 Ch. 393
၎င်းတို့၏ အမူအရာများကိုမြင်လျှင် ဒွန်ရွှမ်က
“ ကျန်းချန်က ဘုရင်ရွှမ်ရဲ့ တပည့်တစ်ယောက်ဖြစ်ပြီးတော့ ပါရမီရှင်တစ်ယောက်လည်း ဖြစ်တယ်… သူက ဓါး (၉) စင်းတံဆိပ်ကို လက်ခံရရှိခဲ့တဲ့ ပထမအသုတ် လူ (၃) ထောင်ထဲမှာပါဝင်တယ်…”
“ ဒီလိုလူမျိုးကို ငါတို့ဘယ်လိုလုပ်ပြီး လွှတ်ထားလို့ရမှာလဲ…”
ဒွန်ရွှမ်က ကောင်းကင်မှ ကြွေကျလာသော ကြယ်တစ်စင်းအလား အလင်းတန်းတစ်ခုအဖြစ်ပြောင်းလဲပြီး ကောင်းကင်ဓါးဂိုဏ်းရှိရာသို့ ဦးတည်သွားလေသည်။
ဒွန်ရွှမ် အဇူရာဒေသသို့ရောက်လာချိန်တွင် ကျန်းချန်လည်း ကောင်းကင်ဓါးဂိုဏ်းသို့ ရောက်လာပြီဖြစ်၏။
“ ဂိုဏ်းထဲကို ဘယ်သူ ကျူးကျော်လာတာလည်း…”
ကျန်းချန်က သူ၏ အရှိန်အဝါများအား ဖုံးကွယ်ထားပြီး သာမန် အခြေတည်ဝိညာဉ်အဆင့်ကျင့်ကြံသူတစ်ယောက်အနေဖြင့် ရောက်လာခြင်းဖြစ်၏။
အခြေတည်ဝိညာဉ်အဆင့် ကျင့်ကြံသူတစ်ယောက်ဖြစ်သည့်အတွက် ဂိတ်ဝမှ တပည့်နှစ်ယောက်က အနည်းငယ်ကြောက်ရွံ့သွားသော်လည်း လှမ်းတားလိုက်၏။
ကျန်းချန်က ထိုအပြုအမူအား ဂရုမစိုက်ပဲ အနည်းငယ်ပြုံးလိုက်သည်။
သူက ကောင်းကင်ထက်မှ ဆင်းသက်လိုက်ပြီး ကျယ်လောင်စွာ အော်ပြောလိုက်သည်။
“ ငါက ကျန်းချန်ပဲ…”
“ ကျန်းချန်… စီနီယာအကို ကျန်းချန်များလား…”
ဂိတ်စောင့်တပည့်နှစ်ယောက်ထဲတွင် တစ်ယောက်က ကျန်းချန်၏ အမည်အားမကြားဖူးပေ။
သို့သော် ကျန်တစ်ယောက်က ကောင်းကင်ဓါးဂိုဏ်းမှ တပည့်ဟောင်းတစ်ယောက်ဖြစ်ပြီး ကျန်းချန်ဟူသော အမည်နှင့် အလွန်ရင်းနှီးပေသည်။
ကျန်းချန် ရောက်လာသည်အား မြင်လျှင် သူ့ မျက်ဝန်းများထဲ၌ ပျော်ရွှင်မှုများ ယှက်သန်းလာ၏။
“ စီနီယာအကိုကျန်းချန် ပြန်ရောက်လာပြီပဲ… ဒါက ကိစ္စကြီးတစ်ခုပဲ… ကျွန်တော်အမြန်သွားပြီး အကြောင်းကြားလိုက်မယ်… ပြီးတော့ စီနီယာအကိုကျန်းချန်က အခြေတည်ဝိညာဉ်အဆင့်ကိုတောင်ရောက်နေပြီပဲ… တတိယဓါးသခင်နဲ့ ကျန်အကြီးအကဲတွေမြင်ရင် ဝမ်းသာသွားမှာ သေချာတယ်…”
ကျန်းချန်က အလျှင်အမြန်လက်ကာပြလိုက်ပြီး သတင်းသွားပို့တော့မည့်တပည့်အား တားလိုက်ကာ
