← Chapters

အခန်း (၃၉၉)

Vol. 27 Ch. 399

အခန်း (၃၉၉)

Vol. 27 Ch. 399

ကျန်းချန်…?

ထိုအမည်အားကြားလျှင် ချွန်ရှောင်းတစ်ခဏမျှ ဇဝေဇဝါဖြစ်သွားပြီးမှ သတိရသွားသည်။

ချက်ချင်း သူ့မျက်၀န်းများထဲ၌ ဒေါသငွေ့များ ဖြစ်ပေါ်လာ၏။

“ ကောင်းတယ်.. ကောင်းတယ်.. မင်း… ခွေးသူခိုးလေး အချိန်မှန် နေရာမှန်ရောက်လာတာပဲ… ငါ့အတွက် အချိန်ကုန်သက်သာသွားတာပေါ့… ဒီနေ့ မင်းကို သက်တောင့်သက်သာသတ်ပေးမယ်…”

စကားဆုံးသည်နှင့် ချွန်ရှောင်း ကျန်းချန်အား တိုက်ခိုက်ရန်ပြင်လိုက်သည်။

ထိုအချိန်တွင် ချွန်မိသားစုမှ အကြီးအကဲတစ်ယောက် အပြေးအလွှားရောက်လာပြီး ချွန်ရှောင်းအား တီးတိုးပြောလိုက်၏။

“ ခေါင်းဆောင်.. ဒီနေ့လို အခါကြီးရက်ကြီးမှာ တိုက်ခိုက်ဖို့မသင့်တော်ပါဘူး… ပြီးတော့…….”

သူက အနားသို့ပိုကပ်လိုက်ပြီး တိုးညှင်းစွာပြောလိုက်၏။

တဖြည်းဖြည်း ချွန်ရှောင်း၏ ဒေါသများ လျော့ကျလာလေသည်။

ချွန်မိသားစု အကြီးအကဲပြောခဲ့သော စကားမှာ ရိုးရှင်း၏။

ချွန်ရှန်းအာက ကျန်းချန်အား အလွန် ယုံကြည် စွဲလမ်းနေခဲ့သည်။ ဘုရင်ဖန် ( ရှေးဟောင်းဘုရင်၏မြေး)က ၎င်းအား စိတ်ထဲမထားသည့်တိုင် သူတို့အတွက် စိတ်မသက်မသာဖြစ်နေဆဲပင်။

ကျန်းချန်ရောက်လာခြင်းက အခွင့်အရေးတစ်ခုဖြစ်သည်။

ကျန်းချန်ကိုယ်တိုင် ဆုံးဖြတ်လိုက်ပါက အရာအားလုံး ပြေလည်သွားပေလိမ့်မည်။

အကြီးအကဲ၏ စကားကြောင့် ချွန်ရှောင်း ပြုံးသွားခဲ့သည်။

ထို့နောက် ချက်ချင်း မျက်မှောင်ကြုတ်သွားပြီး

“ ကျန်းချန် သဘောမတူရင် ဘယ်လိုလုပ်မလဲ…”

ထိုအခါ အကြီးအကဲက ပြုံးလိုက်ပြီး

“ ခေါင်းဆောင် ကျန်းချန်က မူလဘုရင်လေး တစ်ယောက်ပဲလေ.. ဘာလို့ စိုးရိမ်နေမှာလဲ…”

ချွန်ရှောင်း နားလည်ဟန်ဖြင့် ခေါင်းညိတ်ပြလိုက်ပြီး ‌ဒေါသလျှော့လိုက်ကာ ကျန်းချန်အား ကြည့်လိုက်ပြီး အနိမ့်သံဖြင့်

“ ကျန်းချန်… ငါ့သမီးမှာ မင်းလိုက်မမှီနိုင်တဲ့လူတစ်ယောက် ရှိနေပြီ… ဒီကိစ္စကို မင်းကိုင်တွယ်နိုင်မှာမဟုတ်ဘူး… ဆက်ပြီးအသက်ရှင်ချင်သေးရင် ဒီနေရာက ချက်ချင်းထွက်သွား‌တော့… မဟုတ်ရင် ကျန်တဲ့ကိစ္စတွေနောက်ထား ငါ့လက်နဲ့အရင် အသတ်ခံရလိမ့်မယ်…”

