← Chapters

အခန်း (၃၉၆)

Vol. 27 Ch. 396

အခန်း (၃၉၆)

Vol. 27 Ch. 396

“ ဒါက မင်းတတ်နိုင်တာ အကုန်ပဲလား…”

ကောင်းကင်ထက်တွင် ကျန်းချန်နှင့် ဒွန်ရွှမ်တို့ အကြိမ်အနည်းငယ်ခန့် တိုက်ခိုက်ခဲ့ကြပြီး ကျန်းချန်က ဒွန်ရွှမ်အား ဓားတစ်ချက်ဖြင့် နောက်သို့ ပြန်တွန်းလွှတ်လိုက်ပြီး အော်ပြောလိုက်သည်။

“ ဆန်စေ့ကများ ပုလဲလုံးလို တောက်ပချင်နေသေးတယ်…”

ဒွန်ရွှမ်ကလည်း ပြန်လည်တုံ့ပြန်လိုက်ပြီး ထန်းလုံရေကန်၌ အားဖြည့်ကာ အပြည့်အ၀နိုးထခဲ့သည့် နဂါးဝိညာဉ်ခန္ဓာအား အသုံးပြုကာ မိမိကိုယ်ကို အားဖြည့်ပြီး စွမ်းအားများ မြှင့်တင်လိုက်သည်။

နဂါးဓားနှင့် နဂါးဝိညာဉ်ခန္ဓာတို့က တညီတညွတ်တည်း ပဲ့တင်ထပ်သွားပြီး သူ့နောက်ကျောဘက်၌ အနီရောင် မီးနံရံကြီး တစ်ခုထွက်ပေါ်လာ၏။

လူသားဘုရင်အဆင့် ကျင့်ကြံသူတစ်ယောက်ကိုပင် ထိတ်လန့်သွားစေမည့် အရှိန်အဝါက ပတ်၀န်းကျင်တစ်ခွင်သို့ ပျံ့နှံ့သွားခဲ့သည်။

ထို မီးနံရံကြီးထက်တွင် နက်နဲသော အက္ခရာများ ရှိနေခဲ့ပြီး ၎င်းတို့က မိုးမြေအတွင်းမှ ဥပဒေသစွမ်းအားများနှင့် စည်းချက်ကျစွာ ပဲ့တင်ထပ်နေ၏။

နဂါးပုံရိပ်များ တစ်ခုပြီးတစ်ခုထွက်ပေါ်လာကာ ဒွန်ရွှမ်၏ နဂါးဝိညာဉ်ခန္ဓာကိုယ် နှင့် ပေါင်းစပ်သွားခဲ့သည်။

ဒွန်ရွှမ် ကျေနပ်စွာပြုံးလိုက်ပြီး ထိုနဂါးပုံရိပ်များဖြင့် နဂါးဓားကို အားဖြည့်လိုက်၏။

ဓားသွားထက်၌ ရွှေရောင်အမှတ်အသားများ ဖြစ်ပေါ်လာခဲ့ပြီး (၈၁)ခုပြီးနောက် ရပ်တန့်သွားခဲ့သည်။ နောက်ကျောမှ မီးနံရံကြီးလည်း ပေါက်ကွဲ ပျောက်ကွယ်သွားတော့၏။

ထိုနေရာ၌ သွေးနီရောင်ဓားပုံရိပ်တစ်ခုကျန်ခဲ့သည်။ ၎င်း၌ သွေးဆာမှုများပြည့်နှက်နေကာ မီးတောက်များ အလျှံတညီးညီတောက်လောင်နေခဲ့ပြီး နဂါးဓားထံသို့ ၀င်ရောက်ပေါင်းစပ်သွား၏။

“ ဘုရင်ဒွန်ရွှမ်က စိတ်ပိုင်းဖြတ်ထားတာပဲ… ကျန်းချန် သေမှာ သေချာတယ်…”

ဒွန်ရွှမ်၏ နောက်လိုက်များက ကြွေးကြော်ကာ အားပေးလိုက်ကြသည်။

နဂါးဝိညာဉ်ခန္ဓာနှင့် နဂါးဓား ပေါင်းစပ်ရာမှ ဖြစ်ပေါ်လာသည့် စွမ်းအားများက လူသားဘုရင်တစ်ယောက်ကိုပင် သတ်နိုင်စွမ်းရှိနေ၏။

ကျန်းချန်က ၎င်းအားမည်သို့ တားဆီးနိုင်မည်နည်း။

“ ဓားတစ်ချက်နဲ့ မင်းကိုသတ်မယ်…”

