← Chapters

အခန်း (၃၉၄)

Vol. 27 Ch. 394

အခန်း (၃၉၄)

Vol. 27 Ch. 394

အလွန်ပြင်းထန်ကာ ကြောက်မက်ဖွယ် ဖိအားကို ခံစားမိလိုက်လျှင် ကောင်းကင်ဓားဂိုဏ်းမှ အကြီးအကဲများ မျက်နှာပျက်သွားခဲ့ကြသည်။

သူတို့ ခန္ဓာကိုယ်များ တုန်ယင်လာခဲ့၏။

ထိုဘုရင်အဆင့်ကျင့်ကြံသူက ဖိအားမျှသာ ထုတ်လွှတ်နေခြင်းဖြစ်သော်လည်း သူတို့ဒူးများက ကွေးညွတ်နေချေပြီ။

ကျန်းချန်က အေးစက်စွာ နှာမှုတ်လိုက်ပြီး ရှေ့တစ်လှမ်းတိုးလိုက်၏။

ထို့နောက် သူ့ခန္ဓာကိုယ်မှ ဓားစွမ်းအားများ ဝုန်းကနဲ ထွက်ပေါ်လာသည်။

ကောင်းကင်ထက်မှ ကျဆင်းနေသော ကြောက်မက်ဖွယ်ဖိအားများ ချက်ချင်း နောက်ပြန်ဆုတ်သွားခဲ့၏။

“ ဘုရင်အဆင့်.. ကျန်းချန်.. မင်း ဘယ်တုန်းက ဘုရင်အဆင့်ကိုရောက်သွားတာလဲ…”

အကြီးအကဲများအားလုံး ကျန်းချန်အား မယုံကြည်နိုင်စွာ ငေးကြည့်လိုက်ကြသည်။

ကျန်းချန်၏ ပင်ကိုပါရမီက နဂိုကပင် ထူးချွန်ပြီး ဤချောင်ကျသော ဒေသနှင့် မလိုက်ဖက်သော ဓားစိတ်ဝိညာဉ်ခန္ဓာကို ပိုင်ဆိုင်ထား၏။

ထိုကိစ္စများကို အကြီးအကဲတိုင်းသိထားကြ၏။

သို့သော် ဤနေရာမှ ထွက်သွားပြီး (၂)နှစ်လောက်ကြာသည်နှင့် ဘုရင်အဆင့်သို့ ရောက်သွားမည်ဟု လုံး၀ မထင်မှတ်ထားခဲ့ကြချေ။

ထို့အပြင် တစ်ခုသိထားရန်လိုအပ်သည်က ကျန်းချန် အသက်(၃၀)ပင် မပြည့်သေးချေ။

ဒီလို ပါရမီမျိုး…!

အနာဂါတ်တွင် ဘုရင်အဆင့်၌ အဆင့်မြင့်မြင့်သို့ ရောက်နိုင်ချေရှိ၏။

ကျန်းချန်နှင့်ဆိုပါက ကောင်းကင်ဓားဂိုဏ်းသို့ ယခုရောက်ရှိလာသော ဘုရင်အဆင့်ကျင့်ကြံသူအား ဂရုစိုက်နေစရာမလိုတော့ပေ။

အကြီးအကဲတချို့ ထိုသို့တွေးလိုက်မိကြပြီး သူတို့ သက်ပြင်းမချနိုင်ခင်မှာပင်…

ကောင်းကင်ထက်မှ အခြေအနေက ရုတ်ချည်းပြောင်းလဲသွား၏။

ဘုရင်အဆင့်အရှိန်အဝါများ တစ်ခုပြီးတစ်ခု ထွက်ပေါ်လာသည်။

အကြီးအကဲများ၏ နှုတ်ခမ်းဖျားများ တုန်ခါသွားပြီး မျက်၀န်းများထဲ၌ စိတ်ဓာတ်ကျမှုများ ပြည့်နှက်လာခဲ့၏။

ကောင်းကင်ထက်၌ ဘုရင်အဆင့်ကျင့်ကြံသူ (၃၂)ယောက် ပေါ်ထွက်လာပြီး သူတို့ဂိုဏ်းအား ၀န်းရံထားသောကြောင့်ပင်။

၎င်းတို့ထံမှ ထွက်ပေါ်နေသည့် အရှိန်အဝါများက အလွန်ပြင်းထန်လှ၏။

ယခုမှ ဘုရင်အဆင့်သို့ ရောက်ရှိလာသူများ ဟုတ်ဟန်မတူပေ။

ကျန်းချန် ဘယ်တုန်းက ဤမျှ ကြောက်မက်ဖွယ် ရန်သူများကို ရန်စခဲ့သနည်း…?