ထို့နောက် နံဘေးမှ အကြီးအကဲအား ချွန်ရှန်းအာကို သွားခေါ်စေလိုက်သည်။

ချွန်ရှန်းအာက နွမ်းနယ်နုန်းချိနေ‌ဟန်ဖြင့် ရောက်လာခဲ့သည်။ သူမအား အခန်းအတွင်း၌ ပိတ်ထားပြီး ပြင်ပနှင့် အဆက်အသွယ်ဖြတ်ထားသည်ဖြစ်ရာ ကျန်းချန်ရောက်လာခြင်းကိုလည်း မသိသေးပေ။

ကျန်းချန်အား မြင်လျှင် သူမ၏ မှိန်ဖျော့နေသော မျက်၀န်းများ ပြန်လည်တောက်ပလာခဲ့သည်။

သို့သော် ချက်ချင်း ပြန်လည် မှေးမှန်သွား၏။

ဘုရင်ဖန် ရောက်လာလျှင် ကျန်းချန်အတွက် အန္တရာယ်ရှိသည်။

သူမက ချက်ချင်း ကျန်းချန်အား အော်ပြောလိုက်၏။

“ အစ်ကိုချန်.. ကျွန်မကို ထားခဲ့ပြီး သွားတော့…”

ချွန်ရှောင်းက ‌ရယ်မောလိုက်ပြီး ကျန်းချန်အား မေးငေါ့ပြလိုက်ကာ

“ ကြားလား… ငါ့သမီးကတောင် မင်းကို ထွက်သွားခိုင်းနေပြီ.. မင်းက ကိုယ့်နေရာကိုယ်မသိဘဲ ဒီမှာ ဘာဆက်လုပ်နေသေးတာလဲ…”

ကျန်းချန် လက်တွင်းမှ ရွှေဓားအား တင်းကြပ်စွာ ဆုပ်ကိုင်မိလိုက်သည်။ အံတင်းတင်းကြိတ်ထားပြီး ဒေါသများကို ထိန်းနေခဲ့၏။ ချက်ချင်း ချွန်မိသားစု တစ်ခုလုံးအား သတ်ဖြတ်လိုစိတ်များ တဖွားဖွားဖြစ်ပေါ်နေခဲ့သည်။

သို့သော် သူက ချွန်ရှန်းအာ၏ စိတ်ထားကို ကောင်းစွာ နားလည်ထားသည်။ သူသာ ထိုသို့လုပ်လိုက်ပါက သူမအတွက် ပြင်းထန်သော စိတ်ထိခိုက်မှု ဖြစ်သွားပေလိမ့်မည်။

သူက ချွန်ရှောင်းအားကြည့်ပြီး အေးစက်စွာဖြင့်

“ ခေါင်းဆောင် ချွန်…ကျုပ် ရှန်းအာကို ခေါ်သွားဖို့အတွက် ဘယ်လောက်ပေးရမလဲ… မှော်ရတနာတွေ ၊ လျှို့ဝှက်ကျင့်စဉ်တွေ ၊ အရင်းအမြစ်တွေ ဘာပဲဖြစ်ဖြစ် ကျုပ်ပေးနိုင်တယ်…”

“ ဟမ့်.. စေ့စပ်လက်ဆောင်လား..? အစွန်အဖျားဒေသက ငမွဲကောင်က ချွန်မိသားစုကိုလာပြီး ဘယ်လို အဓိပ္ပါယ်မရှိတာမျိုး လာပြောနေတာလဲ…”

ချွန်ရှောင်းအနေဖြင့် လောကကြီး၌ အရယ်ရဆုံးသော ဟာသကို ကြားလိုက်ရသည့်အလားပင်။

“ တစ်ယောက်လောက်သွားပြီး ဘုရင်ဖန်ဆီက လက်ဆောင်ကို ယူခဲ့စမ်း…”

စကားဆုံးသည်နှင့် လက်ဆောင်ပစ္စည်းများ စီစဉ်နေရာချနေသော အစေခံတချို့က ကျောက်စိမ်းသေတ္တာတစ်ခု သယ်ဆောင်လာခဲ့သည်။

ချွန်ရှောင်းက ၎င်းအား ဖြည်းညှင်းစွာဖွင့်လိုက်၏။

ချက်ချင်း ချွန်မိသားစုတစ်ခုလုံး တဖျတ်ဖျတ်ပြေးလွှားနေသော နတ်အလင်းများ ဖုံးလွှမ်းသွားခဲ့သည်။

အလွန်သိပ်သည်းသော စွမ်းအားများက ရောက်လာသော ဧည့်သည်များကို မှင်သက်သွားစေ၏။

“ နတ်ဘုရားအရင်းအမြစ်… တကယ်ကြီး နတ်ဘုရားအရင်းအမြစ်လား...?”

