အခန်း (၃၉၇)
Vol. 27 Ch. 397
“ ဘုရင်ဒွန်ရွှမ် ထွက်ပြေးသွားပြီလား… “
ဒွန်ရွှမ်အား အလွန်သစ္စာစောင့်သိသော လူတစ်ယောက်က ထိုမြင်ကွင်းအား မယုံကြည်နိုင်စွာ ငေးကြည့်နေရင်း ရေရွတ်မိလိုက်သည်။
သူအလွန်ယုံကြည်ကိုးစားထားသူက သူတို့အား ချန်ထားခဲ့ကာ ထွက်ပြေးသွားလေသည်။ ၎င်းက သူ့အတွက် အလွန်ပြင်းထန်သော စိတ်ပိုင်းဆိုင်ရာ ထိခိုက်မှုတစ်ခုကို ဖြစ်စေခဲ့ပြီး တိုက်ခိုက်လိုစိတ်များအားလုံး ပျောက်ကွယ်သွားခဲ့သည်။
“ ဟမ့်… မင်းပြေးလို့လွတ်မယ်ထင်နေတာလား…”
ကျန်းချန် လှောင်ရယ်လိုက်၏။
ဒွန်ရွှမ်က ယခင်တုန်းက အလွန်မောက်မာခဲ့ကာ သူ၏ ဆရာအား အမျိုးမျိုးစော်ကားခဲ့သည်။
ဤအကောင်အား အဘယ်ကြောင့် လွှတ်ပေးနိုင်မည်နည်း။
“ သေစမ်း…”
ကျန်းချန်က အနိမ့်သံဖြင့် အော်ဟစ်လိုက်ပြီး သူ၏လက်ထဲမှ ရွှေရောင်ဓါးအား အသာအယာဝှေ့ယမ်းလိုက်သည်။
ရွှေဓားက အလွန်တောက်ပလာခဲ့၏။
ကောင်းကင်ထက်မှ ဥက္ကာခဲထောင်ပေါင်းများစွာ ကြွေကျလာသည့်အလားဖြစ်ကာ ပတ်၀န်းကျင်မှလူတိုင်း မျက်လုံးများပင် ကျိန်းသွားခဲ့ရသည်။
ထို့နောက် ကျန်းချန် နေရာမှ ပျောက်ကွယ်သွား၏။
လူတိုင်းခေါင်းမော့ကာ ထွက်ပြေးနေသော အနီရောင်ပုံရိပ်နှင့် နောက်မှ တစ်ဟုန်ထိုးလိုက်သွားသော ရွှေရောင်အလင်းတန်းအား မှင်သက်စွာငေးကြည့်နေကြသည်။
တခဏမျှ ကြာပြီးနောက် ထွက်ပြေးနေသော အနီရောင်ပုံရိပ် ရုတ်တရက် ရပ်တန့်သွား၏။
၎င်း၏ ခန္ဓာကိုယ်၌ အပေါက်တစ်ခုရှိနေခဲ့သည်။
“ အား… ကျန်းချန် မင်းလုပ်ရဲလား… “
ဒွန်ရွှမ် စိတ်ပျက်အားငယ်စွာ အော်ဟစ်လိုက်၏။ ရွှေရောင် ဓါးရည်ရွယ်ချက်စွမ်းအားများက သူ၏ ခန္ဓာကိုယ်အတွင်းမှ မရီဒန်များအား ဖြတ်တောက်သွားကာ သူ၏ စိတ်ဝိညာဉ် အနှစ်သာရများအားလုံးကို ပျောက်ကွယ်သွားစေပြီး နဂါးဝိညာဉ်ခန္ဓာကိုယ်၏ မွေးရာပါ လျှို့ဝှက် နည်းစနစ်များအား အသုံးမပြုနိုင်တော့ပေ။
