အခန်း (၃၉၈)
Vol. 27 Ch. 398
ဤသို့ဖြင့် နေ့တစ်ဝက်မတိုင်မီ အဇူရာဒေသမှ ပင်လယ်နက်ဒေသသို့ ရောက်ရှိသွားခဲ့၏။
ပင်လယ်နက်ဒေသတွင် အဓိက အင်အားစုကြီး (၃) ခုရှိပြီး ချွန်မိသားစုက ထိုအထဲမှ တစ်ခုဖြစ်ပေသည်။
ယခုအချိန်တွင် ချွန်မိသားစု၌ မင်္ဂလာအချိန်အခါ ဖြစ်နေ၏။
သို့သော် ထိုပျော်ရွှင်ကြည်နူးစရာ အငွေ့အသက်များအောက်တွင် လေးလံသော လေထုနှင့် ဖိအားများ ရှိနေခဲ့သည်။
ချွန်မိသားစုမှ အစေခံတိုင်း၏ မျက်နှာထက်၌ အပြုံးများ ရှိနေသည်။
သို့သော် ထိုအပြုံးများက အတုအယောင်များသာဖြစ်၏။
သူတို့ မိသားစုမှ သခင်မလေး လေ့ကျင့်ရန်ထွက်ချိန်တွင် ရှေးဟောင်းဘုရင်တစ်ယောက်၏ မြေးဖြစ်သူနှင့် ဆုံတွေ့ခဲ့၏။ ထိုအခါ ထိုလူက ချွန်ရှန်းအာ အား အလွန်စွဲလမ်းသွားခဲ့သည်။ ထို့နောက် ချွန်မိသားစုသို့ ချက်ချင်းလာရောက်လည်ပတ်ခဲ့ပြီး ချွန်ရှန်းအာအား သူ၏ ကိုယ်လုပ်တော်အဖြစ် ခွင့်ပြုပေးရန် တောင်းဆိုခဲ့သည်။
တောင်ပိုင်းတိုက်ကြီး၌ ပင်လယ်နက်ဒေသ၏ အဆင့်က အလွန်မမြင့်မားသော်လည်း အဆင့် (၃၀) နှင့် (၄၀) ကြား၌ ရှိနေသေးသည်။
ချွန်မိသားစုက ဤဒေသမှ အဓိက အင်အားစုကြီး (၃) ခုအနက်တစ်ခုဖြစ်လေသည်။ ထို့ကြောင့် မိသားစုထဲ၌ ဘုရင်အဆင့် ကျင့်ကြံသူများလည်း ရှိနေ၏။
သို့သော် ရှေးဟောင်းဘုရင်၏ မြေးရှေ့တွင် သူတို့က ဘာမှ မဟုတ်တော့ပေ။
ထို့အပြင် ၎င်းက မူလဘုရင်အဆင့်၌ ပါရမီရှင်တစ်ဦးလည်းဖြစ်သည်။ သူလာရောက်လည်ပတ်ခဲ့သည့် နေ့၌ ကောင်းကင်ဓါး အင်ပါယာ၏ ဓါးတံဆိပ်အား ထုတ်ပြခဲ့၏။
ထို ဓါးတံဆိပ်က အလင်းများဖြင့် ထွန်းလင်းတောက်ပနေသော်လည်း ၎င်း၌ သွေးများ စွန်းပေနေခဲ့သည်။
သို့သော် ထိုအချက်က ချွန်မိသားစုအား ပို၍ ဝမ်းမြောက်သွားစေ၏။
အဘယ်ကြောင့်ဆိုသော် ၎င်းက ထိုလူငယ်၏ တိုက်ခိုက်နိုင်စွမ်းကို ကိုယ်စားပြုပေသည်။ ဓါးတံဆိပ်အထက်၌ ပေနေသော သွေးများက ၎င်း၏ ယခင်ပိုင်ရှင်ဖြစ်သူ၏ သွေးများဖြစ်နိုင်သည်။