ကျန်းချန် အပြင်လောက၌ တစ်ခုခုဖြစ်ခဲ့သည်ဟု အကြီးအကဲများ ကောက်ချက်ချလိုက်ကြသည်။

သို့သော် သူတို့ရုပ်ပျက်ဆင်းပျက် ထိတ်လန့် တုန်လှုပ်သွားခြင်းတော့မရှိချေ။

မဟာအကြီးအကဲ အရင်းဆုံးသတိပြန်၀င်လာပြီး အံကြိတ်ကာ ညွှန်ကြားလိုက်၏။

ဂိုဏ်းအကာအကွယ် အစီအရင်အား အသက်သွင်းကာ အချိန်ဆွဲထားပြီး ကျန်းချန်နှင့် တတိယဓားသခင်တို့အား ဘေးလွတ်ရာသို့ ရွှေ့ပြောင်းပေးမည်။

“ ကျန်းချန် မင်းဆရာကိုခေါ်ပြီး မြန်မြန်ထွက်သွားတော့… ဗဟိုသူတော်စင် အကယ်ဒမီက မင်းဆရာက ရွှမ်ယွမ် ကြယ်(၃)ပွင့်မြက်ကိုတောင် ပေးနိုင်တယ်ဆိုတော့ ဒီပြသနာကိုလည်း ဖြေရှင်းပေးနိုင်မှာပါ.. ငါတို့ကတော့ ဒီမှာပဲနေပြီး အချိန်ဆွဲထားပေးမယ်…”

အဇူရာဒေသ၌ ကောင်းကင်ဓားဂိုဏ်းက ဘုရင်အဆင့် အင်အားစုတစ်ခုဖြစ်ပေသည်။

တတိယဓားသခင်၏ ကျင့်ကြံမှုက မူဘဘုရင်အလယ်အလတ်သို့ ရောက်နေပြီဖြစ်၏။

ယခုတွင် သူက အခန်းထဲ၌ ရှိနေသော်လည်း ဘုရင်အဆင့်ကျင့်ကြံသူ(၃၂)ယောက် ရောက်လာခြင်းကို အာရုံခံမိခဲ့သည်။

ဂိုဏ်းအစီအရင်နှင့်အတူ သူကိုယ်တိုင် ပါ၀င်တိုက်ခိုက်ပါက ကျန်းချန်အတွက် လုံလောက်သော အချိန်တစ်ခု ဖန်တီးပေးနိုင်မည်ဟု ယုံကြည်နေခဲ့၏။

လိုအပ်တာထက်ပေး ပိုနိုင်သေးသည်။

မဟာအကြီးအကဲကလည်း ချက်ချင်းအစီအရင်အား အသက်သွင်းနိုင်ရန်ပြင်ဆင်နေ၏။

တတိယ ဓားသခင်ကမူ မဟာအကြီးအကဲ၏ အစီအစဉ်အတိုင်း ဘေးလွတ်ရာသို့ မတိမ်းရှောင်လိုပေ။

သူက အပြင်ထွက်လာခဲ့ပြီး တိုက်ခိုက်ရန် အသင့်ပြင်လိုက်၏။

သူ၏ ဓားတာအိုက လမ်းဆုံးသို့ရောက်နေချေပြီ။

ဤဘ၀၌ ယခုထက် ပို၍ မြှင့်တင်နိုင်တော့မည်မဟုတ်ပေ။

သို့သော် ကျန်းချန်၏ အနာဂါတ်အတွက် သူ့အသက်အား ပေးဆပ်ရမည်ဆိုလျှင် အလွန့်အလွန်ထိုက်တန်ပေသည်။

ကျန်းချန်ကမူ ၎င်းတို့အားကြည့်ကာ နွေထွေးစွာပြုံးလိုက်ပြီး မဟာအကြီးအကဲအား အရမ်းစိတ်မပူရန် အချက်ပြလိုက်ပြီး တိုက်ခိုက်ရန် အဆင်သင့်ဖြစ်နေပြီဖြစ်သော တတိယဓားသခင်ကိုလည်း တားဆီးလိုက်၏။