“ ဒီလိုလုပ်စရာမလိုပါဘူး… ဆရာကို ငါကိုယ်တိုင်ပဲ သွားရှာလိုက်မယ်… ပြီးတော့ ငါပြန်ရောက်လာတဲ့ ကိစ္စကိုလည်း ဘယ်သူ့ကိုမှ မပြောနဲ့ဦး…”
ယခုအချိန်တွင် ကျန်းချန်က ရွှမ်ယွမ်ကြယ် (၃) ပွင့်မြက်ကဲ့သို့ အလွန်အဖိုးတန်သောအရာအား ယူဆောင်လာခဲ့သည်။ ဤသတင်းသာ မတော်တဆ အပြင်ဘက်သို့ ပျံ့နှံ့သွားပါက မကောင်းသောအတွေးများရှိသူ ရှိမလာနိုင်ဟု အာမမခံနိုင်ပေ။
ကျန်းချန်က ထိုကိစ္စများဖြစ်လာမည်ကို ကြောက်လန့်ခြင်းမရှိသော်လည်း ယခုအချိန်တွင် တတိယဓါးသခင်၏အသက်နှင့်ဆက်စပ်နေသော ရွှမ်ယွမ်ကြယ် (၃) ပွင့်မြက်ပင်ကို အလွန်အလေးထားသည်။ လူသားဘုရင်များသာမက ကောင်းကင်ဘုရင်များပင် အာရုံစိုက်လာမည်ကို စိုးရွံ့နေမိ၏။
သူက ကောင်းကင်ဓါးဂိုဏ်းသို့ မလိုလားအပ်သော ပြသနာများ သယ်ဆောင်မလာလိုသောကြောင့် ဂိုဏ်း၏ အတွင်းပိုင်းသို့ တိုက်ရိုက်ဝင်သွားခဲ့သည်။
“ ကျန်းချန် မင်းပြန်လာပြီပဲ… အမြန်မင်းဆရာကို သွားတွေ့ချည်…”
ကောင်းကင်ဓါးဂိုဏ်းမှ အကြီးအကဲများစွာ ကျန်းချန်ပြန်ရောက်လာသည်ကို မြင်လိုက်ရပြီး ကျန်းချန် အခြေတည်ဝိညာဉ်အဆင့်သို့ ရောက်သွားသည်ကိုလည်း တွေ့ခဲ့ရသည်။
တစ်ယောက်ပြီးတစ်ယောက် ဝမ်းသာအားရ နှုတ်ဆက်လိုက်ကြ၏။
ထို့နောက် ကျန်းချန်အား စကားများစွာ မပြောတော့ပဲ ဂိုဏ်း၏ အတွင်းဆောင်မှ အိပ်ခန်းတစ်ခုအတွင်းသို့ ဆွဲခေါ်သွားလေသည်။
ထိုနေရာတွင် ကောင်းကင်ဓါးဂိုဏ်း၏ ဂိုဏ်းချုပ်ဟောင်း တစ်ချိန်က ကျန်းချန်၏ ဆရာဖြစ်ခဲ့ဖူးသော တတိယဓါးသခင် လှဲလျောင်းနေပြီး တစ်ချိန်တုန်းကကဲ့သို့ ခမ်းနားထည်ဝါသော အငွေ့အသက်များ ရှိမနေတော့ချေ။
သို့သော် ကျန်းချန် ရောက်လာချိန်တွင် သူက အနည်းငယ်အံ့ဩသွားပြီး ကျန်းချန်အား နံဘေး၌ ထိုင်ခိုင်းလိုက်သည်။
ထို့နောက် ကျန်းချန်၏ အရှိန်အဝါအား ခံစားမိလိုက်လျှင်