ထိုလူငယ်က အလွန်အစွမ်းထက်သော ပါရမီရှင်တစ်ယောက်ဖြစ်ရမည်။
ဓါးတံဆိပ် အသိအမှတ်ပြုခဲ့သော ပါရမီရှင်ကိုပင် သတ်ဖြတ်နိုင်စွမ်းရှိနေ၏။
ဤကဲ့သို့ ပါရမီရှင်တစ်ယောက်က ချွန်မိသားစုထံ ရောက်လာခဲ့သည်။
အကယ်၍ လက်ထပ်ရန် လာရောက်တောင်းဆိုခြင်းမဟုတ်ပဲ သာမန်အတိုင်းဝင်ရောက်လည်ပတ်သည်ဆိုပါက သူတို့ အလွန်ထိတ်လန့်မိနေကြပေလိမ့်မည်။ အဘယ်ကြောင့်ဆိုသော် ၎င်းက အနည်းငယ်စိတ်မကြည်ရုံမျှဖြင့် သူတို့ ချွန်မိသားစုအားလုံးအား တိုက်ရိုက်ဖျက်ဆီးနိုင်စွမ်းရှိ၏။
တောင်ပိုင်းတိုက်ကြီးတွင် ရှေးဟောင်းဘုရင်များက ယခင်ကဲ့သို့ စည်းလွတ်ဝါးလွတ် ပြုမူရဲခြင်းမရှိတော့သော်လည်း ထိုသို့ ပြုလုပ်နိုင်သူ များစွာ ရှိနေသေး၏။
ထိုလူငယ်၏ အဘိုးက ရှေးဟောင်းစစ်မြေပြင်မှ ထွက်ခွာလာခဲ့သော ရှေးဟောင်းဘုရင်မဟုတ်ပဲ တောင်ပိုင်းတိုက်ကြီး၌ သီးခြားလျှို့ဝှက်ကာ ကျင့်ကြံနေခဲ့သော ရှေးဟောင်းကျင့်ကြံသူတစ်ဦးဖြစ်သည်။
သူက ချွန်မိသားစုအား အလွယ်တကူဖျက်ဆီးနိုင်စွမ်းရှိသည်။
လျှို့ဝှက်ဘုရင်(ရွှမ်ယီ)လင်းပိုင် ဘာမှ ပြောနိုင်မည်မဟုတ်ပေ။
ထိုကဲ့သို့ အာဏာရှင်ဆန်ကာ မောက်မာသော ကျင့်ကြံသူများက ရှေးဟောင်းစစ်မြေပြင်မှ ထွက်ခွာလာသော လူများသာ မဟုတ်ပေ။ တောင်ပိုင်းတိုက်ကြီး၌ ထိုကဲ့သို့လူ များစွာလည်း ရှိနေသေး၏။ လျှို့ဝှက်ဘုရင် ( ရွှမ်ယီ ) မည်မျှပင် အားကောင်းစေကာမူ သူတစ်ယောက်တည်းစွမ်းအားဖြင့် တောင်ပိုင်းတိုက်ကြီးတစ်ခုလုံးအား မည်သို့ ကြည့်ရှုနေနိုင်မည်နည်း။
လက်ရှိအချိန်တွင် ချွန်မိသားစု ခေါင်းဆောင် အလွန်ပျော်ရွှင်နေ၏။
ထိုမျှ အလွန် ကြီးကျယ်ခမ်းနားသော ကျင့်ကြံသူက သူ၏ သမီးအား စိတ်ဝင်စားခဲ့သည်။ သူမက ၎င်း၏ ကိုယ်လုပ်တော်သာ ဖြစ်လာမည်ဖြစ်သော်လည်း ချွန်ရှင်းအာ သာ ဘုရင်ဖန် ( ရှေးဟောင်းဘုရင်၏မြေး ) နှင့် လက်ထပ်ပြီးပါက ချွန်မိသားစုတစ်ခုလုံးလည်း အမြင့်သို့ရောက်သွားပေလိမ့်မည်။
