အခန်း (၄၀၄)
Vol. 27 Ch. 404
ဒင်..
ရွှေဂဠုန်ဘုရင်၏ ခန္ဓာကိုယ်မှ ရွှေရောင်အလင်းများ တောက်ပလာခဲ့သည်။ ထို့နောက် ရွှေရောင်ချပ်ကာတစ်ခုက ခန္ဓာကိုယ်တစ်ခုလုံးအား ဖုံးလွှမ်းသွား၏။ ၎င်းက အလွန်အစွမ်းထက်ကာ တန်ဖိုးကြီးသော ချပ်ဝတ်တန်ဆာတစ်ခုဖြစ်ပြီး ၎င်းတွင် တာအိုပုံစံများလည်း ပါဝင်နေသည်။ ၎င်းတို့က ပျက်ဆီးနေပြီဖြစ်သော်လည်း အလွန်ထူးခြားနေဆဲပင်။
“ ဒါက ဓါးရည်ရွယ်ချက်လေးတစ်ခုပဲလေ… လာစမ်းပါ…”
ရွှေဂဠုန်ဘုရင် ဒေါသတကြီး ဟိန်းဟောက်လိုက်သည်။ ဤချပ်ဝတ်တန်ဆာက ရှေးဟောင်းစစ်မြေပြင်တွင် သူနှင့်အတူ နှစ်ပေါင်း (၁) သောင်းတိုင်တိုင် အတူရှိနေခဲ့ပြီး ၎င်းက သူအလွန်အားထားရသော အရာလည်း ဖြစ်ပေသည်။
၎င်း၏ အကူအညီဖြင့် မြေအောက်နန်းတော်အတွင်းရှိ နတ်ဘုရားအရင်းအမြစ်တိုက်ပွဲများ၌ သူကြိုးစား ရှင်သန်နိုင်ခဲ့ခြင်းဖြစ်၏။
ထို နတ်ဘုရားအရင်းအမြစ်များကို အသုံးပြုခဲ့ပြီး မြေအောက်နန်းတော်မှ ထွက်လာချိန်တွင် အင်ပါယာ တစ်ဝက်အဆင့်သို့ ချိုးဖျက်နိုင်ခဲ့သည်။
ဘုန်း…. ဘုန်း.. ဘုန်း…
ပေါက်ကွဲသံများနှင့်အတူ ရွှေဂဠုန်ဘုရင်က ကြက်သွေးရောင်ဓါးအလင်းရှိရာသို့ လက်သီးများ အဆက်မပြတ် ပစ်လွှတ်လိုက်၏။
သို့သော် မျက်စိတစ်မှိတ်အတွင်း သူနောက်သို့ ထပ်မံဆုတ်လိုက်ရသည်။
မဆုတ်ခွာမီ လက်သီးမှ သွေးများဖြန်းကနဲ ဖြာထွက်သွားခဲ့သေး၏။
ရွှေဂဠုန်ဘုရင်က လက်သီးဖြင့် အဆက်မပြတ်ထိုးနက်ခဲ့သော်လည်း ကြက်သွေးရောင် ဓါးအလင်းက အနည်းငယ်မျှ မှိန်ဖျော့သွားခဲ့ခြင်းမရှိချေ။
သို့သော် ရွှေဂဠုန်ဘုရင်၏ အားထားရာဖြစ်သော အင်ပါယာတစ်ဝက်အဆင့် ကျင့်ကြံသူများပင် ချိုးဖျက်ရန် မလွယ်ကူသည့် ရွှေရောင်ချပ်ဝတ်က တို့ဟူးတုံးအလား ပိုင်းဖြတ်ခြင်းခံလိုက်ရသည်။
ကောင်းကင်ထက်မှ သွေးစက်များ ဖြာကျလာသည့် မြင်ကွင်းက မြင်လိုက်ရသူတိုင်းအား အသက်ရှူရပ်မတတ်ဖြစ်သွားစေခဲ့သည်။
ဤသည်မှာ မယုံကြည်နိုင်စရာ မြင်ကွင်းတစ်ခုပင်။ ၎င်းက ကိုယ်တိုင်တိုက်ခိုက်ခြင်းမဟုတ်ပဲ မှော်အဆောင်အတွင်းထည့်သွင်းထားသည့် ဓါးရည်ရွယ်ချက်စွမ်းအားမျှသာ ဖြစ်သည့်တိုင် အင်ပါယာအဆင့်ကျင့်ကြံသူအား ဤမျှ တွန်းအားပေးနိုင်ခဲ့သည်။