“ အင်း…. မင်းကျင့်ကြံဖို့ထွက်သွားတာ နှစ်အနည်းငယ်တောင်ကြာသွားခဲ့ပြီ… ကြည့်ရတာ မင်းသိသိသာသာတိုးတက်သွားတာပဲ… ပြီးတော့ မင်း ဗဟိုသူတော်စင်အကယ်ဒမီကို သွားခဲ့တယ်လို့လည်း ငါသတင်းကြားတယ်… မင်းက ငါတို့ကောင်းကင်ဓါးဂိုဏ်းကို အရှက်မရစေဘူးပဲ… ဒါနဲ့ ဘယ်နည်းပြဆရာကို ရွေးခဲ့တာလဲ… အခြေအနေရော ဘယ်လိုရှိလဲ…”
ဆရာဖြစ်သူထံမှ စိုးရိမ်သော စကားများအား ကြားလျှင် ကျန်းချန်၏ မျက်ဝန်းများ အနည်းငယ်စိုစွတ်သွားသော်လည်း ယခုအချိန်၌ ထိုကိစ္စများအား ပြောနေရမည့်အချိန်မဟုတ်ကြောင်း နားလည်ထားသည်။
သူက တတိယ ဓါးသခင်၏ လက်အား ဆုပ်ကိုင်လိုက်ပြီး
“ ဆရာ… ဒီကိစ္စတွေအတွက် စိတ်ပူမနေပါနဲ့… ပြီးတော့ ကျေးဇူးပြုပြီး ဒါကို ယူလိုက်ပါ…”
ကျန်းချန်က ပြုံးလျက်ပြောလိုက်သည်။
ယခု ဤနေရာတွင် ရှိနေသည့် အကြီးအကဲများအားလုံး ကောင်းကင်ဓါးဂိုဏ်းမှ အမာခံ သစ္စာခံများဖြစ်ကြသည်။
ထို့ကြောင့် ကျန်းချန်က ဤနေရာ၌ ဂရုစိုက်မနေတော့ပဲ ရွှမ်ယွမ်ကြယ် (၃) ပွင့်မြက်ပင်အား တိုက်ရိုက်ထုတ်ယူခဲ့ခြင်းဖြစ်၏။
ထို စိတ်ဝိညာဉ်ဆေးပင်ပေါ်လာသည်နှင့် အနည်းငယ်အေးစိမ့်နေသော အခန်းက နွေဦးရောက်သည့်အလား နွေးထွေးလာခဲ့သည်။
အကြီးအကဲများအနေဖြင့် ထိုဆေးပင်အား မျက်စိဖြင့် မမြင်ရသေးသော်လည်း ၎င်းက အလွန်အံ့ဩစရာကောင်းကြောင်းကိုမူ နားလည်ထားကြ၏။
၎င်းအား တတိယဓါးသခင်မြင်သွားလျှင် သူ၏ မုတ်ဆိတ်မွှေးများပင် တုန်ရီသွားခဲ့ပြီး
“ ရွှမ်ယွမ်မြက်ပင်လား… မဟုတ်သေးဘူး ရွှမ်ယွမ် ကြယ် (၃) ပွင့်မြက်ပင်…”
ထိတ်လန့်စွာပြောလိုက်၏။
ရွှမ်ယွမ်ကြယ် (၃) ပွင့်မြက်…
တတိယဓါးသခင်က ရွှမ်ယွမ်ကြယ် (၃) ပွင့်မြက်ပင်ဟု ပြောလိုက်သော အချိန်တွင် အကြီးအကဲများလည်း အလွန်အံ့အားသင့်သွားကြ၏။
ကျန်းချန်အား ကြည့်နေသော သူတို့၏မျက်ဝန်းများလည်း ပူနွေးလာခဲ့သည်။
ကျန်းချန်အနေဖြင့် ဤကဲ့သို့ အစွမ်းထက် အဆင့်မြင့်ရတနာတစ်ခုအား ရရှိရန်အတွက် လွန်ခဲ့သော (၂) နှစ်အတွင်းမည်သည့် ကိစ္စများ ရင်ဆိုင်ကြုံတွေ့ခဲ့ရသနည်း။
သူတို့ ပြန်စဥ်းစားကြည့်လိုက်လျှင် ကျန်းချန် ဂိုဏ်းသို့ ရောက်လာသည်နှင့် သူရောက်လာသော သတင်းအား ပြင်ပသို့ ထုတ်ဖော်မပြပဲ လျှို့ဝှက်ထားရန် တောင်းဆိုခဲ့ကြောင်းအမှတ်ရလိုက်ကြသည်။