ချွန်မိသားသူခေါင်းဆောင်က အကျိုးအမြတ်များနှင့် ဖြစ်လာမည့်အရာများအား ပီတိဖြာကာ တွက်ချက်နေခဲ့သော်လည်း သမီးဖြစ်သူက ဤမျှ မသိတတ်လိမ့်မည်ဟု မမျှော်လင့်ထားခဲ့ပေ။
သူက အမြှုပ်ထွက်မတတ် ဖြောင်းဖျပြောဆိုနေခဲ့သော်လည်း သူမက တုတ်တုတ်မျှ မလှုပ်ခဲ့ချေ။
နောက်ဆုံးတွင် သူက စကားတစ်ခွန်းသာပြောခဲ့၏။
မနာခံရင် ချွန်မိသားစုမှ နှင်ထုတ်ခံရမည်။
မှန်ပေသည်။ သူ၏ အစီအစဉ်က သူ့အတွက်တော့အလွန်ပြည့်စုံလှသည်။
ချွန်ရှန်းအာက အလွန်လှပသော အသွင်အပြင်ရှိသော်ငြား သူမ၏ ကျင့်ကြံမှုစွမ်းရည်က ပျမ်းမျှ အထက်လောက်သာရှိသည်။
ချွန်မိသားစု၏ ကာကွယ်မှုမရှိပဲ ချွန်မိသားစုပြင်ပသို့ ထွက်သွားနိုင်ရန် အလွန်ခက်ခဲပေလိမ့်မည်။
သူမ ဆက်လက်ခေါင်းမာနေမည်ဟု သူမယုံကြည်ပေ။
သို့သော် ချွန်ရှန်းအာက ဘုရင်ဖန်နှင့် လက်ထပ်မည့်အစား သူမကိုယ်သူမ သတ်သေလိမ့်မည်ဟု မမျှော်လင့်ထားခဲ့ချေ။
အကယ်၍ မိသားစုမှ အကြီးအကဲတစ်ယောက်သာ ထိုအချိန်၌ စူးစမ်းရန်အတွက် ဝင်သွားခဲ့ခြင်းသာ မရှိပါက ချွန်ရှန်းအာ သေဆုံးသွားပြီးဖြစ်ပေလိမ့်မည်။
ဤကဲ့သို့ ကိစ္စများဖြစ်သွားသည့်တိုင်အော် ချွန်မိသားစုက မင်္ဂလာပွဲအား နောက်သို့ (၃) ရက်မျှသာ နောက်ဆုတ်ခဲ့၏။
ဤသို့ဖြင့် ချွန်မိသားစု မင်္ဂလာပွဲ၌ ပတ်ဝန်းကျင်လေထုက ထူးဆန်းသော အငွေ့အသက်များ ယှက်သိုင်းနေခဲ့သည်။
သို့သော် မင်္ဂလာပွဲသို့ တက်ရောက်လာသည့် ဧည့်သည်များကမူ ချွန်မိသားစု အတွင်းကိစ္စများကို စိတ်မဝင်စားကြချေ။
သူတို့၏ မျက်နှာများထက်၌ အလွန်လေးစားဟန်များ ချိတ်ဆွဲထားကြ၏။
ချွန်မိသားစုခေါင်းဆောင်က ဧည့်သည်များကို ဧည့်ခံစကားပြောနေရင်း ဝင်ပေါက်ဘက်သို့ အကြာခဏ လှည့်ကြည့်နေခဲ့သည်။
ဘုရင်ဖန် ရောက်လာမည့်အချိန်အား စိတ်အားထက်သန်စွာ စောင့်မျှော်နေခြင်းဖြစ်သည်။