ဤတစ်ကြိမ်၌ သူ ဘာမှ မတတ်နိုင်တော့ချေ။ ကူကယ်ရာမဲ့စွာဖြင့် ငေးကြည့်နေရုံသာ တတ်နိုင်တော့၏။ တစ်ဖြည်းဖြည်းသူ၏ ခန္ဓာကိုယ်က ဓါးရည်ရွယ်ချက်စွမ်းအားများ၏ တိုက်စားမှုအောက်တွင် ပြာအဖြစ်သို့ ပြောင်းလဲသွားခဲ့၏။
ဒွန်ရွှမ် သေဆုံးသွားချေပြီ။
ကောင်းကင်ဓါးဂိုဏ်းဘက်တွင်မူ အဇူရာဒေသတစ်ခုလုံးအား တုန်လှုပ်သွားစေမည့်တိုက်ပွဲ မြင်ကွင်းမှ မည်သူမှ ပြန်လည်နိုးထလာခြင်းမရှိသေးချေ။
သူတို့ သတိပြန်ဝင်လာချိန်တွင် ကျန်းချန်က ကောင်းကင်ဓါးဂိုဏ်းသို့ ပြန်လည်ရောက်ရှိနေပြီး ဒွန်ရွှမ်၏ နောက်လိုက်များအား တစ်ယောက်မကျန် သတ်ဖြတ်ပြီးချေပြီ။
ကောင်းကင်ဓါးဂိုဏ်းအား ကပ်ဘေးများ ရောက်မလာစေရန်အတွက် သတင်းပေါက်ကြားခြင်းမှ ကာကွယ်ရန် ၎င်းတို့အား အရှင်ထား၍ မဖြစ်ပေ။
သူက ကောင်းကင်ဓါးဂိုဏ်း၌ ရက်အနည်းငယ်ဆက်လက်နေထိုင်ခဲ့ပြီး တတိယ ဓါးသခင် အဆင်ပြေကြောင်း အတည်ပြုပြီးနောက် အဇူရာ ဒေသမှ ပြန်လည်ထွက်ခွာရန် ပြင်ဆင်ခဲ့သည်။
ရွှမ်ယီ ယခင်တုန်းက ခန့်မှန်းထားခဲ့သည့်အတိုင်း သူ၏ တပည့်များလည်း ဓါးတံဆိပ်များအား ရရှိခဲ့၏။
၎င်းတို့က နန်ကျိုးမဟာပြိုင်ပွဲကြီး၌ ပါဝင်ရန် အရည်အချင်းပြည့်မှီသည်။
ကျန်းချန်အနေဖြင့် ကောင်းကင်ဓါးအင်ပါယာ၏ အမွေကို ဂရုမစိုက်သော်ငြား ထိုပြိုင်ပွဲ၌ သူ့အနေဖြင့် နေရာကောင်းတစ်ခုရအောင် စွမ်းဆောင်နိုင်လျှင် ရွှမ်ယီအတွက်လည်း ဂုဏ်ရှိမည်ဟု ယုံကြည်ထားခဲ့သည်။
ထို့ကြောင့်သူက ဖြစ်နိုင်လျှင် ရှေးဟောင်းစစ်မြေပြင်သို့ အမြန်ဆုံးပြန်ပြီး တံခါးပိတ်ကျင့်ကြံလိုနေ၏။
ဤသို့ဖြင့် သူက ကောင်းကင်ဓါးဂိုဏ်းမှ အကြီးအကဲများနှင့် တတိယ ဓါးသခင်အား နှုတ်ဆက်ခဲ့သည်။