ဘန်း…

နဂါးဓားကြီးက အနီရောင်အရိပ်တစ်ခုအဖြစ် လေထုအား ထိုးခွင်းပြီး ကျန်းချန်ရှိရာသို့ ဦးတည်ကာ အပြင်းအထန် ၀င်ရောက်သွားသည်။

“ အုန်း…”

အသံကျယ်ကြီးထွက်ပေါ်လာပြီး ဖုန်မှု့န် ၊ သဲမှုန့်များက မီတာထောင်ပေါင်းများစွာ ဖုံးလွှမ်းသွားခဲ့ပြီး တိုက်ပွဲနေရာတစ်ခုလုံးကို ဖုံးအုပ်သွားခဲ့၏။

ဒွန်ရွှမ်က တိုက်ပွဲရလဒ်ကိုပင် ဆက်မကြည့်တော့ဘဲ နောက်လှည့် ထွက်ခွာလာခဲ့သည်။

ကောင်းကင်ဓားဂိုဏ်းဘက်တွင်မူ သုဿန်တစပြင်အလား တိတ်ဆိတ်သွား၏။

ထိုဓားချက်အောက်၌ ကျန်းချန်သေဆုံးသွားပြီလော…?

သို့သော် ဖုန်လုံးကြီးအတွင်းမှ ခွန်အားပြည့်၀သော စကားသံတစ်ခု ထွက်ပေါ်လာလေသည်။

“ ဒီလောက် အားနည်းတဲ့ ဓားချက်… ဒါနဲ့များ မင်းကိုမင်း ဒွန်ရွှမ်လို့ ခေါ်ရဲတယ်ပေါ့…?”

စကားဆုံးသည်နှင့် ဖုန်မှုန့်များအတွင်းမှ ငွေရောင် ဓားအလင်းတစ်ချက် လျှပ်တစ်ပျက် ထွက်ပေါ်လာ၏။

နောက်သို့ လှည့်ကြည့်လိုက်သော ဒွန်ရွှမ်၏ မျက်၀န်းများအတွင်း ထိတ်လန့်မှုနှင့် မယုံကြည်နိုင်မှုများ ပြည့်နှက်သွားခဲ့သည်။

ဗျစ်…

သွေးများ ပတ်၀န်းကျင်သို့ ဖြန်းပက်သွားခဲ့၏။

….

( မှတ်ချက် ။ ဒွန်ရွှမ် ရဲ့နာမည်ကို ကျန်းချန်က ပြောပြောနေလို့ ဒွန်ရွှမ်ရဲ့ အဓိပ္ပါယ်ကို ရှာ‌ပေးထားပါတယ်။ ဒွန် - ရိုးသားခြင်း ၊ ယဉ်ကျေးခြင်း ၊ ခိုင်မာခြင်း ။ ရွှမ် - မြင့်မြတ်ခြင်း ၊ လှပပြည့်စုံခြင်း ။ မြင့်မြတ်သော သဘောထား ပိုင်ရှင် ၊ ခိုင်မာတည်ကြည်သောသူ အဲ့လိုသဘောပါခင်ဗျ )

….

“ ဒါ… ဒါက နှစ်မွှာ ဓါးရည်ရွယ်ချက်ပဲ… ကျန်းချန်၏ လက်ထဲမှ ငွေဖြူရောင်အလင်းတန်းများတောက်ပနေသော ရွှေရောင်ဓါးအား ကြည့်ရင်း လူတိုင်း၏ နှလုံးသားများ အေးခဲသွားခဲ့သည်။

သူတို့ အသက်ပင် ရဲရဲ မရှူဝံ့ကြတော့ချေ။

ဖြန်းကနဲ ပန်းထွက်သွားသော သွေးများအောက်တွင် ဒွန်ရွှမ်၏ ခန္ဓာကိုယ်က ထက်ပိုင်းပြတ်လုနီးပါး ဖြစ်နေပြီး အားလျော့စွာငြီးငြူနေခဲ့သည်။ သူက စိတ်စွမ်းအားကို အားကိုးကာ ဆက်လက် ရှင်သန်နေခြင်းဖြစ်ပြီး မကြာမီသေဆုံးတော့မည့် အခြေအနေသို့ရောက်နေ၏။

ကျန်းချန်၏ ဓါးအား ကြည့်နေသော သူ၏ မျက်ဝန်းများထဲ၌ ထိတ်လန့်မှုများပြည့်နေခဲ့သည်။

ရွှမ်ယီက လူသားဘုရင်အဆင့် ကျင့်ကြံသူတစ်ယောက်သာ ဖြစ်နေသော်လည်း နန်ကျိုးတစ်ခုလုံးအား ထိတ်လန့်တုန်လှုပ်စေနိုင်သော အထွတ်အထိပ်အဆင့် (၅) ဓါးရည်ရွယ်ချက်ကို နားလည်ထားခဲ့သည်။