ချွန်ရှန်းအာ နောက်ဆုံးပြုလုပ်ခဲ့သော ကိစ္စကြောင့် ချွန်မိသားစုက ဤတစ်ကြိမ်တွင် ပေါ့ပေါ့ဆဆမနေဝံ့ကြတော့ချေ။ အစောပိုင်းမူလဘုရင်အဆင့် အကြီးအကဲ (၃) ယောက်တို့အား ချွန်ရှန်းအာ၏ အခန်းနံဘေး၌ အစောင့်ချထားခဲ့သည်။
၎င်းတို့၌ တာဝန်တစ်ခုတည်းသာရှိသည်။ ချွန်ရှန်းအာကို လုံခြုံအောင် ထိန်းသိမ်းထားပြီး ဘုရင်လီထံသို့ လက်လွှဲပေးရမည်ဖြစ်သည်။
ချွန်ရှန်းအာ၏ အတွေးအမြင်နှင့် ပတ်သက်၍မူ…
ချွန်မိသားစုခေါင်းဆောင် ခေါင်းယမ်းလိုက်၏။
ချွန်ရှန်းအာက သူ့အတွက် သမီးတစ်ယောက်မျှသာ။ သူ့ထံတွင် သား (၃) ယောက်နှင့် သမီး (၅) ယောက်ရှိပေသည်။
ကောင်းကင်ဘုရင်အဆင့် ကျင့်ကြံသူဖြစ်သော ရှေးဟောင်းဘုရင်အား မျက်နှာလုပ်ရန်အတွက် သူ၏ သမီးတစ်ယောက်အား အသုံးပြုရခြင်းမှာ ထိုက်တန်ပေသည်။
ဤကိစ္စက အလွန့်အလွန် ထိုက်တန်လွန်း၏။
သို့သော် ချွန်မိသားစု ခေါင်းဆောင်၏ မျက်ဝန်းထဲ၌ မမြင်ရသော အေးစက်မှုတစ်ခု ရှိနေခဲ့သည်။
ကျန်းချန်….
ထိုနာမည်အား စိတ်ထဲ၌ ရေရွတ်လိုက်ရင်း ပို၍ ဒေါသထွက်လာခဲ့၏။ ချွန်ရှန်းအာ၏ စကားများအရ ကျန်းချန်ဆိုသူက အစွန်အဖျားဒေသငယ်လေးတစ်ခုမှ ပင်လယ်နက်ဒေသသို့ လေ့ကျင့်ရန် ရောက်လာသူဖြစ်သည်။
ချွန်ရှန်းအာ ထံမှ သူတို့ သိရသလောက် ၎င်းက ဗဟိုသူတော်စင်အကယ်ဒမီသို့ လေ့ကျင့်ရန် ထွက်သွားခဲ့၏။
ဗဟိုသူတော်စင်အကယ်ဒမီ…
ဤမတိုင်မီ အချိန်တုန်းက ချွန်ရှောင်း (ချွန်မိသားစုခေါင်းဆောင်) က ကျန်းချန်အား စိုးရိမ်နေသေး၏။
ယခုတွင်မူ ကောင်းကင်ဘုရင်တစ်ယောက်၏ မျက်နှာသာပေးမှုနှင့်ဆိုပါက ဗဟ်ုသူတော်စင်အကယ်ဒမီမှ ကျောင်းသားတစ်ယောက်လောက်က ဘာမှ မဟုတ်တော့ချေ။
ဒါက ချွန်ရှောင်း၏ အမှားချည်းလည်း မဟုတ်ချေ။ ချွန်မိသားစု၌ မည်သူကမှ ကျန်းချန်ဟူသည့်အမည်အား မကြားဖူးကြပေ။
ထို့အပြင် ကျန်းချန်၏ နောက်ခံနှင့် စွမ်းအားများအား ရှင်းရှင်းလင်းလင်းသိရခြင်းမရှိချေ။
ကျန်းချန်က ချွန်ရှန်းအာနှင့် အဆက်အသွယ်ရှိနေခဲ့သော်လည်း သူ ဗဟိုသူတော်စင်အကယ်ဒမီ၌ ကျင့်ကြံနေသည်ဟုသာ ပြောထားခဲ့သည်။