သူတို့အနေဖြင့် ကျန်းချန်နှင့် ခွဲခွာရမည်ကို အနည်းငယ် တွန့်ဆုတ်နေကာ မလိုလားဟန်ရှိသော်လည်း ကျန်းချန်းတွင် အလွန်တောက်ပသော အနာဂတ်ရှိပြီး သူတို့အနေဖြင့် ဆွဲထားရန်မသင့်တော်ကြောင်း နားလည်ထားကြသည်။
ထို့ကြောင့် သူတို့က ကျန်းချန်အား အနည်းငယ်ဆက်လက်နေထိုင်ရန် အတင်းမတောင်းဆိုတော့ပဲ ဒီအတိုင်းသွားခွင့်ပြုလိုက်ကြ၏။
သို့သော် မခွဲခွာမီ တတိယဓားသခင်က အနည်းငယ် စူစမ်းလိုနေသေးသည်။
ကျန်းချန်၏ လက်ရှိဆရာက ရွှမ်ယီဖြစ်ကြောင်း သူတို့သိထားပြီးဖြစ်၏။
ကျန်းချန်၏ တိုက်ပွဲမှတစ်ဆင့် ၎င်းက ရွှမ်ယီ၏ တပည့်များအကြား အစစ်အမှန်အမွေခံဖြစ်နိုင်သည်။
အကြီးအကဲများ၏ ခန့်မှန်းချက်များကြောင့် ကျန်းချန် စိတ်လေသွားခဲ့၏။
“ ကျွန်တော့ဆရာမှာ တပည့်တွေအတွက် ကိုယ်ပိုင်အမွေ ၊ စစ်မှန်သောအမွေ အဲ့လိုဟာတွေမရှိဘူး… အားလုံးကို ညီတူညီမျှပဲ ဆက်ဆံတာ…”
ကျန်းချန်၏ အဖြေကိုကြားလျှင် တတိယဓားသခင်အပါအ၀င် အကြီးအကဲများအားလုံး မယုံကြည်နိုင်လောက်အောင် ဖြစ်သွားခဲ့၏။
တန်းတူဆက်ဆံတာလား..?
ဘယ်လိုလုပ်ပြီးဖြစ်နိုင်မှာလဲ…!
အစောပိုင်းကျန်းချန်ထုတ်ယူခဲ့သော ရွှမ်ယွမ်ကြယ်(၃)ပွင့်မြက် တစ်ခုတည်းကပင် လူသားဘုရင်တစ်ယောက် တစ်သက်လုံး စုဆောင်းထားသည်နှင့် ညီမျှသည်။
ရွှမ်ယီက ကောင်းကင်အားအံတုနေလျှင်ပင် အဆုံးတွင် သူက လူသားဘုရင်တစ်ယောက် ဖြစ်နေဆဲဖြစ်၏။
တပည့်တိုင်းအား ထိုသို့တန်းတူဆက်ဆံရန်အတွက် သူမည်မျှ ချမ်းသာရမည်နည်း။
တတိယဓားသခင်တို့ မယုံသည်ကိုမြင်လျှင် ကျန်းချန်ပိုပြီး ကူကယ်ရာမဲ့သလို ခံစားလာရသည်။
တတိယဓားသခင်က ကျန်းချန်၏ ပုခုံးအား ပုတ်လိုက်ပြီး
“ ကျန်းလေး.. အရမ်းနှိမ့်ချမနေပါနဲ့… အခုမင်းက ဓားရည်ရွယ်ချက်ကို နားလည်ထားပြီဖြစ်တဲ့အပြင် အဆင့်မြင့်ဓားတစ်ချောင်းတောင်ရှိနေတယ်လေ… ရွှမ်ယီရဲ့ လက်အောက်မှာ မင်းက နံပါတ်(၁) တပည့်ပဲဖြစ်ရမယ်…”
နပေါဦး…???