ယခု ရွှမ်ယီ၏ တပည့်ကပင် ဓါးရည်ရွယ်ချက်ကို နားလည်ထားသည်တဲ့လား..။

ဓါးရည်ရွယ်ချက်အား နားလည်အောင်ကြိုးစားခြင်းက မည်သည့်အချိန်က ဤမျှ ရိုးရှင်းသွားသနည်း။

နဂါးဝိညာဉ်ခန္ဓာကိုယ်က အလွန်အစွမ်းထက်လွန်းသည်။

အထူးသဖြင့် ထန်းလုံရေကန်တွင် (၁၀) နှစ်တိုင်အောင် ကျင့်ကြံခဲ့သော ဒွန်ရွှမ်က ပြီး‌ပြည့်စုံသော နဂါးဝိညာဉ် ခန္ဓာကိုယ်အား ပျိုးထောင်နိုင်ခဲ့သည်။

သူက မူလဘုရင်အဆင့် ကျင့်ကြံသူတစ်ယောက်သာ ဖြစ်သော်လည်း သူ၏ ခန္ဓာကိုယ်က အဆင့် (၅) မှော်ရတနာများဖြင့် ယှဉ်နိုင်လောက်အောင် အစွမ်းထက်သည်။

သို့သော် ကျန်းချန်၏ နှစ်မွှာဓါးရည်ရွယ်ချက်ရှေ့တွင် တို့ဟူးတုံးအလား ပိုင်းဖြတ်ခံခဲ့ရသည်။

ဝူး…. ဂရား….

ဒွန်ရွှမ်၏ ခန္ဓာကိုယ်မှ သားရဲ‌တစ်ကောင်၏ ဟိန်းဟောက်သံကဲ့သို့ ထွက်ပေါ်လာခဲ့သည်။

ကျန်းချန်၏ မျက်လုံးများ တဖျတ်ဖျတ်လက်သွား၏။

နဂါးဝိညာဉ်ခန္ဓာကိုယ်က ကျော်ကြားမှုနှင့် ထိုက်တန်ပေသည်။ ၎င်း၏ သွေးစွမ်းအားက အလွန်ပြင်းထန်လွန်းလှ၏။

ဤမျှ ဆိုးရွားသော အခြေအနေသို့ရောက်ရှိသည့်တိုင်အောင် ၎င်း၏ အစွမ်းကို နှိုးဆွပေးနိုင်ခဲ့ပြီး ဒွန်ရွှမ်အား သေလုနီးပါးအခြေအနေမှ လွတ်မြောက်စေခဲ့သည်။

နဂါးဟိန်းသံတစ်ခုထွက်ပေါ်လာပြီး ကောင်းကင်အား တုန်ခါစေကာ ရွှေရောင်သွေးများက ပင်လယ်လှိုင်းလုံးများအလား တဝုန်းဝုန်းလှုပ်ခတ်လာပြီး သာမန်မျက်စိဖြင့်မြင်ရသော အမြန်နှုန်းဖြင့် ဒွန်ရွှမ်၏ ဒဏ်ရာများအား ပြန်လည်ကောင်းမွန်လာစေခဲ့သည်။

ဘန်း… ဘန်း… ဘန်း…..

ဒွန်ရွှမ်က စိတ်ဝိညာဉ်ဆေးပင်များအား ချက်ခြင်းထုတ်ယူအသုံးပြုလိုက်ပြီး သူ၏နောက်လိုက်များအား လှုပ်ရှားရန် အမိန့်ပေးလိုက်၏။

သူတို့အားလုံး အံကြိတ်ကာ ဒွန်ရွှမ်အတွက် အ‌ချိန်ဆွဲပေးနိုင်ရန် ရှေ့သို့ ပြေးထွက်သွားပြီး အစွမ်းအထက်ဆုံး အကာအကွယ်များ မှော်ရတနာများကို အသုံးပြုလိုက်ကြသည်။

နှစ်မွှာဓါးရည်ရွယ်ချက်အား နားလည်ထားသော ကျန်းချန်အား သူတို့ လုံးဝယှဉ်နိုင်မည်မဟုတ်ပေ။ သို့သော် သူတို့က ကျန်းချန်နှင့်ရန်သူများဖြစ်နေပြီဖြစ်ရာ လက်နက်ချအရှုံးပေးရန် လုံးဝမဖြစ်နိုင်ချေ။