“ ဆရာ စိတ်မပူပါနဲ့… သူတို့က ရန်သူတွေမဟုတ်ဘူး… ဒီတိုင်း ဦးနှောက်မရှိတဲ့ လူတစ်စုသက်သက်ပဲ…”

စကားဆုံးသည်နှင့် ကျန်းချန်က ရှေ့သို့ လျှောက်သွားခဲ့၏။ သူ့ခြေထောက်အောက်၌ ငွေဖြူရောင် ဓားချီများလည်း ထွက်ပေါ်လာလေသည်။

သူက လေထဲသို့ ပျံတက်သွားပြီး ဘုရင်(၃၂)ယောက်နှင့် မျက်နှာချင်းဆိုင်လိုက်၏။

“ မင်းတို့က ငါ့ဂိုဏ်းကို ရုတ်တရက် ချိုးဖောက်၀င်လာပြီး ငါ့ကိုခေါ်တာ ဘာသဘောလဲ…”

ထိုရိုင်းစိုင်းစွာ ၀င်ရောက်လာသူများရှေ့၌ ကျန်းချန် ယဉ်ကျေးမနေတော့ပေ။

ထိုလူများက ဒွန်ရွှမ်၏ နောက်လိုက်များဖြစ်လာပြီးနောက် ယခင်ထက် ပို၍ မောက်မာလာကြသည်။

ထိုအထဲမှတစ်ယောက်က ရှေ့တစ်လှမ်းတိုးလိုက်ပြီး

“ ဘုရင်ဒွန်ရွှမ်က မင်းကို သူ့လက်အောက်မှာ အမှုထမ်းဖို့ အခွင့်အရေးတစ်ခုပေးမလို့ လာခဲ့တာ… အနာဂါတ်မှာ မင်းက ဘုရင်ဒွန်ရွှမ်ရဲ့ လက်အောက်က ကြီးကျယ်ခမ်းနားတဲ့ စစ်သေနာပတိဖြစ်လာလိမ့်မယ်… ပြီးတော့ သူ့အတွက် ထာ၀ရအင်ပါယာကို ကာကွယ်ပေးပြီး တောက်ပတဲ့ဂုဏ်ကျက်သရေကို ခံစားရလိမ့်မယ်….”

ထိုလူက ဒွန်ရွှမ်၏ နောက်လိုက်ဖြစ်ရခြင်းအပေါ် အလွန်ဂုဏ်ယူနေခဲ့၏။ ဒွန်ရွှမ်အား ရှုံးနိမ့်ပြီးနောက် အလွန် ယုံကြည်ကိုးစားသွားခြင်းဖြစ်ကာ အနှိုင်းမဲ့သစ္စာတော်ခံတစ်ဦး ဖြစ်လာခဲ့သည်။

သူက ကျန်းချန်အား ဦးနှောက်မရှိသူ ၊ အရိပ်အကဲနားမလည်သူဟု ထင်မြင်နေပြီး လက်ညှိုးထိုးလိုက်ကာ

“ မင်း ဘာလုပ်နေတာလဲ… ချက်ချင်း ဒူးထောက်ပြီး ကျေးဇူးမတင်သေးဘူးလား…?”

သူ့နောက်တွင် ကောင်းကင်ဘုရင် အယောက်(၃၀)ရပ်နေခဲ့ပြီး ၎င်းတို့ထံမှ ထွင်ပေါ်နေသည့် အရှိန်အဝါနှင့် ဖိအားက အလွန်ကြောက်မက်ဖွယ်ကောင်းလှသည်။

“ အားနာပါတယ်… ငါက မင်းတို့နဲ့မတူဘူး.. တခြားတစ်ယောက်ရဲ့ ခွေးမဖြစ်ချင်ဘူး…”

ကျန်းချန်က တည်ငြိမ်စွာ တုံ့ပြန်လိုက်၏။

“ ကျန်းချန်.. မင်းဘာသဘောလဲ…”

ထိုလူက အလွန်ဒေါသထွက်သွားပြီး ကျန်းချန်အား လက်ညှိုးထိုးကာ အော်ဟစ်လိုက်သည်။

“ သူ့ကို အရင်မောက်မာခွင့်ပေးလိုက်ပါ… ငါတို့ အလျင်လိုနေစရာမှမလိုဘဲ… ဘုရင် ဒွန်ရွှမ် ရောက်လာတဲ့အခါ ဘယ်သူက တကယ့် ပါရမီရှင်လဲဆိုတာ သိအောင် ပြပေးလိမ့်မယ်…”