ကျန်းချန်၏ အတွေးထဲ ယုလင်းလုံ၏ပုံရိပ် ဦးစွာပေါ်လာပြီး မကြာခင်ကမှ အကယ်ဒမီသို့ရောက်လာသော စစ်ထူချင်၏ ပုံရိပ်လည်းထွက်ပေါ်လာခဲ့သည်။
ထိုအခါ ညည်းတွားရန်ပင် မတတ်နိုင်တော့ဘဲ ခေါင်းများကိုက်လာခဲ့၏။
“ ဆရာ… အရမ်းကြီးတွေးမနေနဲ့ဦး.. ကျွန်တော့ရဲ့ နှစ်မွှာဓားရည်ရွယ်ချက်က ဆရာရွှမ်ရဲ့ တပည့်တွေထဲမှာ ဘာမှ အဲ့လောက်ထိမဟုတ်ဘူး…”
သူတို့အဖွဲ့ ရှေးဟောင်းစစ်မြေပြင်သို့ လွန်ခဲ့သော (၃)လကျော်က ရောက်လာခဲ့ကြသည်။
ထိုအတောအတွင်း ယုလင်းလုံ၏ ဓားရည်ရွယ်ချက်က အဆင့်(၁)မှ အဆင့်(၂)သို့ တက်သွားခဲ့သည်။
ယုလင်းလုံ၏ တိုက်ခိုက်နိုင်စွမ်းက သူ့ထက် တစ်ဆင့်မြင့်၏။
ထို့အပြင် စစ်ထူချင် အပါအ၀င် ကျန် ဆရာတူ ညီအစ်ကို မောင်နှမများကလည်း မခေကြချေ။
သူ့အနေဖြင့် ဂိုဏ်းမှ အကြီးအကဲများထံ ဆရာလက်အောက်၌ သူအတော်ဆုံးဟူ၍ ချီးကျူးခံရန် အရေမထူသေးပေ။
ကျန်းချန်၏ အလွန်လေးနက်သော မျက်၀န်းများအား မြင်လိုက်လျှင် လူတိုင်း အံ့အားသင့်သွားကြ၏။ ထို့နောက် တစ်ယောက်ကိုတစ်ယောက် လှည့်ကြည့်လိုက်ကြသည်။
ကျန်းချန်စကားများသာ အမှန်ဖြစ်ပါက ရွှမ်ယီ၏ တပည့်များက အလွန်အစွမ်းထက်လွန်းသည်မဟုတ်လော။
ရွှမ်ယီအား ထည့်မတွက်လျှင်ပင် ၎င်းတို့အဖွဲ့က အချိန်ကြာလာသည်နှင့်အမျှ အလွန်အင်အားကြီးလာပေလိမ့်မည်။
အနာဂါတ်၌ ၎င်းတို့က နန်ကျိုးကိုပင် အုပ်စိုးသွားနိုင်ချေရှိ၏။
…..
ကျန်းချန် ကောင်းကင်ဓါးဂိုဏ်းမှ ထွက်ခွာလာပြီး ဂိုဏ်း၏ မုခ်ဝသို့ ရောက်ရုံသာ ရှိသေး နောက်မှ တတိယဓါးသခင်၏ အော်ခေါ်လိုက်သံကို ကြားလိုက်ရ၏။
“ ကျန်းချန် နေဦး… ပင်လယ်နက်ဒေသက မင်းအတွက် အရေးကြီး သတင်းစကားတစ်ခုရောက်လာတယ်…”
“ ပင်လယ်နက်ဒေသလား….”
ကျန်းချန် အနည်းငယ် အံ့အားသင့်သွားပြီး အင်မတန်ကျော့ရှင်းလှပသော ပုံရိပ်လေးတစ်ခုက အတွေးထဲပေါ်လာခဲ့သည်။
ချွန်ရှန်းအာ…
သူ ဓါးတာအိုအား လေ့ကျင့်ရန်အတွက် အဇူရာဒေသမှ ထွက်ခွာခဲ့ပြီး ပင်လယ်နက်ဒေသသို့ရောက်ခဲ့ချိန်၌ သူမနှင့် တွေ့ဆုံခဲ့ခြင်းဖြစ်၏။
သူတို့နှစ်ယောက်က တစ်ချိန်တွင် လက်ထပ်ရန် ဂတိပေးထားခဲ့ကြသည်။ ထိုနောက်ပိုင်းတွင် ကျန်းချန်က ဗဟိုသူတော်စင်အကယ်ဒမီသို့ ပညာသင်ရန် သွားရောက်ခဲ့ပြီး အချိန် (၂) နှစ်ကြာသွားခဲ့ချေပြီ။
သို့သော် သူက ချွန်ရှန်းအာနှင့် အဆက်အသွယ်ရှိနေဆဲပင်။ သူကောင်းကင်ဓါးဂိုဏ်းသို့ပြန်လာကြောင်း သူမလည်း သိရှိထား၏။
ဘယ်လောက်တောင်မှ အရေးကြီးတဲ့ သတင်းမျိုးမို့ ဗဟိုသူတော်စင်အကယ်ဒမီကို မပို့ပဲ ကောင်းကင်ဓါးဂိုဏ်းကို တိုက်ရိုက်ပို့လိုက်ရတာလဲ…?
