← Chapters

အခန်း (၄၀၂)

Vol. 27 Ch. 402

အခန်း (၄၀၂)

Vol. 27 Ch. 402

ချွန်မိသားစုမှ ဘုရင်အဆင့် ကျင့်ကြံသူများအားလုံး ပူးပေါင်းတိုက်ခိုက်ခဲ့ကြသည်။ ရောက်ရှိလာသော ဧည့်သည်များကိုပါ ထည့်တွက်လျှင် လူသားဘုရင်အဆင့်ကျင့်ကြံသူ (၁၂) ယောက် ပူးပေါင်းထားခြင်းဖြစ်၏။

သူတို့အားလုံးက ကျန်းချန်အား တိမ်ပင်လယ်ထဲ၌ မလွတ်မြောက်စေရန် ထိန်းချုပ်ထားကြသည်။

နောက်ဆုံးတွင် ချွန်ရှောင်းသက်ပြင်းချလိုက်၏။

သူ့အနေဖြင့် ဤကိစ္စများ ပြီးမြောက်သွားလျှင်ပင် ဧည့်သည်များအား ဖျောင်းဖျရန် လိုအပ်သေး၏။

သို့သော် အစီအရင်အတွင်း၌ ကျန်းချန်က လှောင်ပြုံး ပြုံးလိုက်သည်။ သူက မီးခိုးရောင်အရိပ်တစ်ခုအလား ချွန်ရှန်းအာ အ‌နားသို့ ရောက်သွားခဲ့သည်။ ချွန်ရှန်းအာ၏ မျက်ဝန်းမှ စီးကျနေသော မျက်ရည်များအား ညင်သာစွာသုတ်ပေးလိုက်ပြီး

“ ရှန်းအာ… ဒီလိုမိသားစုမျိုးမှာ ဆက်မနေတာပဲကောင်းလိမ့်မယ်…”

ထို့နောက် ကျန်းချန်က ချွန်ရှန်းအာ၏ လက်ကို ညင်သာစွာ ဆုပ်ကိုင်လျှက် အလင်းတန်းတစ်ခုအဖြစ်ပြောင်းကာ ပြေးထွက်သွားခဲ့သည်။

လူသားဘုရင်အဆင့် (၁၂) ယောက်ပူးပေါင်းတည်ဆောင်ထားသော အစီအရင်အား သူအနည်းငယ်မျှ ဂရုမစိုက်ချေ။

ဤနေရာမှ ထွက်သွားတော့မည်။

“ ဟမ့်… ဘယ်လောက်တောင်မောက်မာတဲ့ ကောင်စုတ်လေးလဲ… ငါတို့ အားလုံးပူးပေါင်းထားတဲ့ အစီအရင်ကို ဟာသတစ်ခုလို့ မှတ်နေပုံပဲ…”

ချွန်မိသားစု ပထမအကြီးအကဲက အေးစက်စွာပြောလိုက်သည်။ သူ၏ စိတ်ကူးထဲတွင် ကျန်းချန်က အစီအရင်နှင့် ဝင်တိုက်ပြီး နောက်သို့ လွင့်ထွက်သွားချေပြီ။

သို့သော် အပြင်ဘက်တွင်မူ ကျန်းချန်က အနည်းငယ်မျှ အရှိန်မလျှော့ခဲ့ချေ။ သူ့အား ကြည့်ရသည်မှာ ကောင်းကင်ထက်မှ ကြွေကျလာသည့် ဥက္ကာပျံတစ်ခုအလားပင်။

သူက နှောင်းပိုင်းဘုရင်အဆင့် ကျင့်ကြံသူများကိုပင် ဖမ်းချုပ်ထားနိုင်သော အစီအရင်၏ နံရံနှင့် အလွန် နီးကပ်နေချေပြီ။ ထိုအချိန်တွင် ရုတ်တရက် သူ၏ ခန္ဓာကိုယ်မှ ယခင်ကထက်ပို၍ တောက်ပသော ဓားအလင်းတစ်ခု ထွက်ပေါ်လာ၏။

ထို့နောက် အဖြူရောင်ဓါးအလင်းက အစီအရင်အား တို့ဟူးတုံးအလား ပိုင်းဖြတ်သွားခဲ့သည်။

“ သူ အစီအရင်ကို ချိုးဖျက်လိုက်တာလား…”