အကယ်၍ သူတို့ဘက်က အရှုံးပေးလျှင်လည်း ကျန်းချန်က အလွတ်ပေးမည်ဟုမထင်ပေ။

ထို့အပြင် အကယ်၍ ဒွန်ရွှမ်သာ ဤနေရာ၌ သေဆုံးသွားခဲ့ပါက ၎င်း၏ နောက်ကွယ်မှ အင်အားစုက သူတို့အား လိုက်ဖမ်းကာ သတ်ဖြတ်နိုင်ချေများသည်။

“ ဖယ်စမ်း…”

ကျန်းချန်က အေးစက်စွာ အော်ပြောလိုက်၏။ ထို့နောက် သူ၏လက်ထဲမှ ရွှေရောင်ဓါးက ပို၍တောက်ပလာပြီး ရွှေရောင်ဓါးချက်များ တစ်ချက်ပြီးတစ်ချက် ပြေးထွက်သွားလေသည်။

မျက်စိတစ်မှိတ်အတွင်း ဒွန်ရွှမ် နောက်လိုက်များ၏ အကာအကွယ်များ ကျိုးပျက်သွားကာ မှော်ရတနာများလည်း တစ်စစီ အက်ကွဲသွားခဲ့သည်။

သူတို့၏ စိတ်ထဲ၌ ဒေါသများနှင့် ကူကယ်ရာမဲ့မှုများ ပြည့်နှက်နေကြသော်လည်း အံကြိတ်ကာ ရှေ့သို့ပြေးတက်သွားပြီး ကာကွယ်နေကြ၏။

ဘန်း… ဘန်း… ဘန်း….

နောက်ဆုံးတွင် ကျန်းချန် ဒေါသထွက်လာပြီး သူ၏ ရွှေဓါးအား အပြည့်အဝအသက်သွင်းလိုက်ကာ ပတ်ဝန်းကျင်အား ရွှေရောင်ပင်လယ်ကြီးတစ်ခုကဲ့သို့ ပြောင်းလဲပစ်လိုက်သည်။

ထို့နောက် ဓါးချီ စွမ်းအားများက သမုဒ္ဒရာအတွင်းမှ လှိုင်းလုံးများအလား တစ်လုံးပြီးတစ်လုံး ဒွန်ရွှမ်၏ နောက်လိုက်များထံသို့ ၀င်ရောက်သွားခဲ့သည်။

“ အား….”

၎င်းတို့အထဲမှ ထိပ်တန်းပါရမီရှင်တစ်ဦးက ကျန်းချန်၏ ဓါးချက်အား အရပ်တန့်နိုင်ပဲ ဒဏ်ရာပြင်းထန်စွာရရှိသွားပြီး နာကျင်စွာ အော်ဟစ်လိုက်သည်။

ထို့အပြင် ၎င်းတို့အထဲ၌ ကျန်းချန်၏ ဓါးချက်များကြောင့် အကာအကွယ်မှော်ရတနာများနှင့်အတူ ပြာအဖြစ်တိုက်ရိုက်ပြောင်းလဲသွားသူ နှစ်ယောက်လည်း ရှိနေ၏။

ကံကောင်းထောက်မစွာဖြင့် ထိုအချိန်တွင် ဒွန်ရွှမ်၏ ဒဏ်ရာများ ပြန်လည်ကောင်းမွန်လာခဲ့သည်။

ကြောက်မက်ဖွယ် အရှိန်အဝါ တစ်ဖန်ပြန်လည်ထွက်ပေါ်လာခဲ့ချေပြီ။

ဒွန်ရွှမ်က ကောင်းကင်အထက်၌ တည်ငြိမ်စွာ ရပ်နေခဲ့ပြီး သူ၏ မျက်ဝန်းများထဲ၌ ခံစားချက်များ ရှုက်ထွေးနေခဲ့ပြီး သူ၏ စိတ်ထဲ၌ မည်သည့်အရာအား တွေးနေသည်ကိုမူ မည်သူမှ မခန့်မှန်းနိုင်ချေ။

သူက အုံ့မှိုင်းနေသော မျက်ဝန်းများဖြင့် ကျန်းချန်အား စိုက်ကြည့်နေခဲ့သည်။

ထိုအခါ လူတိုင်း ဒွန်ရွှမ်က ကျန်းချန်အား တိုက်ခိုက်တော့မည်ဟု ထင်မှတ်သွားကြသည်။

သို့သော် လူတိုင်း၏ အထင်အမြင်များနှင့် ဆန့်ကျင်စွာ ဒွန်ရွှမ်က နောက်သို့ လှည့်ကာ ထွက်ပြေးတော့သည်။

All Chapters