“ ဘုရင်ဖန်က အရမ်းရက်ရောတာပဲ…”

“ ဒီအလင်းတွေ.. ကြည့်ရတာ ပမာဏ မနည်းလောက်ဘူး.. အနည်းဆုံး ဂျင်(၁၀၀)လောက်တော့ရှိမယ်…”

နတ်ဘုရားအရင်းအမြစ်…!

ထိုရတနာက ကောင်းကင်ဘုရင်များအတွက်ပင် အလွန်အဖိုးတန်လှသည်။

ချွန်မိသားစုကဲ့သို့ အလယ်အလတ် လူသားဘုရင်အဆင့် အင်အားစုအတွက်ဆိုလျှင် ပြောနေစရာပင်မလိုတော့ချေ။

၎င်းက သူတို့ ဘယ်တုန်းကမှ အိမ်မက် မမက်ခဲ့ဖူးသော ရတနာမျိုးဖြစ်သည်။

ကျောက်စိမ်းသေတ္တာအတွင်းရှိ ညီညီညာညာပိုင်းဖြတ်ကာ သေချာစီထားသော နတ်ဘုရားအရင်းအမြစ်များက ပတ်၀န်းကျင်မှ လူတိုင်းနီးပါးကို အသက်ရှုမ၀အောင် လုပ်နေခဲ့သည်။

၎င်းကိုမြင်လျှင် ချွန်ရှောင်း အလွန်စိတ်ကျေနပ်သွား၏။

သူက အတွင်းမှ နတ်ဘုရားအရင်းအမြစ်တစ်တုံးထုတ်ယူလိုက်ပြီး ကျန်းချန်မျက်နှာရှေ့၌ ယမ်းပြလိုက်ကာ သရော်သောလေသံဖြင့်

“ နတ်ဘုရားအရင်းအမြစ်… ဒါကို မင်း မြင်တောင်မြင်ဖူးရဲ့လား… မင်းရဲ့ ဇာတိဖြစ်တဲ့ တောကြိုအုံကြားမှာဆိုရင် ဒီတစ်တုံးအတွက် သွေးချောင်းတောင်စီးသွားလိမ့်မယ်…”

စကားဆုံးသည်နှင့် ချွန်ရှောင်းက ဂျင်၀က်ခန့်ရှိသော နတ်ဘုရားအရင်းအမြစ်တုံးဘေးအား ကျန်းချန်ထံသို့ ပစ်ပေးလိုက်ပြီး

“ ဒါကိုယူပြီး ဒီက ထွက်သွားလိုက်တော့….”

သူ့ထံသို့လွင့်လာသော နတ်ဘုရားအရင်းအမြစ်တုံးလေးအားကြည့်ရင်း ကျန်းချန်၏ နှုတ်ခမ်းထောင့်စွန်း တွန့်ကွေးသွားခဲ့သည်။

သူ ဤနေရာသို့မရောက်ခင် ချွန်မိသားစုက ငွေးကြေးဥစ္စာပိုင်ဆိုင်မှုများအပေါ် အလွန်အလေးအနက်ထားသည်ဟု ထင်ခဲ့၏။

သို့သော် ယခုတွင် ၎င်းတို့က ငွေကြေးဥစ္စာပိုင်ဆိုင်မှုများအပေါ် အလွန်အလေးအနက်ထားရုံမျှမက အမြင်ကလည်း ကျဉ်းမြောင်းလွန်းနေသေးသည်။ ကျန်းချန် အနေဖြင့် ၎င်းတို့အား မည်သို့ ဒေါသထွက်ရမည်မှန်းပင်းမသိတော့ချေ။