“ အဲ့တာမဟုတ်ဘူး… သူကိုယ်တိုင်တိုက်ခိုက်ခဲ့တာမဟုတ်ဘူး… အစောနားက ထွက်ပေါ်လာတဲ့ ဓါးအလင်းက သူ့ရဲ့ လျှို့ဝှက်ရတနာတစ်ခုပဲဖြစ်ရမယ်…”

“ ဒါဆို ငါတို့ဆက်ပြီးလိုက်ကြမှာလား…”

“ နေစမ်းပါကွာ… မင်းက သူ့ကို လိုက်ဖမ်းပြီးတော့ သေချင်လို့လား… စောနက ဓါးအလင်းက အထွတ်အထိပ်လူသားဘုရင်တစ်ယောက်ကို သတ်ပစ်ဖို့လုံလောက်တယ်… သေမင်းနောက်ကို ဘာလို့ပြေးလိုက်နေဦးမှာလဲ…”

ချွန်မိသားစုဘက်မှ ဘုရင်အဆင့် ကျင့်ကြံသူများအားလုံး တစ်ခဏမျှ အုတ်အော်သောင်းနင်း ဖြစ်သွားခဲ့ကြသည်။

ထိုအချိန်တွင် ချွန်ရှောင်း၏ ရင်ထဲ၌ မီးတောက်နေချေပြီ။

အကယ်၍ ကျန်းချန်သာ လွတ်မြောက်သွားပါက ချွန်မိသားစု ပျက်ဆီးခြင်းသို့ ရောက်မည်မှာ မလွဲဧကန်ပင်။

သူ့အား မည်သို့လွှတ်ပေးလိုက်နိုင်မည်နည်း။

“ လိုက်ကြစမ်း… သေမယ်ဆိုရင်တောင် နောက်ကအမြန်လိုက်ကြ…”

ချွန်ရှောင်းက အားရပါးရ အော်ဟစ်လိုက်ပြီး ရှေ့ဆုံးမှ ပြေးထွက်သွားလေသည်။

ချွန်မိသားစုမှ အကြီးအကဲများအားလုံးလည်းနောက်မှ အပြေးလိုက်သွားကြ၏။

ထိုအခါ ချွန်မိသားစုကို ရောက်လာသော ဧည့်သည်များလည်း ငြိမ်မနေနိုင်တော့ချေ။

တစ်ယောက်ပြီးတစ်ယောက် နောက်မှ ပြေးလိုက်သွားကြသည်။

ကျန်းချန်လွတ်မြောက်သွားပါက သူတို့အတွက် သေလမ်းတစ်ခုသာ ရှိပေလိမ့်မည်။

သူတို့အနေဖြင့် နောက်ကဆက်ပြီး လိုက်ဖမ်းပါက အခွင့်အရေးတစ်ခုရှိနေသေး၏။

ဤသို့ဖြင့် သေချာတွေးတောလိုက်ပြီးနောက် နောက်မှလိုက်ရန် ဆုံးဖြတ်ခဲ့ကြသည်။

သို့သော် သူတို့ ကျန်းချန်၏နောက်ကို လိုက်ပြီး မိုင် (၁၀၀) သို့ပင် မရောက်သေးခင်…

ပင်လယ်နက်ဒေသ၏ ကောင်းကင်ယံထက်တွင် အလွန်တောက်ပသော ရွှေရောင်အလင်းများ ရုတ်တရက်ထွက်ပေါ်လာပြီး ကောင်းကင်နှင့် မြေပြင်နှစ်ခုလုံးအား လင်းထိန်သွားစေခဲ့သည်။ ထိုရွှေရောင်အလင်းများက ပင်လယ်နက်ဒေသ တစ်ဝက်လောက်ကို ဖုံးလွှမ်းထား၏။

ဘုန်း….