ချက်ချင်း ကျန်းချန်၏ အတွေးများ ယောက်ယက်ခတ်သွားခဲ့သည်။ သူ၏ အမူအယာကိုပင် မထိန်းနိုင်တော့ပဲ ရှေ့သို့ တစ်လှမ်းတိုးလိုက်၏။
တတိယ ဓါးသခင်က လက်ထဲမှ သတင်းစကားကျောက်စိမ်းအား ကျန်းချန်ထံသို့ ပေးအပ်လိုက်သည်။ ကျန်းချန်က ၎င်းအတွင်းသို့ စိတ်ဝိညာဉ်အမျှင်လေးတစ်မျှင် ထိုးသွင်းလိုက်သည်နှင့် စကားလုံးများ တန်းစီထွက်ပေါ်လာခဲ့သည်။
သတင်းစကားက တိုတိုနှင့် ရှင်းရှင်းမျှသာ ဖြစ်၏။ သူချက်ချင်းဖတ်၍ ပြီးသွားခဲ့သည်။
ဖတ်ပြီးသည်နှင့် ကျန်းချန်၏ မျက်နှာထက်၌ ဖြစ်ပေါ်လာခဲသော ဒေါသအရိပ်ယောင်များ ထွက်ပေါ်လာခဲ့သည်။
“ ချွန်မိသားစု… ဘယ်လိုတောင်လုပ်ရဲတာလဲ…”
စကားဆုံးသည်နှင့် ကျန်းချန်က ငွေရောင်အလင်းတန်းတစ်ခုအဖြစ် ပြောင်းလဲ၍ အဝေးသို့ ပြေးထွက်သွားလေသည်။ ချွန်ရှန်းအာ၏ သတင်းစကားက အလွန်ရိုးရှင်းပေသည်။
ချွန်မိသားစုက သူမအား ရှေးဟောင်းဘုရင်တစ်ယောက်၏ မြေးဖြစ်သူထံ ကိုယ်လုပ်တော်အဖြစ် စေလွှတ်လိုနေခဲ့သည်။
သူမက ငြင်းဆိုခဲ့၏။ ထို့နောက် ကျန်းချန်ထံသို့ သတင်းပေးပို့ခဲ့သည်။ သူမက ကျန်းချန်အပေါ်၌ သစ္စာမပျက်ရန် စိတ်ပိုင်းဖြတ်ထားပြီးဖြစ်ရာ နောက်ဆုံး မည်သို့မျှ မသတ်နိုင်သော အချိန်တွင် မိမိကိုယ်ကိုယ် သတ်သေရန် ဆုံးဖြတ်ခဲ့သည်။
ကျန်းချန်အနေဖြင့် ထိုသတင်းအား ရရှိပြီးချိန်၌ မည်ကဲ့သို့ ငြိမ်နေနိုင်တော့မည်နည်း။
ချွေတာနေရန် စိတ်ကူး လုံးဝမရှိတော့ချေ။ ချက်ချင်း ရွှမ်ယီပေးအပ်ထားခဲ့သော ဒေသဖြတ်ကျော် အဆောင်ကျောက်စိမ်းများအား အသုံးပြုလိုက်သည်။