ရွှေဂဠုန်ဘုရင်၏ နှလုံးသားတစ်ခုလုံး တုန်ယင်နေပြီဖြစ်၏။ သူ့ ဘဝ၌ ပထမဆုံးအကြိမ်အဖြစ် ဤမျှ စိတ်ပျက်အားငယ်စွာ ခံစားရဖူးခြင်းဖြစ်ပေသည်။
ဘန်း…
ကြက်သွေးရောင်ဓါးရည်ရွယ်ချက်အတွင်းမှ ဓါးအော်သံများထွက်ပေါ်လာ၏။ ထို့နောက် ဓါးချီစွမ်းအားများ တစ်ခုနှင့်တစ်ခု ပေါင်းစပ်လာပြီး နောက်ဆုံးတွင် ဖန်ဂျီဓါး၏ ပုံစံဖြစ်လာခဲ့သည်။
၎င်းပေါ်လာသည့်အချိန်တွင် ပတ်ဝန်းကျင်မှ မြစ်များပြိုကွဲသွားပြီး တောင်များလည်း ပြိုကျသွား၏။
နောက်သို့ လျှင်မြန်စွာ ဆုတ်ခွာနေသော ရွှေဂဠုန်ဘုရင် အေးခဲသွားပြီး နေရာ၌ ရပ်တန့်သွားသည်။
ပင်လယ်နက်ဒေသမှ ဘုရင်အဆင့်ကျင့်ကြံသူများ မိမိတို့မြင်လိုက်ရသော မြင်ကွင်းကိုပင်အယုံကြည်နိုင်ဖြစ်ပြီး မှင်သက်နေကြသည်။
ရွှစ်…
တောက်ပသော အနီရောင်အလင်းတန်းတစ်ခု ထွက်ပေါ်လာ၏။
ဝှစ်…
ထိုအနီရောင်တောက်တောက်မီးဓါးက ကမ္ဘာကြီးတစ်ခုလုံးအား ပိုင်းဖြတ်သွားသည့်အလားပင်။ ရွှေဂဠုန်ဘုရင်၏ ပါးစပ်က စိတ်ပျက်လက်ပျက်ဖြင့် ပွင့်အာသွားခဲ့သည်။
သူက တစ်ခုခုပြောချင်နေသော်လည်း မည်သည့်စကားမှ ထွက်မလာခဲ့ချေ။
ဓါးက သူ၏ ခန္ဓာကိုယ်အား ဖြတ်သန်းသွားခဲ့ပြီး သွေးအိုင်ကြီးတစ်ခုအဖြစ်ပြောင်းလဲပစ်လိုက်သည်။
အနည်းငယ်အလှမ်းဝေးသောနေရာတွင်မူ
ရုတ်တရက်ပြောင်းလဲသွားသော မြင်ကွင်းကြောင့် ပင်လယ်နက်ဒေသမှ ဘုရင်အဆင့် ကျင့်ကြံသူများ အံ့အားသင့် မှင်သက်နေကြဆဲပင်။
ထိုအထဲမှ တစ်ယောက်က ရွှမ်ယီ ရှေးဟောင်းမဟာမိတ်ကို ဖျက်ဆီးခဲ့စဉ်က အဝေးမှ မြင်ဖူးသည်။
သူက တောက်ပသော မျက်ဝန်းများဖြင့် ဖန်ဂျီ ဓါးပုံရိပ်အား ငေးကြည့်နေ၏။ အကြောင်းပြချက်က ရိုးရှင်းပေသည်။
အင်ပါယာတစ်ဝက်အဆင့်ကျင့်ကြံသူအား သတ်နိုင်သော ကြက်သွေးရောင် ဓါးရည်ရွယ်ချက်…
တောင်ပိုင်းတိုက်ကြီး၌ ထိုသို့ ပြုလုပ်နိုင်သူ တစ်ယောက်တည်းသာ ရှိ၏။
“ ဒါဆို သူ… သူက အဲ့ဒီလူရဲ့ တပည့်များလား…”
သူက မိမိဘာသာ ရေရွတ်လိုက်သော်လည်း ပတ်ဝန်းကျင်မှ လူများက ကြားသွားပြီး မေးလိုက်ကြသည်။
“ ဘုရင်ကိုင် တစ်ခုခုသိလို့လား…”
ဘုရင်ကိုင် ဆိုသူက
“ ဒီဓါး… အဲ့တာက ဖန်ဂျီဓါးရဲ့ ပုံရိပ်ပဲ…”
ဖန်ဂျီဓါးလား…?