ထို့အပြင် ဆရာက သူ့အပေါ်အရမ်းကောင်းကြောင်းလည်း ပြောထားခဲ့၏။
ထိုကိစ္စများမှ လွဲ၍ အသေးစိတ်ကိစ္စများအား ချွန်ရှန်းအာပင် သိရှိခဲ့ခြင်းမရှိချေ။
အဇူရာဒေသနှင့် ပင်လယ်နက်ဒေသက တစ်ခုနှင့်တစ်ခု အလွန်ဝေးကွာလှသည်။
ကျန်းချန်နှင့် ဒွန်ရွှမ်တို့၏ တိုက်ပွဲက အဇူရာဒေသ၌ပင် ပျံ့နှံ့သွားခဲ့ခြင်းမရှိချေ။
ပင်လယ်နက်ဒေသမှ မည်သို့ သိနိုင်မည်နည်း။
လက်ထပ်ပွဲပြီးသည်နှင့် ထိုကျန်းချန်ဆိုသည့် လူငယ်၏ အကြောင်းအား စုံစမ်းမည်။ ပြီးလျှင် သတ်ပစ်မည်ဖြစ်၏။ ဤသို့ဖြင့် သူ့ဒေါသအား ဖောက်ထုတ်ပစ်ရမည်။
ချွန်ရှောင်း ဆုံးဖြတ်ချက်ချလိုက်၏။
ထိုအချိန်တွင် အစေခံများ၏ အော်ဟစ်သံကို ကြားလိုက်ရ၏။
“ ခေါင်းဆောင်… သူရောက်လာပြီ…”
မိုးကုတ်စက်ဝိုင်းအစွန် ကောင်းကင်ယံထက်တွင် ပတ်ဝန်းကျင်သို့ လှိုင်းထနေသော အရှိန်အဝါတစ်ခု ရှိနေခဲ့သည်။ ၎င်းက သမုဒ္ဒရာကြီးတစ်ခုအလား ဖိအားများသယ်ဆောင်ပြီး ချွန်မိသားစုထံသို့ ဦးတည်လာနေခဲ့သည်။
အလွန်အားကောင်းသော ဘုရင်အဆင့် အရှိန်အဝါ…
ချွန်မိသားစုမှ အစေခံများ၏ အမြင်တွင် ၎င်းက သူတို့မိသားစုခေါင်းဆောင်၏ အနာဂတ် သမက်လောင်းသာဖြစ်ရမည်။
သို့သော် ချွန်မိသားစုခေါင်းဆောင်၏ မျက်ဝန်းများ မှေးကျဉ်းသွား၏။ ထိုအရှိန်အဝါက ချွန်မိသားစုသို့ တဖြည်းဖြည်းနီးကပ်လာသည်နှင့် တစ်စုံတစ်ခုအား သူသေချာသွားခဲ့သည်။
ရုတ်တရက် ကောင်းကင်သို့ ခုန်တက်လိုက်ပြီး ထိုအရှိန်အဝါ ဖိအားများအား ပိတ်ဆို့တားဆီးလိုက်၏။
“ မင်းဘယ်သူလဲ… ဒီကို ဘာကိစ္စရှိလို့ ရောက်လာတာလဲ…”
စိတ်ဝိညာဉ် စွမ်းအင်အရှိန်အဝါများ ပြန့်ကျဲပျောက်ကွယ်သွားပြီးနောက် ဓါးတစ်လက်ကိုင်ထားသော ရဲရင့်တည်ကြည်သည့် ဟန်ပန်ဖြင့် လူငယ်လေးတစ်ယောက်ထွက်ပေါ်လာခဲ့သည်။
၎င်းက ဒေါသများအား စိတ်တွင်း၌ မြိုသိပ်လိုက်ပြီး အေးစက်စွာပြောလိုက်၏။
“ ကျုပ်နာမည် ကျန်းချန်ပဲ… ရှန်းအာကို သူတော်စင်ဒေသ ခေါ်သွားဖို့ရောက်လာတာ…”