ရှေ့ဆုံးမှ ပြေးနေသော ကျန်းချန် ရုတ်တရက်ရပ်တန့်သွားသည်။

သူ့နောက်သို့ လိုက်နေသော ပင်လယ်နက်ဒေသမှ ဘုရင်အဆင့် ကျင့်ကြံသူများလည်း နေရာ၌ ရပ်တန့်သွားကြ၏။

အဘယ်ကြောင့်ဆိုသော် သူတို့အားလုံးရှေ့တွင် အလွန်ကြီးကျယ်ခမ်းနားကာ ကြောက်မက်ဖွယ်ကောင်းသော အသွင်အပြင်ဖြင့် လူ‌တစ်ယောက်က ရပ်နေသောကြောင့်ပင်။

ထိုလူထံမှ ဖိအားက ကောင်းကင်ကြီးအလား ကျယ်ပြန့်ကာ ပြင်းထန်လွန်းလှသည်။ ၎င်း၏ နောက်ကျော၌ ဖြန့်ကျက်ထားသော ရွှေရောင်အတောင်ပံမှ အမွှေးတစ်ချောင်းချင်းစီက အလင်းများဖြင့် တောက်ပနေကာ ကြည့်မိသူတိုင်းအား ထိတ်လန့်သွားစေနိုင်သော အစွမ်းရှိသည်။

ချွန်ရှောင်း၏ စကားသံများ တိမ်ဝင်သွား၏။

“ ရွှေ… ရွှေဂဠုန်ဘုရင်…”

ပင်လယ်နက်ဒေသ အထက်ကောင်းကင်ယံတွင် အရပ်မြင့်ကာ ကြောက်မက်ဖွယ် အသွင်အပြင်နှင့် လူတစ်ယောက် ရပ်နေခဲ့သည်။ သူ၏ နောက်ကျောမှ ရွှေတောင်ပံက ဘေးသို့ ကျယ်ပြန့်စွာ ပြန့်ကားနေပြီး အမွှေးတစ်ချောင်းချင်းစီက ထက်မြိသော ဓားများအလားပင်။

၎င်းထံမှ ထွက်ပေါ်နေသော ဖိအားက ကောင်းကင်နှင့် မြေပြင်တစ်ခုလုံးအား ဖိနှိပ်နေခဲ့ပြီး သတ်ဖြတ်ငွေ့များက ပင်လယ်ကြီးတစ်စင်းအလား ထွက်ပေါ်နေ၏။

ပင်လယ်နက်ဒေသမှလူများ ဒုက္ခရောက်တော့မည်။

“ စီနီယာ… ကျုပ်တို့ ချွန်မိသားစု ရှင်းပြပါရစေ…”

ချွန်ရှောင်း သိသိသိသာသာ မျက်နှာပျက်သွား၏။

ရွှေဂဠုန်ဘုရင်ထံမှ ထွက်ပေါ်နေသည့် သတ်ဖြတ်ငွေ့များအား လူတိုင်းခံစားနိုင်သည်။

ထို့ကြောင့် ထိတ်လန့်တကြားအော်ပြောလိုက်၏။ သို့သော် ရွှေဂဠုန်ဘုရင်က အနည်းငယ်မျှ ဂရုမစိုက်ချေ။

ရွှစ်…

ရွှေတောင်ပံတစ်ချောင်း ထက်မြိသော ဓားတစ်ချောင်းအလား ပြေးထွက်လာပြီး ချွန်ရှောင်းနောက်ဘက်မှ ပထမအကြီးအကဲ လည်ပင်းကို ပိုင်းဖြတ်သွားသည်။

“ အား… အဟွတ်…”

ပထမအကြီးအကဲ လည်ပင်းအားလက်ဖြင့်အုပ်ကာ အော်ညည်းလိုက်၏။ ထို့နောက် မျက်၀န်းထဲမှ အသက်ဓာတ်များ ပျောက်ကွယ်သွားပြီး ကောင်းကင်မှ ပြုတ်ကျသွားလေသည်။

ချွန်မိသားစုမှ လူများအပါအ၀င် မင်္ဂလာပွဲသို့ တက်ရောက်ကြသည့် ဘုရင်အဆင့်ကျင့်ကြံသူတိုင်း အသက်ရှုကြပ်သွားသလို ခံစားလိုက်ရ၏။

အင်းပါယာတစ်၀က်အဆင့်စွမ်အားက အလွန်ကြောက်မက်ဖွယ်ကောင်းလွန်းလှသည်။ တောင်ပံမှ အမွှေးလေးတစ်ချောင်းမျှသာဖြစ်သော်လည်း လူသားဘုရင်တစ်ယောက်အား အလွယ်တကူ သတ်ဖြတ်နိုင်၏။

ပင်လယ်နက်ဒေသက တောင်ပိုင်းတိုက်ကြီး၌ အဆင့်(၃၀)နှင့် (၄၀)ကြားရှိနေကာ တစ်ဘ၀လုံးနေလို့ ကောင်းကင်ဘုရင်အဆင့် ကျင့်ကြံသူတစ်ယောက်အား တွေ့ရန်ပင် မလွယ်ကူချေ။