ထိုအမည်အားကြားလျှင် ပင်လယ်နက်ဒေသမှ ဘုရင်များအားလုံး အံ့အားသင့်သွားကြသည်။
နောက်ဆုံးတွင် ထိုလက်နက်ပိုင်ရှင်၏ အမည်ကို ပြန်လည်အမှတ်ရသွားပြီး ရွှေဂဠုန်ဘုရင် သေဆုံးပြီးနောက် တည်ငြိမ်သွားသော ၎င်းတို့ခန္ဓာကိုယ်များက တစ်ဖန်ပြန်လည် တုန်လှုပ်သွားကြသည်။
“ တိုက်ခိုက်မှုတစ်ခုကိုတောင် မခံနိုင်တဲ့ အမှိုက်တစ်စက ဒီမှာ အာဏာပြဖို့ထိုက်တန်လို့လား…”
ကောင်းကင်ထက်တွင် ဖန်ဂျီဓါး၏ပုံရိပ်ပျောက်ကွယ်သွားသည်နှင့်တစ်ပြိုင်နက် အေးစက်သော စကားသံတစ်ခုထွက်ပေါ်လာခဲ့သည်။
ပင်လယ်နက်ဒေသမှ ဘုရင်အဆင့် ကျင့်ကြံသူများကမူ ယခုအချိန်အထိ ထိတ်လန့်မှု မပျောက်ကွယ်သေးပဲ ဖန်ဂျီဓါးပုံရိပ် ပျောက်ကွယ်သွားရာနေရာသို့ တုန်လှုပ်နေသော မျက်ဝန်းများဖြင့် ငေးကြည့်နေခဲ့ကြသည်။
ဘုရင်ကိုင်က အဖြေမပေးသေးသော်လည်း သူတို့အားလုံး ထိုဓါး၏ ပိုင်ရှင်ကို မှန်းဆခဲ့ပြီးဖြစ်သည်။
ကြက်သွေးရောင် ဓါးရည်ရွယ်ချက်စွမ်းအား…
အင်ပါယာတစ်ဝက်အဆင့်ကျင့်ကြံသူအား တစ်ချက်တည်းဖြင့် သတ်ဖြတ်ခြင်း…
တောင်ပိုင်းတိုက်ကြီးတစ်ခုလုံးတွင် ထိုသို့ လုပ်နိုင်သူမှာ အင်အါယာအဆင့် ကျင့်ကြံသူ (၃) ယောက်မှလွဲလျှင် တစ်ယောက်တည်းသာရှိသည်။
ရှေးဟောင်းကျင့်ကြံသူများအားလုံး ၎င်း၏အမည်အားကြားလျှင် တုတ်တုတ်မျှ မလှုပ်ရဲသောလူ…
ရွှမ်ယီ…!