ထိုအခါ အကြီးအကဲများလည်း နားလည်သွားကြ၏။
ကြည့်ရသည်မှာ ကျမ်းချန်က လျှို့ဝှက်နယ်မြေတစ်ခု၌ ဤရတနာအား ရခဲ့ပြီး လျှို့ဝှက်ထားခဲ့ခြင်းဖြစ်နိုင်ပေသည်။ တတိယဓါးသခင်လည်း ထိုသို့ တစ်ထေရာတည်း တွေးမိနေ၏။
“ ဒါက အရမ်းတန်ဖိုးကြီးလွန်းတယ်…”
တတိယဓါးသခင်၏ နှုတ်ခမ်းများ တုန်ခါလာခဲ့၏။ သူက ငြင်းချင်နေသည်။
သို့သော် ကျန်းချန်၏ ဆုံးဖြတ်ချက်က အလွန်ခိုင်မာလှသည်။ သူက တတိယဓါးသခင်ကိုပင် လုံးဝငြင်းရန် အခွင့်မပေးတော့ပဲ တိုက်ရိုက်အသုံးပြုလိုက်၏။
ရွှမ်ယွမ်ကြယ် (၃) ပွင့် မြက်ပင်အား လောင်ကျွမ်းစေလိုက်ပြီး စိတ်ဝိညာဉ်အရည်လုံးလေးတစ်ခုဖြစ်သွားလျှင် ပြုံးလိုက်ပြီး
“ ဆရာ… အရမ်းအများကြီးတွေးမနေပါနဲ့… ဒါ ဆရာ့အတွက်ယူလာခဲ့တာ…”
ကျန်းချန်၏လက်ထဲတွင် ရွှမ်ယွမ်ကြယ် (၃) ပွင့်မြက်ပင်က စိတ်ဝိညာဉ်ဆေးအရည်အဖြစ်ပြောင်းလဲနေပြီဖြစ်သည်။ ၎င်းအား လျှင်မြန်စွာ မသောက်သုံးလျှင် တစ်ခဏကြာပါက အာနိသင်ပျက်ပြယ်သွားပေလိမ့်မည်။
တတိယဓါးသခင်အနေဖြင့် ငြင်းပယ်မရနိုင်တော့မှန်း နားလည်လိုက်သောကြောင့် ကူကယ်ရာမဲ့စွာဖြင့်
“ မင်း… မင်း….”
ထို့နောက် ကျန်းချန်က လက်ထဲမှ ရွှမ်ယွမ်ကြယ် (၃) ပွင့်မြက်အရည်လုံးလေးအား တတိယဓါးသခင်၏ ပါးစပ်ထဲသို့ ထည့်သွင်းပေးလိုက်သည်။
ထို စိတ်ဝိညာဉ်ဆေးရည်အား သောက်သုံးပြီးနောက် တတိယဓါးသခင် အိပ်ပျော်သွားတော့၏။
သူ၏ ခန္ဓာကိုယ်တစ်ခုလုံးက ကြယ်ရောင်များလင်းလက်နေခဲ့ပြီး တတိယဓါးသခင်၏ ဒဏ်ရာများ တဖြည်းဖြည်းပျောက်ကင်းလာခဲ့သည်။
ပြီးနောက် ကျန်းချန်က ဤကိစ္စနှင့်ပတ်သက်ပြီး အကြီးအကဲများအား ရှင်းပြလိုက်၏။
ထို ရွှမ်ယွမ်ကြယ် (၃) ပွင့်မြက်ပင်က သူ၏အပိုင်မဟုတ်ပေ။ ဗဟိုသူတော်စင်အကယ်ဒမီမှ သူ၏ နည်းပြဆရာက သူ့အား ပေးအပ်ထားသော ဆေးဖြစ်ပေသည်။
ဤကဲ့သို့ အစွမ်းထက်အဆင့်မြင့် ရတနာအား ကျန်းချန်အား ပေးထားပုံထောက်လျှင် ကျန်းချန်၏ နည်းပြဆရာက မည်သို့သော လူမျိုးနည်း..?