အင်ပါယာတစ်၀က်အဆင့် ကျင့်ကြံသူမည်မျှ ကြောက်မက်ဖွယ်ကောင်းကြောင်း ယနေ့မှပင် မျက်မြင်ကိုယ်တွေ့ ကြုံဖူးခြင်းဖြစ်၏။

“ ချွန်မိသားစုမှာ အပြစ်မရှိပါဘူး… တရားခံက အဲ့ရှေ့ကကောင် တစ်ယောက်တည်းပဲ…”

ချွန်မိသားစု ဒုတိယအကြီးအကဲနှင့် တတိယအကြီးအကဲတို့က ကျန်းချန်အား လက်ညှိုးထိုးရင်း အလျင်မြန် အော်ပြောလိုက်ကြ၏။

အဘယ်ကြောင့်ဆိုသော် ရွှေဂဠုန်ဘုရင်၏ အကြည့်များ သူတို့ဘက်ရောက်လာသောကြောင့်ပင်။

ရွှစ်.. ရွှစ်…

နောက်ထပ် အ‌မွှေး(၂)ချောင်း ပြေးထွက်သွား၏။

ရွှေဂဠုန်ဘုရင်က ၎င်းတို့စကားအား အနည်းငယ်မျှ ဂရုမစိုက်ချေ။

တိုက်ရိုက် သတ်ပစ်လိုက်၏။

၎င်းတို့က သွေးမှုန်များအဖြစ် ပြောင်းလဲသွားပြီး လေနှင့်အတူ လွင့်ပါသွားခဲ့သည်။

ပတ်၀န်းကျင်တစ်ခုလုံး သေမင်းနယ်မြေကြီး တစ်ခုအလား တိတ်ဆိတ်သွားလေသည်။

ချွန်ရှောင်း၏ မျက်နှာလည်း အလွန်ဖြူဖျော့နေပြီဖြစ်၏။ ချွန်မိသားစု အနေဖြင့် ဤကပ်ဘေးမှ လွတ်မြောက်နိုင်လျှင်တောင် အကြီးအကဲ(၃)ယောက် ဆုံးရှုံးခဲ့ခြင်း‌ကြောင့် ပြန်လည်နာလန်ထူနိုင်ရန် မလွယ်ကူတော့ချေ။

သို့သော် ရွှေဂဠုန်ဘုရင်က သူတို့အား အလွတ်ပေးမည်လော...?

ရွှီး…

ရွှေ‌တောင်ပံလေးများက သံကြိုးရှည်ကြီးတစ်ချောင်းအဖြစ်သို့ ပြောင်းလဲသွားပြီး ချွန်ရှောင်း ၊ ကျန်းချန် နှင့် ချွန်ရှန်းအာတို့အား ကောင်းကင်ထက်၌ ပိတ်ဆို့ထားလိုက်သည်။

“ မင်းတို့ (၃)ယောက် အရမ်းကြောက်မနေကြနဲ့…”

ရွှေဂဠုန်ဘုရင်၏ အေးစက်သော စကားသံကထွက်ပေါ်လာလေသည်။

သူ့ စကားသံကတည်ငြိမ်နေသော်လည်း အဆုံးမဲ့ သတ်ဖြတ်ငွေ့များ ပါ၀င်နေ၏။

“ မင်းတို့ကို ငါအခု မသတ်သေးပါဘူး.. အဆုံးထိ အသက်ရှင်လျက်ထားမှာ… ချွန်မိသားစုကို ရှင်းလင်းပြီးတာနဲ့ မင်းတို့ကို ရွှေဒေသ ခေါ်သွားပြီး ငါ့မြေးအတွက် ရည်ရွယ်ပြီး အပိုင်းပိုင်းဖြတ်ပစ်မယ်…”

ချွန်ရှောင်း တစ်ကိုယ်လုံး တုန်ယင်သွား၏။

သူကိုယ်တိုင် သေရမည်ကို သိပ်မစိုးရိမ်သော်လည်း ချွန်မိသားစုတစ်ခုလုံးကို ရှင်းပစ်မည်ဟူသော စကားက သူ့ကိုသတ်သည်ထက် အဆ(၁၀၀)လောက် ခံစားရခက်စေသည်။

All Chapters