လက်နှစ်ဖက် နောက်ပစ်ကာ ရပ်နေသူတစ်ယောက်က လှောင်ပြုံးလျက် ၀င်ပြောလိုက်သည်။

“ မဟုတ်ဘူး.. ငါဆက်မစောင့်နိုင်တော့ဘူး… ဒီကောင်ကို အရင်ဆုံးဦးချိုးပြီး ဘုရင် ဒွန်ရွှမ်အတွက် ဖမ်းဆီးပေးမယ်…”

ပထမဆုံး စကားပြောခဲ့သူက အော်ဟစ်လိုက်ပြီး ရှေ့သို့ခုန်ထွက်သွား၏။

ထို့နောက် ကျန်းချန်ရှိရာသို့ လက်သီးတစ်ချက် ပစ်လွှတ်လိုက်လျှင် စိတ်ဝိညာဉ်စွမ်းအင်များက ခရမ်းရောင်ကျားတစ်ကောင် ပုံစံပြောင်းပြီး ပြေးထွက်သွားလေသည်။

ထိုအခါ အခြေအနေအား စောင့်ကြည့်နေသော တတိယဓားသခင်၏ အမူအရာပြောင်းလဲသွား၏။

“ မဟာအကြီးအကဲ.. အစီအရင်ကို မြန်မြန်ပြင်ဆင်လိုက်တော့… ကျန်းချန် ခုခံနိုင်မယ်မထင်ဘူး…”

ထိူ ခရမ်းရောင်ကျားပုံရိပ်ကြီးက အလွန်ကြီးကျယ်ခမ်းနားပြီး ကြောက်မက်ဖွယ်ကောင်းလှသည်။ တတိယ ဓားသခင်အနေဖြင့် အစီအရင်ကို အားကိုလျှင်တောင် ၎င်းအား တားဆီးနိုင်ရန် မသေချာပေ။

သူ့အမြင်တွင် ကျန်းချန်က ဘုရင်အဆင့်သို့ရောက်သွားပြီးဖြစ်သော်လည်း မူလဘုရင်အစောပိုင်းအဆင့်၌သာ ရှိနိုင်သေး၏။

ထိုတိုက်ခိုက်မှုအား မည်ကဲ့သို့ တားဆီးနိုင်မည်နည်း။

သို့သော် စကားပြောနေရင်း သူ့လေသံက တိမ်၀င်သွားခဲ့၏။ ကျန်းချန်၏ ပုံရိပ်က ငွေရောင်လျှပ်စီးတစ်ခုအလားပြောင်းလဲပြီး နေရာမှ ပျောက်ကွယ်သွားသောကြောင့်ပင်။

ထို့နောက် သူ့အား တိုက်ခိုက်လိုက်သူ၏ နောက်ကျောသို့ ရုတ်တရက် ရောက်သွားခဲ့သည်။ သူ့အမူအရာ အနည်းငယ်မျှ ပြောင်းလဲမသွားဘဲ ယခင်အတိုင်းတည်ငြိမ်နေသော်လည်း လက်ထဲမှ ဓားကမူ လှုပ်ရှားသွား၏။

ရွှမ်..

နီရဲသော သွေးများက အပြာရောင်ကောင်းကင်၌ ဖြန်းပက်သွားလေသည်။

ဘုရင်အဆင့် ကျင့်ကြံသူတစ်ယောက်က ဓားတစ်ချက်မျှဖြင့် သေဆုံးသွားချေပြီ။

ကောင်းကင်ဓားဂိုဏ်းဘက်တွင်မူ တတိယဓားသခင်မှအစ သာမန်တပည့်များအထိ ကောင်းကင်ထက်သို့ ပါးစပ်အဟောင်းသားဖြင့် ငေးကြည့်နေကြ၏။

အထူသဖြင့် အကြီးအကဲများဖြစ်ပေသည်။ သူတို့နှလုံးသားများ လှိုင်းထန်နေချေပြီ။

(၂)နှစ်အတွင်း ကျန်းချန်တစ်ယောက် ဤမျှထိတ်လန့်ဖွယ် အဆင့်တစ်ခုသို့ရောက်သွားရန် မည်သို့သော လူမျိုးအား ဆရာတင်ခဲ့သနည်း…?

All Chapters