ရွှမ်ယီ အကြောင်း သူတို့မတွေးခဲ့သည်က အံ့ဩစရာမဟုတ်ပေ။
အဇူရာဒေသက တောင်ပိုင်းတိုက်ကြီး၏ အစွန်အဖျားနေရာလေး၌ တည်ရှိနေပြီး ဗဟိုသူတော်စင်အကယ်ဒမီနှင့်လည်း အလွန်ဝေးကွာပေသည်။
ယခုအချိန်တွင် ရွှမ်ယီက တောင်ပိုင်းတိုက်ကြီး၌ အလွန်ကျော်ကြားနေပြီဖြစ်ကာ အကြီးကျယ်ဆုံးသော လူများထဲမှ တစ်ယောက်ဖြစ်ကြောင်းသိထားကြသော်လည်း ရွှမ်ယီ မည်သည့်နေရာ၌ မည်သည့်အရာများ လုပ်နေသည်ကို သူတို့မသိထားကြချေ။
အကြီးအကဲတစ်ဦးက ချက်ချင်းကျန်းချန်အား မေးရန်ပြင်လိုက်၏။
သို့သော် သူစကားမပြောရသေးမီ ကျန်းချန်၏ညမျက်နှာအမူအယာ အနည်းငယ်ပြောင်းလဲသွားလေသည်။
ထိုအကြီးအကဲများက အစောပိုင်းအခြေတည်ဝိညာဉ်အဆင့်၌သာ ရှိကြသေး၏။
ကျန်းချန်၏ ဆရာဖြစ်သော ကောင်းကင်ဓါးဂိုဏ်း၏ ထောက်တိုင် တတိယဓါးသခင်ပင်လျှင် မူလဘုရင်အဆင့် ကျင့်ကြံသူတစ်ယောက်သာဖြစ်သေးသည်။
ထို့ကြောင့် ၎င်းတို့၏ နတ်အသိများက ကျန်းချန်ထက်များစွာ နိမ့်ကျနေသည်။
သူက မေးခွန်းမေးရန်ပြင်နေသည့် အကြီးအကဲအား ဟန့်တားလိုက်ပြီး လေးနက်သော လေသံဖြင့်
“ အကြီးအကဲတို့… ကျုပ်တို့ ဓါးဂိုဏ်းကို ကျူးကျော်ဝင်ရောက်လာတဲ့လူတွေရှိနေတယ်… သူတို့က ရည်ရွယ်ချက်ကောင်းနဲ့ရောက်လာတာမဟုတ်မှာကို စိုးမိတယ်…”
အကြီးအကဲများ အံ့ဩသင့်သွားကြ၏။
“ ပြင်ပလူတွေ ကျူးကျော် လာတာလား… ဒါဆိုလို့ရှိရင် ဂိုဏ်းအစီအရင်က ဘာလို့ တုန့်ပြန်မှုမရှိရတာလည်း…”
အကြီးအကဲများအားလုံး ပဟေဠိဖြစ်နေခဲ့ကြ၏။
သို့သော်တစ်ခဏအကြာတွင် သူတို့၏ သံသယများအားလုံး ပျောက်ကွယ်သွားတော့၏။
အဘယ်ကြောင့်ဆိုသော် ကောင်းကင်ဓါးဂိုဏ်း၏ အထက် ကောင်းကင်ယံ၌ ကြော်မက်ဖွယ်အရှိန်အဝါတစ်ခုထွက်ပေါ်လာပြီး လေထုအား တုန်ခါသွားစေသောကြောင့်ပင်။
တောင်များ ၊ မြစ်များအား အလွယ်တကူချေမှုန်းနိုင်သည့် ကြောက်မက်ဖွယ်စွမ်းအား အရှိန်အဝါတစ်ခုက ကောင်းကင်ဓါးဂိုဏ်း တစ်ခုလုံးသို့ စိမ့်ဝင်လာခဲ့သည်။
ထို့နောက် အလွန်မောက်မာကာ မာနကြီးသော လေသံတစ်ခု ကောင်းကင်ထက် မှထွက်ပေါ်လာခဲ့သည်။
“ ကျန်းချန်… မင်းဒီမှာရှိတာ ငါသိတယ်… ငါ ဒွန်ရွှမ် ရောက်လာပြီ… ထွက်လာပြီး ငါ့ကိုတွေ့စမ်း…”