ချွန်ရှန်းအာကြောင့်သာ မဟုတ်လျှင် သူတို့က မတူညီသော ကမ္ဘာမှလူများသာ။

ချွန်ရှောင်းအားကြည့်နေသော ကျန်းချန်၏ မျက်၀န်းများထဲ၌ ဒေါသအစား သနားမှုများ အစားထိုး၀င်ရောက်လာခဲ့သည်။ သနားစရာကောင်းသော လူပျက်တစ်ယောက်အား ကြည့်နေသကဲ့သို့ပင်။

သို့ရာတွင် ကျန်းချန်၏ သနားမှုများ ရောယှက်နေသည့် အကြည့်များကြောင့် အလွန်မောက်မာသော ချွန်ရှန်း၏ နှလုံးသား ဓားထက်ထက်ဖြင့် ပိုင်းဖြတ်ခံရသည့်အလား ခံစားလိုက်ရသည်။

ကျန်းချန်၏ ယုံကြည်မှုများ မည်သည့်နေရာမှ ရောက်လာကြောင်း သူလည်းမသိပေ။

သူ့အမြင်တွင် ကျန်းချန်၏ မူလဘုရင်တစ်ယောက်မျှသာဖြစ်ပြီး ဝှက်ဖဲများရှိလျှင်တောင် မည်မျှကြီးကျယ်နိုင်မည်နည်း။

ထို့အပြင် ဝေးလံခေါင်သီကာ ချောင်ကျသော အစွန်းအဖျားဒေသတစ်ခုမှ လာသူတစ်ယောက်ထံ မည်ကဲ့သို့သော နောက်ခံမျိုးရှိနိုင်မည်နည်း။

ချွန်ရှောင်း အားရပါးရ ရယ်မောလိုက်ပြီး

“ အရှက်မရှိတဲ့ကောင်စုတ်လေး… ငါ တစ်ကနေ သုံးအထိရေမယ်… ထွက်မသွားသေးဘူးဆိုရင် ဒီမှာဘဲ ထာ၀ရနေလိုက်တော့…”

သို့သော် ထပ်ပြောမည့် စကားများ လည်ချောင်းထဲမှ ထွက်မလာတော့ချေ။

အဘယ်ကြောင့်ဆိုသော် ကျန်းချန်က ခါးမှ သိုလှောင်အိတ်အား လက်ဖြင့် အသာယာပုတ်လိုက်ရာ ရွှစ်ကနဲအသံနှင့်အတူ စိတ်ဝိညာဉ်စွမ်းအင် လှိုင်းလုံးကြီး ထွက်ပေါ်လာသောကြောင့်ဖြစ်၏။

ဝုန်း…

နတ်ဘုရားအရင်းအမြစ်များ တစ်တုံးပြီးတစ်တုံး ထွက်ပေါ်လာခဲ့သည်။

၎င်းတို့ ဘုရင်ဖန်၏ နတ်ဘုရားအရင်းအမြစ်များထက်ပင် ပို၍ သန့်စင်နေသေးသည်။

မျက်တောင်တစ်ခတ်အတွင်း ချွန်မိသားစုကောင်းကင်ထက်၌ နတ်ဘုရားအရင်းအမြစ် တောင်ငယ်လေးတစ်လုံး ဖြစ်ပေါ်လာခဲ့၏။

နတ်ဘုရားအရင်းအမြစ် ဂျင်(၁၀၀၀)…

ချွန်မိသားစု ပတ်၀န်းကျင်တစ်ခုလုံး တိတ်ဆိတ်သွားခဲ့သည်။

သူတို့မြင်နေရသော မြင်ကွင်းကြောင့် အသက်ရှုရန်ပင် မေ့သွားကြ၏။

“ ဒီမှာ နတ်ဘုရားအရင်းအမြစ် ဂျင်(၁၀၀၀) တိတိပဲ…”

“ ဒီလောက်ဆို ကျုပ် ချွန်ရှန်းအာကို ခေါ်သွားလို့ရပြီလား...?”

ချွန်မိသားစုပတ်၀န်းကျင်တစ်ခုလုံး မှင်သက်ကာ တိတ်ဆိတ် ငြိမ်သက်နေချိန်တွင် ကျန်းချန်၏ အေးစက်စက်စကားသံက ထွက်ပေါ်လာခဲ့ပြီး လူတိုင်းအား လှုပ်နှိုးလိုက်သည်။

All Chapters