ကောင်းကင်ထက်တွင် ချွန်ရှောင်း၏ ထိတ်လန့်နေသော အကြည့်များထဲတွင် ဝမ်းသာပီတိဖြစ်မှုအရိပ်အယောင်တစ်ခု ဖြစ်ပေါ်လာခဲ့သည်။
ယခုတစ်ကြိမ်တွင် ချွန်မိသားစုအနေဖြင့် အလွန်ကြီးမားသော ကပ်ဘေးကြီးတစ်ခုနှင့် ရင်ဆိုင်ကြုံတွေ့ခဲ့ရသည်။
သို့သော် သူတို့ ချွန်မိသားစုသာ ချွန်ရှန်းအာအား ပေါင်းကူးတံတားအနေဖြင့် အသုံးပြုပြီး ရွှမ်ယီနှင့်သာ ဆက်ဆံရေးတစ်ခုတည်ဆောက်နိုင်ခဲ့လျှင် အကြီးအကဲ (၃) ယောက်သေဆုံးသွားခြင်းအား မဆိုထားနှင့် သူသေဆုံးသွားလျှင်ပင် ထိုက်တန်ပေလိမ့်မည်။
ဤသို့ဖြင့် ချွန်ရှောင်း ကျောက်စိမ်းတုံးလေးရှိရာအနားသို့ တရွေ့ရွေ့တိုးကပ်သွားလိုက်သည်။
သို့သော် သူစကားမပြောရသေးမီ…
၎င်းအတွင်းမှ ရွှမ်ယီ၏ အလွန်သာမန်ဆန်သော စကားသံက ထပ်မံထွက်ပေါ်လာခဲ့သည်။
“ ကျန်းချန်… တောင်ပိုင်းတိုက်ကြီးမဟာပြိုင်ပွဲက နီးကပ်လာနေပြီ… မင်းကိစ္စတွေ မြန်မြန်ဖြေရှင်းပြီးရင် ရှေးဟောင်းစစ်မြေပြင်ကို ပြန်လာခဲ့တော့…”
ထိုစကားအား ကြားလျှင် ကျန်းချန်အလျင်စလို ခေါင်းညိတ်ပြလိုက်၏။
“ ဟုတ်… နားလည်ပါပြီ…”
ထို့နောက် လေထဲမှ ကျောက်စိမ်းတုံးက ပြာအဖြစ်ပြောင်းလဲ၍ လေနှင့်လွင့်ပါသွားခဲ့သည်။ ဖြစ်စဉ်အစမှ အဆုံးအထိ ရွှမ်ယီက ချွန်မိသားစုကို လျစ်လျူရှုထားခဲ့သည်။
ချွန်ရှောင်း လေထဲ၌ ကြောင်စီစီဖြင့် ရပ်နေခဲ့သည်။ သူ၏ခြေလှမ်းများက နေရာ၌အေးခဲနေပြီး ရှေ့သို့လည်း မလျောက်သလို နောက်သို့လည်း ပြန်မဆုတ်ခဲ့ပေ။
ကျန်းချန်၏ ပြုံးသယောင်ယောင်ရှိသော အကြည့်များ သူ့ထံသို့ရောက်လာမှ ပြန်လည်သတိဝင်လာခဲ့သည်။
“ ကျန်းချန်… ငါ့ရဲ့ သမက်ကောင်းလေး…”
နောက်ဆုံးတွင် ချွန်ရှောင်းစကားစပြောလိုက်ချေပြီ။
ထိုအချိန်တွင် ရုတ်တရက်နီရဲနေသော မျက်ဝန်းများဖြင့် ချွန်ရှန်းအာက
“ ဒီနေ့ အကိုချန်ကြောင့် ချွန်မိသားစု ဆက်လက်ရှင်သန်နိုင်ခဲ့တယ်… ကျွန်မကို ဒီအသက်အရွယ်ရောက်တဲ့ထိ ကျွေးမွေးပြုစုစောင့်ရှောက်ပေးခဲ့တဲ့အတွက် ကျေးဇူးဆပ်တယ်လို့ပဲ မှတ်လိုက်ပါ…”
ချွန်ရှန်းအာ၏ မျက်ဝန်းများထဲတွင် စိတ်ပျက်မှုနှင့် မှော်လင့်ချက်မဲ့မှုများထွက်ပေါ်လာ၏။
“ ဒီနေ့ကစပြီး ကျွန်မနာမည်က ကျန်းရှန်းအာပဲ… ချွန်မိသားစုနဲ့ ကျွန်မဘာမှ မပတ်သက်တော့ဘူး…”
စကားဆုံးသည်နှင့် ချွန်ရှန်းအာက နောက်သို့ပင်လှည့်မကြည့်တော့ပဲ ကျန်းချန်နှင့်အတူ ထွက်ခွာသွားတော့သည်။
ကောင်းကင်ထက်တွင် ချွန်ရှောင်းတစ်ယောက် အေးခဲလျှက် ကျန်ခဲ့လေသည်။
မလှမ်းမကမ်းတွင် ပင်လယ်နက်ဒေသမှ ကျင့်ကြံသူများလည်း ချွန်ရှောင်းအား ကြည့်နေခဲ့ကြ၏။ သူတို့၏ နှလုံးသားထဲတွင် ခါးသီးမှုကြီးတစ်ခု ပြည့်နှက်နေခဲ့သည်။
ချွန်မိသားစု…
၎င်းတို့အနေဖြင့် ဘဝကြီး၌ တစ်ကြိမ်ရရန်ပင် မလွယ်ကူသော အခွင့်အရေးကြီးအား လက်လွှတ်ခဲ့ရ၏။